မဖြူနှင်းထွေးအရေး

By | October 4, 2014

မဖြူနှင်းထွေးအရေး

ဒီနေ့ ဗမာပြည်နိုင်ငံရေးမှာ လူတွေသတိအပြုဆုံး၊ အာရုံအစိုက်ဆုံး သတင်းတခုကတော့ မဖြူနှင်းထွေးသတင်း ဖြစ်တယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ ဒါ့အပြင် ဒီအရေးကိစ္စဟာ ဒီနေ့ ဗမာပြည်နိုင်ငံရေးရဲ့ တကယ့်သရုပ်သကန်ကို ထင်ဟပ်နေတယ်၊ ကိုယ်စားပြုနေတယ်လို့လည်း ပြောလို့ရပါတယ်။

၁။ ဒီနေ့ ဗမာပြည်မှာ အထင်ရှားဆုံးဖိနှိပ်မှု နှစ်မျိုးရှိပါတယ်။ တခုက တိုင်းရင်းလူမျိုးစုဒေသတွေမှာ လက်နက်ကိုင်တပ်တွေနဲ့ စစ်ပြုနေတာ၊ နောက်တခုက မြို့ပြနဲ့ကျေးလက်တွေမှာ ဆင်းရဲတဲ့ အလုပ်သမား၊ လယ်သမားတွေကို သူတို့ကိုယ်ပိုင် ရုပ်ဝတ္ထုပစ္စည်း၊ ဥပမာ- လယ်၊ အိမ်ယာ စတာတွေနဲ့ ရုပ်ဝတ္ထုမဟုတ်တဲ့ သူတို့ကိုယ်ပိုင် အခွင့်အရေးတွေကို လုယက်နေတဲ့ အဖြစ်တွေပါပဲ။

၂။ တိုက်ဆိုင်တာတော့ ဟုတ်မယ်မထင်ပါဘူး။ ဒီလို စစ်အစိုးရက လက်ဦးမှုရှိရှိ ဖိနှိပ်နေချိန်မှာ ဗမာပြည် နိုင်ငံရေးမှာက အဆိုးဝါးအပြင်းထန်ဆုံး နှာစေးရောဂါ ဖြစ်နေပါတယ်။ ဒါလောက်ဆိုးဝါးတဲ့၊ မတရားတဲ့ သတ်ဖြတ်မှု၊ လုယက်မှု၊ ဖမ်းဆီးမှုတွေကို မသိချင်ဟန်ဆောင်နေကြတာဟာ အချိန်ကြာလာတော့ နာကျည်းစရာလို ဖြစ်လာပါတယ်။ အင်္ဂလိပ်စကားမှာ `ရာဇ၀တ်မှု ဖြစ်ပေါ်နေတုန်းမှာ မျက်တောင်တချက် ခတ်လိုက်တာဟာ ရာဇ၀တ်မှုကို အားပေးကူညီတဲ့ ပြစ်မှုမြောက်တယ်´ဆိုတဲ့ အဆိုစကားတခု ရှိပါတယ်။ အခုဒီမှာတော့ ရာဇ၀တ်မှုကြီးတွေ တခုပြီးတခု ဆက်ကာဆက်ကာ ဖြစ်နေတာကို မျက်နှာလွှဲနေကြပါတယ်။ ဒီတော့ စစ်အစိုးရက ထင်သလိုဖိနှိပ်၊ ဖမ်းဆီး၊ ထောင်ချတာတွေ လုပ်ချင်တိုင်းလုပ်လို့ ရနေပါတယ်။

၃။ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင် စသူတွေက မျက်စေ့လည်ချင်စရာ၊ နားယောင်စရာ စကားတွေ အမျိုးစုံလိမ်ညာ ပြောဆိုနေကြပေမယ့် ပြည်သူလူထုကြီးနဲ့ မနည်းလှတဲ့ နိုင်ငံရေးအစဉ်အလာ ရှိသူတွေဟာ မျက်စေ့လုံးဝမလည်၊ နားလုံးဝမယောင်ဘဲ သဏ္ဍာန်မျိုးစုံနဲ့ တိုက်ပွဲဝင်နေကြပါတယ်။

၎။ အခုအခါမှာ ဒီလိုတိုက်ပွဲဝင်မှုတွေ များလာသလို စစ်အစိုးရရဲ့ဖိနှိပ်မှုဟာလည်း ပိုမိုကောက်ကျစ်၊ ပိုမို ရက်စက်လာနေပါတယ်။

ဒီလိုအခြေအနေမှာ ဗမာပြည်ရဲ့ တခုတည်းသော မီဒီယာဒီမိုကရေစီရှိတဲ့ နေရာလို့ပြောရမယ့် ဖေ့စ်ဘုတ်တွေပေါ်မှာ မဖြူနှင်းထွေးအရေးကိစ္စကို အထူးအလေးပေး ပြောဆိုနေကြတာ တွေ့ရပါတယ်။ သာမန်မီဒီယာတွေမှာ မဖတ်ရ၊ မကြားရတဲ့ သတင်းတွေနဲ့ မှတ်ချက်တွေ အများကြီး ဖတ်ရ၊ ကြားရပါတယ်။ ဗမာနိုင်ငံသားတွေရဲ့ နိုင်ငံရေးအရည်ဝမှုနဲ့ နိုးကြားမှုကတော့ အံ့မခန်းနိုင်စရာပါ။

မဖြူနှင်းထွေးကို မတော်မတရားဖမ်းဆီးပြီး ရက်ရက်စက်စက် အပြစ်ပေးဖို့ လုပ်နေတာနဲ့ ပတ်သက်လို့ ဖြည့်ပြောဖို့ လိုနေတဲ့ အချက်တချက်က `လက်ပံတောင်းတောင်´ဆိုတာ ဖြစ်ပါတယ်။ တခြားနေရာတွေထက် စစ်အစိုးရဟာ လက်ပံတောင်းတောင်ကိစ္စကို ဘာလို့ဒါလောက် ပြတ်ပြတ်သားသား၊ ရက်ရက်စက်စက် ဖြေရှင်းနေရတာလဲ။ တရုတ်အရင်းအနှီးပါလို့လို့ တချို့က ပြောကြပါလိမ့်မယ်။ မဟုတ်ဘူး ထင်ပါတယ်။ အဓိကဟာ လက်ပံတောင်းတောင် ကြေးနီမိုင်းဟာ ဦးပိုင်ရဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်နေလို့ပါ။ ဒီကြေးနီမိုင်းနဲ့ ပတ်သက်လာရင် ဗိုလ်သိန်းစိန် အစိုးရဟာ သံဃာတော်တွေကိုလည်း ရက်ရက်စက်စက် နှိပ်ကွပ်တယ်၊ လူထုကိုလည်း ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်တယ်၊ လယ်တီဆရာတော်ရဲ့ ကျောင်းအပါအ၀င် သမိုင်းဝင်အဆောက်အဦတွေကိုလည်း ဖျက်သိမ်းတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အငှားဗိုက်နဲ့ ဓားထိုးခံခိုင်းတယ်၊ ဘာမဆို လုပ်မယ်လို့ ပိုင်းဖြတ်ထားတာ အမှန်ပါပဲ။ ဦးပိုင်ကုမ္ပဏီဟာ ဘယ်သူ့ကုမ္ပဏီလဲဆိုတာ တကမ္ဘာလုံးက သိနေတဲ့ကိစ္စပါ။ ဒါကြောင့် စစ်အာဏာရှင်တွေဟာ တခြားနေရာတွေနဲ့ မတူဘဲ ကြေးနီတောင်မှာ အပြတ်လုပ်နေတာပါ။

ဒါနဲ့ တဆက်ထဲ ပြောသင့်တာက ဒီနေ့ စစ်အစိုးရအတွင်း စုစည်းမှုနဲ့စည်းလုံးမှုကိစ္စ ဖြစ်ပါတယ်။ လက်ရှိအာဏာရ စစ်ဗိုလ်တွေဟာ ဘာအပေါ်မှာစည်းလုံးကြ၊ လှုပ်ရှားနေကြတာလဲ။ ဘယ်ဝါဒ၊ ဘယ်ယုံကြည်ချက်အပေါ်မှာ စည်းလုံးမိနေကြတာလဲ။ ဘယ်ဟာရယ်လို့ ပြောစရာမရှိဘူး မဟုတ်ပါလား။ ဒါဖြင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုတာတွေအတွက်လား၊ ပိုမဟုတ်ပါသေးတယ်။ သူတို့စည်းလုံး၊ လှုပ်ရှားနေကြတာဟာ ကိုယ်ကျိုးစီးပွားပေါ်မှာပါ။ သူတို့ချင်း စည်းလုံးညီညွတ်ဖို့အတွက် ဘယ်သူက ဘယ်စီးပွားရေးအကွက်ကို အပိုင်စားစေဆိုတဲ့ စာနဲ့ရေးမထားတဲ့ သတ်မှတ်ချက်မျိုးနဲ့ ညီညွတ်နေကြတာပါ။ ဒီညီညွတ်မှုကို အပျက်ခံလို့မရဘူးဆိုတာ သူတို့ကောင်းကောင်း သိပါတယ်။ ဒါကြောင့် တဦးရဲ့စားကျက်ကို တဦးက အကာအကွယ်ပေးနေကြရတာဟာ သူတို့ရဲ့ဘ၀ပေး တာဝန်လို ဖြစ်နေပါတယ်။

နောက်တချက် ထပ်ပြောဖို့လိုတာက စစ်အစိုးရဟာ ဗမာပြည်နိုင်ငံရေးကို ကာလတခု စကောနဲ့ ဆန်ပြာသလို လုပ်ခဲ့တာ အခုဆိုရင် သူ့အတွက် အန္တရာယ်ရှိသူတွေကို စကောရဲ့ တနေရာမှာ စုမိနေပြီလို့ ယူဆဟန် တူပါတယ်။ ဘက်စုံ “ချေမှုန်း” ရေး စတော့မလား စဉ်းစားစရာပါ။ ၂၀၁၅ ရွေးကောက်ပွဲကို လက်ညှိုးပြပြီး “ဆူပူမှု”တွေကို စတင်နှိမ်နင်းတာလည်း ဖြစ်နိုင်ပါတယ်။

ကိုယ့်ဘက်က ပြင်ဆင်မှု ရှိရမယ် ထင်ပါတယ်။

Leave a Reply

Your email address will not be published.