ဒီအခြေအနေတွေနဲ့ သမိုင်းသစ် ဖြစ်လာမလား
(ဖောင်ပိတ်)
ဒီကာလအတွင်း လှုပ်လှုပ်ခတ်ခတ်နဲ့ ပွဲဆူတဲ့ကိစ္စတွေ များလှတယ်။ ရခိုင်အရေး၊ အောင်စိုးမိုးကျော်ကိစ္စ။ ဆိုင်ရှင်ရုပ်သိမ်းခြင်း နောက်ဆက်၊ UWSA နဲ့ မိုင်းလားကြားမှာ ပေါ်ပေါက်လာတဲ့ ပြဿနာ၊ NCA လက်မှတ်ထိုးမထိုးနဲ့ NLD အတွင်း စည်းရုံးရေး အခြေအနေ စသဖြင့်နိုင်ငံရေးပုံရိပ်ကို အကျည်းတန်စေတဲ့ အဖြစ်အပျက်တွေပေါ်ခဲ့တယ်။
(၁)
ရခိုင်ပြည်နယ်တွင်းက ဘင်္ဂါလီ၊ ရိုဟင်ဂျာ၊ အကြမ်းဖက်မှု
ရခိုင်ပြည်နယ်အတွင်းမှာ AA ရခိုင်တပ်မတော်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ကြလို့ အရှိန်ရစ ပြုနေချိန် ဒီသတင်းကို ဖုံးလွှမ်းသွားတဲ့ အဖြစ်အပျက် တခု ပေါ်လာခဲ့တယ်။ အဲဒါကတော့ မောင်းတောဘက်က ရဲကင်းစခန်း ဝင်စီးခံရတဲ့ ကိစ္စ ဖြစ်တယ်။ ရဲ ၉ ဦးသေဆုံးသွားပြီး သေနတ် ( နောက်ဆုံးစာရင်းအရ ၆၄ ) လက်နဲ့ ခဲယမ်းမီးကျောက် အချို့ ယူဆောင်သွားခဲ့တယ်။ ခုတော့ ဒီပြဿနာက နိုင်ငံတကာ ပြဿနာ ဖြစ်သွားပါပြီ။ ဒီဆောင်းပါးမှာ စစ်တပ်၊ အစိုးရ၊ ကုလသမဂ္ဂနဲ့ ပါဝင်ပတ်သက်မှုရှိတဲ့ နိုင်ငံတွေရဲ့ ထုတ်ပြန်ချက်တွေကို ခွဲခြမ်းစိတ်ဖြာပြနေမှာ မဟုတ်ဘူး။ အကြမ်းဖက်မှု မြစ်ဖျားခံရာ သမိုင်းကို ခြေရာကောက်ပြချင်တာပါ။ မမေ့သင့်တာ ပြောပါမယ်။
၁။ အကြမ်းဖက် ထိပ်ခေါင် အိုစမာဘင်လာဒင်တို့ တာလီဘန်တို့ ဆိုတာ အမေရိကန် CIA ကမွေးဖွားပေးလိုက်တဲ့ သူတွေ ဖြစ်တယ်။ အလားတူ အဖွဲ့တွေ အများကြီး ရှိပါသေးတယ်။ ဘက်ကန်သွားသူတွေလည်း တပုံတခေါင်းကြီး ….
၂။ ပူပူနွေးနွေး တူရကီ အာဏာသိမ်းပွဲရဲ့ လက်သည်ဟာ CIA ကမွေးထားပြီး အမေရိကန်မှာ အခြေစိုက်နေထိုင်တဲ့ မူဆလင်ဘာသာရေး ခေါင်း ဆောင် ဂူလင်ဖြစ်တယ်။
၃။ ခု အစိုးရ၊ စစ်တပ်ဘက်က လက်ညှိုးထိုးပြနေတဲ့ RSO, ARIF အဖွဲ့ဆိုတာတွေကကော ဘယ်သူမွေးထားတာလဲ၊ သူတို့တတွေ အင်အား သေးသွားပြီး နယ်စပ်မှာ လျှိုနေရချိန် – တရုတ်အစိုးရနဲ့ ဗမာစစ်အစိုးရ အပေးအယူမျှကာ ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဖြစ်တည်လာတော့မှ အမေရိကန်ဘက်က ခြေလှမ်းပြင်လာတာပါ၊ ဒါကြောင့် ရခိုင်ပြည်နယ် မတည်ငြိမ်ရေးအတွက် ကုလတို့ NGO တို့စတဲ့ ဆိုင်းဘုတ်တွေ ချိတ်ပြီး လှုပ်ရှားလာရာက ပေါ်လာတဲ့ အရေးအခင်းအဖြစ် သုံးသပ်လို့ရပါတယ်။ မူလ သူ့ မြားဦးက တရုတ်နဲ့ စစ်အစိုး ရကို ချိန်ထား တာဖြစ်တယ်။
ဒါပေမဲ့ အစိုးရ အပြောင်းအလဲဖြစ်လာတော့ အချိုးတမျိုး ပြင်ရပါတယ်။ မောင်းတော အရေးအခင်းပေါ်လာတော့ စစ်တပ်က အမျိုး၊ ဘာသာ။ နိုင်ငံ ကာကွယ်သူကြီး ဂိုက်ဖမ်းပြီး စစ်တပ်တွေ လွှတ်ပါတယ်။ ထုံးစံအတိုင်း စစ်တပ်ဝင်ပြီဆိုတာနဲ့ နေဝင်မီးငြှိမ်းလုပ်မယ်၊ ရွာတွေ မီးရှို့ခံရမယ်၊ လူဖမ်းတဲ့ သတ်တဲ့အမှုတွေ ပေါ်မယ်။ တခြားမဟုတ်တရုတ် မှုခင်းတွေလည်း ပေါ်တော့တာပါပဲ။
ဒီနေရာမှာ အမေရိကန်အဖို့ အခက်အခဲတရပ်ဖြစ်သွားတာ တွေ့ရတယ်။ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ အော်ဟစ် ထားတာကိုလည်း ရပ်လို့မရ၊ OIC မျက်နှာလည်းကြည့်ရ၊ ဗမာအစိုးရနဲ့ စစ်တပ်ကိုလည်း လက်လွှတ်မခံနိုင် ဖြစ်နေတယ်။ သံအမတ်ကြီး စကော့မာစီရယ်ဟာ ‘စစ်ပွဲတွေ ရပ်စဲရေး’ ပါးစပ်ကအော်ပြီး ပြည်တွင်းနေရာအနှံ့ အလှုပ်ရှားဆုံး သံအမတ်ဖြစ်နေတယ်။
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးကတည်းကစလို့ အာဏာရလာတဲ့အစိုးရအဆက်ဆက်ဟာ ဒီနယ်စပ်ကိုကိုယ်ကျိုးအတွက်၊ ကိုယ့် ထောက်ခံသူ မွေးရေး အမျိုးမျိုးလုပ်ကိုင်ခဲ့ကြတာ ကနေ့အထိပါပဲ။
(၂)
အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှု
တနေ့မဟုတ်တနေ့၊ တနေရာမဟုတ် တနေရာ ဖြစ်ကိုဖြစ်ရမယ့်ကိစ္စပါ။ အင်မတန်ကို ဆုံးရှုံးမှုကြီးတဲ့ ဖြစ်ရပ်ကြီးတခုပဲ။ ခုဖြစ်သွားပြီ၊ ဖြစ်ပြီးခဲ့ တာတွေလည်း များလှပြီ၊ ပြုပြင်ပြောင်းလဲချိန် မရောက်သေးလို့ မပြုပြင်ရင် နောင်လည်း ကြုံကြရလိမ့်ဦးမယ်။
ခုဖြစ်ရပ်မှာ နှစ် ၆၀ စစ်အုပ်စု စိုးမိုးအုပ်ချုပ်ခဲ့တဲ့ ကာလအတွင်း စားရသမျှစား၊ ဝါးရသမျှ ဝါးခဲ့ကြလို့ အခွံချည်းကျန်တဲ့ ဝန်ကြီးဌာန၊ အကြွေးများသာ ထားခဲ့တဲ့ ဝန်ကြီးဌာနစသဖြင့် ရှိခဲ့ကြရာမှာ သယ်ယူပို့ဆောင်ရေး(-နဲ့ ဆက်သွယ်ရေး) ဝန်ကြီးဌာနလည်း အပါအဝင်ဖြစ်တယ်။
စုတ်ပြတ်သတ်နေတဲ့ ရေယာဉ်အနည်းအကျဉ်းသာ ရှိတော့တဲ့ ဒီဌာနဟာ တိုးပွားလာနေတဲ့ ခရီးသည်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းမပေး နိုင်တာ ကြာပါပြီ။
ဒီတော့ ပြည်သူတွေက ပုဂ္ဂလိကပိုင် အမြန်ယာဉ်တွေကိုပဲ အားကိုးရပါတော့တယ်။ ခုလည်း သီတင်းကျွတ်ကျောင်းပိတ်ရက်ကလေး အမီ ပြန်ရမှာမို့ အလုအယက် ပြုံတိုးစီးရာက ဖြစ်ပွားသွားတဲ့ ဖြစ်ရပ်တခုပါပဲ။ နိုင်ငံ့အညွန့်အဖူး ကျောင်းသူကျောင်းသားတွေ၊ အနန္တော အနန္တ ဂိုဏ်းဝင် ဆရာဆရာမတွေနဲ့ အပြစ်မဲ့ပြည်သူတွေ (စာရင်းတွေ့ ၇၀ ကျော်) သေဆုံးကြရပါတယ်။ ကျန်ရစ်သူ မိသားစုတွေနဲ့ ဆွေမျိုးသားချင်းတွေ ရင်ကွဲကြရပါပြီ။ ခု ဗမာပြည်မြောက်ပိုင်းမှာ (အချင်းချင်းတိုက်နေတဲ့) တိုက်ပွဲကြီးတခုရဲ့ အသေအပျောက်နဲ့ ချိန်ထိုးကြည့်သင့်တယ်။ ပြော ချင်တာက တပြည်လုံးမှာ (မသေသင့်ဘဲ) သေနေကြရတယ်ဆိုတာပဲ။ ၂ နေရာစလုံး မသေထိုက်ဘူး။
ခုဒီကိစ္စ ပြောဆိုနေကြတာတွေမှာ ယာဉ်ပိုင်ရှင် ယာဉ်မောင်းနဲ့ ရေယာဉ်သမားများကိုပဲ တရားခံအဖြစ် ‘ဇောင်း’ပေး ဖော်ပြနေကြ တာက များတယ်။ သူတို့လည်း တာဝန်ရှိတာ အမှန်ပါ။ တချို့က သမ္မတကြီး မေးမြန်းဖော်မရလို့ အပြစ်ဆိုကြတယ်။သမ္မတကြီး မေးတော့ မေးတယ်။ နောက်ကျတာ ရှိတယ်။ ဒါပေမဲ့ ဗိုလ်သန်းရွှေ နာဂစ်တုန်းက လျှိုနေခဲ့တာနဲ့တော့ မတူဘူးထင်ပါတယ်။
တော်လှန်ရေးကောင်စီခေတ်က ‘ဝန်ကြီး’တာဝန်ပေးထားတဲ့သူတွေကို ‘တာဝန်ခံ’လို့ သုံးတယ်။ အခုလည်း တာဝန်ရှိတဲ့သူတွေ တာဝန်ခံသင့်ပါတယ်။ ရခိုင်ကိစ္စမှာ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေ တာဝန်ယူရမယ်။ အောင်စိုးမိုးကျော်ကိစ္စမှာ ပို့ဆောင်/ ဆက်သွယ် ရေးဝန်ကြီး တာဝန်ယူရမှာပါ။
နိုင်ငံတကာ စံနှုန်းနဲ့ဆိုရင် ကိုယ့်သိက္ခာကိုယ် တန်ဖိုးထားပြီး အလျှိုလျှို နုတ်ထွက်ကုန်ကြပြီပေါ့။ ဒါပေမဲ့ တာဝန်ယူထဲ့ အစဉ် အလာဟာ ဗိုလ် နေဝင်းကတည်းက မရှိတာပါ။ တာဝန်ယူကြေးဆိုရင် ၆၂ ဇူလိုင် အရေးအခင်းကစပြီး နောက်အရေးအခင်းတွေအထိ စက်တိုင်တက်ရမယ့်သူတွေ လျက်ချိုးရေလို့ မကုန်နိုင်ဘူး။ သူများကို လွှဲချတဲ့ အစဉ်အလာသာ ထွန်းကားခဲ့တာကလား။
(၃)
ဆိုင်ရှင်ရုပ်သိမ်းခြင်းနဲ့ ခရိုနီပြဿနာ
ဒီနေ့ ခရိုနီတွေရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ ၆၇ ဘီယီယံကျော် ရှိတဲ့ ဗမာပြည်ရဲ့ GDP ကို ကျော်နိုင်တယ်လို့ တွက်သူက တွက်တယ်။ ဦးသိန်းစိန်လက်ထက် ဗမာပြည်မှာ ဒေါ်လာ ၁ ဘီလီယံအထက် ချမ်းသာသူ လုပ်ငန်းရှင်၂၀ မပြည့်ဘူး။ အခုအချိန်တော့ ၂၀ နဲ့ ၅၀ ကြားအထိ တိုးများလာတယ်။ ဒီလိုဖြစ်သူတွေဟာ လွှတ်တော်အတွင်း လုပ်ပိုင်ခွင့်ရှိသူတဦးနှင့် NLD ထိပ်ပိုင်း ခေါင်းဆောင်တချို့နဲ့ နီးစပ်သူတွေ ဖြစ်နေကြတာ တွေ့ရကြောင်း ဖော်ထုတ်သူက ဖော်ထုတ်တယ်။
ဒေါ်အောင်ဆန်းစုကြည်က ခရိုနီတွေရဲ့ ချမ်းသာကြွယ်ဝမှုတွေကို တိုင်းပြည်အတွက် အသုံးချချင်နေတယ်။ ကောင်းသော ခရိုနီနဲ့ မကောင်းသော ခရိုနီလို့ သရုပ်ခွဲခဲ့တယ်။ အခုပြောတာက “မိမိတို့အတွက် လုပ်ခဲ့ပြီးပြီ။ တိုင်းပြည်အတွက် မိမိတို့နဲ့ ပူးပေါင်းပြီး လုပ်ဆောင်ကြပါ” လို့ ဖိတ်ခေါ်ခဲ့တယ်။ တိုင်းပြည်စီးပွားရေးအခြေအနေ မကောင်းတာက ‘ရက် ၁၀၀ အတွင်း စီးပွားရေး ကောင်းလာ စေရမယ်’လို့ အာမခံတဲ့ ဝန်ကြီးတပါးရဲ့ စကားကို ဖုံးလွှမ်းသွားခဲ့ပါပြီ။ ခု ၆ လ ကျော်လာခဲ့တော့ သမ္မတရော ဒေါ်အောင်ဆန်းစုကြည်ကပါ ဝန်ခံတောင်းပန်ခဲ့ရတယ်။
တိုင်းပြည်မှာ စီးပွားရေးကွာဟမှုက ကြီးသထက် ကြီးလာနေတယ်။ ဝင်ငွေ တရက် ၂၀၀၀ ကျပ်မကျော်တဲ့ သူက ၁၅ သန်းကျော် ရှိလာပါပြီ။ ဒီလို ကွာဟမှု ဖြစ်သွားတာမှာ သူတို့လက်ချက် မကင်းလို့ သူတို့ကို မဏ္ဍိုင်ထား တည်ဆောက်မှာကိုတော့ ပြည်သူတွေက ဘဝင်ကျ လှမယ် မထင်ဘူး။ ကောင်းသောခရိုနီလို့ အရုပ်ရေးကြည့်ရင် ပါးဖောင်း ဗိုက်ပူကြီးတွေပဲ တွေ့ရလိမ့်မယ်။
ဇေကမ္ဘာကြီးက ကြိုပြောထားတာ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို (တိုင်းပြည်အတွက်) အသုံးချရမယ်….တဲ့။
ခုတော့ အသုံးကျလာပြီပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးမှာ ဒေါ်လာ ၈ ဘီလီယံခန့် (၇ ဒဿမ ၇၃ ဘီလီယံ) အကူအညီ ရလာခဲ့တယ်။ ဂျပန်-မြန်မာ စီးပွားရေး ဖိုရမ်တက်ကြဖို့ စီးပွားရေးလုပ်ငန်းရှင်ကြီး ၃၀ ကျော် အဆင်သင့်ဖြစ်ကြပါပြီ။ တိုင်းပြည်ကိုကောင်းအောင် ဘယ်လို လုပ်ကြမလဲ။ စောင့်ကြည့်ပါမယ်။ ဂျပန်ကတော့ အမယ်များလှတဲ့ စီးပွားရေးလုပ်ငန်းတွေ နိုင်ငံအနှံ့ ထူထောင်ထား နိုင်ခဲ့ကြပြီ။
ဆိုင်ရှင်တွေ ရုပ်သိမ်းပြီးတဲ့နောက် ခရိုနီတွေ ခြေလှမ်းစိပ်လာခဲ့တယ်။ မူဆယ်လေယာဉ်ပျံကွင်း ဆောက်လုပ်ခွင့်ရရေးအတွက် ဦးနေဝင်း မြေး ၂ ယောက်ရယ်၊ (ထူး) တေဇနဲ့ ဦးစိုင်းအိုက်ပေါင်းတို့ အပြိုင်ကြဲကြတာ တွေ့လိုက်ရတယ်။ ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လုပ်တော့မယ်။ လူကြားကောင်း ပိတ်လိုက်တဲ့ တခြားဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ဝေဝေစည်စည် ဖြစ်လာတယ်။
ဖဆပလခေတ် ဝန်ကြီးချုပ်ဦးနုက အစိုးရဌာနတချို့ ခြစားမှုတွေများလာလို့ (အဲဒီလူတွေကြား) ထင်ရူးသေတ္တာတလုံး ချပေးလိုက်ရင် တခဏနဲ့ သေတ္တာကြီး ပျောက်သွားလိမ့်မယ်လို့ ပြောခဲ့တယ်။ အခုလည်း စားချင်စရာ အကွက် (ထင်းရှုးသေတ္တာ) တွေ တကွက်ပြီးတကွက် ပေါ်လာနေပါတယ်။ခရိုနီဦးရေလည်း တိုးသထက် တိုးလာတယ်။ ခြကောင်ရေလည်း ပွားသထက်ပွားလာမှာကတော့ အသေအချာပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အချို့မှာတော့ ဝန်ကြီးချုပ်တွေ နုတ်ထွက်ပေး ဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ ကြားလာရပြီ။
(၄)
တရုတ်၊ အမေရိကန်၊ ဂျပန်၊ အိနိ္ဒယနဲ့ မြန်မာ့ နိုင်ငံရေး
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ နိုင်ငံတကာ ခရီးထွက်နေကြတာ သိပ်များပါတယ်။ ပြည်တွင်းမီးတွေဘက် မလှည့်နိုင်သေး၊ တခြားနိုင်ငံတွေကတော့ ပြည်တွင်းမီးပေါ်တာနဲ့ ခရီးစဉ်တွေ ဖျက်လေ့ရှိကြတယ်။ ဒါကို ကြည့်ခြင်းဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ် နှံမှု၊ ဘဏ္ဍာငွေကြေးနဲ့ ကူးသန်းရောင်းဝယ်မှုတွေအပေါ် အခြေစိုက်ထားပြီး ဒီမိုကရေစီရေးအတွက် သူတို့ရဲ့ ထောက်ခံမှု၊ ဖိအားပေးမှုတွေကို အတော် မျှော်ကိုးထားပုံရပါတယ်။
တရုတ်အနေနဲ့ ဘက်စုံက အခြေချထားပြီးပြီ၊ ဂျပန်ကလည်း ထဲထဲဝင်ဝင် လုပ်ထား/ လုပ်နေပါတယ်၊ အိနိ္ဒယက တိုးဝင် နေဆဲဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ အမေရိကန်က အချိန်ယူရပါဦးမယ်။
စုံစုံညီညီဖြစ်လာချိန် ဗမာပြည်ရဲ့ လူမှုဘဝကို မှန်းမျှော်ကြည့်မိတယ်။ (၁) ခရိုနီတွေ ပိုချမ်းသာလာမယ် (၂) ပြည်သူတွေအနေနဲ့ ဆလံပေးရမယ့်သူများလာမယ်၊ ပြည်တွင်းပြည်ပ သူ့တပည့် ကိုယ်တပည့် ခံယူကြပြီး အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲနိုင်တယ် (၃) တိုင်းပြည်အတွင်း တည်ရှိခဲ့/ တည်ရှိတိုးပွားလာနေဆဲ လူဆိုးလူမိုက် (မာဖီးယား) ဂိုဏ်းတွေ အင်အားကောင်းလာမယ်၊ လက်ရဲဇက်ရဲ ပိုလုပ်လာလိမ့်မယ်။ (ခုတောင် ရာဇဝတ်မှုခင်းတွေများလွန်းလို့ တထိတ်ထိတ် တလန့်လန့် ဖြစ်နေကြရပြီ မဟုတ်လား)။
(က) ပြည်နယ်/ နယ်စပ် ပါတီနိုင်ငံရေး – လက်နက်ခဲယမ်းဆိုတာ အလကား ထားလို့ မရ(နိုင်ငံရေးအကျိုး စီးပွားအတွက်) အသုံးချနေ ရမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ပေါ်လစီကြောင့် တိုက်ပွဲတွေ အဆက်မပြတ်ပေါ်နေတယ်။ တိုင်းရင်းသားပါတီတွေရဲ့ အဓိက လုပ်ငန်းက ကိုယ့်အမျိုး သားတွေကို ကယ်ဆယ်ရေး၊ ပြုစုစောင့်ရှောက်ရေးနဲ့ စစ်ပွဲတွေ မဖြစ်ရေး မေတ္တာရပ်ခံတဲ့ ကိစ္စတွေပဲ တဝဲလည်လည် ဖြစ်နေတယ်။ စစ်ဖြစ် နေလေတော့ လူထု တိုးတက်ရာ တိုးတက်ကြောင်း စီမံကိန်းချပြီး မလုပ်နိုင်ကြပါဘူး။
(ခ) ပြည်မပါတီ နိုင်ငံရေး – ပါတီကြီးတွေက ၂၀၁၇ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတာ ရှိတယ်။ ဒီအထဲက စိတ်ဝင် စားစရာပါတီကြီးအချို့ရဲ့ အခြေအနေကို တင်ပြချင်ပါတယ်။
ဒီချုပ်။ ။ အာဏာ (တစိတ်တပိုင်း) ရတာ ၆လ ကျော် ၇လ နီးပါး ရှိပြီ။ ရွေးကောက်ပွဲနိုင်တာ တနှစ် ရှိတော့မယ်။ ကတိစကားတွေနဲ့ ထုတ်ပြန် ချက်တွေပဲ ရလိုက်တယ်။ ဆင်းရဲမွဲတေမှုတွေပဲ ရလိုက်တယ်၊ ဒီချုပ်တက်လာပြီးနောက်မှာ ဒီမိုကရေစီကို မျှော်လင့်ထားတဲ့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားနဲ့ ဒီချုပ်က ကိုမျိုးရန်နောင်သိန်းပင် ဖမ်းဆီးခံရတာ၊ ထောင်ကျခံရတာ စတဲ့ ဒီမိုကရေစီ ပိတ်ပင်ခံရမှုတွေပဲ ရလိုက်တယ်။ အနာဂတ် မျှော်မှန်းချက်တွေ ဘယ်ရောက်ကုန်ပြီလဲ။
ဒီချုပ်အနေနဲ့ အစိုးရပိုင်းနဲ့ ပါတီအပိုင်းရယ်လို့ ၂ ပိုင်းရှိရာမှာ အစိုးရအပိုင်းက တာဝန် မကျေတာ ဝန်ခံသွားကြပြီ။ ပါတီအပိုင်းမှာ ကြည့်တော့ ညီညွတ်မှု ပြိုကွဲနေတာ အထင်အရှားတွေ့နေရတယ်။ လူသိထင်ရှား ရှမ်းပြည်နယ်ဒီချုပ်တွေ ထုတ်လိုက်ရတာ-ဒီချုပ်အမှုဆောင် တွေထဲက တယောက် တပေါက်ကိစ္စ၊ အစိုးရနဲ့ ပါတီထဲမှာ အောက်ခြေလွတ် ဘဝင်မြင့်နေတဲ့သူတွေကြောင့် လူထုရဲ့ ဒဏ်ခတ်ခံရလိမ့်မယ်လို့ ပါတီခေါင်းဆောင်တွေက ပြောနေရတာတွေဟာ စစ်တပ်အကြိုက်၊ ကြံ့ဖွံ့အကြိုက်ဖြစ်နေတယ်။ ပိုထင်ရှားတဲ့ စာရင်းဇယားတခုက “ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦး ရှိတဲ့အနက် ၃၀ ကျော်လောက်က မသင့်မတင့် ဖြစ်နေတယ်”လို့ ထုတ်ပြန်လာ ပါတယ်။(ကိုယ့်ပါတီကိုတောင် ရင်ကြားမစေ့နိုင်ပါလား။) ဒါပေမဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ နေရာစေ့ဝင်ပြိုင်မယ်၊ နေရာတိုင်းမှ နိုင်ရမယ်လို့ ပြောထားခဲ့တယ်။
ကြံ့ဖွံ့။ ။ သူလည်း နေရာစေ့ ဝင်ပြိုင်မယ့် အဖွဲ့ဖြစ်တယ်။ လစ်လပ်မဲဆန္ဒနယ် ၃၄ နေရာအနက် အခုကျင်းပမယ့် ၁၉ နေရာစလုံး ဝင်ပြိုင်မယ့် ကိုယ်စားလှယ်အားလုံး အနိုင်ရအောင် စီမံထားတယ်လို့ ပြောပါတယ်။ ဒီပါတီအကြောင်း ခုအချိန် ပြောရာမှာ စိတ်ဝင်စားစရာ ၂ ချက် ရှိပါတယ်။ (၁) က ၂၀၁၅ ရွေးကောက်ပွဲမှာ ဖရိုဖရဲဖြစ်သွားပြီးတဲ့နောက် ဥက္ကဋ္ဌ အသစ်တယောက် တက်လာတာ ဖြစ်တယ်။ စစ်ဗိုလ်ဟောင်းပါပဲ။ (၂) နောက်တချက်က သူ့ပါတီရဲ့ ပေါ်လစီ ကြေညာချက်ဖြစ်တယ်။ ဒီအထဲမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးစတာတွေဟာ လက်တွေ့မှာ ကို့ယို့ ကားယားတွေချည်းပဲ။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ပွင့်လင်းမြင်သာမှု ဟူသည့် အသုံးအနှုန်းများသည် လက်တွေ့မကျဘဲ လူ့အခွင့်အရေး ကို အကြောင်းပြပြီး အမျိုး ဘာသာ သာသနာကို ထိခိုက်နိုင်သည်/ မိမိတို့ပါတီ၏ ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းစဉ်သည် အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေး ဖြစ်သည်/ ပြည်သူလူထု၏ စားဝတ်နေရေးနှင့် လုံခြုံရေးသည် ဒုတိယ ဦးစားပေးဖြစ်ပြီး လူ့အခွင့်အရေးထက် အရေးကြီးသည်…. လို့ သူ့အင်တာဗျူးမှာ ပြောခဲ့ တယ်။ ကွယ်လွန်သူဝန်ကြီး ဦးအောင်သောင်းရဲ့ လုပ်ငန်းစဉ်တွေမို့ အသစ်မဟုတ်ပါဘူး၊ စစ်တပ်ရဲ့ မူဝါဒတွေနဲ့ စည်းမကွဲလှပါဘူး။ ဦးအောင်သောင်း လက်ထက်က ပေါ်ပေါက်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး ထိပ်တိုက်တွေ့မှုများ အကြမ်းဖက်သတ်ဖြတ်မှုများဆီ ဦးတည်ထားမို့ အန္တရာယ် ကြီးလှပါတယ်။
တစည။ ။ ကလည်း နေရာစေ့ပြိုင်မယ်လို့ ဆိုပါတယ်။ သူတို့လည်း တနိုင်ငံလုံး ပြိုင်ခဲ့ပြီ။ ၁ နေရာသာ ရခဲ့ပေမယ့် ဘဏ္ဍာရေး တောင့်တဲ့ပါတီမို့ ပြိုင်နိုင်ကြပါတယ်၊ အမာခံ ကေဒါကြီးတွေကလည်း အသက်အရွယ် ကြီးကုန်ကြပါပြီ။ ပြန်လည်ဖွဲ့စည်းမှုတွေ လုပ်လိုက်ကြပေမယ့် နုပျိုသစ်လွင် မလာပါဘူး။ ကြံ့ဖွံ့က နောင် ၅ နှစ် နောင် ၁၀ နှစ် ကြွေးကြော်သံတင် စိတ်ကူးယဉ်ထားကြပေမယ့် သူတို့ စိတ်ကူး မယဉ်နိုင်ကြပါဘူး။
ပြည်မထဲက ကျန်တဲ့ပါတီတွေကတော့ အိမ်ဖြည့်အဆင့်ပဲ ရှိပါတယ်။ ပါတီကြီးတွေ အဓိက ပြိုင်ရမှာက တိုင်းရင်းသား ပါတီတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လက်ရှိဒီချုပ်အနေအထားအရ ပြီးခဲ့တဲ့ ရွေးကောက်ပွဲလောက်တော့ မနိုင်နိုင်ဘူး….လို့ တွက်ပါတယ်။ မနိုင်လည်း သူတို့အဖို့ လွှတ်တော်နဲ့ အစိုးရ အဖွဲ့အနေအထားကို ဒီအတိုင်း ဆက်ထိန်းထားနိုင်မှာပါ။
(၅)
တိုင်းရင်းသားများနဲ့ NCA ကိစ္စ
– တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ထက်ရောက်ခွင့်ရမှသာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း၊ ချန်လှပ်ထားတဲ့ ၃ ဖွဲ့ကို ဖိတ်ကြားဖို့ နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေက ညီလာခံ ပူးတွဲ ကျင်းပရေးကော်မတီစည်းဝေးပွဲမှာ တိုက်တွန်းခဲ့ကြတယ်။
– ဒေါ်အောင်ဆန်းစုကြည်က UNFC ကို လက်မှတ် အရင်ထိုး၊ ကျန်တာတွေ နောက်မှ ဖြေရှင်းဆိုတဲ့သဘောထား
– ကာချုပ်ကတော့ လက်နက်အရင်စွန့်ဖို့ ပြောထားခဲ့တယ်
– ဒီ ၃ ဦးရဲ့ အမြင်အယူအဆတွေ မတူကြတာကတော့ မြင်တဲ့အတိုင်းပဲ။ သိပ်သိသာတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးဖြစ်စဉ် ၅ နှစ် ကြာဦး မယ်လို့ NCA တာဝန်ခံတဦးက ပြောခဲ့တာဖြစ်မယ်။
ဒီအခြေအနေမှာ စစ်တပ် ဘာလုပ်နေသလဲ။ တိုက်ပွဲတွေ ဆက်တိုက်ဖော်နေတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေအတွင်း သပ်လျှိုတဲ့ လုပ်ငန်းလုပ်တယ်။ ဝနဲ့ မိုင်းလားကိစ္စ၊ RCSS နဲ့ TNLA ထိပ်တိုက်တိုးမှု၊ DKBA အတွင်း ခလောက်ဆန်မှုစတာတွေမှာ သူ့လက်ရာတွေ မကင်းဘူး။ အားနည်းသွားတဲ့အပိုင်းကို ဝင်စားတယ်။ ချုပ်လိုက်ရင် တပြည်လုံး မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်။
ဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စကားတခွန်း ကျွံထွက်သွားတာ ရှိတယ်။ ဂျပန်ပြည်မှာ ပြောခဲ့တာ ဖြစ်တယ်။ “ပြည်တွင်းစစ် မရပ်စဲတာရဲ့ အဓိက အခက်အခဲက စစ်မရပ်ချင်တဲ့ စိတ်ဓာတ်တွေကြောင့် ဖြစ်တယ်”….ဆိုတဲ့စကား၊ မှားသလား ဆိုတော့ မမှား ဘူး။ ပညာရှိ ဆန်ဆန် ပြောလိုက်တာပါ။ ပြဿနာတက်သွားတာက အဲဒီစိတ်ဓာတ်မျိုး ဘယ်သူ့ဆီမှာ ရှိသလဲ ….ဆိုတာ ထည့်ပြောမသွား တာပဲ။ ဒီစိတ် ဓာတ်မျိုးက စစ်နဲ့အကျိုးရှိနေတဲ့ စစ်ကြောင့် အာဏာကိုင်ထားနိုင်တဲ့ စစ်အုပ်စုဆီမှာပဲ ရှိတာဖြစ်တယ်။ တိုင်းရင်းသား တဦးက တော့ “ထိုးစစ် လုပ်နေတဲ့ သူဟာ ငြိမ်းချမ်းရေး မလိုလားလို့ပဲ” …. လို့ ထောက်ပြသွားတယ်။
(၆)
နိဂုံး
ဒေါ်အောင်ဆန်းစုကြည်က “ဗမာပြည်ဟာ သမိုင်းသစ်ကို ရေးထိုးချိန်” လို့ သတ်မှတ် ပြောဆိုထားတယ်။
ကျွန်တော်တို့ စိုးရိမ်နေတာက ခရိုနီကိစ္စ။ လယ်ယာ အခြေခံနိုင်ငံမှာ စိုက်ရသမျှ အကုန်စိုက်၊ စားရသမျှ အကုန်စား၊ လူဦးရေ ၇၀ ရာခိုင်နှုန်းအထိ ရှိတဲ့ လယ်သမားအရေးကို အဓိက အာရုံစိုက် ဖြေရှင်းရမယ့်အစား ခရိုနီတွေက စားရသမျှ အကုန်စား၊ ဝါးရသမျှ အကုန်ဝါးခဲ့ တယ်။ လေယာဉ်ကွင်းလည်း မရှောင်၊ တံတားတွေ၊ လမ်းတွေ၊ ဓာတ်သတ္တုတွေ၊ လက်နက်ခဲယမ်း၊ လေယာဉ်၊ သံချပ်ကာကား၊ အမြောက်၊ တင့်ကား အကုန် ဝါးခဲ့တယ်။ မြေကြီးတွေတောင် အလွတ်မပေး ဧကသိန်းချီ ဝါးခဲ့တယ်။ ခုလည်း ဝါးကြတော့မယ်။ လူတန်းစား ကွာဟချက် ကြီးပြီး မခံမရပ်နိုင်ဖြစ်ကြ မှာ စိုးရိမ်ပါတယ်။
နောက်တခုက NCA ကိစ္စမှာ စစ်တပ်သဘောထားအတိုင်း သတ်မှတ် အကောင်အထည်ဖော်လိုက်မှာကို ဖြစ်တယ်။
ဆင်းရဲတွင်းနက်သထက် နက်လာပြီဖြစ်တဲ့ ပြည်သူတွေအနေနဲ့ ဒီထက်ပိုပြီး ဆင်းရဲဒဏ်ကို ခံနိုင်ကြတော့မယ် မထင်ဘူး၊
‘သမိုင်းသစ်’ဆိုတာ ကောင်းသောသမိုင်း ဖြစ်ဖို့လိုပါတယ်။
သမိုင်းသစ်ကို ၂၀၀၈ အောက်က ရေးထိုးလို့မရကြောင်း ဒီချုပ်ခေါင်းဆောင်များ မြင်သိလာတဲ့အထိ လူထုကစိတ်ရှည်သည်းခံ စောင့်ဆိုင်းနေလိမ့်မယ်လို့ ယူဆနေရင်တော့ သမိုင်းသင်ခန်းစာ မယူတတ်တာပဲ ဖြစ်ပါလိမ့်မယ်၊
အေးငြိမ်း
(၇၊ ၁၁၊ ၂၀၁၆)