ပျားရည်ဆမ်းလွန် ဗမာပြည်နိုင်ငံရေး

By | October 23, 2016

ပျားရည်ဆမ်းလွန် ဗမာပြည်နိုင်ငံရေး
မောင်သန်းမြရွှေ

အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ဆောင်းပါး

ဒီချုပ်အစိုးရသစ် တက်လာပြီး ပျားရည်ဆမ်း ၆ လ အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်တွေမှာ နိုင်ငံခြားဆက်ဆံရေး ရလဒ်သစ်တွေ ရရှိလာတယ်လို့ ဆိုနိုင်သော်လည်း ပြည်တွင်းရေးပြဿနာ ကိုင်တွယ်ရာမှာ မထိရက်မတို့ရက် ဖြစ်နေတုန်းပဲ။

ဒေါ်အောင်ဆန်းစုကြည်ကို ကောဇောနီခင်းကြိုဆိုတဲ့ တရုတ်ပြည်ခရီးမှာ သမ္မတရှီကျင့်ဖျင်က နယ်စပ်တည်ငြိမ်ရေး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် မိတ်ဆွေကောင်းပီသစွာ ကူညီမယ်၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မယ်လို့ ပြောတယ်။ အိမ်ဖြူတော်နဲ့ ကုလသမဂ္ဂအထွေထွေညီလာခံသို့ သွားရောက်တဲ့ အမေရိကန်ခရီးမှာ နိုင်ငံတော်ထိပ်တန်းခေါင်းဆောင်တဦးရဲ့ အဆောင်အယောင်များနဲ့ ဧည့်ဝတ်ပြု ခံရကာ သမ္မတအိုဘားမားက ရသင့်တဲ့ဆုလာဘ်အဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းဖို့ရှိကြောင်း ကြေညာတယ်။

တကယ်တော့ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရကာ အရပ်သားတပိုင်းအစိုးရအဖြစ် ပေါ်ထွက်လာတဲ့ ဒီချုပ်အစိုးရအဖို့ အခြေအနေသစ်မှာ ပြဿနာသစ်များက စောင့်ကြိုနေတာ ဖြစ်ပါတယ်။

ပြည်ပဆက်ဆံရေးမှာ အပြင်ကအပူ အတွင်းမကူးအောင်၊ အတွင်းကအပူ အပြင်ကိုမကူးအောင် ရွဲ့စောင်းနေတဲ့ နိုင်ငံခြားဆက်ဆံရေးကို ပုံမှန်အခြေအနေတရပ် ရောက်အောင် ထိန်းညှိဖို့လိုပါတယ်။ အမှီအခိုကင်းတဲ့၊ ကိုယ့်အားကိုယ်ကိုးတဲ့၊ လွတ်လပ်တဲ့ ဘက်မလိုက်မူကြီး ၅ ချက် ပေါ်မှာ ခိုင်ခိုင်မာမာရပ်နိုင်ဖို့ လိုပါတယ်။ အာဏာမြဲဖို့ တဖက်ဖက်ကို ပြေးကပ်နေရတဲ့ဘဝမျိုး၊ စီးပွားရေးနဲ့ အချုပ်အခြာ အလဲအထပ်လုပ်ရတဲ့ဘဝမျိုး၊ ကိုယ့်ပြည်သူကိုဖိနှိပ်ဖို့ ပြည်ပကို မျက်နှာချိုသွေးရ လာဘ်ထိုးရတဲ့ ဘဝမျိုးမှ လွတ်ဖို့လိုပါတယ်။

တက်သမျှ အာဏာရအစိုးရတိုင်းနဲ့ တဖက်သတ် ဆက်ဆံတဲ့ နိုင်ငံခြားရေးပေါ်လစီဖြစ်စေ၊ ဒဏ်ခတ်ပိတ်ဆို့တဲ့ နိုင်ငံခြားရေး ပေါ်လစီဖြစ်စေ သက်ဆိုင်ရာနိုင်ငံကြီးများရဲ့ အကျိုးစီးပွားအရ ကျင့်သုံးကြတာပါ။ စီးပွားရေးအကျိုးစီးပွား နိုင်ငံရေးအကျိုးစီးပွား တခုမဟုတ်တခု ပါပါတယ်။ အကာအကွယ်ပေးတာဖြစ်ဖြစ၊် ပိတ်တာဖွင့်တာဖြစ်ဖြစ် သူတို့အကျိုးစီးပွားပါပါတယ်။ နှစ်နိုင်ငံတန်းတူ အပြန်အလှန် အကျိုးရှိဖို့ ဆိုတာ ပြဿနာပေါင်းစုံ သပွတ်အူလိုက်နေတဲ့ နာတာရှည် လူမမာဖြစ်နေတဲ့ စစ်အာဏာရှင်စနစ်အောက်က ဗမာပြည်အဖို့ မလွယ်ပါဘူး။

– စစ်အေးလွန်ကာလ တလျှောက်လုံး (၁၉၈၈-၂၀၁၀) မာရှယ်လောနဲ့ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ

– လူထုအပေါ် ဗိုလ်ကျအနိုင်ကျင့် ဖိနှိပ်ကျွန်ပြုခဲ့တဲ့ စစ်အစိုးရ

– အပြစ်မဲ့ပြည်သူ ထောင်သောင်းချီ ညှဉ်းပန်းနှိပ်စက် ထောင်သွင်းအကျဉ်းချ သတ်ဖြတ်ခဲ့တဲ့ စစ်အစိုးရ -တိုင်းပြည်ရဲ့ သယံဇာတ အရင်းအမြစ်တွေ ဖြူခါပြာခါကျအောင် လက်ညှိုးထိုး ရောင်းစားခဲ့တဲ့ စစ်အစိုးရ – သဘာဝပတ်ဝန်းကျင် ပျက်သုဉ်း၊ ယဉ်ကျေးမှုအမွေအနှစ်တွေ ပျက်ဆီး၊ နောက်မျိုးဆက်တွေကို ဆိုးမွေတွေတပုံကြီး ချန်ထားခဲ့တဲ့ စစ်အစိုးရ

– ဒီမိုကရေစီလည်းကင်းမဲ့ အမျိုးသားတန်းတူမှုလည်းမရှိတဲ့ ပြည်တွင်းစစ်နဲ့ အဆင့်နေရာရ အာဏာသိမ်းတက်လာတဲ့ စစ်အစိုးရ

– စစ်ဗျူရိုကရက်များနဲ့ အပေါင်းပါခရိုနီတစုက တိုင်းပြည်ရဲ့ အတွင်းပစ္စည်းမှန်သမျှ လုယက်ဓားပြတိုက်ထားသမျှကို အကာအကွယ်ပေး နေတဲ့ စစ်အစိုးရ

– လက်ဝါးကြီးအုပ်ထားတဲ့ မြေယာ၊ အိုးအိမ်နဲ့ ဘဏ္ဍာအရင်းမှန်သမျှ တရားဝင်အောင်ပြုထားတဲ့ ၂၀၀၈ (ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပ ဒေ)အရ ရာသက်ပန် ကိုယ့်ကိုယ်ကိုယ် အာဏာအပ်နှင်းထားတဲ့ စစ်အစိုးရ…ထံမှ
၂၀၁၆ ဧပြီ ၁ မှာ ၂၀၀၈ ကို ကာကွယ်ထိန်းသိမ်းဖို့ ကတိသစ္စာပြုပြီး အာဏာလွှဲပြောင်း ရရှိခဲ့တဲ့ ဒီချုပ် အရပ်သားတပိုင်းအစိုးရအဖို့ စိန်ခေါ်မှုကြီးပါတယ်။

ဒီချုပ်ရဲ့ ပြုပြင်ပြောင်းလဲရေးမူဝါဒက အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဖြစ်ပြီး နောက်ဆုံး မှ၂၀၀၈ပြင်ရေး ဖြစ်ကြောင်း အတိအလင်း ပြောထားပါတယ်။ ဦးစားပေးလုပ်ငန်းအနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ၂၁ရာစုပင်လုံနဲ့ ရခိုင်ဒေသ သဟဇာတဖြစ်ရေး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အာဆီယံပါလီမန်ညီလာခံမှာ ပြောတယ်။

ထိပ်တိုက်ရင်ဆိုင်မှုကိုရှောင်၊ လမ်းပေါ်မထွက်ဘဲ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေး လမ်းစဉ်ကိုလည်း ကြေညာထားတယ်။ ယခင်အစိုးရ လက်ထက် အမှုကိစ္စများကို လွှတ်တော်မှာ မမေးမြန်းဖို့ အမတ်တွေကို ပြောတယ်။ အစိုးရကို အကျပ်ရိုက်စေမယ့် မေးခွန်းများ မမေးဖို့ ဒီချုပ်ဗဟိုက ညွှန်ကြားတယ်။ တမတ်သားပါလို့ အခက်အခဲမရှိကြောင်း ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောတယ်။

ပေါ်လစီကိုမဝေဖန်ခင် မူအရကြံ့ခိုင်ပြီး နည်းပရိယာယ်အရ ပျော့ပြောင်းတာလား၊ မူမဲ့အလျှော့ပေးရေးလား ဆိုတာကို အကျိုးသက် ရောက်မှုကို ကြည့်ဖို့လိုပါတယ်။
အာဏာလွှဲပြောင်းရေး ချောမွေ့ဖို့ စေ့စပ်ရပါတယ်။ တပ်ချုပ်ကလေးနဲ့တင် မပြီးလို့ အငြိမ်းစားဆိုတဲ့ တပ်ချုပ်ကြီးအထိ စေ့စပ်ရတယ်။ ကြံ့ဖွံ့သမ္မတဗိုလ်ချုပ်ကြီးဟောင်းက ခတ်မာမာ ဆင်းသွားတာဖြစ်တယ်။ ဗြောင်လုပ်သွားတယ်။ ကျောက်စိမ်း၊ သစ်၊ ရွှေ လက်ကုန်နှိုက်တူးသွားတယ်။ စီမံကိန်းသစ်တွေ သူ့ခရိုနီတွေကို ချပေးသွားတယ်။ ကျောက်မျက်အသင်း ကော်မရှင်ရငွေတွေ ဒေါ်လာသန်း၈၀ စာရင်းပျောက်သွားတယ်။ ဗျူရိုကရေစီ ယန္တရားတွေထဲမှာ မိုးကျရွှေကိုယ်တွေ ထိုးထည့်သွားတယ်။ ချိပ်ပိတ်ထားတဲ့ သူ့ပိုင်ဆိုင်မှုစာရင်းကို ပြန်ယူသွားတယ်။ ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေထုတ်သွားတယ်။

၂၀၀၈ ပြင်ရေးကို (အနည်းဆုံး ၂ နှစ်) နောက်တန်းပို့ပြီး စေ့စပ်ရတာဖြစ်တယ်။ ၄၃၆ အသာထားလို့ ၅၉(စ)တောင် ပြင်မရတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံ ဆိုတာကို ထွင်ရတယ်။ အစိုးရသစ်မှာ ကြံ့ဖွံ့ဟောင်းတွေကိုလည်း နေရာပေးရတယ်။ ဝန်ထမ်း အသက်၆၀ပြည့် အငြိမ်းစားယူရမယ့် ဥပဒေနဲ့ ငြိနေတဲ့ တပ်ချုပ်ကလေးက ကိုယ့်ဥပဒေ ကိုယ်ထုတ်ပြီး ၆၅ နှစ်လို့ ပြင်တာကို ငြိမ်ငြိမ်သက်သက် သဘောတူပေးရတယ်။ စွမ်းအားရှင်တွေ မဘသတွေရဲ့ ဗြောင်ကျတဲ့ မာဖီးယားဂိုဏ်း လုပ်ရပ်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ကျေအေးပေးခဲ့တယ်။ ရာဇဝတ်မှုမကင်းတဲ့ စီးပွားရေးသောင်းကျန်းမှုကြီးတွေ (မူးယစ်ဆေး သစ် ကျောက်စိမ်း စသည်) လက်သည်မပေါ်ဘူး။

ဒီချုပ်အရပ်သားတပိုင်းအစိုးရသစ် တက်လာပြီး ရက် ၁၀၀ စီမံကိန်းက ကြော်ငြာဝင်တာပဲ ဖြစ်ပါတယ်။ ပွဲစည်သလိုတော့ ဖြစ်ခဲ့ပါတယ်။ တကယ်တမ်း ပွဲထုတ်လာတဲ့ ၂၁ ပင်လုံကျတော့ ပွဲက စပျက်တော့မလို ဖြစ်လာတယ်။ ကိုယ်စားပြု အမျိုးသားအဖွဲ့အစည်း အသီးသီးက မိမိတို့ အနှစ်နှစ်အလလ ကြိတ်ခံခဲ့ရတာတွေ ညီလာခံမှာ အခွင့်အရေးရတုန်း ပွင့်အန်လာတော့ စစ်ဗျူရိုကရက်တွေ အရှိုက်အထိုးခံရသလိုဖြစ်ကာ မခံမရပ် နိုင်ဖြစ်လာတယ်။ အမျိုးသားညီညွတ်ရေး ဘယ်လိုတည်ဆောက်မလဲ၊ စစ်အုပ်စုမှာ စေတနာကောင်းမရှိပါဘူး။ ပြည်တွင်းစစ် ဘယ်လိုရပ်မလဲ၊ စစ်အုပ်စုက နောက်ဆုတ်လိုစိတ် မရှိပါဘူး။

စစ်တပိုင်းအစိုးရဟောင်း အထိုင်ချထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်ခံတိုးချဲ့ထားတယ်ဆိုတဲ့ ‘၂၁ ရာစုပင်လုံ’ဟာ ကာချုပ်မူ ၆ ချက်ကို မကျော်လွှားနိုင်ခဲ့ပါဘူး။ ကိုးကန့်၊ တအောဝ်း၊ ရခိုင် ၃ ဖွဲ့က ‘လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ကြောင်း’ (လက်နက် ချဖို့သဘောတူကြောင်း) မကြေညာလို့ တက်ခွင့်မရဘူး။ ‘ဝ’ က ခွဲခြားဆက်ဆံတာ မကျေနပ်လို့ ပြန်တယ်။ ညီလာခံပြီးတာနဲ့ ကချင်မှာ ကြည်းကြောင်းလေကြောင်းနဲ့ ထိုးစစ်ပြန်စတယ်။ ရှမ်း နဲ့ ကရင်မှာ တိုက်ပွဲတွေပြန်ဖြစ်တယ်။
ရခိုင်ဒေသ ဘူးသီးတောင်-မောင်းတော ဘက်မှာလည်း နိုင်ငံတော်ပုန်ကန်သူများက နယ်ခြားစောင့်ရဲစခန်း ၃ ခုကို ဝင်စီးသွားလို့ (၉ အောက်တိုဘာ ၂၀၁၆) ပုဒ်မ ၁၄၄ နဲ့ အရေးပေါ်အမိန့်ထုတ်ပြီး စစ်တပ်က ဝင်ရှင်းနေရကြောင်း၊ စစ်တွေမှာ ရှင်းလင်းပွဲလုပ်သော်လည်း သတင်းသမားတွေ မေးမြန်းခွင့်ရခဲ့ဘူး။

စစ်ဗိုလ်ချုပ်ကြီးများက ဂျောက်(ချောက်)ထဲကျဖို့ တည်းတည်းလိုတော့တဲ့ တိုင်းပြည်ကို ကယ်ဖို့ ပြင်လာကြပြန်ပါပြီ။ သူတို့မရှိရင် မဖြစ်ကြောင်း ပြသလာပြန်ပါပြီ။ သူတို့ဟာ အရေးပါအရာရောက်ကြောင်း သိအောင် ထုတ်ဖော်လာကြ ပြန်ပါပြီ။ ပြည်တွင်းစစ်နဲ့ မိမိအဆင့်နေရာကို မြှင့်လာတဲ့ စစ်အုပ်စုဟာ (ခေတ်မစားတော့တဲ့) စစ်အုပ်ချုပ်ရေးအစား အရပ်ဘက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းရာမှာ သူတို့အနှစ်နှစ်အလလ တည်ဆောက်ခဲ့တဲ့ စစ်ဗျူရိုကရက်ယန္တရားကို အရပ်သားအစိုးရတရပ်လက်ထဲ အလွယ်တကူ ထိုးအပ်လိမ့်မယ်လို့ ထင်ပါသလား။

ဦးနုလည်း ဒီလိုပဲထင်ခဲ့ဖူးတယ်။ ဂျပန်ခေတ်အဓိပတိ ဒေါက်တာဗမော်လည်း ဒီလိုပဲထင်ခဲ့ဖူးတယ်။ ဗမာပဒေဿရာဇ် နောက်ဆုံး မင်းဆက် သီပေါမင်းလည်း ဒီလိုပဲ ထင်ယောင်မှားရောဂါ စွဲကပ်ရာက ပါတော်မူဇာတ်ခင်းသွားရတယ်။

နိုင်ငံရေးအရ ဖိနှိပ်မှုဥပဒေတချို့ ဖျက်သိမ်းနိုင်ခဲ့တယ် (ဧည့်စာရင်း နဲ့ ပုဒ်မ ၅ ၊ တချို့ကို နောက်ကလိုက်ပြီး နငယ်နကွင်း ပိတ်လုပ်တာ ခံရတယ် (ငြိမ်းစုစီ)၊ ဖိနှိပ်ရေးယန္တရားသစ် ဖွဲ့ဖို့ပြင်တာလည်းရှိတယ် (အရေးပေါ်စီမံခန့်ခွဲမှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း)၊ လူ့အခွင့်အရေး ကာကွယ်ဖို့ ဥပဒေပြုတာလည်းရှိတယ် (နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း)။ ရှေ့ကလက်နဲ့ရေး နောက်ကခြေနဲ့ဖျက် ဖြစ်စဉ်ကို ဒီချုပ်အစိုးရအနေနဲ့ တလျှောက်လုံး ရင်ဆိုင်နေရ ပါလိမ့်မယ်။

လက်သန်း မင််ဆွတ်ပြီး လူထုကတင်မြှောက်လိုက်တဲ့ လွှတ်တော်မှာ မြေသိမ်းယာသိမ်းကိစ္စတွေ၊ လုပ်ခွင်လုပ်ခ မမျှတတဲ့ကိစ္စတွေ၊ ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့်နဲ့ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲရေးကိစ္စတွေ ကျယ်ကျယ်လောင်လောင် တင်ပြတောင်းဆိုတာ မကြားရဘူး။ ပြည်တွင်းစစ် ဒဏ်ချက်အောက်မှာ မုဒိမ်းကျင့်ခံရတဲ့ တိုင်းရင်းသူတွေ၊ အသတ်ခံရတဲ့ အပြစ်မဲ့ပြည်သူတွေ လုံခြုံမှုကင်းမဲ့ ဆာ လောင်နေတဲ့ ကလေးငယ်တွေအကြောင်းနဲ့ သူတို့ရဲ့ ငြိမ်းချမ်းရေးလိုအင်ဆန္ဒကို လူသိထင်ရှား တောင်းဆိုပေးတာ မရှိဘူး။ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရမယ့် လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ ကိုယ်တိုင်က ဥပဒေကိုမျက်ကွယ်ပြု၊ ငွေမျက်နှာလိုက်ပြီး လူထုကို အကာအကွယ် မပေး နိုင်ရုံတင်မက လည်မျို တက်နင်းနေတဲ့၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ တိုင်းပြည်။ ယခင်ကအတိုင်း ခိုးမြဲ-လုမြဲ-ဗိုလ်ကျမြဲ ကိစ္စတွေကို နိုင်ငံတော်က ဘယ်လိုကိုင်တွယ်မလဲ၊ ဘယ်လိုဖြေရှင်းပေးမလဲ အမေးတောင်မခံရဲဘူး။

ပိုဆိုးတာက အစိုးရသစ်ကို အထိုင်မကျခင် မထိခိုက်စေချင်တဲ့အတွက် လူထုက ကိုယ်ပိုင်အသိနဲ့ ချုပ်တည်းထားတဲ့ လူထု တိုက်ပွဲတွေကို မထီလေးစားလုပ် ဟန့်တားနှိပ်ကွပ်ဖို့ ကြိုးစားလာခြင်းပါပဲ။ အစိုးရသစ်ကို ပညာပြနေတာ ယန္တရားဟောင်းထဲက ဗျူရိုကရက်တွေ ဖြစ်တယ်။ ဒါကို မြင်အောင်မကြည့်နိုင်လောက်အောင် အစိုးရသစ်ဟာ အောက်ခြေလွတ်နေပြီလား။ စစ်ဘက်အရပ်ဘက် နှစ်ပါးကြည်ရေးကို ဦးစားပေးရတဲ့အတွက် လူထုဟာ အဖျက်သမားဖြစ်သွားပြီလား။

နိုင်ငံရေးအကျဉ်းသားလွှတ်တာ ကာလုံသဘောထားမပါဘဲ ဥပဒေနည်းနာရှာ လွှတ်ရတာဖြစ်တယ် (မလွှတ်ချင်တဲ့သူတွေကို ဆက်ဖမ်းထားတုန်းပဲ)။ ပြည်ပရောက် အတိုက်အခံတွေ ပြည်တော်ပြန်ဖို့အရေး အတိုင်ပင်ခံပုဂ္ဂိုလ်/နိုင်ငံခြားရေးဝန်ကြီးရဲ့ နံမည်ပျက် စာရင်း ပယ်ဖျက်ဖို့၊ နိုင်ငံရေးခံဝန်ချက်ပယ်ဖျက်ဖို့ သံရုံးတခုချင်းကို ညွှန်ကြားချက်ပေးပြီးမှ ပြန်ရတာဖြစ်တယ်။ (အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတာ မဟုတ်ဘူး)

ပြည်ထဲရေးအောက်က ဌာန ၅ ခု (ထွေအုပ်၊ ရဲ၊ မီးသတ်၊ စသုံးလုံး၊ အကျဉ်းဦးစီး) ပြည်နယ်-တိုင်းဒေသ အစိုးရအောက် လွှဲပေးထားတာကို ၂၀၀၈ ပါ ပုဒ်မများအရ ဟုဆိုကာ ပြန်ရုပ်သိမ်းသွားပြန်တယ်။

မြင်နေရတာက အဆင်ပြေချင်ရင် (အုပ်ချုပ်ရေးယန္တရား ချောမွေ့စေချင်ရင်) ပါဝါမာကိုကိုင်ထားတဲ့ ကာချုပ်ကို ကြည်အောင် လုပ်ထားရမယ် ဆိုတဲ့ ခရိုနီခေတ်ပျက်သူဌေး အတွေးမျိုး အတိုက်အခံတွေထဲ ကူးစက်လာတာပါပဲ။ တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ မဟုတ်ပါဘူး။ ဒါဟာ ရွတ်လို့ကောင်းတဲ့ စကားသက်သက်ပါပဲ။ တရားဥပဒေအထက်မှာ တင်မက တရားဥပဒေအပမှာပါ စစ်အုပ်စုရှိနေပါတယ်။ ၂၀၀၈ ကို သူတို့ရေးဆွဲခဲ့တာပါ။

ဗမာပြည်စီးပွားရေးဟာ အုံဖွဆိုပြီး နေ့ချင်းညချင်း ထိုးတက်လာမှာ မဟုတ်ဘူး။ စစ်ခရိုနီတွေ ဝါဒဖြန့်သလို နိုင်ငံခြားအရင်းအနှီးတွေ ဒလဟောဝင်လာ ရွှေမိုးငွေမိုးတွေ ရွာလာမှာမဟုတ်ဘူး။ ကမ္ဘာ့စီးပွားရေးဟာ အရေးကြီးတဲ့လမ်းဆုံမှာ ရောက်နေတယ်။ ၂၀၀၈ က စခဲ့တဲ့ စီးပွားရေးထိုင်းမှိုင်းမှုမှ မလွတ်မြောက်သေးဘူး။ ကမ္ဘာနဲ့အဝှမ်း ဝယ်လိုအားကျ၊ ကုန်သွယ်ရေးချည့်နဲ့၊ ရင်းနှီးမြှုပ်နှံမှု ထိုင်းမှိုင်း၊ ဘဏ္ဍာရေး ဈေးကွက် အပြောင်းအလဲမြန်၊ ငွေတန်ဖိုး အပြိုင်ချ၊ ကိုယ်ကျိုးစီးပွားကာကွယ်၊ နည်းပညာလှိုင်းသစ်တရပ်အတွက် ပြိုင်ဆိုင် ဆိုတဲ့ အနေအထား အောက်မှာ လာမယ့် နှစ်အချို့အတွင်း ကမ္ဘာ့စီးပွားရေး တက်ရိပ်မရှိဘူးလို့ အများက သုံးသပ်ကြတယ်။
ဗမာပြည်စီးပွားရေးက ပေါ်လစီတောင် တာမစူနိုင်သေးဘူး။

လူထုဟာ မျှော်လင့်ချက်ကြီးတယ်။ လူမှုဒုက္ခအပေါင်းကိုလည်း ခံနိုင်ရည်ရှိတယ်။ နိုင်ငံရေးအသိလည်း နိုးကြားတယ်။ တိုင်းပြည် ဘာဖြစ်နေတယ် ဆိုတာ မသိနိုင်လောက်အောင် ထုံထိုင်းနေတာ မဟုတ်ဘူး။ တိုက်ပွဲသဏ္ဌာန်ကို လူထုက သူ့ကိုယ်ပိုင်အသိနဲ့ ရွေးချယ် ပါလိမ့်မယ်။ ၂၀၀၈ အောက်မှာ ဒူးတုတ်သင့်မြတ်ရေးကိုတော့ ရွေးမှာမဟုတ်တာ သေချာပါတယ်။
(၁၄ အောက်တိုဘာ ၂၀၁၆)

Leave a Reply

Your email address will not be published. Required fields are marked *