အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့တော်ကောင်စီဝင်အဖြစ် ဆိုရှယ်လစ်တဦးဖြစ်တဲ့ ကာရှာမာ ဆာဝမ့် (Kshama Sawant) ရွေးကောက်ခံရပါတယ်။ ၁၈၇၇ ခုနှစ်တုန်းကလည်း ဆီယက်တဲလ်မှာပဲ ဆိုရှယ်လစ်အဖြစ် ၀င်အရွေးခံတဲ့ အေဒဗလျူပိုက်ပါဆိုသူဟာ မြို့တော်ကောင်စီဝင်အဖြစ် အရွေးခံရဖူးတယ်။ အခု နှစ်ပေါင်း ၁၀၀ ကျော်ပြီးနောက်မှာ ဆိုရှယ်လစ်တဦး ထပ်အရွေးခံရတာ ဖြစ်ပါတယ်။
ကာရှာမာဟာ အိန္ဒိယနိုင်ငံ လူလတ်တန်းစား မိသားစုက မွေးဖွားလာသူ ဖြစ်ပါတယ်။ မွမ်ဘိုင်းမြို့မှာ ကြီးပြင်းခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ မွမ်ဘိုင်းတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံနဲ့ ဘွဲ့ရခဲ့တယ်။ မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှ အင်ဂျင်နီယာဖြစ်သူ ဗီဗက်ခ်နဲ့ အိမ်ထောင်ကျပြီးနောက် အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်တယ်။ အမေရိကန်ရောက်ပြီးနောက်မှာ ကွန်ပျူတာသိပ္ပံပညာကို စွန့်လွှတ်လိုက်ပြီး စီးပွားရေးပညာကို ပြောင်းလဲလိုက်စားခဲ့တယ်။ စီးပွားရေးမညီမျှမှုပြဿနာတွေကို အဖြေရှာချင်တာကြောင့်လို့ ဆိုပါတယ်။ မြောက်ကာရိုလိုင်းနားတက္ကသိုလ်မှ စီးပွားရေးပါရဂူဘွဲ့ ရခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ဆီယက်တယ်လ်ကို ပြောင်းလာတယ်။ နောက် ဆိုရှယ်လစ်ရွေးလမ်း (Socialist Alternative) အဖွဲ့မှ စည်းရုံးရေးမှူးတယောက်ရဲ့ စည်းရုံးမှုနဲ့ အဖွဲ့ဝင်ဖြစ်လာတယ်။ ၂၀၁၀ မှာ အမေရိကန်နိုင်ငံသားခံယူတယ်။
သူ့ရဲ့သဘောထား အယူအဆကို မှန်းဆနိုင်ဖို့အတွက် မြို့တော်ကောင်စီဝင်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သူပြောခဲ့တဲ့ မိန့်ခွန်းထဲက အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
“ကျွန်မ ဆိုရှယ်လစ်တံဆိပ်ကို ဂုဏ်ယူစွာနဲ့ တပ်ဆင်ထားပါတယ်။”
“ဆီယက်တဲလ်မြို့တော်ကို စိုးမိုးထားတဲ့ စူပါသူကြွယ်ကြီးတွေနဲ့ မဟာကော်ပိုရေးရှင်းကြီးတွေဟာ ဒီမြို့က မဟာအမြတ်အစွန်းတွေ ရရှိနေကြတယ်။ အဲဒီအချိန်မှာ လုပ်သားပြည်သူတွေ၊ အလုပ်လက်မဲ့တွေနဲ့ ဆင်းရဲသားတွေမှာတော့ နေ့စဉ်နဲ့အမျှ အခက်အခဲတွေ ပိုကြီးလာနေတယ်။ အိမ်ခန်းခတွေက မိုးထိအောင် မြင့်မားလာနေတယ်။ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စတာတွေဟာ သူတို့အတွက် လက်လှမ်းမမီဖြစ်နေတယ်။ ဒါဟာ ဆီယက်တဲလ် တမြို့တည်းမှာ ဖြစ်နေတာ မဟုတ်ပါဘူး။ လူသားသမိုင်းမှာ အချမ်းသာဆုံးနိုင်ငံဖြစ်တဲ့ ကျွန်မတို့နိုင်ငံမှာ ရှက်ဖွယ်လိလိ ပြည်သူသန်းငါးဆယ်ဟာ – ခြောက်ယောက်တိုင်းမှာ တယောက် – ဆင်းရဲတွင်းနက်နေကြတာ ဖြစ်ပါတယ်။”
“ဒါတွေကို ပြောင်းလဲပစ်ဖို့ဆိုရင် ကိုယ့်အားကိုယ်ကိုးတဲ့ အလုပ်သမားတွေနဲ့ လူငယ်တွေရဲ့ စည်းရုံးလှုပ်ရှားမှုတွေ လိုနေပါပြီ”
“ဆိုရှယ်လစ်ရွေးလမ်းအဖွဲ့ထဲက ကျွန်မနဲ့ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီးအတွက် တိုက်ပွဲဝင်လိုသူတိုင်းနဲ့ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်သွားဖို့ အသင့်ပါပဲ။ ဒါပေမဲ့ လုပ်သားပြည်သူတွေအနေနဲ့ နိုင်ငံရေးပါတီအသစ်တရပ် လိုအပ်ပါတယ်။ အလုပ်သမားလူတန်းစားက သူတို့ကိုယ်တိုင် စီမံခန့်ခွဲပြီး သူတို့ပဲ တာဝန်ခံတဲ့ လူထုအဖွဲ့အစည်းတရပ် လိုအပ်ပါတယ်။ သူတို့ရဲ့အကျိုးစီးပွားတွေအတွက် တိုက်ပွဲဝင်မယ့်ပါတီတရပ်၊ အကျပ်အတည်းတွေ ပြွမ်းတီးနေတဲ့စနစ်နေရာမှာ အစားထိုးမယ့် စနစ်တရပ်အတွက် ရဲဝံ့စွာရပ်ခံသွားမယ့် ပါတီတရပ် လိုအပ်ပါတယ်။”
“မဟာစီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အစီအစဉ်တွေကို ခုခံတွန်းလှန်ဖို့ အသင့်ရှိနေတဲ့ ဆီယက်တဲလ်နဲ့ နိုင်ငံတ၀ှမ်းက ပြည်သူတိုင်းကို ကျွန်မ ပန်ကြားလိုပါတယ်။ စည်းရုံးစုစည်းကြပါ။ စီးပွားရေးနဲ့လူမှုရေး တရားမျှတမှုအတွက်၊ လူ့အဖွဲ့အစည်းရဲ့အရင်းအမြစ်တွေကို လက်တဆုပ်စာလူနည်းစုလေးရဲ့ လောဘအလိုဖြည့်ဖို့မဟုတ်ဘဲ ပြည်သူတရပ်လုံးအကျိုးရှိရှိ အသုံးပြုနိုင်မယ့် ဒီမိုကရက်တစ်ဆိုရှယ်လစ် အပြောင်းအလဲတရပ်အတွက် လူထုလှုပ်ရှားမှုကြီးဖော်ထုတ်နိုင်ဖို့ ကျွန်မတို့နဲ့ လာပူးပေါင်းကြပါ။ သွေးစည်းကြပါစို့။”
ဒါတွေကတော့ သူ့ရဲ့မိန့်ခွန်းထဲက ကောက်နုတ်ဖော်ပြတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်သူတွေဟာ ဒီမိုကရက်နဲ့ရီပတ်ဘလီကန်ပါတီ ၂ ခုက လွှမ်းမိုးခြယ်လှယ်နေတဲ့ နိုင်ငံရေးစနစ်ကို ညည်းငွေ့စိတ်ပျက်နေကြပြီ ဖြစ်ပါတယ်။ ဒီ ၂ ပါတီလုံးက ဘယ်သူတွေအကျိုးကို ကိုယ်စားပြုနေတယ်ဆိုတာကိုလည်း နားလည်သဘောပေါက်နေကြတယ်။ မကြာသေးမီက ကောက်ယူခဲ့တဲ့စစ်တမ်းတခုအရ ဒီမိုကရက်နဲ့ ရီဘတ်ပလီကန်တွေနေရာမှာ အစားထိုးနိုင်မယ့် နိုင်ငံရေးစနစ်တရပ်ကို အမေရိကန် ၆၀ ရာခိုင်နှုန်းက အလိုရှိကြတယ်လို့ သိရပါတယ်။