ဒီမိုကရေစီနဲ့အစိုးရ

By | February 23, 2014

နိုင်ငံတနိုင်ငံ၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းတခုမှာ ဒီမိုကရေစီဘယ်လောက် ခံစားခွင့်ရှိရမယ်ဆိုတာကို ဘယ်သူက ပြဋ္ဌာန်းသလဲ။ ဘယ်သူက ဆုံးဖြတ်တာလဲ။

ပြည်သူတွေဟာ ကိုယ်နဲ့တန်တဲ့အစိုးရ၊ ကိုယ်နဲ့တန်တဲ့စနစ်သာ ရကြတယ်ဆိုတဲ့ ပြည်ပက ပြောဆိုတာတွေကို ဗမာပြည် နိုင်ငံရေးထဲ ဆွဲယူလာလို့ ပြောကြဆိုကြတာတွေ ဖြစ်ခဲ့ဖူးတယ်။ တချို့ကတော့လည်း “လူတွေဟာ ကိုယ်နဲ့တန်တဲ့ ဒီမိုကရေစီပဲရတယ်” လို့ ပြောကြပြန်တယ်။ ဒါကြောင့် ပြည်သူလူထုကို ဒီမိုကရေစီကို နားလည်အောင်၊ ဒီမိုကရေစီနဲ့ ထိုက်တန်အောင် နေတတ်ဖို့ သင်ပေးရတယ်လို့လည်း ပြောသူက ပြောပါတယ်။ ဒီလိုအောက်တန်းကျတဲ့၊ တာဝန်မဲ့တဲ့ စကားမျိုးကို အထူးချေပနေစရာမလိုပေမယ့် ဒီကိစ္စနဲ့ ဆက်နေတဲ့ အကြောင်းအရာတခုကိုတော့ ထောက်ပြလိုပါတယ်။

နိုင်ငံရေးမှာ နိုင်ငံတနိုင်ငံကို အရင်းရှင်နိုင်ငံ၊ ဆိုရှယ်လစ်နိုင်ငံ၊ ပဒေသရာဇ်နိုင်ငံ၊ ကိုလိုနီနိုင်ငံ စသဖြင့် ခေါ်ဆိုလေ့ရှိတာ လူတိုင်းအသိပါ။ ဒီလိုခေါ်ဆိုတာဟာ အဲဒီနိုင်ငံမှာ အဓိကကျင့်သုံးနေတဲ့ စီးပွားရေး/နိုင်ငံရေးစနစ်အရ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ ကောင်းပြီ- ဒီနေရာမှာ ကျင့်သုံးဆိုတဲ့စကား ပါလာပါတယ်။ ဒါဖြင့် အဲဒီစနစ်ကို ဘယ်သူက ကျင့်သုံးတာလဲ။ ဘယ်သူက ချမှတ်တာလဲ။

ပြည်သူလူထုမှာ ကိုယ်ကြိုက်ရာ ရွေးချယ်သတ်မှတ်ခွင့် ရှိသလား။ တတိုင်းပြည်လုံးကိစ္စ ပြောတာပါ။ တနေရာတည်း၊ တအိမ်တည်းအတွက် ပြောတာမဟုတ်ပါဘူး။ ရှင်းပါတယ်။ ပြည်သူလူထုမှာ ဒီအခွင့်အရေး မရှိပါဘူး။ ဒါတွေအားလုံးကို ပြဋ္ဌာန်းသတ်မှတ်တာဟာ အုပ်စိုးသူအစိုးရပါ။ အိမ်တအိမ်မှာ အိမ်စည်းကမ်းကို အိမ်ထောင်ဦးစီးက သတ်မှတ်တာလိုပါပဲ။ အုပ်စိုးသူအစိုးရ/အာဏာရအုပ်စု/လူတန်းစားဟာ အဲဒီအချိန်ကာလအတွင်းမှာ သူ့အုပ်စိုးမှုကို ခိုင်မြဲစေတဲ့၊ အကာအကွယ်ပေးတဲ့၊ ဒါ့အပြင် သူ့အကျိုးစီးပွားကို တိုးတက်ကြီးပွားစေတဲ့ စနစ်တရပ်ကိုပဲ ရွေးချယ်သတ်မှတ်ကျင့်သုံးပါတယ်။ ဒါဟာ နိုင်ငံတိုင်း၊ အစိုးရတိုင်းပါ။ ခြွင်းချက်မရှိပါဘူး။

ဒါနဲ့တပါတည်း ဒီတိုင်းပြည်ထဲက လူထုတွေကို ဘယ်လောက်လွတ်လပ်ခွင့် ပေးမယ်ဆိုတာကိုလည်း အခုရေးခဲ့တဲ့ အချက်တွေကိုထောက်ပြီး သတ်မှတ်တာ ဖြစ်ပါတယ်။ ဆိုလိုတာ ဒီမိုကရေစီဘောင်အကျယ်အ၀န်းပါ။ ပြည်သူလူထုမှာ ကိုယ့်ဘာသာသတ်မှတ်၊ တိုးချဲ့လို့ မရပါဘူး။ တိုးချဲ့ဖို့လုပ်ရင် အုပ်စိုးသူတွေနဲ့ ပဋိပက္ခဖြစ်ပါတယ်။

အုပ်စိုးသူက အဲဒီလိုဒီမိုကရေစီအခွင့်အရေးတွေကို သတ်မှတ်တာမှာ အဓိကအားဖြင့်က တရားဥပဒေဆိုတာတွေ ဖြစ်ပါတယ်။ တရားဥပဒေဆိုရာမှာ တချို့က ဒီမိုကရေစီနဲ့မပတ်သက်တာ – ဥပမာ “မြန်မာဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းဥပဒေ” ဆိုတာမျိုး – ရှိသလို ဖွဲ့စည်းပုံအခြေခံဥပဒေလိုဟာကတော့ တိုက်ရိုက်ကို သက်ဆိုင်နေပါတယ် (တခြားတိုက်ရိုက်သက်ဆိုင်တဲ့ ဥပဒေတွေလည်း ရှိပါသေးတယ်)။ အုပ်စိုးသူတွေဟာ ဒီလို သူတို့စိတ်ကြိုက် ရေးဆွဲချမှတ်ထားတဲ့ ပုဒ်မ (၁၈) လို တရားဥပဒေဆိုတာတွေနဲ့ ချုပ်ကိုင်တာအပြင် ဥပဒေပြင်ပက၊ ဥပဒေထဲမှာ မပါတဲ့ နည်းတွေနဲ့လည်း ချုပ်ကိုင်ပါသေးတယ်။ ဥပမာ ထင်သလိုဖမ်း၊ ထင်သလိုညှဉ်းပမ်း၊ ထင်သလိုသေစေတာမျိုးပါ။ အခုတလော ကြံ့ဖွတ်စစ်အစိုးရ တွင်တွင်လုပ်နေတဲ့ အိမ်တွေ ဖျက်၊ လယ်တွေလု လုပ်နေတာတွေဟာလည်း ဥပဒေပြင်ပက လုပ်ရပ်တွေ ဖြစ်ပါတယ်။

ဒါတွေက ပြနေတာက တိုင်းပြည်တပြည်မှာ ဒီမိုကရေစီဘယ်လောက်ထွန်းကားတယ်ဆိုတာ အုပ်စိုးတဲ့အစိုးရအပေါ် မှာပဲတည်တယ် ဆိုတာပါပဲ။ ကျေးပိုင်ကျွန်ပိုင်ခေတ်ကနေ ကနေ့ခေတ်အထိ နိုင်ငံအသီးသီးမှာ ဒီလိုရှိခဲ့ပါလျက်နဲ့ ပြည်သူလူထုကို ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့လူတွေဖြစ်အောင် သင်တန်းပေးတယ်ဆိုတာဟာ တကယ့်တာဝန်ရှိသူကို အာရုံလွဲအောင်လုပ်တာ၊ ဒါမှမဟုတ် အကာအကွယ်ပေးတာ၊ သက်သာအောင်ပြောရရင် မရောင်ရာဆီလူးတာ ဖြစ်ပါတယ်။ တိုင်းပြည်မှာဒီမိုကရေစီထွန်းကားအောင် တကယ်လုပ်ချင်ရင် အုပ်စိုးတဲ့လူတွေကိုသာ သင်တန်းပေးရပါမယ်။ ဒါဟာ ဖြစ်နိုင်ပါသလား။

ဒီနေ့ အနောက်နိုင်ငံတွေ ပြောနေကြတဲ့ သူတို့ရဲ့ဒီမိုကရေစီတွေ- အမေရိကန်၊ ပြင်သစ်၊ အင်္ဂလိပ်- တို့ရဲ့ ဒီမိုကရေစီတွေကို ဘယ်လိုရခဲ့ကြပါသလဲ။ လက်ဖြန့်တောင်းပြီး ရခဲ့ကြတာလား၊ သင်တန်းတွေပေးပြီး ရခဲ့ကြတာလား၊ ကြားတနိုင်ငံ ၀င်ဖြန်ဖြေပေးလို့ ရခဲ့ကြတာလား။ အားလုံးပြင်းထန်တဲ့တိုက်ပွဲတွေ ရေရှည်ဝင်ပြီးမှရခဲ့ကြတာ ဖြစ်တယ်ဆိုတာ သမိုင်းစာအုပ်တိုင်းက အတိအလင်းဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published.