အဖိုးကြီး
ခင်ဗျားလည်း အသက်ကြီးပြီနော်
အသက်ကြီးပြီသာဆို
တောင်ဝှေးလည်းမလိုသေးပါလား။
ခင်ဗျားမှာတော့ သွေးထဲမှာ
မအိုဆေးတွေ စီးဆင်းနေလေသလား။
ခင်ဗျားမတော့ဗျာ
အလန်းဇယား*တွေလို
လမ်းသလားနေလိုက်တာ
ခင်ဗျာ့လက်တွေခြေတွေမှာ
မော်တာတပ်ထားလေရော့သလား။
လမ်းမတွေကတော့ အသက်ရှူကျပ်နေတုန်းပဲဗျ
ကြွက်စုတ်တွေကမှန်ဘီလူးထုတ်ပြီး
ဗိုလ်ချုပ်လမ်းပေါ်မှာသန်းရှာကြတယ်။
လမ်းမလျှောက်ရဲသူတွေကတော့
စကားကို မပီကလာပီကလာပြောကြတယ်။
ဟောဒီလို
တရားမျှတမှုတွေ အိပ်မောကျနေဆဲညဥ့်သန်းခေါင်ကြီးမှာ
ဆိုင်ကယ်စီးဓါးသမားတွေ
လမ်းသလားနေကြတယ်။
မျက်နှာမဖော်ဝံ့သူတွေက
ရီမုတ်ကွန်ထရိုး** ကိုင်ပြီး
အဆက်ဆင်*** ဂိမ်းကို ကစားကြတယ်။
ခင်ဗျားကတော့ လူတွေကြားမှာ
တပေါင်းလေလို
ဝှစ်ကနဲရောက်လာပြီး
ဘယ်သူမှ ဖမ်းဆုပ်ဖို့ မတွေးမိသေးခင်မှာ
ရွေ့ကနဲပျောက်သွားပါရောလား။
ခင်ဗျားရဲ့အသံကိုသာ
ကျုပ်တို့ကြားလိုက်ရတယ်။
နှင်းဆီရနံ့သာ
လွင့်ကနဲပျံ့သွားတယ်။
ခင်ဗျားအရိပ်ကိုမှ
ကျုပ်တို့မမြင်လိုက်ရပါကလား။
ဒါပေမဲ့ သူဆင်းရဲတို့ တောက်ခေါက်ချိန်မှာ
ခင်ဗျားလည်း ရှိနေမှာပဲလို့ ကျုပ်ယုံတယ်လေ။
တကယ်တန်း
ခင်ဗျား သွေးတွေ ဘယ်နရီနဲ့ ခုန်နေသလဲဆိုတာကိုတော့
အရေးတော်ပုံဂျာနယ်ထဲမှာပဲ
ကျုပ်တို့ရှာဖတ်ကြရတယ်။
ခင်ဗျားဟာ
လွန်ခဲ့တဲ့ နှစ် ၆၀ က အတိုင်းပါပဲ။
အဲဒီတုန်းက ရွက်ကြွေတောထဲမှာ
သစ်ငုတ်တိုလို ငြိမ်သက်ခြင်းမျိုးနဲ့
ဖက်ဆစ်တွေအလာကို
ကာဘိုင်သေနတ်ကိုင်စောင့်ဆိုင်းခဲ့စဉ်တုန်းကလိုပဲ
အခုလည်း
ခင်ဗျာ့မျက်လုံးတွေဟာ
အရောင်တဖြတ်ဖြတ်လက်ဆဲပါကလား။
အဖိုးကြီး
ခင်ဗျားမှာ
မောတတ်တဲ့ အဆုတ်မှပါရဲ့လား။
ခင်ဗျားနောက်မှမွေးတဲ့သူတွေတောင်
အုတ်ဂူတွေခြစားလို့ အသားတွေမြေဖြစ်ကုန်ကြပြီ။
ကမ္ဗည်းမှတ်တိုင်တောင်
နေစားလေစားပြီး
ထွေပြားဝေဝါးကုန်လို့
သူတို့နာမည်ကိုမေ့တဲ့အခါ
သမိုင်းစာအုပ်ထဲမှာပဲ
ပြန်ဖတ်နေကြရတယ်။
ခင်ဗျားကတော့
တနွေပြောင်းတိုင်း
ရွက်ဟောင်းညှာကြွေ
ရွက်သစ်ဝေလို့
တနှစ်တခါ
အသက်တွေငယ်ငယ်လာသလိုပဲ။
ခင်ဗျားဘယ်အိုပါ့မလဲ
ရွက်သစ်တွေလဲနေတာကိုး။
ဂျာမန်ဘာသာနဲ့ သီကုံးဖွဲ့ဆိုထားတဲ့
ကွန်မြူနစ်ကြေညာစာတမ်းဟာ
ခင်ဗျားဖွဖွတီးလိုက်တဲ့ စန္ဒယားခလုတ်တွေထက်မှာ
သံစဉ်သစ်တွေ ပြိုးပြက်လင်းလက်လာတယ်။
ထလော့ အငတ်ဘေးကျရောက်သူတို့တဲ့
ခင်ဗျားရဲ့တေးသွား
ကျုပ်တို့နားမှာ ငြိမ့်ငြိမ့်လေးကြားလိုက်ပေမဲ့
တောတွေလှုပ်သွားတယ်။
တောင်တွေလှုပ်သွားတယ်။
နီယိုလစ်ဘရယ်မြို့ကြီးပေါ်က
ကော်ပိုရေးရှင်းတိုက်မြင့်ကြီးတွေကို
၇၅ ရစ်ချတာစကေးနဲ့ ကိုင်လှုပ်လိုက်သလို
သွက်သွက်ခါသွားကြတယ်။
ဝေါလမ်းမကို သိမ်းပိုက်ကြ
ကမ္ဘာကြီးကိုသိမ်းပိုက်ကြ
အနာဂတ်ကို သိမ်းပိုက်ကြတဲ့
၉၉ ရာနှုန်းဟာ
လမ်းမပေါ်ရောက်လာပြီ။
လမ်းမလျှောက်ရဲကြသူတွေ
ဒူးတုတ်ရက်သာနေခဲ့ကြပြီပေါ့။
ခင်ဗျားကတော့
စောစောစီးစီးနိုးထနေပြန်ပြီ
အငတ်ဘေးကျရောက်သူတို့တတွေနဲ့အတူ။
အဖိုးကြီး
ခင်ဗျားဟာ အောင်ပွဲလည်းရဖူးတယ်။
ဒဏ်ရာတွေလည်း ရဖူးတယ်။
လဲပြိုခဲ့ဖူးတယ်။
ခရစ်တော်လိုလည်း ရှင်သန်ထမြောက်ဖူးတယ်။
မီးငှက်လိုလည်း ပြာပုံထဲက ထဖူးတယ်။
ဒါပေမဲ့
ခင်ဗျာ့ကျောရိုးကမာတယ်။
ဘယ်တော့မှ ခါးမကုန်းဘူး။
ဒါပေမဲ့
ခင်ဗျာ့ဒူးကမာတယ်။
ရန်သူရဲ့နှလုံးသားကို ချိန်ရွယ်ပစ်ခတ်ဖို့မှတပါး
ခင်ဗျားဘယ်တော့မှဒူးမထောက်ဘူး။
ခင်ဗျားရဲ့ ဉာဏ်ပညာဟာ
နောက်ဆုံးပေါ်ကွန်ပြူတာလို
အိုအက်စ်**** အသစ်နဲ့ လည်ပတ်နေတယ်။
အဖိုးကြီး
ခင်ဗျားဟာအသက်ကြီးပေမဲ့
မပျက်စီးသေးပါလား
အဖိုးကြီးလွန်းလို့သာ
အဖိုးကြီးလို့ကျုပ်ခေါ်လိုက်တာပါလေ
ခင်ဗျားကတော့
ညွန့်သစ်တွေထွက်
ခက်သစ်တွေဝေ
သန်တုန်းမြန်တုန်းပျိုမြစ်တုန်းပါလားမိတ်ဆွေ။
*အလန်းဇယား = ဒီနေ့ခေတ်ဘန်းစကား= လန်းဆန်းနုနယ်ပျိုမြစ်သူ
**ရီိမုတ်ကွန်ထရိုး= remote control = အဝေးထိန်းခလုတ်
*** အဆက်ဆင်ဂိမ်း = assassin game = လူသတ်သမားဂိမ်း (ကြမ်းကြုတ်သော လူသတ် ဗီဒီယိုဂိမ်း)
**** အိုအက်စ် = OS (Operating System) = ကွန်ပြူစနစ်တခုလုံးကို လည်ပတ်သည့် အခြေခံဆော့ဖ်ဝဲ
ဗမာပြည်ကွန်မြူနစ်ပါတီ စိန်ရတုကို ဂုဏ်ပြုဖွဲ့ဆိုပါတယ်။
ကျော်ဇင်မင်း