သွေးစည်းတိုက်ပွဲဝင်ကြ – ကနေဒါကွန်မြူနစ်ပါတီ မေဒေးကြေညာချက်

By | May 21, 2017

သွေးစည်းတိုက်ပွဲဝင်ကြ
၂ဝ၁၇ ခုနှစ်၊ ဧပြီ ၂၈ ရက်။

အလုပ်အကိုင်ရရှိရေး၊ ဒီမိုကရေစီရေး၊ အချုပ်အခြာအာဏာပိုင်ရေး၊ တန်းတူရေးနဲ့ဆိုရှယ်လစ်ဝါဒအရေးတို့ အတွက် သွေးစည်းတိုက်ပွဲဝင်ကြ။

ကျွန်တော်တို့ဟာ ကမ္ဘာကြီးတခုလုံးကို ညူကလီယာစစ်ပွဲ၊ ဒါမှမဟုတ် ရာသီဥတုအပြောင်းအလဲကြောင့် ကမ္ဘာဂြိုဟ်တခုလုံး ပျက်သုဉ်းလုနီးပါးဖြစ်စေနေတဲ့ ထရမ့်ရဲ့စစ်ယန္တရားကြီးအရိပ်အောက်မှာ ၂ဝ၁၇ ခုနှစ် မေဒေးနေ့ကို အထိမ်းအမှတ်ပြုနေကြပါတယ်။ အနုမြူသိပ္ပံပညာရှင်တွေရဲ့ အဆိုအရပြောရရင် ထရမ့်ပ်အာဏာရလာပြီးနောက် ရက် ၁ဝဝ အတွင်းမှာပဲ ကမ္ဘာပျက်နေ့ တွက်ချက်တဲ့နာရီကို နှစ်မိနစ်ခွဲ ပိုနီးသွားစေခဲ့ပါတယ်။ ကမ္ဘာကြီး ဒီလောက်ကမ္ဘာပျက်နေ့နဲ့ နီးခဲ့တာဟာ ၁၉၅၃ ခုနှစ်၊ စစ်အေးစစ်ပွဲရဲ့အထွတ်အထိပ်တုန်းက အမေရိကန်က ဆိုဗီယက်ယူနီယံကို တိုက်ဖို့စစ်ပြင်တဲ့ကာလပဲ ရှိခဲ့ပါတယ်။ ဒါဟာ ၁၉၉ဝ စုနှစ်များတုန်းက ဖူကူးယားမား ကြေညာခဲ့တဲ့ အရင်းရှင်စနစ်ရဲ့ အောင်ပွဲဇာတ်သိမ်းခန်းပါလား။

ပြီးခဲ့တဲ့၂၅ နှစ်အတွင်း အရင်းရှင်စနစ်ဟာ အပေါ်စီးက ရနေခဲ့ပါတယ်။ သူတို့ကိုယ်သူတို့ပြောတဲ့ “သာလွန်ချက်” ကိုလည်း ကြုံးဝါးနိုင်ခဲ့ပါတယ်။ ဒီစနစ်ရဲ့ ဧရာမဓနဥစ္စာနဲ့စွမ်းရည်တွေကို အသုံးပြုပြီး ကမ္ဘာပေါ်ရှိ သွေးစုပ်ခံ ဆင်းရဲမွဲတေသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အလုပ်အကိုင်၊ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေး၊ လက်နက်လျှော့ပေါ့ရေး၊ ရာသီဥတုပြောင်းလဲမှုလျော့ပါးရေး စတာတွေကို လုပ်သင့်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ လက်တွေ့မှာ ၂၅နှစ် အတွင်း ဒါတွေကို လုပ်နေတာက ကျူးဘားဆိုရှယ်လစ်နိုင်ငံပါ။ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေအကြားက လုပ်နေတာပါ။

အရင်းရှင်စနစ်ကတော့ အရင်းရှင်စနစ်လုပ်မြဲအလုပ်တွေကို လုပ်ပါတယ်။ ဆင်းရဲမွဲတွေသူတွေကို သွေးစုပ်အမြတ်ထုတ်နိုင်အောင်၊ ကမ္ဘာ့အချမ်းသာဆုံး ကော်ပိုရေးရှင်းကြီးတွေနဲ့ လက်တဆုပ်စာအချမ်းသာဆုံး လူတွေအတွက် နေရာသစ်တွေ၊ နည်းလမ်းသစ်တွေပဲ ရှာဖွေနေပါတယ်။ ဒါဟာ အရင်းရှင်စနစ်ရဲ့သဘာဝနဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ လူသားတဦး၊ လူတန်းစားတရပ်ကို နောက်လူသားတဦး၊ လူတန်းစားတရပ်က ခေါင်းပုံဖြတ်တာပါ။ အုပ်စိုးသူလူတန်းစားအတွက် တဦးချင်းပိုင်အမြတ်အစွန်းတွေရဖို့ လုပ်သားပြည်သူတွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေ၊ တခြားနိုင်ငံက ပြောင်းလာသူတွေ၊ ရက်ဒ်အင်ဒီယန်းလူမျိုးလို ဒေသခံပင်ကိုယ်လူမျိုးတွေအပေါ်ကနေ အမြတ်ထုတ်ကြတာ ဖြစ်ပါတယ်။ အရင်းရှင်စနစ်ဟာ လူတွေရဲ့လိုအပ်ချက်၊ ကမ္ဘာဂြိုဟ်ကြီးရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်စွမ်း မရှိပါဘူး။ သူတို့ရည်ရွယ်ချက်က အဲဒီနှစ်မျိုးစလုံးကို အညှာတာကင်းမဲ့စွာ ခေါင်းပုံဖြတ်ဖို့ပဲဖြစ်ပါတယ်။

အကျိုးဆက်ကတော့ အရင်းရှင်ကမ္ဘာတဝှမ်းမှာ ခြိုးခြံချွေတာရေး (austerity) စနစ် ချမှတ်ကျင့်သုံးတာတွေ ဖြစ်လာပါတယ်။ ဥရောပနဲ့မြောက်အမေရိကတိုက်အပါ ရှေ့တန်းရောက်အရင်းရှင်နိုင်ငံတွေမှာ လခ၊ ပင်စင်လစာနဲ့ နေထိုင်မှုအဆင့်တွေ ကျဆင်းလာပြီး လက်ယာစွန်းဝါဒနဲ့ ဒီဝါဒက ဆုပ်ကိုင်ထားတဲ့ တပါးနိုင်ငံသား၊ တပါးလူမျိုးကိုဆန့်ကျင်ရေး၊ လူမျိုးရေး၊ အမျိုးသမီးတွေကို ဖိနှိပ်ရေးဆိုတာတွေ ထိုးတက်လာနေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ငတ်ပြတ်မှု၊ အကြွေးဖိစီးမှု၊ အမှီအခိုမကင်းမှု၊ အရင်းရှင်ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ နောက်ပြီး သူများနိုင်ငံကို ဝင်တိုက်ပစ်မယ်၊ အစိုးရ အပြောင်းအလဲဖြစ်စေမယ် စတာတွေဟာ အရင်းရှင်စနစ်က ရွှီးနေတဲ့ နယ်မြေအချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ လွတ်လပ်မှု၊ ဆိုရှယ်လစ်စနစ်တို့ထက် “သာလွန်ချက်”ရဲ့ တကယ့်သရုပ်ပဲ ဖြစ်ပါတယ်။

ဒီနေ့ အမေရိကန်နိုင်ငံမှာ ဒီအင်အားအကြီးဆုံး ကော်ပိုရေးရှင်းကြီးတွေရဲ့ အာဏာရှင်စနစ် အကျိုးဆက်တွေကို တွေ့နေရပါတယ် – အိမ်ဖြူတော်၊ ကွန်ဂရက်လွှတ်တော်၊ ဆီးနိတ်လွှတ်တော်နဲ့ တရားရုံးတို့မှာ လက်ယာစွန်းဝါဒီတွေက ချုပ်ကိုင်ထားပါတယ်။ အဲဒါတွေက ပေါ်ထွက်လာတဲ့ လုပ်ရပ်တွေက ကော်ပိုရေးရှင်းကြီးတွေကို အခွန်လျှော့ပေးတာ၊ ပုဂ္ဂလိကလုပ်ငန်းတွေအပေါ် နိုင်ငံတော်က ချုပ်ကိုင်မှုတွေ လျှော့ပေးတာ၊ အချမ်းသာ အတောင့်တင်းဆုံး အမေရိကန်ကော်ပိုရေးရှင်းကြီးတွေကို အကျိုးရှိစေတဲ့ လွတ်လပ်စွာကုန်သွယ်မှုဆိုတာ ဖော်ထုတ်တာ၊ လူမှုဖူလုံရေး သုံးစွဲမှုတွေကိုလျှော့ပြီး စစ်စရိတ်တွေ တိုးချဲ့သုံးစွဲတာ၊ နောက်ပြီး ပြည်တွင်းပြည်ပမှာ အမေရိကန်ရဲ့ကော်ပိုရေးရှင်း အင်အားကို ခုခံခြင်းမှန်သမျှကို ချိုးနှိမ်ပစ်တဲ့ တချက်ခုတ်နှစ်ချက်ပြတ် စစ်ပွဲတွေ ဖန်တီးတာ စတာတွေပါပဲ။ ဒါဟာ ကိုယ့်ပြည်တွင်းမှာ လုပ်သားတွေနဲ့ပြည်သူ့လှုပ်ရှားမှုတွေကို စစ်ခင်းတာ၊ ကမ္ဘာအဝှမ်းက နိုင်ငံတွေကို စစ်ဆင်သိမ်းပိုက်တာ၊ ကမ္ဘာဂြိုဟ်ကြီးကို စစ်ဆင်တာ ဖြစ်ပါတယ်။ ဒါဟာ ကနေဒါအစိုးရနေနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရမယ့် ကမ္ဘာဖျက်အစီအစဉ် ဖြစ်ပါတယ်။

ဒါပေမဲ့ လစ်ဘရယ်တွေ (ကနေဒါနိုင်ငံက-ဘာသာပြန်သူ)ဟာ ထရမ့်အစိုးရဘေးမှာ ခြေဖွဖွနင်းပြီး အမေရိကန်ရဲ့ ဆီးရီးယား၊ အာဖဂန်နစ္စတန်တို့မှာ လေယာဉ်တွေနဲ့ တရားမဲ့တိုက်ခိုက်နေတာ၊ ဒီမိုကရက်တစ်ကိုရီးယားနိုင်ငံ (မြောက်ကိုရီးယား) နဲ့ အမေရိကန်ရဲ့ကမ္ဘာအဝှမ်း ကော်ပိုရိတ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ နိုင်ငံတွေထဲ ကျူးကျော်ဝင်ရောက်ပြီး အစိုးရကို ဖြုတ်ချပစ်မယ်လို့ ခြိမ်းခြောက်နေတာတွေကို ထောက်ခံနေကြပါတယ်။ လစ်ဘရယ်တွေဟာ ကနေဒါရဲ့စစ်သုံးစရိတ်ကို မြှင့်တင်ပြီး ထရမ့်တောင်းတဲ့အတိုင်း နေတိုးကို ၂% ပေးမယ်၊ ဒါမှမဟုတ် ငွေအစား နောက်တခါ ထရမ့် စစ်ခင်းတဲ့နေရာတွေကို ကနေဒါတပ်တွေ ပို့ပေးမယ်လို့ အာမကတိခံကြပါတယ်။

လစ်ဘရယ်အစိုးရဟာ နာဖတာ (NAFTA) ခေါ် မြောက်အမေရိကတိုက် လွတ်လပ်စွာကုန်သွယ်မှုစာချုပ်ထဲကနေ နုတ်ထွက်ပြီး အမေရိကန်အစိုးရရဲ့ ဖောက်ပြန်တဲ့၊ အလုပ်တွေ ပျောက်ပျက်စေတဲ့ အစီအစဉ်တွေကို ဆန့်ကျင်ရမယ့်အစား သူတို့ဟာ ကနေဒါမှာ အလုပ်တွေ၊ ထုတ်လုပ်မှုတွေ၊ စိုက်ပျိုးရေးတွေ၊ အရင်းအမြစ်ဖွံ့ဖြိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားအခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ကသောင်းကနင်းဖြစ်စေမယ့် နာဖတာ သဘောတူညီချက်ကို ပြန်လည်ဆွေးနွေးကြဖို့ တင်နေပါတယ်။ ဒီအချိန်မှာ ထရူဒိုး (Trudeau) ဟာ နာဖတာ အလိုမရှိ၊ စစ်အလိုမရှိလို့ ကြွေးကြော်ရမှာ ဖြစ်ပါတယ်။

အခုအခါမှာ ကနေဒါဟာ လမ်းဆုံလမ်းခွကို ရောက်နေပါတယ်။ တလမ်းကတော့ ထရမ့်အစိုးရနဲ့ပူးပေါင်းပြီး ကနေဒါကို အမေရိကန်ရဲ့စစ်စီးပွားရေးနဲ့နိုင်ငံရေးထဲ ပေါင်းစည်းမှုတိုးမြှင့်တာ ဖြစ်ပါတယ်။ ဒါဆိုရင် ကနေဒါအနေနဲ့ မိမိတို့ရဲ့ ကုန်ထုတ်လုပ်ရေးနဲ့ စက်မှုကဏ္ဌတွေ လက်လွတ်ကုန်ပြီး သဘာဝအရင်းအမြစ် ရောင်းစားတဲ့၊ အမေရိကန်ရဲ့ တန်ဖိုးထပ်ဖြည့်ထားတဲ့ကုန်တွေ၊ ဝန်ဆောင်မှုတွေအတွက် ဈေးကွက်ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့တတွေဟာ လစာတွေ၊ ပင်စင်လစာတွေ၊လူနေမှုအဆင့်အတန်းတွေ ထပ်ကျဆင်းလာတာ၊ အနိမ့်ဆုံးလစာကိုတောင်မှ သတ်မှတ်ခြင်းမရှိတာတို့ကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူမှုဖူလုံရေးအစီအစဉ်တွေ၊ လုပ်သား၊ လူမှုရေး- ဒီမိုကရေစီအခွင့်အရေးတွေနဲ့ ကျန်ကောင်းလို့ကျန်တဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ လွတ်လပ်ရေးတို့ပါ ဆုံးရှုံးရပါလိမ့်မယ်။ ဒီကနေ ခံစားရမယ့် အကျိုးဆက်ကတော့ ကျွန်တော်တို့နိုင်ငံဟာ အမေရိကန်ရဲ့စစ်ယန္တရားကြီးထဲက ခွဲမရတဲ့ အစိတ်အပိုင်းတခုဖြစ်လာပြီး နှစ်စဉ်စစ်အတွက် ဒေါ်လာဘီလျံ ၄ဝ လောက် (ဒါလည်းတက်နေဦးမှာ) သုံးစွဲနေရတာပါပဲ။

ကော်ပိုရိတ်စနစ် ကနေဒါနဲ့ သူတို့ရဲ့နိုင်ငံရေးပါတီတွေအဖို့တော့ ဒါဟာ ကောင်းတဲ့လမ်းကြောင်းတခုလို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ လုပ်သားပြည်သူတွေအတွက်တော့ ဒါဟာ ပျက်သုဉ်းမှုဆီကို တဟုန်ထိုးသွားမယ့် အမြန်လမ်းကြီး ဖြစ်ပါတယ်။ အစိမ်းရောင်အဖွဲ့တွေနဲ့ အမျိုးသားဒီမိုကရက်တစ်ပါတီ (NDP) တို့က သူတို့ကိုယ်သူတို့ လုပ်သားပြည်သူတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတယ်လို့ဆိုပြီး အမေရိကန်ရဲ့ဆီးရီးယားအပေါ်ဗုံးကြဲမှုနဲ့ နာဖတာ သဘောတူညီချက် (NAFTA) ပြန်လည်ဆွေးနွေးဖို့တို့ကို သဘောတူတာဟာ ဝမ်းနည်းစရာပါပဲ။

စိတ်ပျက်စရာကောင်းတာက နာဖတာဟာ ကော်ပိုရိတ်စီမံကိန်းသာ ဖြစ်တယ်ဆိုပြီး လူတကာက ရှုတ်ချဝေဖန်နေကြချိန်မှာ စီအိုင်စီ (CIC) ခေါင်းဆောင်မှုအပိုင်းကလည်း ဒီအတိုင်းရပ်တာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်တုန်းက အလုပ်သမားနဲ့ဒီမိုကရေစီ လိုလားတဲ့ပြည်သူတွေရဲ့ ကျယ်ပြန့်တဲ့ ပူးတွဲလှုပ်ရှားမှုတွေဟာ ကနေဒါနဲ့အမေရိကန်တို့ရဲ့ ပထမဆုံး လွတ်လပ်စွာကုန်သွယ်မှု အစီအစဉ်ကို ဖျက်သိမ်းရလုနီးပါး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီ အားကောင်းလှတဲ့ လှုပ်ရှားမှုကြီးဟာ အမ်အိုင်အေ (MIA) ဆိုတဲ့ နိုင်ငံစုံရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်နဲ့ အမေရိကတိုက် လွတ်လပ်စွာကုန်သွယ်ရေးဇုံသဘောတူညီချက် (FTAA) ဆိုတဲ့ အရင်းရှင်ဂလိုဘယ်လိုက်ဇေးရှင်းတို့ကိုလည်း ပျက်ပြားလုနီးပါး ထိရောက်ခဲ့ပြီး နာဖတာ (NAFTA) ကိုတောင်မှ ပိတ်ပစ်ရလုနီးပါး အခြေဆိုက်စေခဲ့ပါတယ်။

အလားတူပဲ အဲဒီအခါတုန်းက ကမ္ဘာအဝှမ်းမှာ ကြီးမားတဲ့ စစ်ဆန့်ကျင်ရေး၊ ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်ရေး ကန့်ကွက်ပွဲကြီးတွေ အုန်းအုန်းကျွက်ကျွက် ပေါ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကြီးတွေကနေ ညူကလီယာ လက်နက်ဆန့်ကျင်ရေး၊ ကမ္ဘာ့ပြဿနာတွေကို နိုင်ငံရေးအရ ဖြေရှင်းရေးတို့အတွက် လူထုဆန္ဒတွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ကနေဒါနိုင်ငံက အမျိုးသမီး ၂ဝဝဝဝဝ အပါ တကမ္ဘာလုံးမှာ အမျိုးသမီး ၅ သန်းကျော်က ဆန္ဒထုတ်ဖော်ကြတာနဲ့‘လူမည်းတွေရဲ့အသက်ဟာ အရေးပါတယ်’၊‘အလကား မနေကြနဲ့တော့’၊‘ရာသီဥတုဆိုင်ရာ တရားမျှတရေး’စတဲ့လှုပ်ရှားမှုတွေဟာ ဒီနေ့ချီတက်ရာ လမ်းကြောင်းကို လမ်းညွှန်ပြနေကြပါတယ်။ လူငယ်များနဲ့ အနိမ့်ဆုံးလခစား အလုပ်သမားတွေရဲ့ ၁၅ ဒေါ်လာ ရရေး-တရားမျှတရေးတိုက်ပွဲနဲ့ ကွီဘက်မြို့က အလုပ်သမားများရဲ့ ၁၅ ဒေါ်လာကို အားလုံးအတွက်စံအဖြစ် သတ်မှတ်ရေးကို ထောက်ခံတဲ့လှုပ်ရှားမှုတွေဟာလည်း ရှေ့သို့လှမ်းချီတာပါပဲ။ ကနေဒါနိုင်ငံထဲက ဗြိတိသျှကိုလံဘီယာနဲ့အွန်တေရီယိုမြို့တို့က အလုပ်သမဂ္ဂတချို့က ၁၅ ဒေါ်လာ တောင်းဆိုချက်ကို သက်ဆိုင်ရာနဲ့ စကားပြောရမယ့်အချက်လို့၊ ဒီအတွက် သပိတ်မှောက်တိုက်ပွဲဝင်ရမယ်လို့ ဆုံးဖြတ်လိုက်တာဟာလည်း ရှေ့သို့ချီတက်တာပါပဲ။ ဒါဟာ ကနေဒါအလုပ်သမားကွန်ဂရက်အနေနဲ့ လာမယ့်မေလ ညီလာခံမှာ ချမှတ်ရမယ့် နိုင်ငံရေးနဲ့စီးပွားရေး တိုက်ပွဲဖြစ်ပါတယ်။

ကနေဒါအလုပ်သမားကွန်ဂရက်ဟာ နာဖတာ သဘောတူညီချက်ထဲက နုတ်ထွက်ရေး၊ ဘက်စုံပါဝင်တဲ့၊ အပြန် အလှန်အကျိုးရှိတဲ့ တန်ဘိုးဖြည့်ပြီး အလုပ်အကိုင်များ ဖန်တီးပေးရေး၊ ရေရှည်တည်တံ့နိုင်တဲ့ အခြေခံနဲ့ ဒုတိယအဆင့် စက်မှုနဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေ ဖြစ်ပေါ်စေရေးတို့အတွက် အလုပ်သမားလှုပ်ရှားမှုနဲ့ လူထုတွေကို လမ်းပေါ်တက်ပြီး ထရမ့်နဲ့ကနေဒါက လုပ်ငန်းရှင်ကြီးတွေရဲ့ ပါတီတွေက အထောက်အခံပေးနေတဲ့ အရင်းရှင်ကော်ပိုရိတ် ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်ဆန္ဒပြအောင် လုပ်ရပါမယ်။

ကနေဒါကို နေတိုးထဲက နုတ်ထွက်စေဖို့၊ ကနေဒါတပ်တွေ အမိမြေကို ပြန်လာစေဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ လက်နက်လျှော့ချရေး နိုင်ငံခြားရေပေါ်လစီချမှတ်စေရေးတို့အတွက်လည်း လူထုလှုပ်ရှားမှုတွေ လိုအပ်ပါတယ်။

ကနေဒါအလုပ်သမားတွေအနေနဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေနဲ့ စစ်ပွဲတွေ၊ အရင်းရှင်ဂလိုဘယ်လိုက်ဇေးရှင်း၊ အစ္စလမ်ဆန့်ကျင်ရေး၊ လူမျိုးခွဲခြားရေး၊ ပြည်ပက အရာမှန်သမျှကိုဆန့်ကျင်မှု၊ ဖောက်ပြန်ရေးအယူအဆ၊ ဖက်ဆစ်ဝါဒ စတာတွေကို ဆန့်ကျင်ရာမှာ ကမ္ဘာ့အလုပ်သမားတွေနဲ့ ပခုံးချင်းယှဉ် တိုက်ပွဲဝင်ကြပြီး ကမ္ဘာအဝှမ်းက အလုပ်သမား လှုပ်ရှားမှုတွေကို ထောက်ခံကြောင်း၊ တသားတည်းရှိကြောင်း ဖော်ပြကြဖို့ လိုပါတယ်။ သူတို့အနေနဲ့ ကျူးဘား၊ ဗီနီဇွေးလား၊ ဘိုလီးဗီးယား၊ အက်ကွေဒေါ်၊ ပါလက်စတိုင်း၊ ဒါ့အပြင် လက်တင်အမေရိက၊ အာရှနဲ့ အာဖရိကတိုက်တို့ရှိ အမေရိကန်စွက်ဖက်မှုက ကင်းလွတ်တဲ့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသူတွေ၊ မိမိတို့နိုင်ငံတိုးတက်ရေးအတွက် ဆိုရှယ်လစ်လမ်းကြောင်းကို ရွေးချယ်သူတွေအပါအဝင်နဲ့ ရင်ဘောင်တန်းရပ်တည်သင့်ပါတယ်။ လုပ်သားပြည်သူတွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေ၊ အလုပ်လက်မဲ့တွေနဲ့ အလုပ်သမားတွေဟာ သူတို့ရဲ့စည်းလုံးညီညွတ်မှုကို အားကိုးပြီး အမေရိကန်စစ်ဝါဒီတွေနဲ့ ဖောက်ပြန်တဲ့၊ ဖက်ဆစ်တွေထောက်ခံထားတဲ့၊ ရေနံသူဌေးတွေ၊ စစ်ဗိုလ်ချုပ်တွေနဲ့ ဘဏ်သူဋ္ဌေးကြီးတွေရဲ့ ထရမ့်အစိုးရကို ဆန့်ကျင်ကြရမယ်။

ကနေဒါပြည်သူ့လုပ်ငန်းစဉ်

` လုပ်သားလူထုနဲ့သူတို့ရဲ့မဟာမိတ်တွေဟာ ကနေဒါပြည်သူ့လုပ်ငန်းစဉ် ဖော်ဆောင်နိုင်ရေးအတွက် စည်းလုံးတိုက်ပွဲဝင်ကြပြီး အောက်ပါအချက်တွေအတွက် လူထုလှုပ်ရှားမှုကြီးတွေ ဖော်ထုတ်ကြရမယ်။

※ နာဖတာ အလိုမရှိ၊ တရားမျှတတဲ့ ကုန်သွယ်မှုဖြစ်ရမယ်- ပါဝင်သူအားလုံးကို အကျိုးရှိစေတဲ့၊ တရားမျှတတဲ့၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဆိုရှယ်လစ်နိုင်ငံတွေကို ကာလရှည်ငွေချေးငှားတာ အပါအဝင် နိုင်ငံအများအပြားပါဝင်တဲ့ ကုန်သွယ်ရေး။

※ ငြိမ်းချမ်းရေးနဲ့လက်နက်လျှော့ပေါ့ရေး နိုင်ငံခြားရေးဝါဒ- နေတိုးနဲ့မြောက်အမေရိကတိုက် လေကြောင်းနဲ့အာကာသ ကာကွယ်ရေးစစ်ဌာနချုပ် (NORAD) ထဲက နုတ်ထွက်ရမယ်။ စစ်သုံးစရိတ်ကို ၇၅% လျှော့ချရမယ်။ ပြည်ပက စစ်ပွဲတွေထဲမှာ ပါဝင်နေကြတဲ့ ကနေဒါတပ်တွေကို အိမ်ပြန်ခေါ်ရမယ်။

※ ရာသီဥတုပြောင်းလဲမှုကို ဆန့်ကျင်တိုက်ပွဲဝင်ကြ- သဘာဝအရင်းအမြစ်နဲ့ စွမ်းအင်အရင်းအမြစ်တွေကို ပြည်သူပိုင် လုပ်ရမယ်။ ရေနံသဲတွင်းတွေကိုပိတ်ပစ်၊ စွမ်းအင်အရင်းအမြစ်သစ်တွေဖြစ်တဲ့ နေရောင်ခြည်၊ လေအား၊ အပူဓာတ်နဲ့ ပြန်ပြည့်နိုင်တဲ့စွမ်းအင်တို့ကို ဖွံ့ဖြိုးတိုးတက်အောက်လုပ်ပြီး အလုပ်တွေဖန်တီးပေးရမယ်။

※ အလုပ်တွေဖန်တီးပေး- ကနေဒါနိုင်ငံတလွှားမှာ တန်ဖိုးနည်းအိမ်ယာတွေဆောက်တဲ့ နိုင်ငံတော်အိုးအိမ် အစီအစဉ်အတွက် ရင်းနှီးမြှုပ်နှံရမယ်။ ကနေဒါပိုင်ကားစက်ရုံနဲ့ မြို့ပြ-တမြို့နဲ့တမြို့သယ်ယူပို့ဆောင်တဲ့ အပါအဝင် တန်ဖိုးဖြည့်ထားတဲ့ ထုတ်လုပ်မှုတွေမှာ ရင်းနှီးမျြုပ်နှံရမယ်။ လယ်ယာသုံးကိရိယာစက်မှုလုပ်ငန်း၊ စက်ယန္တရားထုတ်လုပ်ရေး လုပ်ငန်း၊ သင်္ဘောတည်ဆောက်ခြင်း၊ လူမှုအစီအစဉ်များတိုးချဲ့ခြင်းတို့မှာ ပိုမိုရင်းနှီးမြှုပ်နှံရမယ်။

※ လစာနဲ့ဝင်ငွေ တိုးမြှင့်ရမယ်။ အနိမ့်ဆုံးလုပ်ခကို ဒေါ်လာ ၂ဝ အထိ မြှင့်တင်ရမယ်။ ပင်စင်လစာတွေကို သိသိသာသာ တိုးပေးရမယ်။ ပင်စင်အပြည့်ရရေးနဲ့ သက်ကြီးထောက်ပံ့ကြေးကို အသက် ၆ဝ အထိ တိုးပေးရမယ်။ နှစ်စဉ် ဝင်ငွေကို အာမခံရမယ်။ အလုပ်အကိုင် အာမခံချက်ကို ယခင် လုပ်ခရဲ့ ၉ဝ% ဖြစ်ရေးနဲ့ ဒါဟာ ယာယီအလုပ်သမားများ၊ ပထမဆုံးအကြိမ် အလုပ်ရှာသူတွေ အပါအဝင် အလုပ်ရှာဖွေသူအားလုံးအဖို့ ဖြစ်စေရမယ်။ တပြေးညီလစာနဲ့အလုပ်ရရှိမှု တန်းတူရေးကို ချမှတ်ရမယ်။ ယာယီနိုင်ငံခြားအလုပ်သမားများအက်ဥပဒေကို ဖျက်သိမ်းပစ်ရမယ်။

※ ကူးပြောင်းဝင်ရောက်လာသူနဲ့ ဒုက္ခသည်များ လက်ခံမှု၊ ပြန်လည်နေရာချထားမှုကို တိုးချဲ့ရမယ်။ ကနေဒါ-အမေရိကန် တခြားနိုင်ငံတခု ကယ်တင်ရေးသဘောတူညီချက်ကို ဖျက်သိမ်းရမယ်။

※ တနိုင်ငံလုံးလူမှုရေးအစီအစဉ်များနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးချဲ့ရမည်။ အားလုံး တပြေးညီခံစားနိုင်တဲ့၊ စရိတ်တတ်နိုင်တဲ့ ပြည်သူများအတွက် အဆင့်ရှိ ကလေးငယ်စောင့်ရှောက်ရေးစနစ်ကို ဖော်ထုတ်ရမယ်။

※ ကျောင်းလခပေးတဲ့ စနစ်ကို ဖျက်သိမ်းပြီး အလယ်တန်းလွန်အဆင့် ပညာရေးကို လူတိုင်းသင်ကြားနိုင်အောင် လုပ်ပေးရမယ်။

※ လူမှုအခွင့်အရေး၊ ပြည်သူ့အခွင့်အရေး၊ လုပ်သားအခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးများကို ကာကွယ်၊ တိုးချဲ့ရမယ်။ မုန်းတီးမှုဆန့်ကျင်ရေးဥပဒေများကို အတည်ပြု၊ အသုံးချရမယ်။

နောက်ကမ္ဘာတခုဆိုတာ ဖြစ်နိုင်တယ်၊ နောက်ပြီး အမြန်လိုအပ်နေတယ်။

ကမ္ဘာတလွှားမှာ ဆိုရှယ်လစ်ဝါဒနဲ့ အလုပ်သမားအာဏာကို တံခါးဖွင့်ပေးလိုက်တဲ့ မဟာအောက်တိုဘာ တော်လှန်ရေးကြီး အနှစ်တရာပြည့်တဲ့ဒီနှစ်မှာ ကျွန်တော်တို့အနေနဲ့ ရုရှားနိုင်ငံမှာ သွေးစုပ်မှုနဲ့ဖိနှိပ်မှုကင်းတဲ့ လူ့အဖွဲ့အစည်းတခုကို အလုပ်သမားလူတန်းစားက ဖန်တီးတဲ့ သမိုင်းဝင်တိုက်ပွဲကို ပြန်သတိရကြတယ်။

ဒီတိုက်ပွဲကြီးက တန်းတူမှုနဲ့တရားမျှတမှုရှိတဲ့ လူ့အဖွဲ့အစည်းတရပ်၊ အလုပ်သမားတွေကို ပဲ့ကိုင်ဦးစီးဖြစ်ပြီး ကော်ပိုရေးရှင်းတွေ၊ လောဘသမားမြေပိုင်ရှင်တွေကို သူတို့နေရာက ဖယ်ရှားပြီး စစ်ဝါဒီတွေ၊ အမြတ်ကြီးစားတွေကို ဖယ်ရှားပစ်ခဲ့တယ်။ စစ်၊ ဖက်ဆစ်ဝါဒတို့နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဂုဏ်ပြောင်နာကျင်တဲ့ အတွေ့အကြုံတွေ၊ ဥရောပမှာ ဆိုရှယ်လစ်အစိုးရတွေ ပြုတ်ရတဲ့အဖြစ်တွေကို နှစ်ပေါင်းတရာ ဖြတ်သန်းပြီးတဲ့နောက် ကျွန်တော်တို့အနေနဲ့ ဆိုရှယ်လစ်စနစ်ဟာ အနာဂတ်ဖြစ်တယ်၊ အရင်းရှင်စနစ်ဟာ အတိတ်ဖြစ်တယ်ဆိုတာကို သိလာခဲ့တယ်။ လူသားတွေရဲ့ ဖြစ်ပေါ်တိုးတက်မှုလှေကားမှာ အရင်းရှင်စနစ်နဲ့ဆိုရှယ်လစ်စနစ်တို့အကြား နောက်အထစ်တထစ် မရှိတော့ဘူး။ လုပ်သားပြည်သူတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့၊ အလုပ်သမားလူတန်းစားရဲ့ နိုင်ငံရေးအာဏာထူထောင်ဖို့ ချိန်ခါတော်ကို ရောက်နေပြီ၊ နောက်တောင်ကျနေပြီ။

ရှေ့လာမယ့်တိုက်ပွဲတွေမှာ လုပ်သားပြည်သူတွေဟာ ဆိုရှယ်လစ်စနစ်ကို အသစ်ပြန်တည်ဆောက်ကြပါလိမ့်မယ်။
အတိတ်က သင်ခန်းစာကိုယူပြီး အနာဂတ်ကို တည်ဆောက်ကြလိမ့်မယ်။ တိုက်ပွဲဟာ ဆက်ဖြစ်ပေါ်နေဆဲပဲ။ အရင်က
ထက်တောင် ပိုလိုအပ်နေတယ်။

၂၀၁၇ ခုနှစ် မေဒေး
ကနေဒါ ကွန်မြူနစ်ပါတီ

Leave a Reply

Your email address will not be published. Required fields are marked *