ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သားကောင်းရတနာရဲခေါင်ပြောက်ကျား သခင်သန်းဖေ

By | October 1, 2022

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သားကောင်းရတနာရဲခေါင်ပြောက်ကျား သခင်သန်းဖေ(တော်လှန်ရေး ရုပ်ပုံလွှာ)မောင်လှဝင်း(မြင်းခြံ)အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်-၅ မှာ ဖော်ပြမယ့်ဆောင်းပါး>

ဗမာပြည်ကွန်မြူနစ်ပါတီပါတီရဲ့ “တော်လှန်ရေးဂျာနယ်”(၁၉၅၀ ခုနှစ်ထုတ်)ထဲမှာ ဒို့ခေါင်းဆောင်ကြီး သခင်သန်းဖေဆိုတဲ့ဆောင်းပါးကို ဖော်ပြခဲ့ဖူးတယ်။ ဆောင်းပါးရဲ့အဆုံးသတ်မှာ (သူ၏အမည်သည် ရာဇဝင်တွင် စာတင်ရပေအံ့)လို့ ဥဒါန်းကျူးရင့်ခဲ့တယ်။

ဂျာနယ်ကျော် ဒေါ်မမလေးဟာ သူ့ရဲ့ “သွေး”နဲ့ “ရင်နင့်အောင်မွှေး”ဝတ္တုတွေ ဂျပန်ဘာသာပြန်ဆိုဖို့နဲ့ ရုပ်ရှင်ရိုက်ဖို့ကိစ္စတွေနဲ့ စပ်လျဉ်းပြီး ဂျပန်ပြည်ကို သွားရောက်ခဲ့တယ်။ ဗမာပြည် စစ်အတွင်းကာလတုန်းက ကင်ပေတိုင်စစ်ဗိုလ်လုပ်ခဲ့ဖူးတဲ့ ဂျပန်တယောက်နဲ့ ဂျပန်ပြည်မှာတွေ့ဆုံမိတော့ “သခင်သန်းဖေ ရှိသေးလား”လို့ စိတ်ဝင်တစား မေးမြန်းတယ်။ ဂျာနယ်ကျော် ဒေါ်မမလေးက “မရှိတော့ဘူး”လို့ ပြန်ဖြေတော့ အဲဒီကင်ပေတိုင်စစ်ဗိုလ်ဟောင်းက “အဲဒီသခင်သန်းဖေဟာ လူမဟုတ်ဘူး။ နတ်ဘီလူး”ဆိုပြီး အံ့သြချီးမွမ်း ပြောဆိုခဲ့ဖူးတယ်။

သူ့ကို ဖြူး သခင်သန်းဖေလို့ လူသိများတယ်။ တချို့ကတော့ သခင်သန်းဖေ(တောင်ငူ)လို့ ရေးသားဖော်ပြတယ်။ တိုင်းပြည်လွတ်လပ်ရေးရပြီးရင် စစ်ရေးတာဝန်ကို မယူတော့ဘဲ နိုင်ငံရေးကိုပဲ နှစ်မြှုပ်လုပ်မယ်လို့ ဗိုလ်ချုပ်အောင်ဆန်း စဉ်းစားခဲ့ဖူးတယ်။

အဲဒီအခါ စစ်တပ်အတွက်စိတ်ချရအောင် စစ်တပ်ကို ခေါင်းဆောင်သွားနိုင်မယ့်သူကို ဗမာပြည် ကွန်မြူနစ်ပါတီထံက သူတောင်းတယ်။ ပထမဆုံး နာမည်တပ်ပြီး သူ တောင်းတဲ့သူက သခင်ဗဟိန်းပဲ။ သခင်သန်းထွန်းက သခင်ဗဟိန်းကိုတော့ မပေးနိုင်ဘူးဆိုတော့ ဒုတိယ သူတောင်းတာက ဖြူး-သခင်သန်းဖေ။ ပါတီရဲ့ အားအကိုးရဆုံး အရေးပါတဲ့ ခေါင်းဆောင်တွေချည်း သခင်အောင်ဆန်းက လိုချင်နေတာမို့ သခင်သန်းထွန်းကလည်း ဘယ်လိုမှ ပေးလို့မဖြစ်ကြောင်း ရှင်းပြရတယ်။ ဒါက တကြိမ်။

နောက်တကြိမ်က လွတ်လပ်ရေးရပြီးလို့ အစိုးရဖွဲ့ရင် ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်၂ ယောက်ကို ဝန်ကြီးအဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ထည့်ထားချင်တယ်။ တယောက်က သခင်သန်းထွန်း၊ နောက်တယောက်က ဖြူး-သခင်သန်းဖေ။ ဗိုလ်ချုပ်အောင်ဆန်းဟာ မကျဆုံးမီ ၂ လလောက်အလိုမှာ ဒီကိစ္စအပါ၊ ရှေ့လုပ်ငန်းတွေအတွက် သခင်သန်းဖေနဲ့ အချိန် ၅ နာရီလောက်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့တာလည်း ရှိတယ်။ ဒီအချက်တွေက သခင်သန်းဖေဟာ ဗမာပြည်သူတရပ်လုံးအတွက် တိုင်းပြည်အတွက် အလွန်အရေးပါတဲ့ခေါင်းဆောင်တယောက်ဖြစ်ကြောင်း သခင်အောင်ဆန်းကဲ့သို့သော လုပ်ဖော်ကိုင်ဖက် ခေါင်းဆောင်တွေကလည်း အလွန်အားကိုး ယုံကြည်ကြောင်း ဖော်ပြနေတယ်။

သူ့ရဲ့နိုင်ငံရေးဘဝကို ကြည့်မယ်ဆိုရင် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ၊ ဒို့ဗမာအစည်းအရုံးဝင်သခင်၊ ၁၃၀၀ ပြည့်အရေးတော်ပုံရဲ့ အသေခံဗိုလ်၊ ၁၃၀၀ ပြည့်အရေးတော်ပုံမှာပါခဲ့တဲ့အတွက် ကိုလိုနီခေတ် အကျဉ်းသား၊ ဂျပန်ခေတ်ကျတော့ ၊ ဒို့ဗမာ ဆင်းရဲသားအစည်းအရုံးရဲ့ လူငယ်တာဝန်ခံ၊ ဂျပန်ဖက်ဆစ်တွေရဲ့ ကင်ပေတိုင်အကျဉ်းသား။ ကင်ပေတိုင်ရဲ့ အကျဉ်းသားဘဝမှာ နတ်ဘီလူးသခင်သန်းဖေ၊ သံမဏိသခင်သန်းဖေလို့လဲ နာမည်ကျော်ခဲ့တယ်။ သခင်ဗဟိန်းနဲ့အတူ တွဲဖက်ပြီး ဂျပန်တော်လှန်ရေးအတွက် ရဲခေါင်ပြောက်ကျားများကို စည်းရုံးပြီး ဦးဆောင်တိုက်ပွဲဝင်ခဲ့သူ၊ ၁၉၄၅ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ဒုတိယကွန်ဂရက်ရဲ့ ဗဟိုကော်မတီဝင်။ ထိုမျှသာမက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်။ ၁၉၄၇ ခုနှစ် ဖြူးကွန်ဂရက်မှာ ဗမာနိုင်ငံတောင်သူလယ်သမားသမဂ္ဂကြီးရဲ့အထွေထွေအတွင်းရေးမှူး၊ ၁၉၄၇ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ကွန်မြူနစ်အမတ်။ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်မှာ စတင်တော့လည်း ပျဉ်းမနား တောင်ငူ ဒေသတဝိုက် သခင်သန်းထွန်းဦးဆောင်ပြီး လက်နက်ကိုင်အခြေခံစခန်းများ ထူထောင်ကာ တိုက်ပွဲဝင်နိုင်အောင် အစစအရာရာ ပြင်ဆင်စည်းရုံးပေးခဲ့ရသူ။

ဒီအချက်တွေကိုကြည့်ရင် သခင်သန်းဖေဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့အားထားရတဲ့ ခေါင်းဆောင်ကောင်းတယောက်နဲ့ သားကောင်းရတနာတဦးဖြစ်တယ်ဆိုတာ ပေါ်လွင်ထင်ရှားလှပါတယ်။ အဲဒီခေတ်က ထုတ်ဝေခဲ့တဲ့ သတင်းစာတွေကို ကြည့်လိုက်မယ်ဆိုရင်လည်း တောင်သူလယ်သမားညီလာခံတွေ၊ လယ်သမားစည်းရုံးရေးနဲ့ ဟောပြောပွဲတွေ၊ သတင်းစာရှင်းလင်းပွဲတွေ၊ ပါတီလုပ်ငန်းဖော်ပြချက်တွေမှာ သခင်သန်းထွန်းနဲ့သခင်သန်းဖေတို့ တပူးတွဲတွဲ လက်တွဲဆောင်ရွက်နေပုံတွေကို မှတ်တမ်းအဖြစ် တွေ့ရှိရပါတယ်။

ကမ္ဘာပေါ်မှာ ရုရှားပစ္စည်းမဲ့လူတန်းစားတို့ရဲ့ အောင်ပွဲအဖြစ် ဆိုဗီယက်ယူနီယံကြီး ပေါ်ထွန်းလာခဲ့တဲ့ ၁၉၁၇ ခုနှစ်မှာပဲ သခင်သန်းဖေကို တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုံးမြို့ကလေးမှာ ဖွားမြင်ခဲ့တာပါ။ သူ့မိဘတွေကတော့ အရောင်းအဝယ်လုပ်ငန်းလုပ်တဲ့ ဦးဘရင်နဲ့ ဒေါ်စောတို့ ဖြစ်ကြပါတယ်။ (တော်လှန်ရေးဂျာနယ်မှာတော့ သခင်သန်းဖေရဲ့ မိဘများအမည်ကို ဦးဘအိုနဲ့ ဒေါ်စောတင်လို့ ဖော်ပြထားပါတယ်။)

သခင်သန်းဖေဟာ ဖြူးမြို့ အမျိုုးသားကျောင်းမှာ (၇) တန်းအထိ သင်ကြားခဲ့တယ်။ အဲဒီနောက် ပဲခူးမြို့ အစိုးရအထက်တန်းကျောင်းမှာ ပညာဆက်သင်ခဲ့ပြီး အဲဒီကျောင်းကနေ (၁၀) တန်းအောင်ခဲ့ပါတယ်။ ကျောင်းသားဘဝကတည်းက ထူးချွန်ထက်မြက်သူဖြစ်လို့ ကျောင်းသားသမဂ္ဂရဲ့ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရတယ်။ ကျောင်းဘောလုံးအသင်းမှာလည်း ကပ္ပတိန် ဖြစ်ခဲ့သူပါ။ မှန်တဲ့အလုပ်ကို လုပ်မယ်ဆိုရင် ဘယ်တော့မှ နောက်မတွန့်တတ်သူအဖြစ် ကျောင်းသားလောကမှာ နာမည်ကြီးခဲ့ပါတယ်။၁၉၃၈ ခုနှစ်။ ကျောင်းက ထွက်ပြီး ဒို့ဗမာအစည်းအရုံးထဲ ဝင်လိုက်တယ်။ သခင်သန်းဖေ ဖြစ်လာတယ်။ အဲဒီအချိန်က ၁၃၀၀ ပြည့်အရေးတော်ပုံကြီး ဖြစ်တည်ပေါက်ဖွားလာနေတဲ့အချိန်ပါ။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအတွင်း ပါဝင်ပြီး ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရန် အသေခံစာရင်းပေးကြရန် ခေါင်းဆောင်တွေက တောင်းဆိုလာတယ်။ သခင်သန်းဖေဟာ အသေခံဗိုလ်စာရင်းမှာ ရှေ့ဆုံးတန်းက စာရင်းပေးပြီး တိုက်ပွဲဝင်ခဲ့သူဖြစ်တယ်။ သူဟာ နိုင်ငံရေးအတွင်း အသက်အသေခံ မဆုတ်မနစ်လုပ်ဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ခြေစုံပစ် ဝင်လာခဲ့သူပါ။

၁၃၀၀ ပြည့်အရေးတော်ပုံကြီးအတွင်း တိုက်ပွဲဝင်ခဲ့ရမှာ သူဟာ အသက်မသေပေမယ့် ထောင်ချခံလိုက်ရပါတယ်။ ထောင်က လွတ်လပ်တဲ့အခါ လယ်သမားတိုက်ပွဲများကိုစည်းရုံးကာ အဆက်မပြတ် ခေါင်းဆောင်လာခဲ့ပါတယ်။ လယ်သမားတွေကို စည်းရုံးတဲ့အခါ လူတန်းစားရန်သူတွေရဲ့ အနှောင့်အယှက်ပေးမှုတွေ ကြုံရပါတယ်။ လယ်သမားတွေအတွင်း လူတန်းစားတိုက်ပွဲတွေ ဆင်နွှဲရင်း လယ်သမားလူတန်းစားကို စည်းရုံးခဲ့ရတာပါ။ တိုက်ပွဲဖော်ခဲ့ရတာပါ။ ဘီအိုင်အေခေတ်မှာကျတော့ သခင်သန်းဖေဟာ မလိုလားအပ်တဲ့ အဓိကရုဏ်းတွေ တားဆီးရေးအတွက် စွန့်စွန့်စားစား ဆောင်ရွက်ရပြန်တယ်။ ကုလားဗမာ အဓိကရုဏ်း၊ ကရင်ဗမာ အဓိကရုဏ်းတွေငြိမ်းအေးစေဖို့ အစွမ်းကုန် လုံးပန်းခဲ့ရပါတယ်။ ကုလားလယ်သမားရွာတွေ မီးရှို့၊ ကျွဲနွား ရှစ်ထောင်ကျော်လုယူ၊ လူတွေသတ် စတဲ့ ဖက်ဆစ် ကင်ပေတိုင်တို့ရဲ့ ညှဉ်းပန်းနှိပ်စက်မှုများကိုတွန်းလှန်ကာ လူထုကို ကယ်တင်ရပါတယ်။ ကရင်အမျိုးသားတို့ကိုသတ်ဖြတ်တဲ့ ကရင်သတ်သမား ညန်လေးစတဲ့ ဓားပြများကို သခင်သန်းဖေက ရဲရင့်ပြတ်သားစွာ တိုက်ခိုက်သုတ်သင်ပေးခဲ့ရပါတယ်။

ဒီလို လုပ်ဆောင်ခဲ့လို့ ဂျပန်ကင်ပေတိုင် အချုပ်ခန်းမှာ ရက်လရှည်ကြာစွာ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရတာပါ။ ရိုက်နှက်နှိပ်စက်တာသာမက လက်သည်းခွာတာ၊ ရှော့တိုက်တာ၊ ရေနွေးပူလောင်းတာ၊ ဗိုက်ပေါ် ကြွက်အရှင်ထည့်ထားတဲ့အိုးကို မှောက်ပြီး ကြွက်ကိုက်ခိုင်းတာ စတဲ့လူမဆန်တဲ့ ဖက်ဆစ်နှိပ်စက်မှုများကို ယုံကြည်ချက်ပြတ်သားခြင်း၊ ပြည်သူတွေနဲ့ ရဲဘော်ရဲဘက်တွေအပေါ် သစ္စာရှိခြင်းဆိုတဲ့ စိတ်ဓာတ်နဲ့ အနိုင်ယူကျော်ဖြတ်နိုင်ခဲ့လို့ သံမဏိသခင်သန်းဖေ၊ နတ်ဘီလူးသခင်သန်းဖေလို့ ကျော်ကြားလာခဲ့တာပါ။ “မင်းတို့လက်မှာတော့ အသေမခံဘူးကွ”ဆိုပြီး နံရံကို ခေါင်းနဲ့ ပစ်တိုက်လို့ ခေါင်းဟက်တက်ကွဲတဲ့အခါ ဂျပန်ဖက်ဆစ်ကင်ပေတိုင်တွေ တုန်လှုပ်သွားကြရပါတယ်။ “ဂျပန်ကင်ပေတိုင် အဖွဲ့ မှ အကျဉ်းသား နှိပ်စက်သူ ပုဂ္ဂိုလ်တချို့ကတောင် ဒီလောက်ခံနိုင်တာ လူမှ ဟုတ်ရဲ့လားလို့ လေးစားကြောက်ရွံ့ခဲ့ရတဲ့ သခင်သန်းဖေ၊ ကွန်မြူနစ်သခင်သန်းဖေပါ။ ဖက်ဆစ်ဂျပန်များရဲ့ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်လိုက်တဲ့ ဒဏ်တွေကြောင့် သခင်သန်းဖေမှာ အတွင်းကျေကျေကာ သူ့ဘဝတလျှောက်လုံး အသက်ရှူမဝတဲ့ရာဂါ ရရှိခံစားလာခဲ့ရပါတယ်။ ဒါပေမဲ့ သူကားမမှု။ သူ့ကို မြန်မာလယ်သမားများကသာမက ဇေယျဝတီ ကုလားလယ်သမားများနဲ့ တောင်ငူဒေသ အရှေ့တောင် ကရင်အမျိုးသားများရဲ့နှလုံးသားထဲမှာ ထာဝရ ထင်ဟပ်နေကာ ဒို့ခေါင်းဆောင်ကြီးလို့ အားကိုးအားထားပြုကာ အသဲစွဲခဲ့ကြပါတယ်။

သူ့ဦးဆောင်မှုအောက်မှာ တောင်ငူခရိုင်လယ်သမားထုဟာ မြေရှင်စနစ်ကို အောက်ခြေမှစပြီး ယိမ်းယိုင်သွားအောင် တိုက်ပွဲဝင်နိုင်ခဲ့ကြတယ်။ သူ့ခေါင်းဆောင်မှုအောက်မှာပဲ ရာထောင်မကတဲ့ ဇေယျဝတီကုလားအလုပ်သမားများနဲ့ မြန်မာအလုပ်သမားများ၊ မြောက်မြားလှတဲ့ လယ်သူမများဟာ ယောက်ျားများနဲ့ရင်ဘောင်တန်းပြီး လယ်သမားညီလာခံများ၊ အင်အားပြပွဲများ ဆင်နွှဲခဲ့ကြတယ်။ လယ်သမားထုရဲ့ညီညွတ်စည်းလုံးမှုကို ထုတ်ဖော်ပြသခဲ့ကြတယ်။ ဒီလို လယ်သမားထုကို ခိုင်ခိုင်မာမာ စည်းရုံးနိုင်ခဲ့လို့လည်း ဖက်ဆစ်တော်လှန်ရေးစစ်ပွဲစတင်တဲ့အချိန်မှာ တောင်ငူပြောက်ကျားဒေသကို ဖော်ဆောင်နိုင်ခဲ့တာပါ။ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးနဲ့ ဗမာပြည်က ဖက်ဆစ်တော်လှန်ရေး၊ ဗမာပြည်က ဖက်ဆစ်တော်လှန်ရေးနဲ့ တောင်ငူပြောက်ကျားများရဲ့ အစွမ်းသတ္တိ၊ တောင်ငူပြောက်ကျားများနဲ့ သခင်သန်းဖေ။ ဒီအရာအားလုံးဟာ တခုနဲ့တခု ခွဲခြားမရဘဲ ဆက်စပ်နေခဲ့တာပါ။ ပါတီရဲ့ တောင်ငူခရိုင်ပြောက်ကျားတပ်ဖွဲ့မှာ ကရင်၊ မြန်မာ၊ ရှမ်း၊ တရုတ်၊ ကုလားစသဖြင့် လူမျိုးစုံပါဝင်ပြီး တစတစနဲ့ အင်အား ၁၅၀၀ ခန့်ထိ တိုးပွားလာခဲ့ပါတယ်။ သခင်သန်းဖေ စည်းရုံးပြင်ဆင်ထားတဲ့ ဒီတောင်ငူပြောက်ကျားအခြေခံစခန်းကို ၁၉၄၄ ခုနှစ် သြဂုတ်လမှာ သခင်ဗဟိန်း ရောက်ရှိလာခဲ့ပါတယ်။ ၁၉၄၅ ခု မတ်လ ၁၈ ရက်နေ့မှာတော့ သခင်သန်းထွန်းကိုယ်တိုင် တောင်ငူခရိုင်ပြောက်ကျားဒေသသကို လာရောက်ဦးစီးပါတယ်။ ပါတီရဲ့ ခေါင်းဆောင်မှုအောက်မှာ တောင်ငူပြောက်ကျားဒေသအတွင်း ဖက်ဆစ်ဂျပန်တို့ကို အောက်ပါအတိုင်း ချေမှုန်းသုတ်သင်နိုင်ခဲ့ပါတယ်။ ဂျပန် ၇၁၅၉ ယောက်သေ။၂၇၀၃ ယောက် ဒဏ်ရာရ။သုံ့ပန်း ၅၃၈ ယောက် မိခဲ့တယ်။ ဂျပန်လက်နက် ၂၅၀၀ ခန့်။ အင်္ဂလိပ်လက်နက် ၄၀၀ ခန့် နဲ့ တခြားစစ်သုံးပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ ဒီလို အောင်ပွဲခံခဲ့တဲ့ တောင်ငူဒေသ ပါတီခေါင်းဆောင်မှုအောက်က ရဲခေါင်ပြောက်ကျားတွေအကြောင်းကို ရဲဘော်အောင်မြင့်(ဖြူး) က သမိုင်းမှတ်တမ်းတင်စာအုပ် တအုပ်ရေးသားခဲ့ပြီး အဲဒီစာအုပ်မှာ သခင်သန်းဖေက တောင်ငူခရိုင်ပြောက်ကျားဒေသ စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့ အမှာစာ ရေးပေးခဲ့ပါတယ်။

၁၉၄၅ ခုနှစ် ဇူလိုင်လမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဒုတိယပါတီကွန်ဂရက်ကို ကျင်းပခဲ့ပါတယ်။ သခင်သန်းဖေကတော့ ဖက်ဆစ်ဂျပန်တွေကို သဲသဲမဲမဲ မောင်းနှင်ထုတ်နေရတဲ့ အချိန်ဖြစ်တာမို့ ဒုတိယကွန်ဂရက်သို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ သခင်သန်းဖေဟာ ထူးခြားပြောင်မြောက်တဲ့ နိုင်ငံရေးနဲ့စစ်ရေးဘက်ကရှေ့ဆောင်မှုကို လက်တွေ့တိုက်ပွဲများအတွင်း အခိုင်အမာ ပြသနိုင်ခဲ့သူဖြစ်တာကြောင့် သူမတက်ရောက်နိုင်တဲ့ ပါတီ ဒုတိယအကြိမ်မြောက်ကွန်ဂရက်က သူ့ကို ပါတီဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြပါတယ်။ ၁၉၄၇ ခုနှစ် မတ်လအတွင်း ကျင်းပတဲ့ ဖြူးကွန်ဂရက်က ဗမာနိုင်ငံတောင်သူလယ်သမားသမဂ္ဂကြီးရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် သူ့ကို ရွေးချယ်တင်မြှောက်ပေးလိုက်ပြန်ပါတယ်။ ဖြူးကွန်ဂရက် ပျဉ်းမနာကွန်ဂရက်တို့ဆိုတာ ဗမာပြည်မှာ အကြီးဆုံးသော တောင်သူလယ်သမားညီလာခံကြီးတွေ ဖြစ်ကြပါတယ်။ ဒီလို လယ်သမားကွန်ဂရက်တွေ ကျင်းပနိုင်ဖို့ သခင်သန်းဖေပဲ အပြင်းအထန် လုံးပန်းအားစိုက် ဆောင်ရွက်ခဲ့ရတာပါ။ ကျောက်ဆည်မှာ ကျင်းပတဲ့လယ်သမားညီလာခံမှာ သခင်သန်းဖေက သူ့ဟောပြောမှုနဲ့ ပတ်သက်ပြီး “ကျုပ်တော့ တအားကြိတ်လိုက်တာပဲ။ နဖူးက ချွေးတွေတောင် ပေါင်အထိ တောက်လျှောက် စီးကျနေတာ။ အူတွေရော ပြုတ်ကျရောလို့ အောက်မေ့လိုက်တယ်။ ဒါပေမဲ့ ပြုတ်ကျလို့ သေကာမှသေရော ကြိုးစားပြီး ရှင်းရမှာပဲ”လို့ ပြောပြခဲ့ပါတယ်။ အသံတိုးသွားလိုက် ကျယ်လာလိုက် အားတက်သရော စိတ်ရောကိုယ်ပါ ဟောပြောတဲ့ သူ့ဟောပြောချက်တွေကို လယ်သမားထုကြီးက သဘောကျနှစ်ခြိုက်ခဲ့ကြပါတယ်။ “သခင်သန်းဖေ လာပြီး ဟောပြောမယ်ဆိုရင်တော့ ကျုပ်တို့ကို လက်မတို့ဘဲ မနေကြပါနဲ့နော်”လို့ တောင်သူလယ်သမားတွေအတွင်း ပြောစမှတ်တွင်ခဲ့တဲ့အထိ စည်းရုံးရေးကောင်းမွန်ခဲ့တဲ့ သခင်သန်းဖေပါ။ ဒါကြောင့်လဲ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်းတွေရွေးကောက်ပွဲမှာ သခင်သန်းဖေဟာ လယ်သမားထုရဲ့ တခဲနက်ထောက်ခံမှုနဲ့ ကွန်မြူနစ်လွှတ်တော်အမတ် ဖြစ်လာပြန်ပါတယ်။ လွှတ်တော်တွင်းမှာ နယ်ချဲ့သမားနဲ့ပတ်သက်တဲ့သဘောထား၊ လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့သဘောထားတွေကို ကွန်မြူနစ်လွှတ်တော်အမတ်တွေအားလုံးရဲ့ကိုယ်စား သခင်သန်းဖေက ပါတီရပ်ခံချက်အတိုင်း ရှင်းလင်းပြတ်သားစွာ လွှတ်တော်စင်မြင့်မှာ တင်ပြပြောဆိုခဲ့ပါတယ်။

သခင်သန်းဖေရဲ့ လွှတ်တော်တွင်း မိန့်ခွန်းတွေကို ပါတီရဲ့ သဘောထားရပ်တည်ချက်အဖြစ် ယခုတိုင် အကိုးအကား ပြုနေရဆဲ ဖြစ်ပါတယ်။၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းကျင်းပတဲ့ အိန္ဒိယနိုင်ငံမှာ ကျင်းပပြီး အခြားကွန်မြူနစ်ပါတီများ တက်ရောက်တဲ့ အိန္ဒိယကွန်မြူနစ်ပါတီကွန်ဂရက်သို့ သခင်သန်းထွန်းခေါင်းဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့ဝင်တဦးအဖြစ် တက်ရောက်ရန် အရွေးချယ်ခံရပြီး သွားတက်ခဲ့ရပါသေးတယ်။

၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ သခင်နု အမှူးပြုတဲ့ တိုင်းပြည်သစ္စာဖောက် နယ်ချဲ့လက်ဝေခံ ဖဆပလ ရုပ်သေးအစိုးရဟာ ပြည်သူလူထုရဲ့ ရှေ့ဆောင်တပ်ဦးပါတီဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ထိုးစစ်ဆင် တိုက်ခိုက်လာပါတယ်။ ပြည်သူ့ဒီမိုကရေစီကိုရိုက်ချိုးပြီး ဒီလို အကြမ်းဖက် ဖိနှိပ် နှိမ်နင်းလာတဲ့ ရန်သူကို အကြမ်းဖက် တုံ့ပြန်တိုက်ခိုက်ရမယ်ဆိုတဲ့ ပါတီလမ်းညွှန်ချက်နဲ့ ၁၉၄၈ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကြီး စတင်ပေါက်ဖွားလာခဲ့ပါတယ်။

တောင်ငူခရိုင်မှာက ပါတီခေါင်းဆောင်တဖွဲ့လုံးလိုလိုဟာ ရန်သူရဲ့ လက်ဦးမှုရှိရှိ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ ဒါကြောင့် တောင်ငူခရိုင်လူထုရဲ့ အသဲစွဲ သခင်သန်းဖေပဲ တောင်ငူခရိုင်ရဲ့ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို သွားရောက်ဦးဆောင်ရပြန်ပါတယ်။ ရန်သူက ခေါင်းဆောင်တဖွဲ့လုံးကို ဖမ်းဆီးသွားလို့ ဖရိုဖရဲဖြစ်နေတဲ့ တောင်ငူခရိုင်တော်လှန်ရေးအင်အားစုများကို သခင်သန်းဖေကပဲ စနစ်တကျ ပြန်လည်စုစည်းကာ လက်နက်ကိုင်တိုက်ပွဲများကို ဖော်ထုတ်ဆင်နွှဲခဲ့ပါတယ်။ သခင်သန်းထွန်း လာရောက်ပြီး ပျဉ်းမနား တောင်ညိုဒေသတဝိုက်နဲ့ တောင်ငူပဲခူးဒေသတဝိုက် ပါတီရဲ့ တော်လှန်ရေးအခြေခံစခန်းများဖွင့်လှစ်နိုင်ဖို့အတွက် သခင်သန်းဖေက မဆုတ်မနစ် လုံးပန်းအားထုတ် ပြင်ဆင်ပေးခဲ့ရပါတယ်။ ဒါကြောင့် တောင်ငူခရိုင် လွတ်မြောက်ဒေသဟာလည်း လျင်မြန်စွာ ကျယ်ဝန်းလာပြီး အင်အားကြီးမားစွာဖြင့် ရန်သူက ချေမှုန်းဖို့ ကြိုးစားတာကိုလည်း တုံ့ပြန်ချေမှုန်းနိုင်ခဲ့ပါတယ်။ သခင်သန်းဖေကိုယ်တိုင် ဦးစီးတိုက်ခဲ့တဲ့ အောင်ပွဲရ တိုက်ပွဲကြီးတွေ ရှိခဲ့ပါတယ်။

လက်နက်ကိုင်တော်လှန်ရေး ၂ လတာအတွင်း သူဟာ မနားမနေ အအိပ်ပျက် အစားပျက် အဆင်းရဲအပင်ပန်းခံ လုံးပန်းတိုက်ပွဲဝင်ခဲ့တာပါ။ ဒီကာလအတွင်း သူ့ဇနီးကိုလည်း ရန်သူက ဖမ်းဆီးရမိသွားပြီး နှိပ်စက်ညှဉ်းပန်းခဲ့ပါတယ်။ သခင်သန်းဖေကိုယ်တိုင်လည်း ဂျပန်ကင်ပေတိုင်တို့ နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ ဒဏ်ရာဒဏ်ချက်ဟောင်းတွေ ပြန်ပေါ်လာတာရော၊ ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးအတွက် ဆင်းဆင်းရဲရဲ စွန့်စွန့်စားစား ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ပင်ပန်းမှုဒဏ်တွေရော စုပေါင်းဖိစီးပြီး အိပ်ရာထက် ဗုန်းဗုန်းလဲတဲ့အခြေ ဆိုက်ရောက်သွားခဲ့ပါတယ်။ အိပ်ရာထက် လဲနေလျက်ကလည်း စာနဲ့ ရေးပြီး တော်လှန်ရေးကို ခေါင်းဆောင်နေပါသေးတယ်။ စာရေးလို့တောင် မဖြစ်နိုင်တော့တဲ့အထိ ကျန်းမာရေးပိုမို ဆိုးရွားလာတာတောင် သူ့ပါးစပ်က ပြောတာတွေကို လိုက်ရေးစေပြီး တော်လှန်ရေးကို ဆက်လက်ဦးဆောင်မှု ပေးနေပြန်ပါတယ်။

၁၉၄၈ ခု၊ ဇွန်လ ၆ ရက်နေ့ ည ၁၀ နာရီ။ သူမွေးဖွားခဲ့ရွာ မုံးမြို့ကလေးနဲ့ ၈ မိုင်အကွာ တောပုရွာကလေးမှာ ပြည်သူလူထုရဲ့ အသဲစွဲခေါင်းဆောင်လည်းဖြစ်၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သားကောင်းရတနာ တဦးလည်း ဖြစ်သူ သခင်သန်းဖေဟာ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို သံယောစဉ် တငင်ငင် ဖြစ်နေရင်းက တော်လှန်ရေးလမ်းခုလတ်မှာ ကျဆုံးသွားခဲ့ရပါတယ်။ပြည်သူလူထုနဲ့ ပါတီအတွက် အကောင်းဆုံး သားကောင်းရတနာတဦး ဆုံးရှုံးရခြင်းဆိုသည့် ဤဆုံးရှုံးမှုကား ကြီးစွတကား။(သူ၏အမည်သည် ရာဇဝင်တွင် စာတင်ရပေအံ့။ ။)

Leave a Reply

Your email address will not be published. Required fields are marked *