ဖွတ်က မိကျောင်းဖြစ် မြစ်မချမ်းသာ

By | March 3, 2014

ဖွတ် မိကျောင်းဖြစ် မြစ်မချမ်းသာဆိုသလို ကြံ့ဖွံ့ စစ်အစိုးရ ပေါ်လာမှ ပြည်သူစိတ်ဝမ်း မငြိမ်းချမ်းမှုတွေ တနေ့တခြား တိုးပွားများပြားလာနေပါတယ်။

ဦးသိန်းစိန် ကြံ့ဖွံ့စစ်အစိုးရအကြောင်းပြောရင် ဒီအစိုးရဟာ ရွေးကောက်ပွဲအလိမ်အညာနဲ့ အစိုးရတက်လုပ်နေတယ်ဆိုတာ သတိပြုကြရမှာပါ။

စစ်အာဏာရှင်စနစ် သက်တမ်းတလျှောက် အစိုးရအဆက်ဆက် လိမ်ညာမှုကို နည်းဗျူဟာတရပ်အဖြစ် သုံးခဲ့တယ်ဆိုတာလည်း သတိပြုဖို့ လိုပါတယ်။

တော်လှန်ရေးကောင်စီ၊ မဆလ ဆိုတဲ့ အလိမ်အညာခေတ်က တခေတ်။

ရွေးကောက်ပွဲပြီးရင် စစ်တပ်က စစ်တန်းလျားပြန်ပါမယ်ဆိုတာက ကြားဖြတ်တီးလုံး။ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို လုံးလုံးလျားလျား ပစ်ပယ်လိုက်တာက တိုင်းပြည်အပေါ် ကြီးမားလှတဲ့ ကတိဖောက်ဖျက်မှုကြီး။

ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရကတော့ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် အသေးအမွှားကအစ အလွန်ကြီးလေးလှတဲ့ ကိစ္စများကို လိမ်လည်ဖို့ နှစ်များစွာကတည်းက ကလိမ်စေ့ ငြမ်းဆင်တဲ့ အလုပ်တွေ အချိန်ယူလုပ်ခဲ့ရတယ်။ လမ်းပြမြေပုံတို့ ညောင်နှစ်ပင်ညီလာခံတို့၊ ကြံ့ဖွံ့အသင်းကို တစတစ မွေးမြူမြေတောင်မြှောက်ခဲ့ရတာတို့ကို ကြည့်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူလူထုက အတည်ပြုခဲ့တယ်ဆိုတာတို့၊ သူတို့ဟာ ပြည်သူလူထု ဆန္ဒအရ ရွေးချယ်တင်မြှောက်ခံထားရတဲ့ အစိုးရပါဆိုတာတို့ကို ကြံ့ဖွံ့စစ်အစိုးရထိပ်သီးတွေကိုယ်တိုင် မရှက်မကြောက်နဲ့ လျှာအရသာခံပြီး ဒီနေ့အထိ ပြောနေတုန်း။ ရှက်ဖွယ်လိလိပါ။

အရပ်သားအစိုးရဆိုတာတို့၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတို့၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးတို့၊ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်လို့ ပြည်သူလူထုရဲ့ မဲဆန္ဒတသိန်းတို့ဆိုတာလည်း အတုအယောင် အလိမ်အညာတွေပဲဆိုတာ ပြည်သူလူထုက တနေ့ထက်တနေ့ ပိုမို သိမြင်လာနေကြပြီ။

စစ်အာဏာရှင်စနစ်သက်တမ်းစတင်ချိန်မှ ဒီနေ့အထိ စစ်အုပ်စုရဲ့ လိမ်ညာမှုတွေကို အသေးစိတ်တင်ပြရင် လိမ်ညာမှုသမိုင်းစာအုပ်တအုပ် ထွက်နိုင်လောက်ရဲ့။

နှစ်ပေါင်းများစွာ တစိုက်မတ်မတ် လိမ်လည်လာတဲ့ လိမ်လည်မှုကြီးကတော့ ပြည်တွင်းငြိမ်းချမ်းရေးအတုအယောင် လိမ်လည်မှုကြီး။ ဒါကြောင့် ဒီနေ့အထိ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကို မရရှိနိုင်သေးဘဲ တိုက်ပွဲတွေ တခြိမ်းခြိမ်း ပေါက်ကွဲနေတာ မဟုတ်လား။

စစ်မြေပြင်မှာ သူတို့သုံးတဲ့ နည်းဗျူဟာတွေထဲမှာ အတုအယောင် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး၊ စေ့စပ်ဆွေးနွေးရေး ဆိုတာတွေ ပါဝင်ပါတယ်။ မျက်မှောက်မှာ ထူးခြားတာတခုကတော့ စစ်မြေပြင်မှာ သုံးခဲ့တဲ့ နည်းဗျူဟာတွေကို ပြည်သူလူထုအတွင်းနဲ့ ဒီမိုကရေစီနိုင်ငံရေးအင်အားစုများအတွင်းမှာ အသုံးပြုလာခြင်းပါပဲ။ စစ်မြေပြင်မှာ တပြည်လုံးက လိုအင်ဆန္ဒ ပြင်းပြကြတဲ့ ငြိမ်းချမ်းရေးဟာ သူတို့အတွက် စစ်ကစားတဲ့ လက်နက်တရပ်။ (အတုအယောင် ငြိမ်းချမ်းရေး ပေါ်လာတယ်။) ပြည်သူတွင်းမှာကျ ပြည်သူအားလုံး လိုလားတောင့်တတဲ့ ဒီမိုကရေစီဆိုတာ သူတို့စစ်အာဏာကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့ ကိုင်တွယ်ကစားတဲ့ လက်နက်တရပ်။ (အတုအယောင် ဒီမိုကရေစီ ဖြစ်တည်လာတယ်။) စစ်မြေပြင်မှာ သုံးခဲ့တဲ့ ဒီလက်နက်တွေကို ကောင်းလှချည်ရဲ့လို့ ကိုင်တွယ်ပွတ်သပ်ရင်း ပြဒါးရှင်လုံးတွေ ရထားသလို ပြည်သူတွင်း ချသုံးလာကြတာပါပဲ။ မျောက်လက်ထဲ သံလျက်ထည့်ပေးလိုက်မိတဲ့ အဖြစ်မျိုး ဒီလက်နက်တွေကိုင်ပြီး တပြည်လုံးမှာ မွှေနှောက်ရမ်းကားလိုက်တာ အတိဒုက္ခတွေ၊ သွေးထွက်သံယိုမှုတွေ တပြည်လုံးနေရာအနှံ့။

စစ်တိုက်ရာမှာ သပ်လျှိုသွေးခွဲနည်းဟာ သူတို့အတွက် အမြတ်များစွာ ရရှိခဲ့ပါတယ်။ သူတို့ နှစ်ပေါင်းများစွာ နိုင်အောင် မတိုက်နိုင်တဲ့၊ အပြုတ်မတိုက်နိုင်တဲ့ ဗကပ ကို သပ်လျှိုသွေးခွဲပြီး အထိနာစေခဲ့တယ်။ ကေအင်န်ယူကိုလည်း ကွဲအောင်ခွဲတယ်။ ကချင်အမျိုးသား လက်နက်ကိုင်အဖွဲ့တွေ အတွင်းမှာလည်း အဖွဲ့တွေ ကွဲအောင် ခွဲတယ်။ ရှမ်းအမျိုးသားတွေအတွင်းမှာလည်း ခွဲတယ်။ “ယာလည်းညက်စေ၊ ကြက်လည်း ပန်းစေ” ပေါ်လစီကို ကျင့်သုံးတာ အထင်အရှားပါပဲ။ ပြည်သူလူထုအတွင်းနဲ့ ဒီမိုကရေစီအင်အားစုများအတွင်းမှာလည်း ဒီနည်းနာကို ကျင့်သုံးလာပြန်တယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း သပ်လျှိုသွေးခွဲမှုတွေ လုပ်တယ်။ ကျောင်းသားအင်အားစုများအတွင်း ရှစ်လေးလုံးအင်အားစုများအတွင်းကိုလည်း ဒီနည်းနဲ့ ကြိုးစားခဲ့တယ်။ အခု ပိုဆိုးလာတာက ပြည်သူလူထုကို သွေးခွဲအုပ်ချုပ်ဖို့ လူမျိုးရေးအဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းတွေကို ဖန်တီးလာခြင်း ဖြစ်တယ်။ ဒါသာမက ရဟန်းသံဃာများအတွင်းမှာ ဂိုဏ်းကွဲမှုတွေ ဖြစ်ပေါ်လာအောင် ဖန်တီးလာနေတယ်။ သူတို့ ရန်ဘက်တွေကို အားနည်းချည့်နဲ့အောင် ဒီနည်းနာကို ကျင့်သုံးတယ်။ ဒါကြောင့် သူတို့ ရန်ဘက်ဆိုတာမှာ ပြည်သူလူထု ပါသလို ရဟန်းသံဃာတွေပါ ပါတယ်ဆိုတာ ထင်ရှားတယ်။

နောက်နည်းဗျူဟာ တရပ်ကတော့ ဖြားယောင်းသွေးဆောင်နည်း၊ ချော့မြူနည်း၊ အခွင့်အရေးနဲ့ မက်လုံးများ ပေးတဲ့နည်းတွေ ဖြစ်တယ်။ လက်နက်ကိုင်အင်အားစုတွေကို သစ်ခုတ်ရောင်းချခွင့် မက်လုံးပေးရတဲ့အတွက် ဗမာပြည်နေရာအနှံ့က တောတွေပြောင် တောင်တွေ ကတုံးဖြစ်ကုန်တယ်။ သယံဇာတတူးဖော်ရေးလုပ်ငန်းတွေကိုလည်း မက်လုံးအဖြစ်ပေးတယ်။ အခု နောက်ဆုံးပေးတာကတော့ ကားပါမစ်။ ပြည်တော်ပြန်ခွင့်ဆိုတာလည်း သူတို့ပေးတဲ့ အခွင့်အရေးမက်လုံးတခုပဲ။ တချို့ တိုက်ပွဲတွင်းမှာ မကျဆုံး၊ ထောင်တွင်းမှာ မကျဆုံးဘဲ သကြားလုံးအမြောက်ဆန်နဲ့မှ ကျဆုံးရသူတွေ ရှိလာတယ်။ လွတ်တော်တွင်းဝင်ပြီး အတူပြင်ကြရအောင်တို့၊ ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်အောင် တံခါးလေး နည်းနည်း ဟပေးလိုက်တာတို့ကတော့ ဖြားယောင်းသွေးဆောင်နည်းပေါ့။

အရေအတွက်ကို စိတ်ချသေချာအောင် ဖန်တီးထားတဲ့ အရေအတွက် အားကိုးနည်း။ စစ်မြေပြင်မှာ တပ်သားအရေအတွက်ကို အားကိုးတယ်။ သာလွန်တဲ့ လက်နက်အရေအတွက်ကို အားကိုးတယ်။ လွှတ်တော်မှာ အရေးကြီး အဆုံးအဖြတ်ပေးမယ့် ၇၅ ရာခိုင်နှုန်းကို စိတ်ချသေချာရအောင် စီမံတယ်။ ကာလုံမှာ စစ်အာဏာရှင်စနစ်ကို ဆက်ထိန်းပေးနိုင်မယ့် အရေအတွက်ရှိနေအောင် အပိုင်လုပ်ထားတယ်။ ရွေးကောက်ပွဲကော်မရှင်မှာ စစ်အာဏာရှင်စနစ်ကို မဲတင်းပေးမယ့်သူတွေ တပ်အင်အားအပြည့် ဖြည့်တင်းထားတယ်။ ရွေးကောက်ပွဲမှာ ကြိုတင်မဲ၊ ခိုးမဲတွေ ညစ်မဲတွေရဲ့ အရေအတွက်ကို အားကိုးတယ်။

ဒီနည်းဗျူဟာတွေကို အချိန်ဆွဲတဲ့ နည်းနာ၊ ကိုယ်ဘက်က ကျူးးလွန်တဲ့ မတရားမှုတွေကို မျက်စိပိတ် နားပင်း လျစ်လျူရှုတဲ့နည်းနာတွေနဲ့ ပေါင်းစပ်ကျင့်သုံးကြတယ်။ လျစ်လျူရှုရုံသာမက ဦးအုန်းမြင့်လို လူထုအော့ကြောလန်ဝန်ကြီးကိုတောင် ဦးသိန်းစိန်က ပွဲထုတ်အရောင်တင်ပေးလိုက်သေးတယ်။

လက်နက်အားကိုး အကြမ်းဖက် တိုက်ခိုက်နှိမ်နင်းတဲ့ နည်းဗျူဟာကတော့ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စုရဲ့ ဖွားဘက်တော် လက်သုံးနည်းဖြစ်တာမို့ မစွန့်လွှတ်စတမ်း စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပါတယ်။ စစ်မြေပြင်မှာ တိုက်ခိုက်သတ်ဖြတ်ရေးလုပ်သလို လူထုတွင်းမှာလည်း သတ်ဖြတ်တိုက်ခိုက်ရေးတွေ လုပ်လာကြတယ်။ သူတို့အကျိုးစီးပွားနဲ့ သူတို့စစ်အာဏာရှင်စနစ်၊ သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံတို့ကို ထိခိုက်နစ်နာမှုမရှိစေအောင် စစ်မြေပြင်မှာဖြစ်ဖြစ်၊ လူထုတွင်းမှာဖြစ်ဖြစ်၊ ရန်ကုန်မှာဖြစ်ဖြစ်၊ နေပြည်တော်မှာဖြစ်ဖြစ် ဒီလို အကြမ်းဖက် တိုက်ခတ်သတ်ဖြတ်ရေးကို သူတို့ ကျူးလွန်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။

ဒါတွေကို ဘာလို့ တင်ပြနေတာလဲ။

၂၀၁၅ ရွေးကောက်ပွဲဟာ တစတစ ပိုမို နီးကပ်လာနေပြီ။ ၂၀၁၅ ရွေးကောက်ပွဲဆိုတာ သူတို့အစိုးရကို အရွေးကောက်ခံ အစိုးရအနေနဲ့ ဆက်ထိန်းဖို့ သေရေးရှင်ရေး အရေးကြီးတဲ့ ပွဲပဲ။ (ဒီပုံစံမရရင်တော့ အာဏာသိမ်းပြီး ဗြောင် စစ်အစိုးရပုံစံနဲ့ စစ်အာဏာရှင်စနစ်ကို ဆက်ထိန်းထားမှာပဲ)။ ဒီရွေးကောက်ပွဲဟာ တနည်းပြောရရင် စစ်အုပ်စုရဲ့ ကိုယ်ကျိုးစီးပွားပဲ။ ဒီလိုမျိုး ရွေးကောက်ပွဲမှာ အခွင့်အရေးနဲ့ သိမ်းသွင်းတဲ့နည်း၊ လိမ်ညာမဲခိုးတဲ့ နည်းတွေကတော့ သူတို့အတွေ့အကြုံ ရှိပြီးခဲ့ပြီ။ ယခု ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီနည်းသာမက နည်းဗျူဟာပေါင်းစုံကို သူတို့ ကျင့်သုံးလာနိုင်တယ်ဆိုတာ အခုကတည်းက အရိပ်အရောင်တွေ ပေါ်နေပြီ။ လိမ်ညာနည်း၊ သပ်လျှိုသွေးခွဲနည်း၊ အဓိကရုဏ်းများနဲ့ လမ်းလွှဲတဲ့နည်း၊ အခွင့်အရေး မက်လုံးများနဲ့ဝယ်ယူနည်းများသာမက အကြမ်းဖက်နည်းတချို့ကိုတောင် သုံးလာနိုင်စရာ ရှိနေပါတယ်။ ရွေးကောက်ပွဲနဲ့ သူတို့ အာဏာလုယက်ဖို့ ကြိုးစားရင်းက ပြည်သူလူထုအတွင်း ပျက်စီးဆုံးရှုံးမှုတွေ၊ အတိဒုက္ခရောက်မှုတွေ များစွာ ဖြစ်ပွားလာနိုင်ခြေ ရှိနေပါတယ်။ သူတို့က သွေးထွက်သံယိုနည်းကိုပဲ သုံးသုံး။ သွေးမထွက်တဲ့ နည်းကိုပဲ သုံးသုံး သူတို့ အမြတ်ထုတ်ဖို့လုပ်တဲ့ နည်းနာတိုင်းဟာ ပြည်သူလူထုအတွေက် ဆုံးရှုံးတဲ့ နည်းတွေချည်း ဖြစ်မှာပါ။ အကြီးမားဆုံး ဆုံးရှုံးမှုကတော့ စစ်အာဏာရှင်စနစ် ဆက်လက် သက်ဆိုးရှည်နေဦးမယ့်အချက်ပါပဲ။ စစ်အာဏာရှင်စနစ် ဆက်လက်တည်ရှိနေသမျှ ပြည်သူလူထုဟာ အမျိုးမျိုးသော ဘေးဒုက္ခတွေ ဆက်လက် ကြုံတွေ့နေကြရပါလိမ့်ဦးမယ်။

သွေးစည်းညီညွတ်တဲ့ ပြည်သူ့လူထုရဲ့စွမ်းအားနဲ့သာ ဦးသိန်းစိန်ကြံ့ဖွံ့စစ်အစိုးရရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ အုပ်ချုပ်ဖိနှိပ်ရေးနည်းနာတွေကို ရင်ဆိုင်ကျော်နင်းနိုင်မှာ ဖြစ်ပါတယ်။ ။

Leave a Reply

Your email address will not be published. Required fields are marked *