တန်ရာတန်ရာပြောပါစေ
ပြီးခဲ့တဲ့ဇန္န၀ါရီလ ၁ရက်နေ့က ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုမြိုင်မှာကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲမှာ ၀န်ကြီးဗိုလ်အောင်မင်းက သူတို့လုပ်နေတဲ့“ငြိမ်းချမ်းရေး”ဟာ ပင်လုံညီလာခံထက်ကျယ်ပြန့်တယ်လို့ ပြောသွားတာကြား လိုက်ကြမယ် ထင်ပါတယ်။ သူ့စကားလုံးအတိအကျက “ကျွန်တော်တို့ ဒါလုပ်တာ ပင်လုံထက်ကျယ်ပြန့်တယ်” တဲ့။
ရာရာစစ။
သူအကြောင်းပြတာက ပင်လုံညီလာခံတုန်းက တိုင်းရင်းသား ၄ မျိုးသာ ပါဝင်ပြီး အခုသူတို့ MPC က လုပ်နေတဲ့ လုပ်ငန်းမှာတော့ တိုင်းရင်းသားအများကြီးပါတယ်လို့ ဖြစ်ပါတယ်။
အရေအတွက်စကား ပြောလှပါကလား။ ဗမာပြည်မှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အကြံပေးထားတဲ့ အချက်အလက်ပေါင်း ၃ သိန်းကျော် ရှိတယ် – – – ။ ခြောက်စားကနေ ဟောက်စားကို ပြောင်းလဲထားတဲ့ ကာလပေကိုး။ အရေအတွက်ပြောကြမှာလား၊ အရည်အချင်းပြောကြမှာလား။
ပင်လုံတုန်းက အချိန်အခါကတောင်းဆိုနေတဲ့၊ တနည်း-ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးကိစ္စသက်သက်ကိုပဲ ဆွေးနွေးကြတယ်။ အခု သူတို့လုပ်နေတာက အချိန်အခါက တောင်းဆိုနေတဲ့ နိုင်ငံရေးကို တမင်ရှောင်လွှဲနေတာ။
ပင်လုံတုန်းကရည်ရွယ်ချက်ဟာ တတိုင်းတပြည်လုံး ဗြိတိသျှလက်အောက်က လွတ်မြောက်ဖို့ဖြစ်တယ်။ အခု အရပ်သားတပိုင်း စစ်အစိုးရ လုပ်နေတာက တတိုင်းတပြည်လုံးကို စစ်အာဏာရှင်လက်အောက်မှာ ရေရှည်ချုပ်ကိုင်ထားရေးအတွက်ဖြစ်တယ်။
ပင်လုံကျင်းပနေတုန်းက ဗြိတိသျှအစိုးရက အသာလက်ရှောင်နေတယ်။ အခုသူတို့က “ငြိမ်းချမ်းရေး” အတွက် ဆွေးနွေးနေတဲ့ကာလမှာ သေနတ်သံတွေမှ တဒိုင်းဒိုင်း၊ ထိုးစစ်တွေက တဖြိုင်းဖြိုင်း။
ပင်လုံညီလာခံမှာ တိုင်းရင်းသားတွေဘက်က ပြည်ထောင်စုကြီးအပေါ် သစ္စာရှိမယ်ဆိုတာကလွဲရင် ဘာမှမပေးကြရဘူးဆိုတာ မေ့သွားပြီလား။ အခုတော့ စစ်တပ်တွေ ဖျက်ပေးရမယ်၊ လက်နက်တွေ ထိုးပေးရမယ်၊ ကိုယ့်နယ်ထဲက သယံဇာတတွေကို စစ်ခရိုနီတွေလက်ထိုးပေးကြရမယ်၊ ကိုယ့်ဂုဏ်သိက္ခာတွေလျှောချပေးကြရမယ်။ တန်သလား။
ပင်လုံညီလာခံမှာ တိုင်းရင်းသားတွေအနေနဲ့ ပြည်နယ်တွေ ရခဲ့ကြတယ် (ပြည့်စုံမပြည့်စုံဆိုတာက တပိုင်း)။ အခု ဗိုလ် အောင်မင်းတို့ ပေးတာက ကားပါမစ်။ တန်သလား။
ပင်လုံကာလတုန်းက တတိုင်းတပြည်လုံးဟာ လွတ်လပ်ရေးအတွက်ဆိုရင် သွေးစည်းညီညွတ်ကြတယ်။ အခုတော့ အိုအက်စ်အိုင်၊ အင်န်အီးဒီ၊ အင်န်ဂျီအို စတာတွေကြောင့် နိုင်ငံရေးအင်အားစုတွေဟာ အရောင်အသွေးတွေအမျိုးမျိုး ဖြစ်နေကြတယ်။
ပင်လုံတုန်းကနဲ့ တူတာတခုပဲရှိတယ်။
အဲဒါ ပြည်သူလူထုကို ညာလို့မရဘူး။