ပထမအင်တာနေရှင်နယ် အနှစ် ၁၅၀ မြောက်
150 th anniversary of the 1st International
နိုင်ငံတကာအလုပ်လုပ်သူများအစည်းအရုံး (International Working Men’s Association) ကို လွန်ခဲ့တဲ့ အနှစ် ၁၅ဝ၊ ၁၈၆၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှာ တည်ထောင်ခဲ့ပါတယ်။ လန်ဒန်က စိန့်မာတင် (Saint Martin’s Hall) ခန်းမမှာ ကျင်းပတဲ့ အစည်းအဝေးကို နိုင်ငံ ၆ ခုက တော်လှန်ရေးသမားတွေ တက်ရောက်ခဲ့ကြပါတယ်။ ရည်ရွယ်ချက်က ကမ္ဘာပေါ်ရှိ အလုပ်သမားတိုက်ပွဲများကို တခုတည်းသော အဖွဲ့အစည်းအောက်မှာ စုရုံးကြပြီး သူတို့ရဲ့ တောင်းဆိုချက်တွေကို စုစည်းပေးဖို့ ဖြစ်ပါတယ်။ ဒီအစည်းအရုံးကြီးမှာ ကားလ်မာ့က်စ်က ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ သူဟာ ဒီဖွဲ့စည်းရေး အစည်းအဝေးကြီးမှာ မိန့်ခွန်းမပြောခဲ့ပေမယ့် မာ့က်စ်ရဲ့အသုဘမှာ အင်တာနေရှင်နယ်ကို ဖွဲ့စည်းလိုက်တာဟာ မာ့က်စ်ရဲ့ တော်လှန်ရေးလုပ်ငန်းတွေထဲမှာ အမြင့်ဆုံးအောင်မြင်မှု ဖြစ်တယ်လို့ အိန်ဂယ်က ပြောခဲ့ပါတယ်။
ဒီအစည်းအဝေးကြီးကနေ နိုင်ငံတကာအလုပ်သမားအစည်းအရုံးကို တည်ထောင်ဖို့ တညီအညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။ နောက်ပြီး လူ ၂၁ ဦးပါတဲ့ ခေါင်းဆောင်မှုကော်မတီက လန်ဒန်မှာ ဌာနချုပ်အဖြစ် ရုံးထိုင်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။
ဒီအင်တာနေရှင်နယ် တည်ထောင်ရေး အစည်းအဝေးကြီးဟာ အင်္ဂလန်၊ ပြင်သစ်၊ အိုင်ယာလန်၊ ပိုလန်၊ အီတလီနဲ့ဂျာမနီတို့က တော်လှန်ရေးသမားတွေနဲ့ ရယ်ဒီကယ်အယူအဆရှိသူတွေကို စုစည်းစေခဲ့ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်တွေ၊ စေ့ဆော်မှုတွေ မတူကြပေမယ့် သူတို့ဟာ လူမှုရေး၊ နိုင်ငံရေး အပြောင်းအလဲတွေလုပ်ဖို့ လိုအပ်တယ် ဆိုတာမှာတော့ အားလုံးတူညီကြပါတယ်။ ဒီအဖွဲ့အင်တာနေရှင်နယ်ကနေ အမျိုးသားရေးဝါဒီတွေ၊ ဒီမိုကရက်တွေ၊ ပြုပြင်ပြောင်းလဲရေးသမားတွေ၊ တော်လှန်တဲ့ဆိုရှယ်လစ်တွေနဲ့ အလုပ်သမားသမဂ္ဂဝင်တွေကို စုစည်းပေးလိုက်ပါတယ်။ ဒီအင်တာနေရှင်နယ်ရဲ့ အဖွင့်မိန့်ခွန်းကို မာ့က်စ်က ရေးခဲ့တာပါ။ အဲဒီအထဲမှာ ဗြိတိသျှအရင်းရှင်စနစ် အဟုန်ပြင်းစွာ ဖြစ်ပေါ်တိုးပွားလာတာကို စူးစမ်းပြရင်း အရင်းရှင်တွေ၊ ဘဏ်လုပ်ငန်းရှင်တွေနဲ့ မြေရှင်တွေရဲ့ အမြတ်တွေဟာ ငတ်ပြတ်မှု၊ ကလေးအလုပ်သမားပြဿနာနဲ့ လူ့အဖွဲ့အစည်းရဲ့ ဓနတွေကို တည်ဆောက်နေသူတွေ အလွန်ဆင်းရဲမွဲတေတာနဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာကို ဖွင့်ချထားပါတယ်။ ဒီအထဲမှာ လုပ်အားရဲ့ နိုင်ငံရေးဘောဂဗေဒက တနေ့အလုပ်ချိန် ၁ဝ နာရီလို့ တရားဝင်သတ်မှတ်ရေးအတွက် အလုပ်သမားတွေရဲ့ တိုက်ပွဲတွေဟာ ပိုင်ဆိုင်မှုရဲ့ ဘောဂဗေဒကို ဘယ်လိုစိန်ခေါ်နေတယ်ဆိုတာကို ရှင်းပြထားပါတယ်။
မာ့က်စ်က “ဒီလို လူမှုရေးစမ်းသပ်မှုကြီးတွေကို အမှတ်ပိုပေးလို့ မဖြစ်ပါဘူး။ ကြီးမားတဲ့ အတိုင်းအတာနဲ့၊ နောက်ပြီး ခေတ်မီသိပ္ပံပညာရဲ့ ပြဌာန်းချက်နဲ့ ထုတ်လုပ်တာတွေကို သခင်လူတန်းစားက အလုပ်လုပ်သူ လူတန်းစားကို သွေးစုပ်တာ မပါဘဲနဲ့ လုပ်လို့ရတယ်။ အသီးအပွင့်တွေ ပေါ်ထွက်ဖို့ဆိုရင် လုပ်အားကို လက်ဝါးကြီးအုပ်ထားဖို့၊ အလုပ်လုပ်သူတွေကို သွေးစုပ်ဖို့မလိုဘူး။ လူတွေကို ကျွန်လို၊ မြေကျွန်လို၊ အငှားလုပ်အားလို သွေးစုပ်တာတွေဟာလည်း ယာယီဖြစ်တဲ့ သိမ်ဖျင်းတဲ့ နည်းနာတွေပါ။ ဒါတွေဟာ အသင်းအဖွဲ့သဖွယ် လုပ်အားဟာ ကိုယ့်လက်ကိုယ့်ဆန္ဒနဲ့ကိုယ်၊ ပျော်ရွှင်တဲ့နှလုံးသားနဲ့ လုပ်တယ်ဆိုတဲ့ အနေအထားကိုရောက်ရင် ပျောက်ကွယ်သွားမှာပါ” လို့ ရေးခဲ့ပါတယ်။
ဒါပေမဲ့ မာ့က်စ်က “ဒီအသင်းအဖွဲ့သဖွယ် လုပ်အားဟာ တနိုင်ငံလုံးအတိုင်းအတာအထိ တိုးချဲ့ပြီး တနိုင်ငံလုံး လုပ်တဲ့နည်းနာနဲ့ လုပ်ဖို့လိုတယ်” လို့ ထောက်ပြပါတယ်။
ဒါကြောင့်မို့ ဆိုရှယ်လစ်စီးပွားရေးစနစ်အဖြစ် အသွင်ပြောင်းတယ်ဆိုတာ စီးပွားရေးနဲ့မြေကို အများက ထိန်းချုပ်တယ်ဆိုတဲ့ အခြေအနေအောက်မှာ ဖြစ်တယ်။ ဒီအတွက် နိုင်ငံရေးအာဏာကို ရယူဖို့လိုတယ်။ အင်တာနေရှင်နယ်ရဲ့ အဓိကတာဝန်ဟာ ဒီဟာပဲလို့ မာ့က်စ်ကဆိုတာ ဖြစ်ပါတယ်။