လူသတ်သမားကိုသူရဲကောင်းလုပ်နေကြတယ်

By | January 13, 2014

လူသတ်သမားကို သူရဲကောင်းလုပ်နေကြတယ်

အစ္စရေးလ်မှာ ရှာရွန်ရောဂါအသဲအသန်ဖြစ်ပြီး နိုင်ငံရေးလောကကို ပြန်မ၀င်နိုင်တော့တာ သေချာသွားပြီဆိုတော့ အဲဒီ တိုင်းပြည်က နိုင်ငံရေးလောကတခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ တလောတုန်းကမှ သူတည်ထောင်ခဲ့တဲ့ ကာဒီမာ (Kadima Party) မှာ မေးခွန်းထုတ်စရာတွေ အများကြီးပေါ်ထွက်လာလို့ ဖြစ်ပါတယ်။ ဒီနိုင်ငံ၊ ဒီပါတီ၊ ဒီလူ့အဖွဲ့အစည်းဟာ ကွဲပြားနေတာတွေ များလွန်းလို့ လူတယောက်ထဲက အထက်ကနေပြီး အားလုံးကို ထိန်းညှိထားနိုင်တဲ့ အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။ သူမရှိတော့ရင် အထက်ကနေ ထိန်းထားမယ့်လူ မရှိတော့တဲ့အနေအထားလည်း ဖြစ်ပါတယ်။ မာ့က်စ်ပြောတဲ့ “လူတန်းစားတိုက်ပွဲဟာ သာမန်အရည်သွေးမျှသာရှိတဲ့ ကြောင်တောင်တောင် လူတယောက်ကို သူရဲကောင်းအခန်း ရောက်သွားစေတဲ့ အခြေအနေတွေ ဖန်တီးတတ်တယ်”လို့ ဆယ့်ရှစ်နှစ်မြောက် ဘရူးမဲ၁ဆိုတဲ့စာအုပ်ထဲက စကားကို သတိရစရာပါပဲ။

တကယ်တော့သူဟာ စစ်တရားခံတယောက်ပါ။ သူ့ရဲ့စစ်တပ်တွင်း ဖြတ်သန်းမှုနဲ့ နိုင်ငံရေးလောကအတွင်းဖြတ်သန်း မှုတွေတလျှောက်မှာ သူဟာ အစ္စရေးလ်နဲ့ပါလက်စတိုင်း ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ် တုန်းက သူ့ရဲ့၁၀၁တပ်ဖွဲ့ဟာ ကီဘီယာဆိုတဲ့ရွာလေးတရွာမှာ ပါလက်စတိုင်း ၆၀ ကို လူမျိုးရေးအရ သုတ်သင်ခဲ့ပါတယ်။ ဒီအခါမှာ အဲဒီတုန်းက အစ္စရေးခေါင်းဆောင်ဖြစ်တဲ့ ဘင်ဂူရီယွန် (Ben-Gurion) က ရှာရွန်ကိုခေါ်ပြီး ဒီလိုပြောပါတယ်- “မင်းကို တခုပြောမယ်။ ကမ္ဘာကြီးက အစ္စရေးလ်အကြောင်း ဘာပြောတယ်ဆိုတာ အရေးမကြီးဘူး၊ အရေးကြီးတာ ငါတို့အနေနဲ့ ဟောဒီတို့ဘိုးဘွားတွေရဲ့မြေမှာ နေနိုင်ဖို့ပဲဖြစ်တယ်၊ ဂျူးတွေကိုသတ်ရင် ထိုက်တန်တဲ့ တန်ဖိုးပေးရမယ်ဆိုတာကို အာရပ်တွေသိစေမှ ငါတို့တတွေ တည်ရှိနိုင်မယ်” ပါတဲ့။

၁၉၈၂ ခုနှစ်တုန်းက ကာကွယ်ရေးဝန်ကြီးလုပ်နေတဲ့ ရှာရွန်ဟာ လီဘာနွန်နိုင်ငံမှာရှိတဲ့ ဖက်ဆစ်ဖလန့်ခ်ျအဖွဲ့၂ (Falange) ကို ဆာဘရာနဲ့ရှာတီလာမှာရှိတဲ့ ပါလက်စတိုင်းလူမျိုး ခိုလှုံသူ ၃၂၈ ယောက်ကို သတ်ဖြတ်ခွင့်ပြုခဲ့ပါတယ်။ အဲဒီအတွက် သူဟာ ၀န်ကြီးရာထူးက နုတ်ထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ကို ၀န်ကြီးချုပ်မဖြစ်ရဘူးလို့ ဆုံးဖြတ်လိုက်တာတော့ မဟုတ်ပါဘူး။ ၁၉၇၃ ခုနှစ်မှာ ရှာရွန်ဟာ လက်ယာပါတီတခုဖြစ်တဲ့ လစ်ကွဒ် (Likud) ပါတီကို ၀င်ခဲ့ပါတယ်။ အဲဒီနောက်ကစပြီး သူဟာ လက်ယာအစွန်းသမား၊ ပါလက်စတိုင်းတွေဆီက သိမ်းထားတဲ့နယ်မြေတွေအပေါ်မှာ အစ္စရေးလ်တွေ နေထိုင်ရေးစီမံကိန်းကို ဖော်ထုတ်သူအဖြစ် လူသိများခဲ့ပါတယ်။

တကယ်တော့ ရှာရွန်ဟာ သူ့တဘ၀လုံးမှာ အင်မတန်လက်ယာကျ၊ ဖောက်ပြန်တဲ့ပေါ်လစီတွေနဲ့ အာရပ်လူမျိုး ဆန့်ကျင်ရေး၊ ပါလက်စတိုင်းမြေလုယက်ရေး၊ ကွန်မြူနစ်ဆန့်ကျင်ရေးတို့ကို သဲကြီးမဲကြီးလုပ်ခဲ့သူတယောက် ဖြစ်ပါတယ်။ ဒါ့ အပြင်သူဟာ (ပါလက်စတိုင်းနယ်မြေတွေထဲကို အစ္စရေးလ်တွေ ၀င်ရောက်နေထိုင်စေပြီးမှ) ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းစွာအတူနေထိုင်ရမယ်လို့ အသံကောင်းဟစ်တဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အနောက်တိုင်းအရင်းရှင်တွေ လွှမ်းမိုးထားတဲ့ မီဒီယာလောကမှာ ရှာရွန်ဟာ သူရဲကောင်းကြီး ဖြစ်နေပါတယ်။
—————————————————————————————————————————-
၁ The Eighteenth Brumaire of Louis Bonaparte စာအုပ်ကိုညွန်းတာပါ။ ဘရူမဲဆိုတာက ပြင်သစ်ပထမတော်လှန်ရေးနောက်ပိုင်းမှာ သတ်မှတ်သုံးစွဲခဲ့တဲ့ပြက္ခဒိန်အရ ဖြစ်ပါတယ်။ နာပိုလီယွန်ရဲ့အုပ်ချုပ်မှုကို အာဏာသိမ်းတဲ့ လှုပ်ရှားမှုပါ။
၂ Falange ဆိုတာဟာ ၁၉၃၃ ခုနှစ်တုန်းက စပိန်မှာဖွဲ့စည်းခဲ့တဲ့ လူမျိုးရေးရှေ့တန်းတင်တဲ့ ဖက်ဆစ်ပါတီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *