အသွားစေခိုင်းသူ မင်းဧကရာဇ်

By | June 24, 2014

မဟာသန္တိသုခ အရေးနဲ့ပတ်သက်လို့ ရဟန်းရှင်လူတွေရဲ့ မကျေနပ်မှု ပိုပိုပြီး တိုးပွားများပြားလာတာနဲ့အမျှ အစိုးရကလည်း ဓားစားခံတွေကို တယောက်ပြီးတယောက် ဆွဲထုတ်အရေးယူနေတယ်။ တရားခံလက်သည်အစစ်ကို ဖုံးဖိဖျောက်ဖျက်ပေးဖို့ ဝိုင်းကူကြိုးပမ်းနေသူတွေဟာ ဘယ်သူက ဘာလဲဆိုတာ ပိုမိုသဲကွဲစွာ မြင်လာရချိန် ဖြစ်တယ်။

အခု ဦးအံ့မောင်ကို ဓားစာခံအဖြစ် ထိုးကျွေးချင်တဲ့ သဘောမျိုးလဲ တွေ့လာရတယ်။

ဦးဆန်းဆင့်က တရားခံလား။

ဦးအံ့ မောင်က တရားခံလား။

ဆန္ဒန်ဆင်မင်း ၀တ္ထုကို သွား သတိရမိတယ်။

မှတ်မိသလောက် (အစွယ်လိုသူ မိဘုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ကျွန်တော်မျိုး၊ ဤသုံးဦးသားအနက်မှ ကံကွက်ကြား၍ ငမိုက်သား မုဆိုးလေ၊ နင်ချည်းပင် သေစေတော့ဟု) ဆိုတဲ့ စကားကို မုဆိုးပြောစကားအနေနဲ့ ရေးထားတယ်။

ဦးပုည ခွဲခြမ်းစိတ်ဖြာတဲ့ နည်းလိုပဲ နိုင်ငံရေးမှာ ဓားစာခံအဖြစ် ဆွဲထုတ်အသတ်ခံလိုက်ရတဲ့ အခိုင်းခံရသူတွေနဲ့ ပင်မလက်သည်တရားခံ ခွဲကြည့်ကြဖို့လိုတယ်၊

မဟာသန္တိသုခ အရေးမှာသာမက လက်ပံတောင်းအရေးလိုကိစ္စအပါအဝင် ဘယ်အရေးကိစ္စမှာမဆို မြန်မာပြည်ရဲ့ နိုင်ငံရေး အရေးကိစ္စတွေမှာ အဓိကတရားခံ စစ်အစိုးရဟာ သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြစ်တင်စွပ်စွဲလာမယ့်အရိပ်အခြေမြင်ရင် သူလက်သတ်မွေးထားသူတွေကိုပဲ တရားခံအဖြစ် ဆွဲထုတ်ကာ (သုသာန်ထုတ် ဓားခုတ်သတ်စေ) လုပ်ခဲ့တာချည်းပဲ။ ကိုယ်မွေးထားတဲ့သူပဲ ဆိုပြီး ညှာလိမ့်မယ် မထင်နဲ့။

အရေးအခင်း အမှုကိစ္စတွေမှာ သူတို့ ဘယ်လိုပဲ ဖုံးဖုံး၊ ပြည်သူ့ဘက်တော်သားတွေကတော့ နောက်ကွယ်က တရားခံ အစစ်အမှန်ကို တန်းခနဲ မြင်တာချည်းပါပဲ။ ပြည်သူ့ခုံရုံး မတင်နိုင်သေးတဲ့ ကာလမို့ တရားခံကို ကုပ်ဆွဲပြီး ထုတ်မပြနိုင်သေးဘူးပေါ့။

နောက်တချက်က ဆန္ဒန်ဆင်မင်းကို သတ်ရာမှာ ကျင့်သုံးတဲ့ နည်းဗျူဟာကို စစ်အစိုးရ ကျင့်သုံးချင်နေတာကိုလည်း သတိပြုသင့်တယ်။

သားသတ်မုဆိုးက ဘုရားလောင်း ဆန္ဒန်ဆင်မင်းကို သတ်ဖို့ သင်္ကန်းကို ယူသွားပြီး သင်္ကန်းခြုံလိုက်တာပဲ။ သူ့ကို ဆန္ဒန်ဆင်မင်က အစွယ်နဲ့ ထိုးသတ်မယ်လုပ်တော့လဲ အစွယ်ပေါ် သင်္ကန်း ပစ်တင် ပေးလိုက်တာပဲ။

ဘုရားအလောင်း သူမြတ်ကောင်းကို ဘုရားလိုဏ်ခေါင်း၊ အောင်း၍ မာန်သွေး၊ ဟောင်းသည့်ခွေး-ဆိုပြီး မုဆိုးကို ပြစ်တင်ရှုတ်ချတဲ့စကားကိုလဲ သတိရမိပြန်တယ်။

ဘုရားလိုဏ်ခေါင်း၊ အောင်း၍မာန်သွေးပြီး ဟောင်နေကြတာတွေရော၊ သားသတ်မုဆိုးလိုပဲ သင်္ကန်းခြုံပြီး သားသတ်နေကြတာတွေရော ဒီကနေ့ တွေ့နေရပြီ မဟုတ်လား။

ဒီနေ့ ဗမာပြည်ပြဿနာက ပိုဆိုးတယ်။

သံဃာထုကြီးတရပ်လုံးကို ဖြိုခွဲချေမှုန်းဖို့အတွက် သားသတ်မုဆိုးတွေရဲ့ လက်ထဲ ဧကရာဇ်က သင်္ကန်းတွေ ထုတ်ပေးပြီး အယုတ်မာဆုံးနည်းလမ်းတွေနဲ့ ခိုင်းစေထားတာကြောင့်ပဲ။

Leave a Reply

Your email address will not be published. Required fields are marked *