ကိုဗစ်လွန် ပုံမှန်အနေအထားသစ်(ညီဌေးကျော်)

By | November 26, 2020

ကိုဗစ်လွန် ပုံမှန်အနေအထားသစ်

(ညီဌေးကျော်)

ဩဂုတ်လလယ်မှာစတင်လာတဲ့ COVID-19 ဒုတိယလှိုင်းဟာ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ရန်ကုန်ကို ဗဟိုပြုပြီး အကြီးအကျယ်ပျံ့နှံ့နေပါပြီ။ (၁၆−၁၀−၂၀၂၀ ည ၈ နာရီသတင်းအရ စုစုပေါင်းအတည်ပြုလူနာ ၃၃၄၈၈ ဦး၊ သေဆုံး ၇၉၉ ဦး ရှိပြီဖြစ်ပါတယ်)။ ဘယ်လောက်ထိ တိုးဦးမလဲ၊ ဘယ်တောါ့ထိန်းချုပ်နိုင်မလဲက ရေရေရာရာမရှိပါဘူး။ သာမန်လူထုသာမက ဆေးဝန်ထမ်းတွေ ဘုန်းကြီးတွေ သီလရှင်တွေ စစ်သားရဲသားတွေ ဝန်ထမ်းနဲ့အလုပ်သမားတွအထိ ပျံ့နှံ့နေပါပြီ။ ကျောင်းတွေပိတ်ထားလို့ တော်တော့တယ်။ (ရွေးကောက်ပွဲက ကိုဗစ်နဲ့တန်းတူမက ပိုအရေးကြီးတာကြောင့်) လူစုလူဝေးနဲ့ ဟေးလားဝါးလား မဲဆွယ်ပွဲတွေတော့ခွင့်ပြုထားပါတယ်။     

ကုလသမဂ္ဂကော ပြည်သူတရပ်လုံးကပါ ရခိုင်စစ်ပွဲရပ်ဖို့ ကိုဗစ်ကိုထိထိရောက်ရောက် တညီတညွတ်တည်းတိုက်ဖို့ တိုက်တွန်း ပြောကြားကြသော်လည်း ၂၀၀၈အောက်က စစ်ခရိုနီ+ လစ်ဘရယ် ရင်ကြားစေ့အစိုးရက မလုပ်ဘူး။ ရခိုင်ကတဆင့် ရန်ကုန်ကို ပြန့်လာတဲ့ ကိုဗစ်ဒုတိယလှိုင်းရဲ့ ကူးစက်မှုနှုန်းနဲ့သေဆုံးမှုနှုန်း ဂရပ်မျဉ်းက ထောင်တက်နေပါတယ်။

ကိုဗစ်တိုက်ဖျက်ရေးဗဟိုဥက္ကဋ္ဌ အတိုင်ပင်ခံပုဂ္ဂိုလ်က အကောင်းမြင်မျှော်လင့်ချက် ရုပ်သံမိန့်ခွန်းတွေ ဘယ်လောက်ပဲချွေနေနေ ဗမာပြည်ရဲ့ ချည့်နဲ့နေတဲ့ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်စွမ်းအားစုတွေ ခြေကုန်လက်ပန်း ကျလာနေပါပြီ။ ရန်ကုန် နောက်ဆုံးတိုက်ပွဲလည်း (၆ ပတ်ကျော်ပြီ) မထိန်းချုပ်နိုင်သေးကြောင်း ဆေးဘက်ဆိုင်ရာ ပညာရှင်တွေကိုယ်တိုင် ထုတ်ဖော် ပြောခဲ့ကြတာ ကြားကြမှာပါ။

ဆေးပညာရှင်တွေက ကာကွယ်ရေးနဲ့ကုသရေးဆိုင်ရာ ပညာရပ်ပိုင်းကိုပဲ ပြောနိုင်မှာဖြစ်ပါတယ်။ ဒါကိုအကောင်အထည်ဖော်ဖို့က အုပ်ချုပ်ရေးပိုင်း(အစိုးရ)တာဝန်ပါ။ ဗျူဟာချမှတ်တာ၊ လုပ်ငန်းစဉ်ရေးဆွဲတာ၊ လူအားရုပ်ဝတ္ထုအားငွေအား စသည် စည်းရုံးတာ၊ အခိုင်အမာစီမံခန့်ခွဲတာ စတာတွေဟာ အုပ်ချုပ်ရေးပိုင်းကလုပ်ရမှာပါ။ အစိုးရတာဝန်ယူရမယ့်အပိုင်းကို လူထုကိုပဲ ကိုယ့်အသိနဲ့လိုက်နာဖို့ (ဒါ့အပြင် ခရိုနီတွေရဲ့ ဒါနမြောက်မှုကို ချီးမွမ်းဖို့) ပြောနေရုံနဲ့ မပြီးပါဘူး။

ကမ္ဘာကိုပုံချနေလို့လည်း မပြီးပါဘူး။ ကိုယ့်နိုင်ငံအရေး ကိုယ်တိုင်လုပ်မှရမှာပါ။ ဆင်းရဲတဲ့နိုင်ငံဖြစ်ရင်တော့ အစိုးရက ပြည်သူလူထုကို ပိုမိုဂရုစိုက်ရမှာပါ။ ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကို တာဝန်သိသိ အလေးထားမှုရှိရှိ အကာအကွယ်ပြုပေးရမှာပါ။ ဆင်းရဲချမ်းသာမဟူ တချို့နိုင်ငံတွေ ထိန်းချုပ်နိုင်တယ် (ဥပမာ တရုတ်၊ လာအို၊ ဗီယက်နမ်)။ နိုင်ငံကြီးတွေအတော်များများ မထိန်းချုပ်နိုင်သေးဘူး (ဥပမာ အမေရိကန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား)။

ရန်ကုန်မှာ ၂ ပတ် ပိတ်ထားတဲ့ လက်ခစား CMP စက်ရုံအလုပ်ရုံတွေကို နောက်ထပ်၂ပတ် ဆက်ပိတ်ထားဖို့ ညွှန်ကြားထားသော်လည်း အောက်တိုဘာ ၁၂ မှစ၍ ပြန်ဖွင့်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပြန်တယ်။ A အဆင့်လမ်းညွန်ချက်နဲ့ကိုက်ဖို့ (၆ပေကွာဖို့ လက်ဆေး နှာခေါင်းစည်းတပ် ကိုယ်ပူတိုင်း အသုတ်ခွဲ စသည်) ဆိုတာ မလွယ်ပါဘူး။ အစုအဝေးနဲ့လုပ်ရတဲ့ စက်ရုံများမှာ A အဆင့်မီဖို့ဆိုတာ စက်ရုံအများစု ၉၀% က မမီဘူးလို့ပြောပါတယ်။ အလုပ်သမားတွေကို ဆုပ်ဆူးစားရူး ဘဝတွေဖြစ်အောင် တွန်းပို့နေ ပါတယ်။

မကြာခင် ရွေးကောက်ပွဲ လာဦးတော့မှာပါ။ A အဆင့် လမ်းညွှန်ချက်နဲ့ညီအောင် လွတ်လပ်တရားမျှတတဲ့ ကိုဗစ်ရွေးကောက်ပွဲ ဘယ်လိုကျင်းပမလဲ။ တွေ့ရတော့မှာပါ။

ကိုဗစ်ကို နိုင်အောင်မတိုက်နိုင်သေးခင် ကိုဗစ်နဲ့အလိုက်သင့် နေထိုင်ဖို့ ပုံမှန်အနေအထားသစ် New normal ဖြစ်ဖို့ ပြောကြတာ ရှိပါတယ်။ New normal ဆိုတာမှာ တက်ကြွတာ Active နဲ့ ချည့်နဲ့တာ Passive နှစ်မျိုးရှိပါတယ်။ ကိုဗစ်လွန်ကာလကို မြော်မြင်ပြီး ဗျူဟာချတာ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်တာကို ရည်ညွှန်းတဲ့စကားပါ။ ၂၀၀၈-၁၀ စီးပွားကပ်လွန် ကမ္ဘာမှုစီးပွားရေး အဆောက်အအုံ ပြုပြင်ပြောင်းလဲရေးနဲ့ယှဉ်ပြီး သုံးနှုန်းပြောဆိုလာတဲ့ စကားပါ။ ဗမာပြည် New normal ဟာ သဗေသတ္တာ ကမ္မသကာလား။ လက်လျှော့အရှုံးပေးရေးလား။ ရုန်းကန်လှုပ်ရှား တိုက်ပွဲနဲ့အတူ ကျော်လွှားရေးလား။

ကမ္ဘာနဲ့ချီဖြစ်ပွားနေတဲ့ စီးပွားကပ် ကုန်သွယ်စစ် နည်းပညာတော်လှန်ရေးနဲ့ ကိုဗစ်ကပ်ကြောင့် ကမ္ဘာကြီးဟာ အကြီးအကျယ် မတည်မငြိမ်ဖြစ်နေပါတယ်။ IMF က ကမ္ဘာ့ GDP ၅%လောက် ကျဆင်းသွားမယ်လို့ဆိုထားသော်လည်း တကယ်က ဒါထက်ပို နက်ရှိုင်းပါတယ်။ နိုင်ငံတိုင်းလိုလို GDP ကျဆင်းပြီး တချို့ဆို ကျုံ့သွားမယ် (အနုတ်လက္ခဏာပြမယ်) လို့ဆိုပါတယ်။ ဗမာပြည်လည်း ဘာခံနိုင်မှာလဲ။ စိန်ခေါ်မှုတွေကဘာတွေလဲ၊ ဘယ်လိုကျော်လွှားမလဲ၊ အမြော်အမြင်ရှိဖို့လိုပါတယ်။

ဒီချုပ်အစိုးရလက်ထက် ၄နှစ်အတွင်း အထည်ချုပ်လို CMP လက်ခစားအလုပ်ရုံတွေမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၁၀ဆတိုးပြီး အလုပ်အကိုင် ၆ သိန်းလောက် ဖန်တီးနိုင်တယ်။ တနှစ်ကိုဒေါ်လာ ၅ ဘီလီယံလောက်အထိ တင်ပို့နိုင်တယ်လို့ဆိုတယ်။ ဒါဟာ ဒီချုပ်အစိုးရလက်ထက် ဝင်ငွေရလမ်းသစ်ပါ။ ဒါကို အောင်ပွဲလို့ထင်နေတယ်။ ယခင်လို သဘာဝဓာတ်ငွေ့ကရတဲ့ (ပွင့်လင်းမြင်သာ မရှိတဲ့)ဝင်ငွေကရေနံဈေးကျလို့ အခြေအနေမကောင်းတော့ပါဘူး။ ကျန်သယံဇာတတွေလည်း ကျိန်စာသင့်ကုန်ပြီဖြစ်တယ်။

ဗမာပြည်ဟာ အခြေခံအားဖြင့် လယ်ယာစိုက်ပျိုရေးနိုင်ငံပါ။ ကမ္ဘာ့ဘဏ် ၂၀၁၉အစီရင်ခံစာအရ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ၁၂.၅သန်းခန့်(တနိုင်ငံလုံးလုပ်သားအင်အားရဲ့ ၅၁%) လို့ဆိုတယ်။ တပ်သိမ်းမြေ ဦးပိုင်သိမ်းမြေ ခရိုနီသိမ်းမြေ ဗိုလ်ချုပ်ကြီးများပိုင်မြေ တပည့်သားမြေးများဝေစုရမြေ စတဲ့ လယ်ယာမြေမောင်ပိုင်စီးမှုများကြောင့် လယ်သမားတွေ ကြွေးတင်လယ်ဆုံး ဘဝပျက် ရွှေ့ပြောင်းလုပ်သားဘဝ ရောက်ကြရပါတယ်။

ဒါပေမဲ့ စိုက်ဧကနဲ့စပါးထွက် သိသိသာသာတိုးလာတာ မရှိပါဘူး။ အမျိုသားစက်မှုလုပ်ငန်း မထွန်းကားပါဘူး။ ခိုင်းနွားနဲ့ လယ်ယာလုပ်သားရှားပါးလာလို့ လယ်ထွန်စက် စပါးချွေလှေ့စက် စတာတွေ ပြည်ပကတင်သွင်းပြီး ထွန်ယက်စိုက်ပျိုးဖို့ဆိုတာ မြေရှင်နဲ့ချမ်းသာလယ်သမားပဲ တတ်နိုင်တာပါ။ ကြွေးတင်ကျွန်ဖြစ်ပြီး ဘဝပျက်လာတဲ့ လယ်သမားတွေ မြို့နေဆင်းရဲဘဝနဲ့ ကြုံရာကျပန်း လုပ်စားကြရတာပါ။ အရွယ်ကောင်းလူငယ်လူရွယ်တွေ သန်းနဲ့ချီပြီး ပြည်ပထွက် အလုပ်ကြမ်းမျိုးစုံ လုပ်ကြရပါတယ်။

ရန်ကုန်တိုင်း စက်မှုဇုန်များမှာပင် အလုပ်ရုံပေါင်း ၆၆၃၂ရှိပြီး အလုပ်သမား(အမျိုးသမီး၉၀%) ၆၈၀,၀၀၀ ခန့်ရှိတယ်လို့ဆိုတယ်။ ရန်ကုန်လူဦးရေ ၇ သန်းလောက်မှာ ၂သန်းကျော်က ကျေးလက်မှ စီးပွားပျက်ကာ ရွှေ့ပြောင်းလာတဲ့ လယ်သမားများဖြစ်တယ် လို့ဆိုပါတယ်။

ကိုဗစ်ကပ်နဲ့အတူ ကမ္ဘာတဝန်း ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းများ အများအပြား ထိခိုက်ကုန်တယ်။ ထုတ်လုပ်ရေးလည်းကျသလို စားသုံးမှုဝယ်လိုအားလည်းကျတယ်။ အမေရိကန် EU ဂျပန် တောင်ကိုရီးယား စတဲ့ ဖောက်သည်နိုင်ငံတွေ အားလုံး ကျနေတာပါ။ အမေရိကန်မှာပင် အဝတ်အထည်ရောင်းအား စက်တင်ဘာလထဲမှာ ၇၃.၅% ကျဆင်းသွားတယ်လို့ဆိုတယ်။ ဒါပေမဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်းစက်ရုံတွေ အကြီးအကျယ်စီးပွားဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး ကုသဆေးတွေ အလုအယက်ထုတ်လုပ် လာကြပါတယ်။ ဗမာပြည်မှာက နှာခေါင်းစည်းတို့ အကာအကွယ်ဝတ်စုံ PPE တို့ကိုပင် ပြည်တွင်းမှာမထုတ်လုပ်နိုင်ဘဲ အလှူခံနေရတုန်း ပြည်ပက ဝယ်နေရတုန်းပါ။

စိုက်ပျိုးရေးနဲ့စားသောက်ကုန်လုပ်ငန်းကလည်း ကုန်သည်ကြီးတွေ စျေးကစားတာ၊ တန်ဖိုးမြှင့် value added စားသောက်ကုန် ထုတ်လုပ်နိုင်မှု အားနည်းတာကြောင့် လယ်သမားတွေ စျေးကောင်းမရကြပါဘူး။ ဒါ့အပြင် ဗမာပြည်လယ်ယာစိုက်ပျိုးရေးက အဖက်ဖက်က ချည့်နဲ့နေပါတယ်။ လယ်လုပ်သူလယ်ပိုင်ရမယ်။ မတရားသိမ်းထားတဲ့ လယ်မြေတွေ လက်ငုတ်ဟောင်း/သစ်များထံ ပြန်ပေးရမယ်။ ပဒေသရာဇ်သွေးစုပ်မှုကို ဖျက်သိမ်းရမယ်။ စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရမယ်။ ဈေးကွက်တိုးချဲ့ရမယ်။ စီမံကိန်းရှိရမယ်။ တခွန်းတည်းပြောရရင် မြေယာတော်လှန်ရေး လုပ်ရပါမယ်။

လယ်ယာစီးပွားရေး အခြေခိုင်မှ စက်မှု ဝန်ဆောင်မှု နည်းပညာ စီးပွားရေးကို အမှီအခိုကင်းစွာ တက်လှမ်းနိုင်မှာပါ။ အလုပ်သမား လယ်သမား ခိုင်မြဲတဲ့ မဟာမိတ်ဖွဲ့မှုဆိုတာ ဒါကိုရည်ညွှန်းတာပါ။

စက်မှုတော်လှန်ရေးနဲ့အတူ အရင်းရှင်စနစ် ပရမ်းပတာဖွံ့ဖြိုးမှုနဲ့ ကပ်ဆိုက်မှုသံသရာကို ရှောင်ရှားနိုင်ဖို့ဆိုရင် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးနဲ့သာ ဖွံ့ဖြိုးမှုလမ်းကြောင်းမှန်ကို လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ကိုဗစ်ရွေးကောက်ပွဲထက် ၂၀၀၈ဖျက်သိမ်းရေးက ကိုဗစ်လွန်ဗမာပြည်သစ်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ညီဌေးကျော် (၁၆ အောက်တိုဘာ ၂၀၂၀)

Leave a Reply

Your email address will not be published. Required fields are marked *