ဂျင်နီ့ဘဝရုပ်ပုံလွှာ(သိန်းထွန်းနိုင်)

By | November 26, 2020

ဂျင်နီ့ဘဝရုပ်ပုံလွှာ

(သိန်းထွန်းနိုင်)

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

——

မာ့က်စ်နဲ့ဂျင်နီလက်ထပ်တော့ မာ့က်စ်အသက်ကအစိတ် ဂျင်းနီက ၂၉ နှစ်။ ဂျင်နီက ပဒေသရာဇ်မိသားစုမှာ မွေးဖွားလာတဲ့သူ။ မာ့က်စ်လို ရက်ဒီကယ်ဂျူးတယောက်ကို လက်ထပ်တယ်ဆိုတာ သူတို့ထုံးတမ်းစဉ်လာကို ဆန့်ကျင်ပြီး လုပ်ရတာပါ။ ဒါကြောင့် နှစ်ဘက်မိဘတွေသဘောတူကြည်ဖြူပေမယ့် တိုးတိုးတိတ်တိတ် စေ့စပ်ကြတယ်။ မာ့က်စ်ရဲ့ဖခင်နဲ့ ဂျင်နီရဲ့ဖခင်တွေက တမြို့တည်းသား မိတ်ဆွေတွေ။ ဂျင်နီ့ဖခင်က ပြင်သစ် လစ်ဘရယ်ဝါဒနဲ့ဆိုရှယ်လစ်ဝါဒကို အင်မတန်သဘောကျတယ်။ သမီးဖြစ်သူ ဂျင်နီကလည်း သူစိတ်ဝင်စားတဲ့ ပြင်သစ်ဆိုရှယ်လစ်ဝါဒနဲ့ ဂျာမန်ရိုမန်းတစ် စာပေအနုပညာလှုပ်ရှားမှုကိုသာ လေ့လာလိုက်စားတယ်။ ငယ်စဉ်ကတည်းက ကျားမတန်းတူရေးအမြင်တွေလည်းရှိတယ်။     

သူတို့နှစ်ယောက် လက်ထပ်တဲ့အခါ အဖေတွေ မရှိကြတော့ဘူး။ ဆွေမျိုးသားချင်းတွေ ဖေးမတဲ့အကူအညီ နည်းနည်းပါးပါးကလွဲလို့ ကိုယ့်ဒူးကိုယ့်ချွန် ရုန်းကန်ရတယ်။ လက်ထပ်ပြီးနောက် ဇနီးမောင်နှံနှစ်ယောက် ပါရီကိုသွားကြတယ်။ ရက်ဒီကယ်တွေနဲ့ဝိုင်းဖွဲ့မိတယ်။ မာ့က်စ်နဲ့အိန်ဂယ် တသက်တာ ရဲဘော်ရဲဘက်တွေအဖြစ် စပြီးလက်တွဲမိတာ အဲဒီကာလမှာပါ။ ပြင်သစ်အာဏာပိုင်တွေက မာ့က်စ်တို့မိသားစုကို ပါရီကနေ နှင်ထုတ်တယ်။ ဂျင်နီလည်း အိမ်ထောင် ပရိဘောဂတွေ အကုန်ရောင်းချပစ်ရတယ်။ ဒါတောင် အိမ်ငှားခ ကြွေးကျန်တွေ ရှိသေးတယ်။ လင်မယားနှစ်ယောက် မွေးခါစသမီးကလေး ဂျင်နီချန်းနဲ့အတူ ဘရပ်ဆဲလ်ကို သွားကြတယ်။ ဘရပ်ဆဲလ်ရောက်ပြီး သိပ်မကြာဘူး မာ့က်စ်နဲ့အိန်ဂယ်က အင်္ဂလန်ကို သွားပါတယ်။ မန်ချက်စတာက ဆင်းရဲသား အလုပ်သမားတွေနေတဲ့ ရပ်ကွက်ကိုသွားပြီး လေ့လာတာပါ။

မာ့က်စ်ရဲ့‘ဂျာမန်ဝါဒ’ ကျမ်း ထွက်လာရင် ငွေရေးကြေးရေး အခက်အခဲတွေ ပြေလည်နိုင်ကောင်းရဲ့လို့ ဂျင်နီက မျှော်လင့်ထားတယ်။ ဒါပေမဲ့ မာ့က်စ်က စာဆက်မရေးနိုင်ပြန်ဘူး။ ဂျင်နီကို ဖွင့်မပြောဘဲထားတယ်။ မာ့က်စ်နဲ့အိန်ဂယ်တို့‘ကွန်မြူနစ် စာပေးစာယူကော်မတီ’ ဖွဲ့တော့ ဂျင်နီက ရုံးအလုပ်တွေကို တာဝန်ယူတယ်။ ဖတ်ဖို့ခက်တဲ့ မာ့က်စ်လက်ရေးကို သူပဲ ပြန်ကူးရေးရတာပါ။ မာ့က်စ်ရဲ့လက်ရေးကို ဂျင်နီ၊ အိန်ဂယ်နဲ့သူ့သမီးတွေသာ နားလည်ပါတယ်။ ဂျင်နီက တရားမျှတရေးအဖွဲ့ချုပ် (ကွန်မြူနစ်အဖွဲ့ချုပ်) ရဲ့ဘရပ်ဆဲလ်ရုံးခွဲမှာ ပထမဆုံးအဖွဲ့ဝင်ဖြစ်သလို မာ့က်စ်နဲ့အိန်ဂယ်တို့ ဂျာမန်အလုပ်သမားသမဂ္ဂ ဖွဲ့တော့လည်း အခမ်းအနားတွေ စီစဉ်ပေးတယ်၊ တက်တက်ကြွကြွ ပါဝင်တယ်။ ကွန်မြူနစ်ကြေညာစာတမ်းကို စိတ်ရှည်လက်ရှည် ပြန်ကူးပေးတာ သူပါပဲ။ ဒါကြောင့် ဂျင်နီမပါဘဲ မာ့က်စ်ရဲ့ကျမ်းတွေ ပေါ်ထွက်မလာနိုင်ဘူးလို့ဆိုကြတယ်။

ဘယ်လ်ဂျီယံမှာ ခိုလှုံကြတဲ့အခါ နိုင်ငံရေးမလုပ်ပါဘူးလို့ မာ့က်စ်အပါအဝင် ဂျာမန် ပြည်ပြေးတွေက ကတိပြုရတယ်။ ဒါပေမဲ့ ၁၈၄၈ ခုနှစ် ဥရောပ တော်လှန်ရေးတွေဖြစ်တော့ လင်မယားနှစ်ယောက် အဲဒီကတိကိုဖျက်ပြီး ပရပ်ရှားမှာ လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲဖို့လက်နက်တွေ စုဆောင်းကြတယ်။ မာ့က်စ်ရဲ့မိခင်က ငွေကြေး အခက်အခဲရှိနေတဲ့ သူ့သားနဲ့မိသားစုအတွက် အမွေကြိုခွဲပေးပါတယ်။ မာ့က်စ်ဆီကို ဖရန့်ငွေ ၆၀၀၀ ပို့ပေးလိုက်တယ်။ ဒါပေမဲ့ မာ့က်စ်က အဲဒီငွေတွေနဲ့လက်နက်တွေ ဝယ်တယ်။ တကယ်တော့ အဲဒီငွေတွေက အကြွေးတွေဆပ်ဖို့နဲ့ နောက်လတွေအတွက် နေစရိတ်၊ စားစရိတ်အဖြစ် ရံထားဖို့ပါ။ သူတို့မှာ တခြားဝင်ငွေ ရပေါက်ရလမ်း မရှိပါဘူး။ မာ့က်စ်က သူ့ပုဂ္ဂလိက ငွေရေးကြေးရေးနဲ့ပတ်သက်ရင် နောင်ရေးဆိုတာကို ထည့်မစဉ်းစားသလောက်ပဲ။

အမွေရတာကို သုံးပစ်လို့ဖြစ်လာမယ့် အကျိုးဆက်ကို ဂျင်နီသိပါတယ်။ ကြွေးရှင်တွေနဲ့ရင်ဆိုင်ရမယ်။ လိမ်ညာလှည့်ဖြားသလို ဖြစ်မယ်။ ဘဝအာမခံချက်လည်း မရှိဘူး။ တော်လှန်ရေးသမားတွေအတွက် လက်နက်ဝယ်မလား၊ မိသားစုအတွက် စားစရာဝယ်မလားဆိုပြီး မာ့က်စ်ကို သူတဗျစ်တောက်တောက် လုပ်မနေပါ။ ဘယ်လ်ဂျီယံက မာ့က်စ်ကို ပြည်နှင်ဒဏ်ပေးတဲ့ အမိန့်စာကို မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဘယ်တော့မှ ပြန်ခြေမချရလို့ဆိုတယ်။ မာ့က်စ်တို့မိသားစုနေတဲ့တည်းခိုခန်းကို ပုလိပ်တွေ မနက်တနာရီလောက် အင်အားသုံးပြီး ဝင်ဖမ်းကြတယ်။ အရင်ဆုံး ဂျင်နီနဲ့လန်းချန်း အိပ်နေတဲ့အခန်းကို ဝင်ရှာတယ်။ နောက် မာ့က်စ်အိပ်တဲ့ အခန်းကိုရောက်တော့ မာ့က်စ်က ခရီးထွက်ဖို့ပြင်ဆင်နေတာ တွေ့ရတယ်။

ပုလိပ်က မှတ်ပုံတင် (နိုင်ငံကူးလက်မှတ်) တောင်းတဲ့အခါ မာ့က်စ်က မပြနိုင်ဘူး။ ပြင်သစ်က ပြည်နှင်ဒဏ်ပေးထားတဲ့ စာအဟောင်းနဲ့လောလောဆယ် ဘယ်လ်ဂျီယံက ပြည်နှင်ဒဏ်ပေးတဲ့ စာရွက်ကိုပဲ ပြနိုင်တယ်။ ပရပ်ရှားအစိုးရက ဒုက္ခပေးလွန်းလို့မာ့က်စ်က သူ့နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ထားတယ်။ ဒါကြောင့် နိုင်ငံမဲ့ဖြစ်နေတယ်။ ပုလိပ်တွေက မာ့က်စ်ကို အဝတ်အစားလဲခိုင်းပြီးတော့ ဖမ်းခေါ်သွားကြတယ်။ ဂျင်နီလည်း ညတွင်းချင်း သူတို့မိတ်ဆွေ ရှေ့နေတဦးကို သွားရှာတယ်။ တခြားမိတ်ဆွေတွေဆီကိုလည်း တအိမ်တက်ဆင်း ညဉ့်နက်သန်းခေါင်သွားနှိုးပြီး အကူအညီ တောင်းရှာတယ်။ နောက်တော့ ပုလိပ်တယောက်က ဂျင်နီကို သူ့ခင်ပွန်းနဲ့တွေ့ပေးမယ်ဆိုပြီး ဂါတ်ကိုခေါ်သွားပါတယ်။

ဂျင်နီ့ကိုလည်း မှတ်ပုံတင် (နိုင်ငံကူးလက်မှတ်) တောင်းတယ်။ ဂျင်နီနဲ့အဖော်ပါသွားတဲ့ မာ့က်စ်တို့၊ ဂျင်နီတို့ရဲ့မိတ်ဆွေ ဂျီးဂေါ့နဲ့ပုလိပ်တွေ စကားများတော့ ဂျီးဂေါ့ကို ပုလိပ်က အချုပ်ထဲထည့်လိုက်တယ်။ မှတ်ပုံတင်တွေ၊ နိုင်ငံကူးလက်မှတ်တွေ ဂျင်နီ့မှာလည်း မရှိတဲ့အတွက် သူ့ကိုဖမ်းပြီး ပြည့်တန်ဆာမ သုံးယောက်ရှိတဲ့ အချုပ်ခန်းထဲကို ထည့်လိုက်ကြတယ်။ အချုပ်ထဲက ပြည့်တန်ဆာမတယောက်က ဂျင်နီ့ကို နေစရာမျှပေးပါတယ်။ ခဏနေတော့ ခုတင်နှစ်လုံးရှိတဲ့ တခြားအခန်းကို ပြောင်းပေးတယ်။ မနက်လင်းတော့ ပြတင်းပေါက်ကနေ သံတိုင်တွေရဲ့ အပြင်ဘက်ကို ကြည့်လိုက်တဲ့အခါ ညက အချုပ်ခံရတဲ့ ဂျီးဂေါ့ကို တွေ့ပါတယ်။ ဂျီးဂေါ့က သူ့ကို အောက်ဘက်တနေရာကိုကြည့်ဖို့ လက်ဟန်ခြေဟန်နဲ့ပြတယ်။ သူလှမ်းကြည့်လိုက်တော့ မာ့က်စ်ကို စစ်တပ်နဲ့ခြံရံပြီး ခေါ်ထုတ် သွားတာကို မြင်လိုက်ရတယ်။ မာ့က်စ်ကို သတ်ဖို့ခေါ်သွားကြသလားဆိုပြီး တနာရီလောက် ပူပင်သောကတွေ ဖြစ်ရရှာတယ်။

နောက်တော့ သူ့ကို တရားရုံးခေါ်သွားပြီး စစ်ဆေးပါတယ်။ သူ့ယောက်ျားနဲ့ပတ်သက်လို့သူနဲ့ပတ်သက်လို့ နှစ်နာရီလောက်ကြာအောင် စစ်ကြောကြတယ်။ သူက ဘာမှ ထုတ်မပြောသလောက်ပဲ။ နောက်ဆုံးတော့ လင်မယားနှစ်ယောက်လုံးကို ပြစ်တင်စွဲဆိုတာတွေ မလုပ်ဘဲ ပြန်လွှတ်လိုက်တယ်။ မာ့က်စ်ကတော့ အရူးတယောက်နဲ့အတူ အချုပ်ထဲမှာ ညကအိပ်လိုက်ရတယ်။ 

မတ်လ ၄ ရက်နေ့မှာ မာ့က်စ်တို့မိသားစု ပါရီကို ထွက်ခွာတယ်။ ပြင်သစ်မှာ တော်လှန်ရေးက အောင်ပွဲခံနေချိန် ဖြစ်တယ်။ တခါပြင်သစ်ကနေ ဂျာမန် တော်လှန်ရေးသမားတွေ ပရပ်ရှားကို သွားကြတယ်။ မာ့က်စ်ရဲ့ဂျာမန် အလုပ်သမားသမဂ္ဂကအဖွဲ့ဝင် လေးရာလောက်လည်း ပြည်တွင်း ပြန်ဝင်ကြတယ်။ မာ့က်စ်တို့မိသားစုကတော့ မပါမဖြစ်။

ပရပ်ရှားမှာလည်း အခြေအနေတွေက အရင်လို မဟုတ်ဘူး။ မာ့က်စ်က ကိုလုံးကို ရောက်ရောက်ချင်း ပရပ်ရှားနိုင်ငံသား ပြန်လျှောက်တယ်။ “ရိုင်းပြည် သတင်းစာသစ်” ကိုလည်း သူပိုင်ငွေကြေးပါထည့်ဝင်ပြီး စီမံခန့်ခွဲနိုင်လာတယ်။ ဘရပ်ဆဲလ်နဲ့ပါရီကလာတဲ့ ကွန်မြူနစ်အဖွဲ့ချုပ်ဝင်တွေနဲ့ သိုင်းကြဝိုင်းကြတယ်။ မာ့က်စ်က စာတည်းချုပ်ပါ။ သတင်းစာတိုက် အနီးနားမှာ မာ့က်စ်တို့မိသားစုနေဖို့အခန်းတခန်း ရှာရတယ်။ ဒါပေမဲ့ အင်အားရှစ်ထောင်ရှိတဲ့ ပရပ်ရှားစစ်တပ်ကလည်း အနီးနားမှာပဲ။ စစ်တပ်က စစ်ရေးပြင်ဆင်မှုလုပ်နေတာတွေရှိတယ်။ အစိုးရ ပြောတာက ပြည်ပရန်ကိုကာကွယ်ဖို့၊ အိန်ဂယ် နားလည်တာက စစ်တပ်ဟာ ပြည်တွင်း အခြေအနေသစ်ကိုဖန်တီးဖို့ ပြင်ဆင်နေတာသာ ဖြစ်တယ်။ သတင်းစာတိုက်က ရဲဘော်တွေမှာ လှံစွပ်တပ် ရိုင်ဖယ်သေနတ် ရှစ်လက်ရှိတယ်။ ကျည် အတောင့် ၂၅၀ ရှိတယ်။ မာ့က်စ်လည်း သွားလေရာ သေနတ်ဆောင်ထားတယ်။

၁၈၄၈ ခုနှစ် တော်လှန်ရေးတွေအရေးနိမ့်တော့ မာ့က်စ်တို့မိသားစု အင်္ဂလန်ကို ပြောင်းကြတယ်။ လန်ဒန်ရောက်တော့ မာ့က်စ်၊ အိန်ဂယ်၊ ဂျင်နီတို့က နိုင်ငံရေးဘောဂဗေဒ သုံးသပ်ချက်စာစောင် “ရီဗျူး” ကို ထုတ်ဝေတယ်။ ဒီအတွက် ရန်ပုံငွေ အသည်းအသန်ရှာရတယ်။ ဆင်းရဲချွတ်ခြုံကျနေတဲ့ ဘဝတူပြည်ပြေးတွေဆီက အလှူခံတာဆိုတော့ အဆင်မပြေလှဘူး။ မိသားစု ဆင်းရဲတဲ့ဒဏ်၊ မကျန်းမာတဲ့ဒဏ်တွေကို တော်တော် ခံကြရပါတယ်။ ခြောက်လသားလေး ဖောစ်ကိုင်းက တခါအိပ်မှ နှစ်နာရီထက် ပိုမအိပ်ဘူး။ အပြင်းအထန်လည်း တက်တယ်။ ကလေးက အသက် ထွက်ခါနီးမှာ ဂျင်နီ့နို့ကို တအားစို့လိုက်လို့ကလေးပါးစပ်ထဲကို သွေးအစက်စက် ကျရတဲ့အဖြစ်ကို ရောက်ပါတယ်။

ဒီကြားထဲ အိမ်ရှင်က အိမ်လခ နောက်ကျနေလို့တပူပူ တဆူဆူ။ ပေးစရာငွေမရှိတော့ အိမ်ရှင်ကိုယ်စား အကြွေးတောင်းဖို့လာတဲ့သူတွေက အိမ်မှာရှိသမျှ ခွာချွတ်ယူပြီး အကြွေးသိမ်းကြတယ်။ ကလေးပုခက်တောင် မချန်ဘူး။ ကလေးတွေလည်း ကြမ်းပေါ်မှာပဲ ခိုက်ခိုက်တုန်ပြီး နေရအိပ်ရရှာတယ်။ ဂျင်နီက ဟော်လန်မှာနေတဲ့ အမျိုးတွေဆီ သွားပြီး အကူအညီတောင်းကြည့်ပေမယ့် အဆင်မပြေပြန်ဘူး။ မာ့က်စ် လန်ဒန်ကိုသွားတိုင်း ကြွေးရှင်တွေကို သူပဲ ဒိုင်ခံဖြေရှင်းရတယ်။ မိသားစုကိုလည်း သူပဲ ပြုစုစောင့်ရှောက်ရပါတယ်။

လန်ဒန်၊ ဆိုဟိုအရပ်မှာရှိတဲ့ သူတို့အခန်းက ၁၈၅၂ ခုနှစ် ဆောင်းဦးမှာ ပြည်ပြေးဌာနချုပ် ဖြစ်လာတယ်။ နွေဦးပေါက်မှာပဲ မာ့က်စ်နဲ့ဂျင်နီတို့ရဲ့ရှစ်နှစ်အရွယ် သားလေးအက်ဒ်ဂါက သူ့အဖေလက်ပေါ်မှာအိပ်နေရင်း အသက်ထွက်သွားရှာတယ်။ သူတို့ဇနီးမောင်နှံဆုံးရှုံးရတဲ့ တတိယမြောက် ရင်သွေးဖြစ်တယ်။ အရင်းကျမ်းကို လန်ဒန်မှာ ၁၈၆၇ မှာ ထုတ်ဝေတယ်။ စာအုပ်က အောင်မြင်ရင်တော့ နေရေးစားရေးလည်း မပူရ၊ အကြွေးတွေလည်း ဆပ်နိုင်မယ်၊ လူထုကိုလည်း လှုံ့ဆော်ပြီးသားဖြစ်မယ်လို့ တွက်ထားကြတယ်။ ဆယ့်ငါးနှစ်လောက် ပေးဆပ်မှုမျိုးစုံနဲ့ ဘဝကိုမြုပ်နှံပြီး ရေးထုတ်လိုက်တဲ့ ဒီကျမ်းအတွက် မာ့က်စ်ရဲ့ကျန်းမာရေး အတော်ထိခိုက်သွားပါတယ်။

၁၈၇၁ ခုနှစ် နွေရာသီမှာ ပါရီဘုံအဖွဲ့ဝင် ပြည်ပြေးတွေ၊ ဒုက္ခသည်တွေ ရောက်လာတော့ နေရာထိုင်ခင်း စီစဉ်ပေးကြ၊ ရန်ပုံငွေရှာကြ၊ ကလေးတွေ ကျောင်းထားဖို့၊ လူကြီးတွေ အလုပ်အကိုင်ရှာဖို့ကူညီကြနဲ့ မာ့က်စ်နဲ့အိန်ဂယ်တို့ မိသားစုတွေ အလုပ်များကြတယ်။ မာ့က်စ်တို့အိမ်မှာ ပြည်ပြေးတွေ အတော်များများကို လက်ခံထားတယ်။ ဂျန်နီကလည်း လူတန်းစား ခွဲခြားသူမဟုတ်ဘူး။ ပြည်ပြေးတွေ၊ ဒုက္ခသည်တွေကို မြို့စားနယ်စား၊ မင်းညီမင်းသားတွေနဲ့ မခြား ဧည့်ဝတ်ကြေရှာတယ်လို့ပြောကြပါတယ်။

မာ့က်စ်တို့မိသားစုဟာ ဆင်းရဲတဲ့ဒဏ်၊ မကျန်းမာတဲ့ ဒဏ်တွေကြောင့် ကလေး လေးယောက်တောင် ဆုံးရှုံးရတာပါ။ ဂျန်နီကိုယ်တိုင်လည်း အသည်းကင်ဆာ ဖြစ်နေတာကို ၁၈၈၁ ခုနှစ်မှာ သိရတယ်။ ဇွန်လရောက်တော့ ကိုယ့်ဘာသာကိုယ် အဝတ်အစား မလဲနိုင်တဲ့အထိ ကျန်းမာရေးက ဆိုးလာတယ်။ ဂျန်နီ မကွယ်လွန်ခင် နှစ်ရက်အလိုမှာ ခုတင်ပေါ်မှာ လှဲနေတဲ့ သူ့ဘေးမှာထိုင်ပြီး မာ့က်စ်က အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ စာအုပ်သုံးသပ်ချက်တခု ဖတ်ပြပါတယ်။ အရင်းကျမ်းနဲ့ပတ်သက်လို့ပထမဆုံး အပြုသဘောဆောင်တဲ့ သုံးသပ်ချက်ပါ။ ၁၈၈၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဂျန်နီကွယ်လွန်တဲ့အခါ အသက် ၆၇ နှစ်ရှိပါပြီ။ ဟိုင်းဂိတ်သုသာန်မှာ သဂြိုင်္ဟ်တယ်။ မာ့က်စ်က အတော် မကျန်းမာဖြစ်နေလို့ဇနီးသည်ရဲ့စျာပနကို မတက်ရောက်နိုင်ဘူး။ အိန်ဂယ်ပဲ သူ့ကိုယ်စား သွားခဲ့ရတယ်။

ကိုးကား။

The Life of Jenny Marx by Harrison Fluss and Sam Miller

https://www.jacobinmag.com/…/jenny-karl-marx-mary…

Love and Capital by Mary Gabriel

Leave a Reply

Your email address will not be published. Required fields are marked *