အခု နောက်ဆုံးထုတ်လာတဲ့ ဖဲချပ်က ကိုးကန့်ပြဿနာ။
ဒီနေ့ ဗမာပြည်နိုင်ငံရေး၊ မီဒီယာလောက စတာတွေမှာ ဖုံးလွှမ်းနေတဲ့အကြောင်းအရာကတော့ ကိုးကန့်တိုက်ပွဲတွေရဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စပေါ်လာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ လူတွေစိတ်ဝင်စားနေကြတဲ့ ကျောင်းသားသပိတ်ကိစ္စဟာ နောက်တန်းကို ရောက်သွားပါတယ်။ သူတို့စစ်အုပ်စုကပဲ ကျောသပ်ခဲ့တဲ့ ကိုးကန့်ဦးဖုန်ကြားစင်းအဖွဲ့က အတိုက်ခံရတာကို သံသေးသံကြောင်တွေနဲ့ တကမ္ဘာလုံးကြားအောင်အော်ဟစ်၊ ပြည်တွင်းက သူတို့လက်ကိုင်တုတ် အဖွဲ့အစည်းတွေနဲ့ သူတို့ မွေးထားတဲ့ ဖေ့စ်ဘုတ်မြေခွေးတွေကနေ အမျိုးမျိုးဖော်ပြနေတာတွေကို ကြည့်လိုက်ရင် ဦးသိန်းစိန်စစ်အစိုးရဟာ အကြံအစည်တခုခုနဲ့လုပ်နေတာ ဖြစ်တယ်လို့ လူတိုင်းရိပ်မိကြပါတယ်။
ဗမာပြည်သားတွေ မမေ့သင့်တဲ့အချက်တချက်က လက်ရှိအစိုးရဟာ သူတို့အာဏာရပြီးကတည်းက တိုင်းပြည်မှာ နိုင်ငံရေးလေထုတင်းတင်းမာမာနဲ့ အထိတ်တလန့်ဖြစ်နေအောင် အမြဲဖန်တီးနေတယ်ဆိုတာပါ။ နောက်ပြီး ဘာသာရေး- လူမျိုးရေး ပဋ္ဋိပက္ခတွေ နေရာတကာမှာ ဖန်တီး၊ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ပစ်ပေါက်တာလို၊ ကိုပါကြီး-ဒေါ်ခင်ဝင်း တို့ကို သတ်ပြတာမျိုးတွေကို တခါပြီးတခါ ဖော်ထုတ်နေပါတယ်။ ဒါ့အပြင် သပိတ်ဖြိုခွဲဖို့ ဘယ်နေရာမှာဖြင့် ဘယ်လောက်ကြီးတဲ့ တပ်တွေ၊ လက်နက်ကိုင်တွေ စုထားတယ်စတဲ့ ကောလာဟလတွေကိုလည်း မပြတ်ထုတ်လွှင့်နေပါတယ်။ ဒါပေမဲ့ တခုလုံးအခြေအနေကို ပြန်ကြည့်လိုက်တော့ လက်ပံတောင်းအရေးအခင်း အပါအဝင် ဘယ်ကိစ္စကိုမှ ပြီးပြတ်အောင် မဖြေရှင်းဘဲ ပြဿနာတန်းလန်း လုပ်ထားတာဟာလည်း သူတို့ရဲ့ နည်းပရိယာယ်တစ်မျိုး ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ ဒီနည်းနဲ့ ဒီနိုင်ငံကို စစ်တပ်က အုပ်ချုပ်နေမှ၊ တိုင်းပြည်ကို အုပ်ချုပ်မှုမှာ စစ်တပ်ရဲ့အခန်းကို အသိအမှတ်ပြုမှ ဆိုတာကို မဖြစ်မနေလက်ခံအောင် လုပ်နေတာ ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ တမတ်သားနေရာယူထားတာ မပြောနဲ့ တနိုင်ငံလုံးကို အာဏာသိမ်းလိုက်ရင်တောင်မှ သူတို့မလွန်ဘူးလို့ ပြောနေတဲ့သဘောပါ။ နောက်ပြီး အရပ်သားနိုင်ငံရေးသမားတွေကိုလည်း ဒီလိုဆူပွက်နေ၊ ပြဿနာတွေ ဗရပွတက်နေတဲ့ နိုင်ငံကို မင်းတို့အုပ်ချုပ်လို့ ရမလားလို့ မေးထိုးသတိပေးသလို လုပ်နေတာပါ။
တကယ်က ဒီနေ့အခါ ဗမာပြည်မှာ စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံရေးအရ ခံစစ်ဘဝကို စပြီးရောက်နေတာပါ။ သူတို့နဲ့ ပြည်တွင်းပြည်ပရှိ သူတို့ကို ဆေးရောင် တင်ပွဲထုတ်ပေးနေသူတွေ၊၊ ကိုယ်ကျိုးအတွက် စစ်ဖိနပ်တိုက်ပေးနေသူတွေက ဒီနိုင်ငံမှာ အပြောင်းအလဲကြီးတခု ဖြစ်ပေါ်နေပြီဆိုတဲ့ မှိုင်းလုံးနဲ့ စတင်ခဲ့တဲ့ စစ်အစိုးရရဲ့ နိုင်ငံရေးထိုးစစ်ဟာ လွှတ်တော်သက်တမ်း တခုစာအတွင်းမှာပဲ ခံစစ်ဘဝကို ရောက်မှန်းမသိ ရောက်နေရပါပြီ။ အလုပ်သမား၊ လယ်သမားနဲ့ ကျောင်းသားတွေရဲ့ တိုက်ပွဲမျိုးစုံကို အသေအလဲခုခံကာကွယ်နေရပါတယ်။ သူတို့အပေါ် ပုံအောခဲ့တဲ့ ပြည်ပက အင်အားစုတွေတောင် အခုအခါ မှာ ဂွအကျကြီးကျလာနေပါတယ်။
ဒီနေ့ စစ်ဗိုလ်ချုပ်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲမှာ အခက်အခဲဆုံးလို့ မဆိုနိုင်တောင် သူတို့ကျော်လွှားလို့မရတဲ့ နိုင်ငံအခက်အခဲကြီးတခုလည်း ရှိနေတယ်ဆိုတာ မမေ့သင့်ပါဘူး။ အဲဒါကတော့ လာမယ့်ရွေးကောက်ပွဲပါ။ ဒီရွေးကောက်ပွဲကို ပုံမှန်ရိုးရိုးသားသား ကျင်းပရင် သူတို့ဒုက္ခလှလှကြီး တွေ့မယ်ဆိုတာကို သူတို့သိကြပါတယ်။ ဒီနေ့ ဒီတိုင်းပြည်ထဲမှာ သတင်းလုပ်ငန်းကို ခွင့်ပြုပေးထားရတာ၊ နောက်ပြီး သူတို့ပင့်လာတဲ့ အနောက်နိုင်ငံက အဖွဲ့အစည်းပေါင်းစုံလည်း ရှိနေတာ စတဲ့အခြေအနေအောက်မှာ အရင်တခါ ၂၀၁၀ ရွေးကောက်ပွဲနဲ့၊ ၂၀၀၈-ဖွဲ့စည်းပုံ အတည်ပြုတုန်းကလို အပြတ်ဗြောင်ညစ်ပတ်လို့ မရဘူးဆိုတာ သူတို့သိနေပါတယ်။ ဒါကြောင့် စစ်ဗိုလ်ချုပ်တွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲကို ဖျက်တာ၊ ဒါမှမဟုတ် ရွှေ့ဆိုင်းတာတွေ လုပ်လာနိုင်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ တိုင်းပြည်တွင်းမှာ မငြိမ်မသက်အောင် လုပ်ထားတာ၊ လူမျိုးရေး- ဘာသာရေးအဓိကရုဏ်းတွေ အချိန်မရွေး ဖောက်ခွဲဖော်ထုတ်လို့ရအောင် ပြင်ဆင်ထားတာ၊ စစ်အုပ်ချုပ်ရေး၊ ညမထွက်ရ အမိန့်စတာတွေကို နေရာအကန့်အသတ်၊ အချိန်အကန့်အသတ်နဲ့ ပြဋ္ဌာန်းပြနေတာ စတာတွေဟာ လူတိုင်းသိနေတဲ့ သူတို့ရဲ့“ဝှက်ဖဲ”တွေပါ။ နောက်ပြီး စစ်ဗိုလ်ချုပ်တွေဟာ “စစ်တပ်ကို အာဏာသိမ်းခိုင်းသလို ဖြစ်လိမ့်မယ်”ဆိုတဲ့စကားကို မကြာခဏပြောနေတာကိုလည်း သတိပြုသင့်ပါတယ်။ ဒါ့အပြင်မှာ သူတို့မှာ ကြံ့ဖွတ်လို၊ စွမ်းအားရှင်လို ကြေးစားလူမိုက်တွေလည်း လက်ထဲမှာ ရှိနေပါတယ်။ အခုကိုပဲ ကျောင်းသားဆန္ဒပြပွဲတွေကို ဖျက်ဆီးဖို့ “မခံမရပ်နိုင်တဲ့ လူထု”အဖြစ် အသုံးချနေတာ မကြာခဏပဲ မဟုတ်ပါလား။ ကိုးကန့်ပြဿနာကို နိုင်ငံတကာ အရေးအခင်း ဖြစ်သယောင်ယောင် အကြီးအကျယ်ဝါဒဖြန့်နေတာဟာ ဒီစီမံကိန်းထဲက တပိုင်းလို့ဆိုရင် မမှားပါဘူး။
လက်ရှိအရပ်ဝတ်စစ်အာဏာရှင်တွေဟာ အာဏာရှင်စနစ်ကို ကျင့်သုံးရင်းကနေ ဗိုလ်နေဝင်းတို့တုန်းကလို ကျားပေါ်က ပြန်မဆင်းရဲတဲ့ အခြေအနေကို ရောက်နေပါပြီ။ ဆင်းလိုက်ရင် သူတို့တလျှောက်လုံး ဂုတ်ခွစီး အနိုင်ကျင့်တာ ခံနေရတဲ့ လူထုတွေက ပြန်ဆုံးမမှာကို ကြောက်နေကြပါပြီ။
ချောင်ပိတ်ရိုက်ခံရရင် ပြန်ကိုက်မှာပါ။
ဒီတရက်နှစ်ရက်အတွင်းမှာပဲ ကျောင်းသားတွေရဲ့လှုပ်ရှားမှုက အရပ်ဝတ်စစ်အစိုးရရဲ့ “ဒီမိုကရေစီနဲ့ အပြောင်းအလဲ”ဆိုတာတွေကို မျက်နှာဖုံးခွာချပြပါတော့မယ်။ စစ်အာဏာရှင်ဆိုတာ သူတို့ရဲ့အာဏာကို အန်တုလာတယ်ထင်ရင် “သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်တာ မဟုတ်ဘူး၊ တည့်တည့်ပစ်တာ”ဆိုတဲ့စကားမျိုး ပြန်ပြောကြပါလိမ့်မယ်။ တောထဲ တောင်ထဲမှာတင်မက၊ ထောင်ထဲမှာ၊ စစ်ကြောရေးစခန်းမှာ၊ မြို့လယ်ခေါင်လမ်းမပေါ်မှာ သတ်ဖြတ်ရဲတဲ့အကြောင်း ပြသပါလိမ့်ဦးမယ်။
ပြည်သူလူထုဘက်ကတော့ သတိဝိရိယကြီးကြီးနဲ့ စည်းလုံးကြဖို့ လိုပါတယ်။