နှစ် ၁၅၀ မြောက် ပဲရစ်ကွန်မြွန်း တော်လှန်ရေးပုံစံပြာ (မြစမ်းအေး)

By | April 14, 2021

နှစ် ၁၅၀ မြောက် ပဲရစ်ကွန်မြွန်း တော်လှန်ရေးပုံစံပြာ (မြစမ်းအေး)

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် -၅ မှာ ဖော်ပြမယ့်ဆောင်းပါး

ကွန်မြွန်း(ဘုံအဖွဲ့)အဓွန့်ရှည်ပါစေဆိုတဲ့ မိုးခြိမ်းသံနဲ့အတူ မတ်လ ၁၈ (၁၈၇၁) မှာ ပဲရစ်ဟာ နိုးထလာတယ်။ သာမန်အလုပ်သမားများဟာ အုပ်စိုးသူအခွင့်ထူးခံလူတန်းစားရဲ့ သဘာဝအရစိုးမိုးမှုဆိုတာကို ပထမဆုံးအကြိမ် ချိုးဖျက်အန်တုလိုက်တဲ့အခါ … မြို့တော်ခန်းမထက်မှာလွင့်ပျံနေတဲ့ အလုပ်သမားသမ္မတနိုင်ငံတော်ရဲ့သင်္ကေတ အနီရောင်အလံတော်အောက်မှာ ကမ္ဘာဟောင်းဟာ ကြောက်လန့်ချောက်ချား အလူးလူးအလဲလဲ ဖြစ်သွားတယ်။

(ကားလ်မာ့က်စ်၊ ပြင်သစ်ပြည်တွင်းစစ်)” ပြင်သစ်-ပရပ်ရှား(ယခုဂျာမနီ)စစ်ပွဲ ပြီးဆုံးတဲ့ကာလပိုင်း ၁၈၇၁ မတ်လ ၁၈ ရက်နေ့ ပဲရစ်မှာဖြစ်ပွားတဲ့အုံကြွမှုဟာ ၁၉ရာစု ဥရောပအရင်းရှင်လူ့အဖွဲ့အစည်းရဲ့အဆောက်အအုံကို ဖောက်ခွဲလိုက်ပါတယ်။” ၇၂ ရက်ကြာ လူမှုအုံကြွမှုကြီးဟာ အလုပ်သမားများရဲ့တော်လှန်ရေးအတွက် စံနမူနာ ပုံစံပြာ ဖြစ်ခဲ့ပါတယ်။

“နောင် ၄၆ နှစ်အကြာမှာ ပေါ်ပေါက်လာပြီး ၂၀ရာစု လူတန်းစားတော်လှန်ရေးသမိုင်းကို လွှမ်းမိုးခဲ့တဲ့ ၁၉၁၇ ရုရှားတော်လှန်ရေးအတွက် အခြေခံတွေကို ပဲရစ်ကွန်မြွန်းသင်ခန်းစာများက ချမှတ်ပေးခဲ့ပါတယ်။

၁၇၈၉ ပြင်သစ်တော်လှန်ရေးအတွင်း ပြင်သစ်ပဒေသရာဇ်များအားကွပ်မျက်တာ ပြည်နှင်တာတွေဖြစ်ပွားပြီးနောက်၊ အရင်းရှင်လူတန်းစားအတွက် နိုင်ငံရေးအာဏာ လမ်းပွင့်လာခဲ့ကာ၊ ပြင်သစ်ဟာ ဥရောပအတွင်း လူမှုပဋိပက္ခ လူမှုအပြောင်းအလဲများအတွက် လမ်းခင်းပေးခဲ့တယ်။ ၁၈၃၀ နဲ့ ၁၈၄၈ များမှာ (ဥရောပ)အုံကြွမှုများပေါ်ပေါက်ခဲ့ပြီး အလုပ်သမားလူတန်းစားနဲ့ မြို့ပြဆင်းရဲသားများရဲ့တောင်းဆိုချက်များကို ရှေ့တန်းတင်လာတယ်။ အုပ်စိုးသူအရင်းရှင်များက စစ်တပ်နဲ့ရဲကိုသုံးပြီး အုံကြွမှုများကို ဖြိုခွင်းခဲ့တယ်။

သွေးစုပ်မှုကိုဖယ်ရှားပြီး တန်းတူညီမျှ လူ့အဖွဲ့အစည်းကို ဖန်တီးလိုတဲ့ မာ့က်စ်ဝါဒီများ၊ အစိုးရမဲ့ဝါဒီများ၊ စိတ်ကူးယဉ်ဆိုရှယ်လစ်ဝါဒီများအဖို့ အောက်ပါမေးခွန်းကို အဖြေပေးဖို့လိုတယ်။ အဖိနှိပ်ခံ သွေးစုပ်ခံလူတန်းစားက အာဏာသိမ်းပြီး လူ့အဖွဲ့အစည်းကို အုပ်ချုပ်နိုင်ပါ့မလား။ ပဲရစ်ကွန်မြွန်းဟာ ဥရောပသမိုင်းအတွင်း ဒီမေးခွန်းကို ဖြေကြားပေးလိုက်တဲ့ ဥရောပမှာ ပေါ်ပေါက်ခဲ့သော ပထမဦးဆုံးဖြစ်ရပ်ပါပဲ။

၁၈၇၀ နွေရာသီမှာ လူဝစ် နပိုလီယံ Louis Napoleon (ပထမမြောက် နပိုလီယံရဲ့ တူတော်စပ်ပြီး ပြင်သစ်အရင်းရှင်နိုင်ငံရဲ့ ဧကရာဇ် ၁၈၅၂-၇၀ ဖြစ်လာသူ) က ပရပ်ရှားကို စတင် ဆန့်ကျင်တိုက်တဲ့ ဘေးဒုက္ခများသက်ရောက်သောစစ်ပွဲကနေ ကွန်မြွန်းပေါ်ပေါက်ခဲ့ပါတယ်။ စက်တင်ဘာလရောက်တော့ ပရပ်ရှားစစ်တပ်က ပြင်သစ်ဧကရာဇ်ကိုယ်တိုင်နဲ့ ပြင်သစ်စစ်သည်များ၊ အရာရှိများအပါအဝင် သုံ့ပန်း ၂၀၀,၀၀၀ လက်ရဖမ်းမိတယ်။ပြင်သစ်ဓနရှင်တွေကိုကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီများက ဧကရာဇ်ကို နန်းချပြီး ပြင်သစ်သမ္မတနိုင်ငံကို ထူထောင်တယ်။ သူတို့အုပ်စိုးမှုခိုင်မြဲစေဖို့အတွက် ပရပ်ရှားထံ လက်နက်ချဖို့ဖြစ်လာတယ်။

ပဲရစ်အလုပ်သမားနဲ့ ဆင်းရဲသားများဟာ ပြည်သူ့စစ်နဲ့ပိုတူတဲ့ အမျိုးသားအစောင့်တပ် National Guard ကို ဖွဲ့စည်းပြီး ပဲရစ်ကို ပရပ်ရှားစစ်တပ်ထံအပ်နှံဖို့ ငြင်းဆန်တယ်။ အမျိုးသားအစောင့်တပ် NG ဟာ အရင်းရှင်တွေကိုဆန့်ကျင်ပြီး ပရပ်ရှားအလုပ်သမား အကျိုးအတွက်လည်း အကာအကွယ်ပေးတယ်။ ၁၈၇၁ မတ်လရောက်တော့ အရင်းရှင်လိုလားတဲ့ အမျိုးသားလွှတ်တော်ကတဖက် အမျိုးသားအစောင့်တပ် NG မှာ စုစည်းမိတဲ့ ပဲရစ်မြို့က တော်လှန်ရေးအလုပ်သမားအဖွဲ့အစည်းများကတဖက်ဖြစ်တဲ့ ပဋိပက္ခဟာ ရေဆူမှတ်သို့ ရောက်လာတယ်။

ဆူဝေလာသော ရေနွေးအိုး

မတ်လ ၁၈ ရက်နေ့မှာ ဘူဇွာ(အရင်းရှင်)လွှတ်တော်က သူတို့ရဲ့ အမြဲတမ်းတပ် လက်ကျန်စစ်သည် ၄၀,၀၀၀ ကို ပဲရစ်မြို့ Montmartre တောင်ကုန်းပေါ်ရှိ အမျိုးသားအစောင့်တပ် NG ထိန်းချုပ်ထားတဲ့ လက်ကျန်အမြောက် အလက် ၃၀၀ ကို သိမ်းယူဖို့ စေလွှတ်တယ်။ ရည်ရွယ်ချက်က အလုပ်သမားတွေကို စစ်ဆင်တိုက်ခိုက်ပြီး ခေါင်းဆောင်တွေကို သိမ်းကျုံးဖမ်းဖို့ပါပဲ။ တော်လှန်တဲ့မင်းမဲ့ဝါဒီ Louise Michel က ယခုလိုရေးသား ဖော်ပြခဲ့တယ်။ နံနက် ၈ နာရီမှာ Montmartre ရှိ၊ အထူးသဖြင့် အမျိုးသမီးတွေအများစုဖြစ်တဲ့ လူထုနဲ့၊ အမြဲတမ်းတပ်စစ်သည်များ ခင်မင်ရင်းနှီးမှုရလာတယ်။ အစပိုင်းမှာ နှစ်ဖက်စလုံးက စိုးရိမ်ကြောက်လန့်မှုရှိတယ်။ နောက်တော့ အသိအမှတ်ပြုလာတယ်။ မကြာခင်မှာပဲ ညီညွတ်သွားကြတယ်။ သူဆက်ရေးတာက “Montmartre တောင်ကုန်းမြင်ကွင်းဟာ နေ့ရဲ့ရောင်နီပေါ်ထွန်းစမှာ ရေလွှာပါးပါးခြားထားတဲ့ ဝိုးတဝါးမြင်ကွင်းလိုပါပဲ။ တစတစ လူအုပ်များလာတယ်။ ပဲရစ်မြို့ တခြားအပိုင်းများမှလည်း သတင်းကြားတာနဲ့ လာရောက်ပူးပေါင်းကြတယ်”။”ပဲရစ်မြို့သူများက အမြောက်များကို သူတို့ကိုယ်နဲ့အုပ်ပြီး ကာကွယ်ထားတယ်။ အရာရှိများက ပစ်မိန့်ပေးသော်လည်း စစ်သားများက ငြင်းဆန်ကြတယ်”။ (Nick Maclellan, “Rebel Lives – Louise Michel”)စစ်သားတွေက သူတို့တပ်မှူးတွေကို ဖမ်းလိုက်တယ်။ ဒီတပ်မှူးတွေဟာ ၁၈၄၈ တုန်းက အလုပ်သမားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတချို့ကို အဲဒီညနေစောင်းမှာ ကွပ်မျက်လိုက်ပါတယ်။သန်းကောင်မတိုင်မီမှာပဲ အုံကြွမှုက အမျိုးသားအစောင့်တပ် NG ဌာနချုပ်၊ ဗဟိုရဲဌာနချုပ်နဲ့၊ မြို့တော်ခန်းမတို့ကို သိမ်းပိုက်လိုက်တယ်။ သူပုန်တွေ ပဲရစ်တမြို့လုံးလောက်ကို သိမ်းလိုက်ပါပြီ။

စစ်တပ်ပုန်ကန်မှုဟာ အလုပ်သမားအာဏာကို မွေးဖွားပေးလိုက်တယ်။

အမျိုးသားအစောင့်တပ်NG ဗဟိုကော်မတီဟာ စစ်အာဏာသိမ်းမှုတရပ်ဖြစ်ပေါ်ပြီး မိမိတို့အပေါ် တိုက်ခိုက်လာမှာကို ကြိုကာကွယ်တဲ့သဘောမျှ ရည်ရွယ်ကာ ထိုနေ့အရုဏ်ဦးမှာ စတင်လှုပ်ရှားလုပ်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ ညသန်းကောင်ယံရောက်တော့ သူတို့(ပုန်ကန်သူတို့)ဟာ လက်တွေ့အရ အာဏာသိမ်းလိုက်ကြပါပြီ။ ဒါဟာ အလုပ်သမားလူတန်းစားဦးဆောင်တဲ့ ဆင်းရဲသားများရဲ့ ဒီမိုကရေစီနည်းကျအုပ်ချုပ်တဲ့ ပဲရစ်ကွန်မြွန်း ၇၂ ရက်အနက် ပထမရက်ပဲဖြစ်တယ်။

ဒီပဲရစ်အလုပ်သမားအုံကြွမှုဟာ ၂၀ရာစု ဥရောပတော်လှန်ရေးများရဲ့ အတွင်းသဘောနဲ့နိဒါန်းပါပဲ။ ဒါဟာ ဥရောပအရင်းရှင် လူ့အဖွဲ့အစည်းအတွင်း လုပ်အားရောင်းချပြီးဘဝရပ်တည်ရတဲ့ အလုပ်သမားလူတန်းစား သို့မဟုတ် ခေတ်မီပစ္စည်းမဲ့ အခစားအလုပ်သမားများကိုယ်တိုင်ထူထောင်တဲ့ အစိုးရနဲ့နိုင်ငံတော် ဖြစ်ပါတယ်။

ကွန်မြွန်း(ဘုံအဖွဲ့)ဟာ ပြင်သစ် အရင်းရှင် ဗဟိုချုပ်ကိုင်မှုနိုင်ငံတော်အတွင်းမှာ အကြီးဆုံးမြို့လည်းဖြစ်၊ အလုပ်သမားလူတန်းစားရဲ့ အကြီးဆုံးအချက်အချာနေရာလည်းဖြစ်တဲ့ ပဲရစ်မြို့တော်အတွင်းမှာသာ အာဏာသက်ရောက်တာ ဖြစ်တယ်။ ဒါပေမဲ့ ၁၇၈၉ မတိုင်ခင်က ပြင်သစ်ဘုရင်နန်းစိုက်ရာ ဗာဆေးမြို့ Versailles ဟာ ပဲရစ်နဲ့ ၁၀ မိုင်ပဲဝေးတယ်။ ကွန်မြွန်းရဲ့အုပ်စိုးမှုဟာ လိုင်ယွန် Lyon မာဆေး Marseille စတဲ့ တခြားမြို့တွေမှာ သက်ရောက်သော်လည်း ပဲရစ်မြို့ပြင်ပမှာတော့ မခိုင်မာဘူး။ (ပဲရစ်ကိုသိမ်းပြီးနောက် ဗာဆေးအထိ လိုက်မတိုက်တာမှားကြောင်း မာ့က်စ်က ထောက်ပြခဲ့တယ် – ဘာသာပြန်သူ)ဆန့်ကျင်ဘက်အားဖြင့် (ပဲရစ်ပြင်ပဒေသ) ပြည်နယ်များမှထောက်ခံမှုမရှိခဲ့လို့ ပဲရစ်ကွန်မြွန်းဟာ ပြင်သစ်ရဲ့ကံကြမ္မာကို မထိန်းချုပ်နိုင်ခဲ့ဘူး။

သို့သော်လည်း ပထမဆုံးသော အလုပ်သမားတော်လှန်ရေးကပေးလိုက်တဲ့ သင်ခန်းစာများက နောက်ရာစုအတွင်း တခြားနေရာတွေမှာ တော်လှန်ရေးလုပ်မယ်ဆိုရင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို သင်ကြားပြသလိုက်ပါတယ်။ ဖရက်ဒရစ်အိန်ဂယ်နဲ့အတူ ကွန်မြူနစ်ကြေညာစာတမ်းကို ၁၈၄၇ မှာ ပူးတွဲရေးသားခဲ့သူ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ကြီးရဲ့ သဘောတရားခေါင်းဆောင် ဖြစ်တဲ့ ကားလ်မာ့က်စ်က – အလုပ်သမားလူတန်းစားဟာ အရင်းရှင်အုပ်စိုးသူလူတန်းစားကို ဖြုတ်ချပြီးနောက် အဖိနှိပ်ခံလူတန်းစားများရဲ့အကျိုးအတွက် လူ့အဖွဲ့အစည်းကို ဘယ်လိုစတင် စီမံထိန်းကျောင်းရမယ်ဆိုတဲ့ ပဲရစ်ကွန်မြွန်းသမိုင်းသင်ခန်းစာကို ရှင်းပြခဲ့ပါတယ်။

အလုပ်သမားလူတန်းစားနဲ့ အဖိနှိပ်ခံများအဖို့ လွှတ်တော်မှာအသာစီးရယူကာ ဒီကမှတဆင့် လူ့အဖွဲ့အစည်းစနစ်သစ်ကို စတင်တည်ဆောက်ဖို့ဆိုတဲ့ ရိုးစင်းတဲ့နည်းလမ်းဟာမဖြစ်နိုင်ကြောင်း ကွန်မြွန်းရဲ့ လက်တွေ့အတွေ့အကြုံက ထုတ်ဖော်ပြသလိုက်ပါတယ်။ အစိုးးရဟောင်း၊ ဗျူရိုကရေစီယန္တရားနဲ့၊ စစ်တပ်တို့ကို အုပ်စိုးသူလူတန်းစားဟောင်းနဲ့ မရေမတွက်နိုင်တဲ့ နှောင်ကြိုးများဖြင့် ချည်နှောင်ထားတာဖြစ်တယ်။

အဲဒီ နိုင်ငံတော်ဟောင်းကိုဖြိုဖျက်ပြီး အလုပ်သမားလူတန်းစားနိုင်ငံတော်သစ်ကိုတည်ဆောက်တဲ့နည်းလမ်းနဲ့သာ လူ့အဖွဲ့အစည်းကို ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

၁၈၇၁ မတ်လ ၁၈ ရက်နေ့ ကုန်ဆုံးချိန်မှာ ပဲရစ်ရောက် ပြင်သစ်အမြဲတမ်းတပ် အောက်ခြေစစ်သည် ၅၀,၀၀၀ ခန့်မှ အများစုဟာ အမျိုးသားအစောင့်တပ်NG ကို ပြောင်းလဲသစ္စာခံလာတာ ဒါမှမဟုတ် မြို့ကိုစွန့်ခွာပြီး တပ်ကနေထွက်ပြေးကုန်ကြပါတယ်။ ပဲရစ်မြို့အပြင်မှာရှိတဲ့ ပြင်သစ်စစ်သည်အများစုဟာလည်း ပရပ်ရှားစစ်တပ်ရဲ့သုံ့ပန်းတွေဖြစ်ကုန်ပါတယ်။ ပဲရစ်မြို့တွင်းမှာ အမျိုးသားအစောင့်တပ်NGဟာ ပဲရစ်ကွန်မြွန်းရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့လည်းဖြစ် မြို့ကိုထိန်းသိမ်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့လည်း ဖြစ်ပါတယ်။ အမျိုးသားအစောင့်တပ်က နိုင်ငံတော်အာဏာသစ်ကို ကိုယ်စားပြုတယ်။ အလုပ်လက်မဲ့တွေ အလုပ်သမားတွေ အသေးစားထုတ်လုပ်သူတွေ ဈေးဆိုင်ပိုင်ရှင်ကလေးတွေကို အကာအကွယ်ပေးပြီး သူတို့ကလည်း ကွန်မြွန်းကို သူတို့အစိုးရလို့ပဲ မြင်ကြပါတယ်။ ဒါဟာ အများပြည်သူရဲ့ လွှတ်တော်ဖွဲ့စည်းမှုပုံစံတခုဖြစ်ပြီး ရုရှားမှာတော့ ကောင်စီစည်းမှုတခု သို့မဟုတ် ဆိုဗီယက်လို့ခေါ်ပါတယ်။

မာ့က်စ် လီနင်တို့ရဲ့ ကွန်မြွန်းအပေါ် သင်ခန်းစာထုတ်ယူမှုမာ့က်စ်က ” ပြင်သစ်ပြည်တွင်းစစ် ” The Civil War in France စာတမ်းကို ၁၈၇၁ မှာ ရေးသားထုတ်ဝေခဲ့တယ်။ မာ့က်စ်ရဲ့စာတမ်းဟာ၊ တော်လှန်ရေးကွန်မြူနစ်ခေါင်းဆောင် လီနင် V.I.Lenin ၁၉၁၇ နွေနှောင်း ရုရှားတော်လှန်ရေးအကြိုကာလမှာရေးသားခဲ့တဲ့ “နိုင်ငံတော်(အစိုးရ)နှင့် တော်လှန်ရေး State and Revolution ဆိုတဲ့စာတမ်းရဲ့ သော့ချက်ကျတဲ့အခန်းများအတွက် အခြေခံတွေဖြစ်လာပြီး၊ (ရုရှားတော်လှန်ရေးဟာ) ၂၀ရာစု သမိုင်းဆိုင်ရာ ဖြစ်ရပ်ကြီးတရပ်ဖြစ်လာတယ်။

အရင်းရှင်အုပ်စိုးမှုကို အားဖြည့်ပေးတဲ့ နိုင်ငံတော်(အစိုးရ)ဟောင်းကို ဖြိုချပြီး အလုပ်သမားလူတန်းစားအုပ်စိုးမှုကို အခြေခံတဲ့ နိုင်ငံတော်သစ်နဲ့အစားထိုးဖို့ ဘာကြောင့်လိုအပ်တယ်ဆိုတာကို လီနင်ရဲ့စာတမ်းက ရှင်းလင်းစွာဖွင့်ဆို ဖော်ပြထားပါတယ်။ ဒီလိုနည်းနဲ့သာ လူ့အဖွဲ့အစည်းကို ပြောင်းလဲနိုင်ပါလိမ့်မယ်။

တော်လှန်ရေးကို အလေးအနက်ထားသူမှန်သမျှ အဖိနှိပ်ခံ အောက်ခြေလူတန်းစားလွတ်မြောက်ရေးလိုလားသူမှန်သမျှ အဆိုပါအချက်နှစ်ချက် (အဟောင်းဖြို အသစ်တည်)ကို ရှောင်လွှဲလို့မရပါဘူး။ ဒါဟာ ပရစ်ကွန်မြွန်းရဲ့ အသက်ဝင်နေတဲ့ အတွေ့အကြုံများပဲဖြစ်တယ်။

ကွန်မြွန်းဟာ ၇၂ ရက်သာခံပေမယ့် ဒီနေ့ရက်များဟာ အလုပ်သမား ဆင်းရဲသားနဲ့ အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေပြဋ္ဌာန်းပြီး ပြည်သူ့ဒီမိုကရေစီကိုထူထောင်နိုင်ခဲ့တဲ့ ကြီးမြတ်တဲ့နေ့များပဲ ဖြစ်တယ်။ပြင်သစ်အုပ်စိုးသူလူတန်းစားဟာ ပြင်သစ်မျိုးချစ်တိုင်းအတွက် နိုင်ငံတော်သစ္စာဖောက်မှုလို့ ယူဆရမယ့် အပေးအယူကို ပရပ်ရှားဗိုလ်ချုပ်ကြီးများနဲ့ လုပ်ခဲ့တယ်။ ပရပ်ရှားကိုအလျှော့ပေးပြီး Alsace-Lorraine နယ်ကို ပေးအပ်ခဲ့တယ်။ အတုံ့အပြန်အားဖြင့် ပရပ်ရှားက ပြင်သစ်စစ်သုံ့ပန်းများကို ပြန်လွှတ်ပေးခဲ့ပြီး ဘူဇွာအစိုးရက အဲဒီစစ်သားများနဲ့ ကွန်မြွန်းကို သွေးချောင်းစီး နှိမ်နင်းခဲ့ပါတယ်။

ဒီတပ်ဖွဲ့တွေဟာ ပဲရစ်နဲ့ဝေးတဲ့အရပ်၊ တော်လှန်တဲ့ ပရပ်ရှားအလုပ်သမားများနဲ့ ဝေးတဲ့အရပ်မှာ၊ သုံ့ပန်းအဖြစ်ရောက်ရှိနေခဲ့တာပါ။ သူတို့အများစုဟာ ကျေးလက်ကဖြစ်ပြီး ၁၈၆၂ မှာ အစိုးရအဖွဲ့ကို ပဲရစ်မှ ဗာဆေးသို့ပြောင်းရွှေ့သွားတဲ့ အုပ်စိုးသူတွေရဲ့အလိမ်အညာမှိုင်းမိပြီး ဦးနှောက်ဆေးခံထားရသူများဖြစ်ပါတယ်။

(၁၈၇၁) မေလမှာ သူတို့ဟာ သူတို့အရာရှိများကို နာခံပါတယ်။ သူတို့ဟာ ပဲရစ်မြို့ကို ခုခံကာကွယ်နေတဲ့ ကွန်မြွန်းဝင်များကို သတ်ဖြတ်သုတ်သင်ပါတယ်။ ဒီအထဲမှာ ကွန်မြွန်းကို ကြံ့ကြံ့ခိုင်ရပ်တည်ကာကွယ်နေတဲ့ အမျိုးသမီးသမဂ္ဂဝင် အမျိုးသမီး တိုက်ခိုက်ရေးသမားတွေ အများအပြားပါဝင်တယ်။

နှစ်ပေါင်း ၃၆ နှစ်အကြာမှာ ပဲရစ်ကွန်မြွန်း(ဘုံအဖွဲ) အတွေ့အကြုံ ပုံစံပြာကို အသုံးပြုပြီး ရုရှားအလုပ်သမားများဟာ နိုင်ငံတော်အာဏာကို သိမ်းပိုက်လိုက်ပါတယ်။

(John Catalinotto : The Paris Comune’s 150th anniversary – A Blue Print for Revolution) မြစမ်းအေး (၁၂-၀၄-၂၀၂၁)

Leave a Reply

Your email address will not be published. Required fields are marked *