၂၁ရာစု ဘုရင်ရူး

By | October 24, 2021

၂၁ရာစု ဘုရင်ရူး(သတင်းနဲ့မှတ်ချက်)မောင်သန်းမြရွှေအာဆီယံနောက်မှာ အရှေ့အနောက် UN အားလုံးရှိနေကြတယ်။ အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပေးမတက်တဲ့အထိ ဖိအားပေးလာကြပြီ။ အမ်ကယ်ဆမ်ကလည်း နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိ Derek Chollet ဆိုသူကိုလွှတ်ပြီး ထိုင်း မလေး စင်ကာပူ ကတဆင့် စီးပွားဒဏ်ခတ်ဖို့ ဖိအားပေးလာတယ်။ နိုင်ငံတကာ သံတမန်တွေအားလုံးလိုလိုက လူထုကြီးရဲ့ နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲကို လူထုကြီးရဲ့ ခုခံကာကွယ်မှုအဖြစ်၊ ကိုယ့်အားကိုယ်ကိုး ရုန်းကန်တွန်းလှန်မှုအဖြစ် အလေးထားလာကြရပါတယ်။ အာဆီယံကိုယ်စားလှယ်ကို ဒေါ်စုနဲ့ပေးမတွေ့လို့ မအလကို အာဆီယံထိပ်သီးဆွေးနွေးပွဲ ပေးမတက်ဘူး ဆိုတာက မြင်သာတဲ့ အကြောင်းအချက်တခုသာပါ။ တကယ့်အကြောင်းအချက်က မအလ စစ်အုပ်စုကို လူထုကြီးက ခံချနေလို့ ဖြစ်တယ်။ ဗမာပြည်တော်လှန်ရေးဒီရေကို (သူတို့မှာ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေသည်ဖြစ်စေ၊ အသိအမှတ် မပြုလို့မရ) အသိအမှတ်ပြုလာတာ ဖြစ်တယ်။ စစ်ကောင်စီကြေးစားတပ်ဟာ စစ်ရေးအရ နိမ့်ပါး၊ အမှည့်ခြွေခံနေရ၊ လူထုကိုနှိပ်ကွပ်လို့မရ ဖြစ်နေလို့ပဲ။ ဗမာပြည်ပြည်တွင်းစစ် သည်းသန်လာပြီဆိုတာ အားလုံးက ပြောလာနေတာပါ။ စီးပွား လူမှု အုပ်ချုပ်ရေး ဖရိုဖရဲဖြစ်နေတာတွေလည်း မြင်သာပါတယ်။ဒါပေမဲ့ မအလဟာ ခေါင်းမာနေဆဲပဲ။ နိုင်ငံအရေးအရလိမ်ညာ၊ သံတမန်ရေးအရခေါင်းမာ၊ စစ်ရေးအရထိုးစစ်ဆင်ဖို့ လုပ်နေတာပါ။ ပဒေသရာဇ်ဘုန်းတော်ဘွဲ့ကို တမ်းတထားတဲ့ အနော်ရထာစစ်ဆင်ရေး အမည်ပေးထားတဲ့ ထိုးစစ်ဆိုလားပဲ။ ထိုးစစ်ဆိုတာ ဝိုင်းပတ်ချေမှုန်းတာပါ။ တပြည်လုံး ကျယ်ပြန့်တဲ့ စစ်မျက်နှာဖြစ်နေတာ၊ စစ်ဂွင်(ခွင်)ကျယ်နေတာ၊ လူထုကြီးတရပ်လုံး တောရော မြို့ပါ ဆန့်ကျင်မှုခံနေရတာ၊ တပ်မဖြန့်ရဲတာ၊ စခန်းငယ်လေးတွေ ဖြန့်မထားရဲတာ၊ လက်နက်ကြီး ယန္တရားနဲ့လေတပ်အကူ မပါရင် မတိုက်ရဲတာ၊ ထောက်ပို့မလိုက်နိုင်တာ၊ ထောက်ပို့လမ်းကြောင်း ရှည်လို့မရတာ၊ တပ်ပြေးတွေများလာတာ စတာတွေဟာ တကယ့်အခက်အခဲတွေပါ။ စစ်ဆင်ရေးကာလ နည်းနည်းရှည်လာတာနဲ့အမျှ ကြေးစားတပ်စစ်ပန်းလာချိန် ရန်သူအားပျော့တဲ့နေရာ ကို စုတိုက်ပြီး ရန်ပန်းငါတိုက် ရန်ပြေးငါလိုက် တိုက်ဖို့လိုပါတယ်။ ထိုးစစ်ဆိုတာ မိမိအင်အားကြီးထွားဖို့ အခွင့်ကောင်းဖြစ်ကြောင်း သိဖို့လိုပါတယ်။ ရန်သူ့ထိုးစစ်ကို ရိုက်ချိုးနိုင်တာနဲ့အမျှ ၊ ရန်သူကို ချေမှုန်းနိုင်တာနဲ့အမျှ မိမိအင်အားကြီးထွားမှုအတွက် အခွင့်သာမှုကို ဖြစ်စေနိုင်ပါတယ်။ ဒီအချိန်မှာ ကိုယ်က စိတ်ကူးယဉ်ပြီး ဒေါ်စုလွတ်ရေးထိပ်တင်၊ ရတဲ့ဈေးနဲ့ အပေးအယူလုပ် စေ့စပ်ဖို့ လုပ်နေရင် မှားမယ်။ ဒေါ်စုနဲ့ နိုင်ကျဉ်းအားလုံးလွတ်ရေးဟာ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေး ကြီးထွားလာမှု၊ မအလစစ်ကောင်စီ အထိနာရှုံးနိမ့်မှုရဲ့ နောက်ဆက်တွဲရလဒ် ဖြစ်လာမှာပါ။ စစ်အုပ်စုအဆက်ဆက်ဟာ များများသတ် များများဖမ်းပြီး အလီလီလွှတ်တဲ့ လွတ်ငြိမ်းချမ်း သာခွင့်ဆိုတာကို နိုင်ငံရေးလက်နက်အဖြစ် တလျှောက်လုံး အသုံးချခဲ့တာပါ။ သံတမန်ရေးတိုက်ပွဲဆိုတာ မိမိတို့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီး အကျိုးအတွက် နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်မြင်ရေးအတွက် ဖြစ်ဖို့ လိုပါတယ်။ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးရော သံတမန်ရေးတိုက်ပွဲပါ စစ်အုပ်စုနဲ့ ရင်ကြားစေ့နိုင်အောင် ဖိအားပေးရေး မဟုတ်ပါဘူး။၂၁ရာစုမှာ ဘုရင်ရူးတွေအတွက် နေရာမရှိတော့ပါဘူး။ မောင်သန်းမြရွှေ (၂၃ အောက်တိုဘာ ၂၀၂၁)

Leave a Reply

Your email address will not be published. Required fields are marked *