ပွဲမဝင်မီ ဆိုင်းဆော်သံ ကြားရုံမျှနဲ့

By | September 24, 2015

ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ဘူးဆိုတာ အစကတည်းက တွက်ဆထားကြပြီးသားမို့ သိပ်အံ့သြစရာ မရှိပါဘူး။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက ရွေးကောက်ပွဲဟာ ၃၀ ရာခိုင်နှုန်းပဲ မှန်နိုင်မယ်။ ၇၀ ရာခိုင်နှုန်းမှားနိုင်တယ်လို့ ပြောလိုက်တာဟာ သူတို့ဘယ်လမ်းကြောင်းသွားမယ်ဆိုတာ ဗြောင် ကြေညာလိုက်တာပဲ။ မဲစာရင်း ဒုတိယအကြိမ်ထုတ်ပြန်လိုက်တော့ ပိုပြီး ပွဲဆူသွားတယ်။ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ကတောင် ဗဟို ရွေးကောက်ပွဲကော်မရှင်ကို မကျေမလည်ဖြစ်ရတဲ့အထိ သူတို့ရဲ့ ညစ်ပတ်တဲ့ လုပ်ရပ်က ပေါ်လွင်ထင်ရှားနေတယ်။ ဦးဥာဏ်ဝင်းက ရွေးကောက်ပွဲဟာ တရားမှာ မဟုတ်ဘူးဆိုတာကို ဖွင့်ပြောလာတဲ့အထိ ဖြစ်နေပြီ။ ရွေးကောက်ပွဲဟာ မတရားရင် မမှန်ကန်ဘူး။ မလွတ်လပ်ဘူး။ မတရားတဲ့ ရွေးကောက်ပွဲကနေ ဘယ်လို ရလဒ်ကောင်း ထွက်ပေါ်လာမှာလဲ။

ဒါ့အပြင် ရွေးကောက်ပွဲမှာ မတရားတဲ့ လုပ်ရပ်တွေ လာနေဆဲ၊ လာလတ္တံ့တွေ အများကြီးပါ။ ရှေ့မှာလည်း ကြုံတွေ့ရပါလိမ့်ဦးမယ်။

ဒီလို ရွေးကောက်ပွဲ မတရားမှာကို မအံ့သြပေမယ့် အံ့သြရတဲ့ အချက်တွေ မြင်တွေ့လာရတယ်။ အဲဒါကတော့ မဲစာရင်းကို ပြည်သူတွေက မစစ်ဆေးရင် ပြည်သူတွေရဲ့ အပြစ်ပဲဆိုပြီး တင်ပြလာတဲ့အတွေးအခေါ် အယူအဆဖြစ်တယ်။ ပြည်သူတွေ မဲစာရင်း စစ်ဆေးဖို့ အနုပညာရှင်တွေအပါအဝင် လှုံ့ဆော်တဲ့ လုပ်ငန်းလုပ်ရာကနေ ခုတော့ ပြည်သူတွေအပေါ် တရားခံရှာ၊ အပြစ်ပုံချတဲ့အထိ ဖြစ်လာပြီ။ ဒီလိုမျိုး ပြည်သူတွေက ကိုယ်မဲစာရင်းကိုယ် စစ်ဆေးဖို့ တာဝန်ယူရမယ်ဆိုတာ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ မရှိဘူးလို့ မနေနိုင်တဲ့သူက ထပြောလာရပြီ။ တကယ်က အစိုးရတာဝန်ယူရမယ့်အလုပ်ကို ပြည်သူတွေရဲ့ ပခုံးပေါ် လွှဲတင်ပေးလိုက်ပြီး ပြည်သူတွေကို ကိုယ်ထူကိုယ်ထ အလုပ်ခိုင်းလိုက်တာပဲ။ ဒါကို အစိုးရမဟုတ်တဲ့ ဒီမိုကရေစီဘက်တော်သားဆိုသူတွေကပါ ဝင်ပြောနေတော့ ဒီအတွေးအခေါ် ပြဿနာဟာ သေးငယ်တဲ့ ပြဿနာ မဟုတ်တော့ပါဘူး။

တကယ်ကတော့ အစိုးရတာဝန်ယူရမယ့်အလုပ်ကို ပြည်သူတွေ ကိုယ်ထူကိုယ်ထ လုပ်နေကြရတာတွေ မနည်းပါဘူး။

ရေဘေးကယ်ဆယ်ရေးမှာလည်း အစိုးရက အပြည့်အဝ တာဝန်ယူရမယ့် ထမ်းဆောင်ရမယ့်တာဝန်တွေကို ပြည်သူတွေက ဝင်ထမ်းနေရတယ်။ အစိုးရက ပြည်သူတွေကို ကိုယ်ထူကိုယ်ထ လုပ်ခိုင်းရုံသာမက သူတို့အတွက် အကျိုးအမြတ်ကို မရှက်မကြောက် လုယူကြသေးတယ်။ နိုင်ငံတကာက ရေဘေးကိစ္စ လှူဒါန်းမှုတွေကို သမ္မတက လှူတဲ့ပုံ တံဆိပ်ပြောင်းကပ်တာ၊ တိုင်းအစိုးရရဲ့ လှူဒါန်းမှုအဖြစ် အသွင်ပြောင်းတာ၊ ကြံ့ဖွံ့ပါတီ လှူဒါန်းမှုအဖြစ် ပုံပြောင်းပစ်တာတွေ မနည်းဘူး။ ဆီပုံးပေါ်က အမြတ်ထုတ်တာအထိ မရှက်မကြောက် လုပ်နေကြသူတွေလည်း ရှိနေတယ်။ နာဂစ် ကယ်ဆယ်ရေးတုန်းကလိုပဲ နိုင်ငံတကာက လှူဒါန်းထားတဲ့ ပစ္စည်းတွေ အပြင်ဆိုင်ကို ရောက်သွားတာတချို့လည်း ရှိနေတယ်။ သူတို့က နာမည်အရရော ရုပ်ဝတ္ထုအရပါ ဝင်ပြီး အမြတ်ထုတ်ကြချိန်မှာ ရေဘေးကယ်ဆယ်ရေးကို စွန့်စွန့်စားစားလုပ်ရင်း တကယ် အသက်စွန့်သွားရတာက ပြည်သူတွေ ကိုယ်တိုင်ပါ။ ငတ်ပြတ်ဆင်းရဲနေကြတဲ့ ပြည်သူတွေကိုယ်တိုင် လှူဒါန်းလိုက်တဲ့ငွေတွေ တပြည်လုံးမှာ တွက်ကြည့်လိုက်ပါ။ ဘယ်လောက်များမလဲ။ ဂီတဖျော်ဖြေပွဲမှာ ပြည်သူတွေ လှူဒါန်းလိုက်တဲ့ငွေသည်ပင်လျှင် သိန်းပေါင်း သောင်းချီတဲ့ အရေအတွက်ထိ ရှိခဲ့ပါတယ်။

ကိုယ်ထူကိုယ်ထ လုပ်ခိုင်းတာနဲ့အတူ ငွေးကြေးအရ အမြတ်ထုတ်တာ၊ ရုပ်ဝတ္တုအရ အမြတ်ထုတ်တာ၊ လုပ်အားအရ သွေးစုပ်တာတွေ တွဲပြီး ပါလာတတ်စမြဲပါ။ ပညာရေးဘက်မှာ၊ ကျန်းမာရေးဘက်မှာ စသဖြင့် ဘက်ပေါင်းစုံမှာ အစိုးရကိုယ်တိုင် တာဝန်ယူရမယ့်ကိစ္စတွေ ပြည်သူတွေ ကိုယ်ထူကိုယ်ထ တာဝန် ဝင်ထမ်းနေရတာတွေ အများကြီး ရှိနေပါတယ်။ စာသင်ခန်းဆောက်ဖို့ ငွေလှူရတာနဲ့ ဆင်းရဲတဲ့ကျောင်းသားလေးတွေ ထောက်ပံ့ပေးရတာကအစ နာရေးကိစ္စတွေအထိ ပြည်သူတွေ ကိုယ်ထူကိုယ်ထ လုပ်နေရပါတယ်။ အသေအချာ တွက်ကြည့်ရင် အစိုးရလုပ်ရမယ့်အလုပ်တွေကို ပြည်သူတွေ ဝင်လုပ်နေရတဲ့ နယ်ပယ်တွေ မနည်းပါဘူး။ ဒီတော့ လုပ်ရင်းလုပ်ရင်းနဲ့ ဒါတွေဟာ အစိုးရတာဝန်တွေပါလားဆိုတာတောင် မပြောကြတဲ့အထိ ဖြစ်လာတယ်။

ကိုယ်ထူကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ဒူးကိုယ်ချွန်ဆိုတဲ့ စိတ်ဓာတ်ဟာ အသင်းအဖွဲ့၊ လူ့အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ မိမိတို့လျှောက်လှမ်းရမယ့်လမ်းကြောင်းမှာ မိမိတို့ တိုးတက်မှုအတွက် စိုက်ထူထားသင့်တဲ့ စိတ်ဓာတ်တရပ်အဖြစ် ကောင်းမွန်ဆီလျော်တဲ့ အဓိပ္ပာယ် ရှိပါတယ်။

ဒါပေမဲ့ အုပ်စိုးသူတွေက ဒီအသုံးအနှုန်းကို အသုံးချပြီး အုပ်စိုးခံတွေကို တဆင့်တိုး ဖိနှိပ်တဲ့လုပ်ငန်းတွေ လုပ်လာခဲ့ကြလို့ ကိုယ့်ထူကိုယ်ထဆိုတဲ့ အသုံးအနှုန်းဟာ ကောင်းမွန်တဲ့အဓိပ္ပာယ်ကနေ ဆန့်ကျင်ဘက်သို့ပြောင်းပြီး နာမည်ဆိုးနဲ့ကျော်ကြားလာပါတယ်။ ဗီယက်နမ် မလွတ်မြောက်မီက ဖောက်ပြန်တဲ့ အစိုးရတွေဟာ အကျဉ်းသားတွေကို တကျွန်းပို့ပြီး ကိုယ်ထူကိုယ်ထ အလုပ်ခိုင်းတာ ရှိခဲ့ပါတယ်။ ပေါ်လိုကွန်ဒို ကျွန်းမှာဆိုရင် သစ်ပင်တွေ ခုတ်တာ၊ သစ်ဖြတ်တာ၊ သင်္ဘောကုန်တင်ကုန်ချလုပ်ခိုင်းတာကအစ ကျေးကျွန်သဖွယ် ခိုင်းစေပြီး ရသမျှ အကျိုးအမြတ်ကို အုပ်စိုးသူက ခံစားပါတယ်။ သေလိုက်တဲ့ အကျဉ်းသားတွေ သောက်သောက်လဲပါ။ ဘဝသစ်ထူထောင်ရေးလိုမျိုး နာမည်လှလှလေးတွေသုံးပြီး သစ်တောစိုက်ပျိုးရေးမှာ ခိုင်းစေတာလည်း ရှိပါတယ်။ ဗမာပြည်က နာမည်ကျော် ကိုကိုကျွန်းမှာလည်း ဒီလို ကိုယ်ထူကိုယ်ထ လုပ်ငန်းမျိုး လုပ်ခိုင်းခဲ့တာကို နိုင်ငံရေးအကျဉ်းသားတွေ အသက်တွေပေးပြီး တိုက်ပွဲဝင်ခဲ့လို့ ကိုယ်ထူကိုယ်ထ အကျဉ်းစခန်း ဖျက်သိမ်းသွားရပါတယ်။

ဒီကနေ့ လုပ်ရမယ့်တာဝန်ကလည်း အစိုးရတာဝန်ကို ပြည်သူတွေရဲ့ ပခုံးပေါ် ပြောင်းပေးပြီး ဒါမလုပ်ရင် ခင်ဗျားတို့အပြစ်ဆိုပြီး တရားခံရှာရမှာ မဟုတ်ပါ။ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲလုပ်ပေးတဲ့ အုပ်စိုးသူက မတရားလုပ်ရင် ဒါကို ကန့်ကွက်တိုက်ပွဲဆင်ပြီး တရားမျှတ၊ မှန်ကန်ပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ပြောင်းလဲရမှာပါ။ ၂၀၁၅ ရွေးကောက်ပွဲဟာ လုံးဝ မတရားတဲ့ ရွေးကောက်ပွဲကြီးဆိုရင် ဒါကို ဆန့်ကျင်ကန့်ကွက်ပြီး ပြည်သူတရပ်လုံးနဲ့ ပူးပေါင်းတိုက်ပွဲဝင်သွားကြရမှာပါ။ မတရားတဲ့ ရွေးကောက်ပွဲကြီးအဖြစ် ရလဒ်ပေါ်ထွက်လာရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ ခုကတည်းက ကြိုတင်တွက်ဆ စဉ်းစားထားကြရမှာပါ။

အမေရိကန်အစိုးရအပါအဝင် မနည်းလှတဲ့ အလှူရှင်နိုင်ငံတွေက တရားမျှတ မှန်ကန်တဲ့ ရွေးကောက်ပွဲ ဖြစ်လာရေးအတွက် သူတို့က ငွေကြေးတွေ ကူညီ ပံ့ပိုးပေးထားရတာမို့ ရွေးကောက်ပွဲရလဒ်အတိုင်း အနိုင်ရသူကို အစိုးရဖွဲ့ခွင့်ပေးဖို့ မျှော်လင့်တောင်းဆိုနေတဲ့ ထုတ်ပြန်ကြေညာချက်တွေကလည်း တနည်းတော့ အံ့သြစရာပါပဲ။ သူတို့က ရွေးကောက်ပွဲ ရလဒ် ပေါ်ထွက်လာချိန်မှာ အတည်မပြုဘဲ မတရားလုပ်မှာကိုသာ ကြိုတွက်ထားကြပြီး ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံးအတွင်း နည်းမျိုးစုံနဲ့ ကောက်ကျစ်တဲ့ လုပ်ရပ်တွေ ဖြစ်ပေါ်လာနိုင်တာကို ထည့်တွက်မထားတဲ့ သဘောမျိုး ဖြစ်နေလို့ အံ့သြမိတာပါ။

ဒါ့ထက် အံ့သြစရာကောင်းတာက တကယ့်အပြောင်းအလဲကို လိုချင်ရင် ပြည်သူတွေ မဲစာရင်းကို ကိုယ်တိုင်သွားရောက် စစ်ဆေးကြ-ဆိုတဲ့စကားပါ။ မဲဆွယ်ပွဲတွေမှာလည်း ဒီလို တကယ့်အပြောင်းအလဲ လိုချင်ရင်-ဆိုတဲ့အချက်ကို ထည့်သွင်းဟောပြောနေကြပါတယ်။

တကယ့်အပြောင်းအလဲ ဆိုပါလား။

ဟုတ်ကဲ့။ ပြည်သူတွေက တကယ် လိုလားပါတယ်။

ဒါပေမဲ့ မေးချင်ပါတယ်။ တကယ်ရမှာလား။ ဒီရွေးကောက်ပွဲနဲ့ ရမှာလား။

Leave a Reply

Your email address will not be published. Required fields are marked *