Monthly Archives: May 2023

လက်နက်ချရင် ဆုချမယ်တဲ့လား

လက်နက်ချရင် ဆုချမယ်တဲ့လား

မောင်သန်းမြရွှေ

အာဏာသိမ်းစစ်ကောင်စီက လက်နက်နဲ့အလင်းဝင်ရင် ဆုချမယ့်အကြောင်း မေလ ၉ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လာတယ်။ ခင်ညွန့်လက်ထက် ဖိတ်ခေါ်တုန်းက လမ်းမှားရောက်သွားတဲ့ လူငယ်တွေ ပြန်လာရင် ခွင့်လွှတ်မယ်လို့ဆိုတယ်။ အခုက လက်နက်ယူလာရင် ဘယ်လောက်ဆုချမယ်လို့ ပြောလာတာဖြစ်တယ်။ NUG ကလည်း လက်နက်နဲ့ CDM လုပ်လာရင် သိန်းပေါင်းဘယ်လောက် ဆုချမယ်ပြောထားတာဖြစ်တော့ ဗမာပြည်ပြည်တွင်းစစ်မှာ လက်နက်ဈေး ဘယ်လောက်ကောင်းနေသလဲ သိနိုင်ပါတယ်။ လက်နက်အရောင်းအဝယ်ဘယ်လောက်ကောင်းနေ သလဲဆိုတာကိုပြသတာပါ။

လက်နက်ရဖို့ အမျိုးမျိုးအလှူခံပြီး ဘယ်လောက် လုံးပန်းနေကြသလဲ။ လက်နက်မှောင်ခိုဈေးကွက် ဘယ်လောက် သောင်းကျန်းနေသလဲ။ လက်နက်ရေသောက်မြစ်ရှိတဲ့ EAO တွေ ဘယ်လောက် စန်းပွင့်နေသလဲ။ လက်နက်ကို ချုပ်ရောင်းချုပ်ဝယ် လုပ်ချင်သူတွေလဲရှိလာတယ်။

စကစကို လျှော့မတွက်ဖို့လိုတယ်။ လူလည်လူပါးတွေပါ။ အလင်းဝင်လာသူက အရေးမကြီးဘူး လက်နက်ပါလာဖို့က ပိုအရေးကြီးပါတယ်။ လက်နက်ကို အားလုံးက ဘုရားလို ကိုးကွယ်လာနေပြီး (လေယာဉ်ပစ်လက်နက်အပါ) လက်နက်မရှိရင် တော်လှန်ရေးလုပ်လို့ မရတော့သလို ဖြစ်လာနေပြီ။ (လက်နက်ဆိုတာ ကိုင်တွယ်ပစ်ခတ်သူမရှိရင် တုတ်ဖြစ်သွားတာပဲ) ဒီလိုနဲ့ ကိုယ်စွမ်းကိုယ်စတွေ တုံးကုန်လိမ့်မယ်။ တော်လှန်ရေးဆိုတာ မရှိရာမှရှိရာသို့ တစတစ ဖြစ်ပေါ်ကြီးထွား လာတာဖြစ်တယ်။ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် တိုက်ရမယ်။ တိုက်ရင်းနဲ့ကြီးထွားလာတဲ့ ဖြစ်စဉ်ဖြစ်တယ်။ ဆန့်ကျင်ဘက် ရန်သူစကစ က တိုက်ရင်းနဲ့ သေးကျုံ့လာ နောက်ဆုံးကျေပြုန်းသွားတဲ့ ဖြစ်စဉ်ဖြစ်တယ်။ လူထုကြီးတရပ်လုံး တစည်းတလုံးတည်း နိုးကြားတက်ကြွနေပြီး အခက်အခဲဟူသမျှကျော်လွား အောင်ပွဲအရယူတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။

ကမ်ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်က သူ့မှာပြဒါးရှင်လုံးလဲမရှိ တန်ခိုးရှင်လည်းမဟုတ်လို့ မြန်မာပြည်ပဋ္ဋိပက္ခကို တခဏချင်းဖြေရှင်းလို့မရလို့ ပြောခဲ့တယ်။ မြန်မာပြည်အရေးဟာ ရှည်လျားရှုပ်ထွေးတဲ့ သမိုင်းကြောင်းရှိလို့ အလွယ်တကူ ဖြေရှင်းလို့မရ။ မြန်မာပြည်အရေးကို မြန်မာနိုင်ငံကသာ ဦးဆောင်ဖြေရှင်းသင့်ပြီး မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားသင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်းက ဆိုတယ်။ မြန်မာပြည်အရေးကို ဖြေရှင်းရာမှာ စေ့စပ်ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး အရေးယူပိတ်ဆို့ခြင်းက အဖြေမဟုတ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အာဆီယံထိပ်သီးအစည်းအဝေးမှာ ပြောပါတယ်။

ဒါတွေကို ဆန္ဒစွဲနဲ့ ငါတို့ကို အသိအမှတ်မပြုဘဲ၊ စကစကို အသိအမှတ်ပြုရကောင်းလားလို့ စွပ်စွဲလို့မရပါဘူး။ ကမ္ဘာ့ အစိုးရအသီးသီး တနည်းမဟုတ် တနည်းနဲ့ ပတ်သက်နေတဲ့ ပထဝီနိုင်ငံရေး ရဲ့ မျက်နှာစာမှာ သံခင်းတမန်ခင်းအရ ကြားဝင်ညှိနှိုင်းသူဟာ ဒီလိုပဲပြောရမှာပါ။ ကယ်တင်ရှင်ဂိုက်ဖမ်းပြီး ပထဝီနိုင်ငံရေး အမြတ်ထုတ်ချင်တဲ့ နီယိုလစ်ဘရယ်နိုင်ငံကြီးတွေလည်း ရှိတယ်။ မုသာဝါဒလေထုနဲ့သာ ထောက်ခံပြီး ဗမာပြည်တော်လှန်ရေးကို ကွန်မြူနစ်ဆန့်ကျင်ရေး တရုတ်ဆန့်ကျင်ရေး အတွက် အာဘော်ဖန်တီးလာနေတဲ့ အရာကျဆူပါပါဝါ နိုင်ငံကြီးရဲ့ ပေးစာကမ်းစာစားနေသူများက ဗမာပြည်တော်လှန်ရေးကို လမ်းကြောင်းပြောင်းအောင် လုပ်လာနေတာလည်း တွေ့လာရတယ်။ ဗမာပြည် ပြည်သူလူထုက စစ်အာဏာရှင်စနစ် ကို အမြစ်ပါမကျန် ချေမှန်းဖို့ ပြတ်ပြတ်သားသား ဇွဲနဘဲနဲ့ တိုက်ပွဲဝင်နေသလိုမျိုး ပြည်သူအုံကြွမှု ဆိုရင် ဘယ်နိုင်ငံရှိ အုပ်စိုးသူ လူတန်းစား က တကယ်တမ်းထောက်ခံ မှာလဲ။ ကမ္ဘာ့ အဖိနှိပ်ခံ ပြည်သူများ နေရာတိုင်းလိုလို မှာ အုံမကြွတောင် မခံမရပ်နိုင်ဖြစ်လာ နေတဲ့ အခုမျက်မှောက်လာလ မှာ “လူမှုတည်ငြိမ်ရေး” ရဖို့ နိုင်ငံတိုင်းရှိ အုပ်စိုးသူ လူတန်းစား က မနည်းကြိုးစား နေကြတာ အထင်အရှား တွေ့နိုင်တာပဲ။

၂၀၀၈-၂၀၁၀ တုန်းက အိုဘားမားအစိုးရ ကြားဝင်မှုနဲ့ ရင်ကြားစေ့ခဲ့တယ်။ ထိုစဉ်က ဒေါ်စုမဏ္ဍိုင်ပြု ရင်ကြားစေ့တာဖြစ်ပြီး ၂၀၀၈ အောက် ခေါင်းလျှိုသွားခဲ့တာပဲ။ ယခုအခါ ကြားဝင်လာသူတွေကများတယ်။ ကမ္ဘာ့အခြေအနေကလည်း အရင်ကနဲ့မတူတော့ဘူး။ လစ်ဘရယ်ဒီမိုကရေစီ ကမ္ဘာပတ်နေတဲ့ ကမ္ဘာပြားခေတ်မဟုတ်တော့ဘူး။ ပြည်တွင်းအခြေအနေကလည်း ယခင်ကနဲ့မတူတော့ဘူး။ လက်နက်ကိုင်တိုက်နေတဲ့ အင်အားစုတွေကလည်းများတယ်။ ဗမာပြည်သူတွေကလည်း နိုင်ငံရေးနိုးကြားမှု မြင့်မားတယ်။ သက်ဆိုင်သူ stakeholders တွေများတယ်။ ဒါကြောင့် အာဆီယံကို ခေါင်းတည်ပြီး ကြားဝင်တာဖြစ်တယ်။

အဖိနှိပ်ခံလူမျိုးပေါင်းစုံ ဗမာပြည်သူလူထုကြီးဟာ ငြိမ်းချမ်းတည်ငြိမ် လုံခြုံမှုကို ဖက်ဆစ်စစ်တပ်နဲ့ ရင်ကြားစေ့ခြင်းဖြင့်မရ၊ ကိုယ်တိုင်တိုက်ယူမှရမယ်ဆိုတာ ဘဝအရသိရှိပြီးဖြစ်ပါတယ်။ စစ်အုပ်စုအကြောက်ဆုံးကလည်း တော်လှန်ပြည်သူတွေကိုသာ ဖြစ်တယ်။ အဆုံးအဖြတ်က ဗမာပြည်တော်လှန်ရေးသမားတွေနဲ့ ဗမာပြည်ပြည်သူတွေရဲ့ တော်လှန်စစ်မှာပဲ တည်ပါတယ်။

ဘုံရန်သူစစ်အုပ်စုရဲ့ သွေးခွဲသပ်လျှိုမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး တော်လှန်ရေးအင်အားစုများ တစည်းတလုံးတည်းရှိဖို့ တိုက်တွန်းလိုက်ပါတယ်။

မောင်သန်းမြရွှေ (၁၂ မေ ၂၀၂၃)

ပဇီကြီး သင်ခန်းစာ

ပဇီကြီး သင်ခန်းစာ

• (ပဇီကြီးကျေးရွာ အစုလိုက်အပြုံလိုက် လူသတ်ပွဲက

သင်ကြားပေးလိုက်တဲ့ သင်ခန်းစာ)

ဥဩချို

စစ်ကောင်စီရဲ့ ပဇီကြီးကျေးရွာ လူသတ်ပွဲအတွင်း အသက်ဆုံးပါးသွားကြတဲ့ ပြည်သူ (၁၀၀) ကျော်အတွက် လွန်စွာ ဝမ်းနည်းကြေကွဲခြင်း ဖြစ်ရကြောင်း အဦးဆုံးပြောပါရစေ။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ ဒီနေ့(၁၁-၄-၂၀၂၃) နံနက် ၇ နာရီဝန်းကျင်က ကျေးရွာလုံခြုံရေးရုံးခန်းဖွင့်ပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။ ပဇီကြီးကျေးရွာကသာမက အနီးအနား ပတ်ဝန်းကျင်ကျေးရွာတွေက လူထုတွေ တက်ရောက်တဲ့ပွဲပါ။ လူစုလူဝေးဖြစ်နေတဲ့အချိန်ကိုက်မှာပဲ (နံနက် ၇ နာရီ ၄၅ မိနစ်) စစ်ကောင်စီရဲ့ ဂျက်လေယာဉ်တစီး ရောက်ရှိလာပြီး ၂ ကြိမ်တိုင် လူစုလူဝေးအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ Mi 35 ရဟတ်ယာဉ်တစီးနဲ့လည်း ၂၅ မိနစ်ကြာ ပစ်ခတ်ပြီး စိမ်ပြေနပြေ လူသတ်ပွဲကြီး ဆင်နွှဲခဲ့ပါတယ်။ အလောင်းတွေဟာ ခြေပြတ် လက်ပြတ်၊ ကိုယ်တပိုင်းပြတ်၊ အသားစတွေ ဖွာလန်ကြဲ မြင်မကောင်း မမြင်ရက်စရာ စစ်ကောင်စီရဲ့ လူမဆန် ရက်စက်လှတဲ့ လူသတ်ပွဲပါပဲ။ ကျေးရွာတွေက အမျိုးသမီးတွေ အပါအဝင် ပြည်သူလူထု (၁၀၀) ကျော် သေကြေခဲ့ကြရပါတယ်။ သေဆုံးသူ (၁၀၀) ကျော်မှာ ကျောင်းသားကျောင်းသူ ကလေးငယ် (၃၀) လောက်လည်း ပါရှိတယ်လို့ သတင်းတရပ်က ဆိုပါတယ်။ ဗီယက်နမ်မှာ အမေရိကန်တို့ ကျူးကျော်စစ််ဆင်စဉ်က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မီလိုင်ရွာ လူသတ်ပွဲလိုပဲ နှိုင်းယှဉ်လို့ရတဲ့ လူသတ်ပွဲကြီးလည်း ဖြစ်ပါတယ်။

မင်းအောင်လှိုင်အာဏာသိမ်း စစ်အုပ်စုရဲ့ ဒီလူသတ်ပွဲက ဘာကို ဖော်ပြနေသလဲ။

မင်းအောင်လှိုင် စစ်အုပ်စုဟာ ဗမာပြည် လူမျိုးပေါင်းစုံ ပြည်သူလူထုကို ရန်သူအဖြစ် အတိအလင်း စစ်ခင်းနေကြောင်း ဖော်ပြလိုက်တာပါပဲ။ ဒီကနေ့ ပဇီကြီးကျေးရွာက လူစုလူဝေးဟာ လက်နက်ကိုင်ထားတဲ့ တော်လှန်ရေးသမားတွေ မဟုတ်ပါဘူး။ လက်နက်မဲ့ အရပ်သား ကျေးလက်ပြည်သူလူထုတွေပါ။ ဒါကို စစ်အုပ်စု ကောင်းကောင်းကြီးသိပါတယ်။ သိရက်နဲ့ကို ရက်ရက်စက်စက် လာသတ်တာပါ။ တကြိမ်သာ မကပါဘူး။ ဒီကနေ့ ညနေ ၅ နာရီခွဲအချိန်လောက်မှာ ဂျက်ဖိုက်တာ လာရောက်ပျံဝဲပြီး ပထမအကြိမ်မှာ Rocket (ဒုံးကျည်) ၃ လုံး၊ ဒုတိယအကြိမ်မှာ ၃ လုံးနဲ့ နောက်ဆုံးအကြိမ်မှာ ၁ လုံး ပစ်ခတ်ပြီး စက်သေနတ်တွေနဲ့လည်း တရစပ် ပစ်ခတ်သွားကြပါသေးတယ်။ ပြည်သူလူထုကို ပစ်မှတ်အဖြစ်ထားပြီး အငြိုးတကြီး ရက်စက်ယုတ်မာစွာ သတ်ဖြတ်ကြောင်း ထင်ရှားပါတယ်။ (သူတို့က တော်လှန်သူတွေကို တိုက်တာပါလို့ အရှက်မဲ့ သတင်းလိမ် ပြန်ကြားရေးလုပ်ပါတယ်။ ကျောင်းစာအုပ်လေးရှေ့ချပြီး ဗုံးလာကြဲမယ်ဆိုတာ မသိဘဲ ပျော်ရွှင်စွာ ထမင်းစားနေတဲ့ ကလေးတွေရဲ့ ဓာတ်ပုံလေးတွေက သူတို့ရဲ့ အလိမ်အညာကို အကောင်းဆုံးဖွင့်ချပြသနေပါတယ်။ )

မင်းအောင်လှိုင် လူသတ်ဂုဏ်း စစ်အုပ်စုဟာ ပြည်သူလူထုကို ရန်သူအဖြစ် အငြိုးတကြီးသတ်ဖြတ်ရာမှာ လူမျိုးဘာသာ ခွဲခြားမနေဘူး၊ ဘာလူမျိုးဖြစ်ဖြစ်၊ ဘယ်ဘာသာဖြစ်ဖြစ် ပြည်သူလူထုဆိုရင် သတ်ရမယ့်လူတွေအဖြစ် သဘောထားပြီး သတ်ပါတယ်။ သူတို့ အာဏာမသိမ်းမီကတည်းက ရခိုင်ပြည်နယ်လို လူနည်းစု အမျိုးသားပြည်နယ်တွေမှာ စာသင်ကျောင်းအပါအဝင် ဗုံးကြဲသတ်ဖြတ်ခဲ့လို့ ပြည်သူတွေ သေကြေခဲ့ရတာ မနည်းပါဘူး။ သည့်အရင် ရက်တွေကပဲ ချင်းပြည်နယ်မှာ ဗုံးကြဲသတ်ဖြတ်ခဲ့လို့ အရပ်သား ပြည်သူတွေ သေခဲ့ရတာ သွေးရည်တွေတောင် မခြောက်သေးပါဘူး။ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တုန်းကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို (၄၅) မိနစ်ကြာ စိန်ပြေနပြေ လေယာဉ်ပျံနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့လို့ ကျောင်းသားကလေးငယ် (၆) ဦးနဲ့ အရပ်သား(၇) ဦး သေဆုံးခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာ (၂၃) ညပိုင်းမှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါရွာမှာ လူထုစုဝေးတဲ့ ဂီတပွဲကို တိုက်လေယာဉ်တွေနဲ့လာရောက်ဗုံးကြဲခဲ့လို့ ကေအိုင်အေ တပ်မဟာမှူးအပါအဝင် တော်လှန်ရေးသမားတွေ ၊ အနုပညာရှင်တွေနဲ့ အရပ်သားပြည်သူတွေ (၅၀) ယောက်နဲ့ (၁၀၀)ယောက်အကြား သေဆုံးခဲ့ရပါတယ်။

ဒီလို လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပြည်သူလူထုကို ယုတ်ယုတ်မာမာ ကမ်းကုန်အောင် မိုက်မဲရက်စက်စွာ သတ်ဖြတ်ခဲ့၊ သတ်ဖြတ်နေတဲ့ မင်းအောင်လှိုင်အာဏာသိမ်းစစ်အုပ်စု ဒါ့အပြင် သူတို့ရဲ့ စစ်အာဏာရှင်စနစ်နဲ့ ဗမာပြည် လူမျိုးပေါင်းစုံ ပြည်သူလူတရပ်လုံးဟာ ဘယ်လိုနည်းနဲ့မှ အတူယှဉ်တွဲနေထိုင်လို့ မရတော့ဘူးဆိုတာ ဒီအချက်အလက်တွေက သက်သေပြနေပါတယ်။ တပြည်လုံး မီးရှို့ ၊ တပြည်လုံး ပြည်သူမှန်သမျှ သတ်နေတဲ့ မင်းအောင်လှိုင်စစ်အုပ်စု ရှိနေသမျှ ပြည်သူတွေရဲ့ ဘဝ ဘယ်လို လုံခြုံမှုမှ မရနိုင်ပါဘူး။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးကသာလျှင် လမ်းကြောင်းမှန်ဖြစ်ကြောင်း အထင်အရှားဖော်ပြနေပါတယ်။

ရွေးကောက်ပွဲလား။ ပြည်သူတွေကို ဒါလောက် လူမဆန်အောင် သတ်နေတဲ့ စစ်အုပ်စုလုပ်မယ့်ရွေးကောက်ပွဲကို လာပြီးမဲထည့်ပေးပါလို့ ပြောရင် အဲဒီပြောတဲ့သူဟာ လူသားဆန်တဲ့ စာနာစိတ်လေးတောင် မရှိဘူးလို့ ပြောရပါမယ်။ နောက်ကြောင်း ပြန်လှည့်ဖို့၊ စစ်အုပ်စုနဲ့ ပြန်လည်ပူးပေါင်းဖို့၊ ပြောလာရင်လည်း ပြောတဲ့သူ ဘယ်သူဖြစ်ဖြစ် ပြည်သူ့သွေးရည်သွေးအိုင်တွေကို မျက်ကွယ်ပြုပြီး စစ်လွှတ်တော် က ထိုင်ခုံနေရာလေးတခုနဲ့ အာဏာစည်းစိမ်ကိုပဲ မျက်လုံးကျွတ်မတတ် အာသာငမ်းငမ်း ကြည့်နေတတ်တဲ့သူလို့ပဲ ပြောရမယ်။

ကုလသမဂ္ဂတို့ အာဆီယမ်တို့ ဒါ့အပြင် ဗမာပြည်နဲ့ အကျိုးစီးပွား တစုံတရာဆက်စပ်နေတဲ့ နိုင်ငံကြီး နိုင်ငံငယ်တချို့က ဝမ်းနည်းကြောင်း စာနာကြောင်း ပြောကြပါလိမ့််မယ်။ ဒါပေမဲ့ သူတို့ဖြစ်စေချင်တဲ့ တိုင်းပြည်တည်ငြိမ်ရေးအတွက်၊ ဖက်ဆစ်ဗိုလ်ချုပ်များနဲ့ စေ့စပ်ပြေငြိမ်းရေးဖို့ဆိုတာ ဗမာပြည်လက်တွေ့ အခြေအနေအရလည်းကောင်း ဗမာပြည်သူလူထုကြီးရဲ့ လိုလားချက်နဲ့လည်းကောင်း ဆန့်ကျင်ဖီလာဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတကာမှ အဖိနှိပ်ခံပြည်သူတွေရဲ့ စာနာမှု၊ ထောက်ခံမှုတွေကိုတော့ ကျနော်တို့က တန်ဖိုးထား လက်ခံသွားကြရပါလိမ့်မယ်၊ ကျနော်တို့ရဲ့ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကို ကိုယ့်အဖိနှိပ်ခံပြည်သူကိုပဲ အဓိက မှီခိုအားထားပြီး အောင်ပွဲရသည်အထိ မဆုတ်မနစ် ကြံ့ကြံ့ခိုင်ခိုင် တော်လှန်တိုက်ခိုက်ဖို့လမ်းသာလျှင် ဗမာပြည် လူမျိုးပေါင်းစုံပြည်သူတရပ်လုံး လုံးဝလွတ်မြောက်စေမယ့် မှန်ကန်တဲ့လမ်းကြောင်းပါ။

ပဇီကြီး လူသတ်ပွဲကနေ သင်ခန်းစာယူစရာ နောက်ထပ်အချက်တချက်ကတော့ တော်လှန်စစ်မှာ တော်လှန်ရေးသတိ အစဉ်ရှိဖို့ ဆိုတဲ့အချက်ပဲ။ မျက်မှောက်ပြည်သူ့တော်လှန်ရေးဟာ လက်နက်ကိုင်စစ်ပွဲဖြစ်တယ်။ မဲရွေးပွဲ အနိုင်ရပါတီက အောင်ပွဲခံတဲ့ ပွဲလမ်းတွေလိုမျိုး ပွဲတွေလမ်းတွေ အနှံ့အပြား ကျင်းပနေလို့ မဖြစ်ဘူး။ တော်လှန်ရေးလုပ်ရင် တော်လှန်ရေးဆန်ရမယ်။ တော်လှန်ရေးအစိုးရလုပ်ချင်ရင် တော်လှန်ရေးဆန်တဲ့ အစိုးရမျိုး ဖြစ်ဖို့လိုတယ်။ လူမသိ သူမသိ ဒေသလို့ ပြောလို့မဖြစ်ပါ။ အညာမြေဟာ စစ်တလင်း ဖြစ်နေဆဲပါ။ ပြီးပြည့်စုံတဲ့ လွတ်မြောက်နယ်မြေ မဟုတ်ပါဘူး။ လွတ်မြောက်နယ်မြေဆိုရင်တောင် ရန်သူ တိုက်ခိုက်လာနိုင်တဲ့အန္တရာယ်ကို အမြဲသတိရှိနေရပါတယ်။ နေရာတကာမှာ အဲလို လုပ်နေတယ်ဆိုရင်လဲ အဲဒါဟာ မှန်သလား-မှားသလား။ ပြည်သူအတွက် လုံခြုံမှု ရှိလား မရှိဘူးလား ဆင်ခြင်သုံးသပ်ပြီး ရှေ့မှာ သတိပြုကြရတော့မှာပါ။ ဘာလို့လဲဆိုတော့ တနေရာလောက် ရန်သူက ဒီလို လာတိုက်ရင်ကိုပဲ ပြည်သူလူထု ရာနဲ့ချီ အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးရတတ်တယ်ဆိုတာ ပဇီကြီးက ပေးတဲ့ သင်ခန်းစာပါ။

ဖားကန့်အနန့်ပါရွာ လူသတ်ပွဲတုန်းကလည်း လူစုလူဝေး ပွဲလမ်းသဘင်လုပ်တာနဲ့ပတ်သက်လို့ အန္တရယ်ကြီးကြောင်း ဝေဖန်ထောက်ပြခဲ့ကြပြီ။ ကိုယ်က အစိုးရတရပ်လို ပိုင်ပိုင်နိုင်နိုင်နဲ့ ပြည်သူ့လုံခြုံရေးကို အပြည့်အဝ တာဝန်ယူမပေးနိုင်သေးတဲ့အချိန်မှာ ပြည်သူ့လုံခြုံရေး၊ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးကို အဓိက အလေးထားရမှာ ဖြစ်ပါတယ်။ အခုတော့ ပဇီးကြီးကျေးရွာ ပြည်သူ့လုံခြုံရေး ရုံးခန်းဖွင့်ပွဲမှာကို ပြည်သူတွေ မလုံမခြုံ ဖြစ်ကြရပြီ။

သင်ခန်းစာ နောက်တချက်ကတော့ ဒီပွဲကို ရန်သူက အချိန်အတိအကျ လာရောက် ဗုံးကြဲသတ်ဖြတ်နိုင်တာဟာ သတင်းပေါက်ကြားလို့ ဖြစ်တယ်။ ဒလျှိုဒလန်တွေ သတင်းပေးနိုင်တာလည်း မဆန်းပါဘူး။ ဒီအရပ်တွေဟာ ပျူစောထီးကျေးရွာတွေ အများအပြားရှိနေတဲ့ ဒေသပါ။ ပျူစောထီးတွေဆိုတာ စစ်အုပ်စုက ဖုံးကွယ်ထားပေမယ့် သူတို့ လက်သပ်မွေးထားတဲ့ ရွာစောင့်ခွေး လက်နက်ကိုင်တပ်ဖွဲ့တွေပါ။ ဒါကြောင့် ဒီဒေသဟာ လွတ်မြောက်နယ်မြေ ဖြစ်နေပြီလို့ ပြောမရသလို လုံခြုံရေး လုံးဝစိတ်ချရတဲ့ အနေအထားလဲ မဟုတ်သေးပါဘူး။

ဟုတ်ပါတယ်။ ကျနော်တို့ဟာ တဦးတည်းသော ဘုံရန်သူကို ဦးတည်တိုက်သွားကြရမှာပါ။ တချိန်တည်းမှာ ကျနော်တို့ တော်လှန်ရေးဟာ တော်လှန်ရေးအတွေ့အကြုံတွေကို သုံးသပ်တာ နိဂုံးချုပ်တာ လုပ်တာတွေ ရှိဖို့လိုသလို တော်လှန်ရေးနဲ့ ပြည်သူကို ထိခိုက်စေတဲ့အချက်တွေကို ဝေဖန်ရေးနဲ့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးလုပ်ဖို့လဲ လိုအပ်ပါတယ်။

ပြည်သူရာကျော် ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ ပဇီကြီးက ပေးတဲ့ သင်ခန်းစာကို အလေးအနက် ခံယူရင်း အသက်သေဆုံးသွားကြရှာတဲ့ ပြည်သူတွေအတွက် နာကြည်းဒေါသတွေကို စစ်အာဏာရှင်အမြစ်ဖြတ်ရေး တော်လှန်စစ်ပွဲအတွက် အားမာန်အဖြစ် ပြောင်းလဲ တိုက်ခိုက်သွားကြပါစို့။

(၁၁- ၄- ၂၀၂၃)

အမေရိကန်ဘဏ်ပြိုလဲမှုနှင့် စီးပွားရေးဝေါဟာရအချို့

အမေရိကန်ဘဏ်ပြိုလဲမှုနှင့် စီးပွားရေးဝေါဟာရအချို့

နီထွန်း

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ နဲ့ မေလဆန်းအတွင်း အမေရိကန်နိုင်ငံမှာ ဘဏ်အကျပ်အတည်း (ဝါ) ဘဏ်ပြိုလဲ မှု (collapse) တွေဖြစ်ခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့ရတဲ့ အကြောင်းရင်းတွေနဲ့ စီးပွားရေးဆိုင်ရာဝေါဟာရ တွေကို အဓိက ထားတင်ပြပါမယ်။

ဘဏ်တွေကို အမျိုးအစားခွဲရင် ကူးသန်းရောင်းဝယ်ရေးဘဏ်(commercial) ရင်းနှီးမြှုပ်နှံမှုဘဏ် (investment) ငွေစုဘဏ် (savings) အာမခံလုပ်ငန်းလုပ်ကိုင်သည့်ဘဏ် (insurance) နဲ့ အခြားသက် ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ဆောက်လုပ်ရေး၊ လယ်ယာ၊ စက်မှု၊ ရေလုပ်ငန်း၊ ထုတ်ကုန်သွင်းကုန် (Construction, Agricultural, Industrial, Fishery, Export Import) စသဖြင့်ရှိပါမယ်။

အခုပြိုလဲသွားတဲ့ SVB (Silicon Valley Bank) ဟာ ရင်းနှီးမြှုပ်နှံမှုဘဏ်အမျိုးအစားမှာပါပါတယ်။ သူက အဓိက အားဖြင့် ကွန်ပျူတာနဲ့ အဆင့်မြင့်နည်းပညာနယ်ပယ်မှာ ထူထောင်စ လုပ်ငန်းငယ်လေး (Startups) တွေကို အရင်းအနှီးထုတ်ပေးတဲ့ဘဏ်ပါ။ အမေရိကန်မှာ အဆင့် ၁၆ ရှိတဲ့ဘဏ်ဖြစ်ပါတယ်။

အခုဘဏ်ပြိုလဲမှုဟာ ၂၀၀၇-၂၀၀၈ ဘဏ်အကျပ်အတည်းနဲ့မတူပါ။ SVB ပြိုလဲမှုဟာ Short seller တွေ ကြောင့်လို့ဆိုပါတယ်။ သူတို့က အရင်းအနှီးဈေးကွက်က ငွေချေးစာချုပ် (Securities) တွေကို ဒီဘဏ်က ဝယ်ပါတယ်။ ဒီဘဏ်ကလဲ သူ့ဆီက အပ်နှံငွေ (deposit) အတော်များများကို သေချာပေါက်မြတ်မယ့် ဒီငွေချေး စာချုပ် တွေ ဝယ်ပြီးရင်းနှီးမြှုပ်နှံထားပါတယ်။ ဖြစ်ချင်တော့ ကိုဗစ်အပြီး နဲ့ ယူကရိန်းစစ်ပွဲအဖြစ်မှာ ပြည်တွင်းငွေကြေး ဖောင်းပွမှုကိုထိန်းဖို့ဆိုပြီး အမေရိကန်ဗဟိုဘဏ် (Federal Reserve Bank) က အတိုး နှုန်းတွေဆက်တိုက်မြှင့်ပါတယ်။ ဒီမှာတင် အရင်အတိုးဟောင်းနဲ့ ငွေချေးစာချုပ်တွေ ဈေးထိုးကျပါတယ်။ Short seller တွေလုပ်တာက ဒီစာချုပ်တွေကိုဝယ်လိုက် ရောင်းလိုက်လုပ်တာပါ။ ဈေးကျတဲ့အချိန်မှာ ပြန်ဝယ်ပြီး ပြန်ထည့်တာ ပြန်ပေးတာကိုလုပ်ပါတယ်။ ဥပမာ ဒေါ်လာတစ်သန်းတန်ငွေချေးစာချုပ်ကို ခဏ ကိုင်ထားလိုက်တယ်။ ဒီကြားထဲမှာမြတ်ရင်သူကထုတ်ရောင်းလိုက်တယ်။ ပြီးရင်ငွေကိုကိုင်ထားပြီး ဈေး အကျမှာ ပြန်ဝယ်ပြီး မူလပိုင်ရှင်ကိုပြန်ပေးလိုက်တယ်။ ဒီလိုခဏကိုင်ထားခွင့်ရဖို့ မူလပိုင်ရှင်ကို ကော် မရှင်ခပေးရတယ်။ ဒီကာလအတွင်းရလာတဲ့ အတိုး ကိုလဲ ပိုင်ရှင်ကိုပြန်ပေးရတယ်။ ဒီတော့ သူက ကော် မရှင်ခပဲ စိုက်ရတယ်။ ဟန်ပုံမရရင် ဒီငွေချေးစာချုပ်ကို ပိုင်ရှင်ကိုပြန်ပေးလိုက်ရုံဘဲ။ ဒီတော့သူ့သဘောက ဈေးကျရင်သူမြတ်ပါတယ်။ ဒီလိုလုပ်ရာမှာလဲ အရင်းအနှီးမရှိဘဲ တကယ်ဒီစာချုပ်တွေကို (ယာယီ) ပိုင်ဆိုင် တာမဟုတ်ဘဲ ဈေးနှုန်း ခြားနားချက်ကိုပဲ အမြတ်အဖြစ်ယူသူတွေ ကို short seller without position လို့ခေါ်ပါတယ်။ position ဆိုတာမှာလဲ ငွေချေးစာချုပ်၊ ကုန်စည်၊ ငွေကြေး (security, commodity, currency) စသည်တခုခု ကိုင် ထားသူတွေကိုပြောတာပါ။ အခုဒီဘဏ်ပြိုလဲမှုကတော့ short seller without position တွေကြောင့်လို့ ဆိုပါ တယ်။ short seller နဲ့ ဆန့်ကျင်ဘက်က long seller ပါ။ သူက ဈေးတက်ရင် ရှုံးပါတယ်။

SVB ဟာ သူကိုင်ထားတဲ့ ငွေချေးစာချုပ်တွေ ဈေးတအိအိပြိုဆင်းလာတာကို ကြာကြာတောင့်မခံနိုင်တော့ လို့ ငွေအပ်နှံထားသူတွေကို ငွေပြန်ထုတ်ပေးဖို့ အခက်အခဲရှိလာပြီလို့ ကြေညာလိုက်ရပါတယ်။ ဒါကို ဘဏ် ဝေါဟာရ စီးပွားရေးဝေါဟာရအရ ငွေကြေးပြဿနာ (liquidity problem) လို့ခေါ်ပါတယ်။ ဒီအခါမှာ အပ်နှံ ထားသူတွေက သူတို့ငွေတွေဆုံးမှာစိုးရိမ်လို့ အစုလိုက်အပြုံလိုက်ငွေပြန်ထုတ်မှုတွေဖြစ်လာပါတယ်။ ဒါကို ဘဏ်ဝေါဟာရ မှာ (Bank run) လို့ခေါ်ပါတယ်။ ဒါကိုအစိုးရနဲ့ ဗဟိုဘဏ်က အမြန်ဝင်ထိန်းရပါတယ်။ ဘဏ်အပ်နှံငွေတွေနဲ့ပတ်သက်လို့ အစိုးရကတာဝန်ယူကြောင်းကြေညာပါတယ်။ ဒီနေရာမှာ အလားတူ ဖြစ်ရပ်မျိုးဖြစ်ခဲ့တဲ့ ၁၉၃၀ စီးပွားပျက်ကပ်ကြီး(Great Depression) ဖြစ်ခဲ့တုံးက အက်ဥပဒေပြန်ဌာန်းပြီး အပ်နှံငွေတွေကိုကာကွယ်တဲ့စနစ်တခုထူထောင်ထားခဲ့ပါတယ် (1933 Banking Act)။ အဲဒါက ပြည်ထောင်စုအပ်နှံငွေအာမခံ ကော်ပိုရေးရှင်း (Federal Deposit Insurance Corporation – FDCI) ဖြစ်ပါတယ်။ သူ့အတွက်ရံပုံငွေကို ဘဏ် တွေက အာမခံကြေး အချိုးကျထည့်သွင်းပြီး ထူထောင်ထား တာပါ။ မူလက အပ်နှံငွေ ဒေါ်လာ ၂၅,၀၀၀ အထိဘဲအာမခံပါတယ်။ အပြည့်အဝပြန်ထုတ်ပေးပါတယ်။ နောက်ပိုင်း Dodd-Frank Watt Street Reform and Consumer Protection Act 2010 ပြဌာန်းပြီးမှ အပ်နှံငွေ ဒေါ်လာ ၂၅၀,၀၀၀ အထိအာမခံတာဖြစ်ပါတယ်။

ဒီနေရာမှာ တခုပြောချင်တာက ဘဏ်တွေအနေနဲ့အခုလို ဆုံးရှုံးမှုတွေရှိလာလို့ တကယ်ပြန်မပေးနိုင်တာ မျိုး ဖြစ်နိုင်သလို ကောလဟလ တခုကြောင့် ဘဏ်တွေမှာစုပြုံငွေထုတ်တာမျိုးဖြစ်လာရင် လဲ Bank run ဖြစ်နိုင် ပါတယ်။ ဘဏ်တွေအားလုံးဟာ ငွေသားကို ရာခိုင်နှုန်းအနည်းငယ်သာချန်ထားပြီး ကျန်တာကို ရင်းနှီးမြှုပ်နှံ မှုတွေပြန်လုပ်ထားတာဖြစ်ပါတယ်။ တချိန်တည်းမှာ ဗဟိုဘဏ်ကို လဲ အပ်နှံငွေစုစုပေါင်းရဲ့ ရာနှုန်းတချို့ကို အာ မခံငွေအဖြစ်တင်ထားရပါတယ်။ ဘဏ်တွေကလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ချေးငွေ၊ ချေးငွစာချုပ်တွေ၊ အိမ်ခြံမြေတွေ စသဖြင့်အမျိုးစုံဖြစ်နိုင်ပါတယ်။ ဒီအခါမျိုးမှာလဲ ဗဟိုဘဏ်တွေ က ဝင်ကယ်မှ သက်သာရာရနိုင်ပါတယ်။

၂၀၀၇-၀၈ ဘဏ်အကျပ်အတည်းကတော့ အိမ်ခြံမြေဈေးကွက်ပြိုကျရာကမြစ်ဖျားခံတာပါ။ အိမ်ဆိုတာ အတက်ပဲရှိတယ်၊ အကျမရှိဘူး လို့ရေရှည်ယုံကြည်မြှုပ်နှံထားကြရာကနေ အိမ်ခြံမြေပူပေါင်း (real estate bubble) ပေါက်တဲ့အခါပြိုကျတာပဲ။ Fennie Mae and Freddie Mac တို့ကအထိအနာဆုံးဖြစ်ပါတယ်။ အဲဒီအခါမှာ ဘဏ်တွေပြိုရတာက အခုလို short တွေကြောင့်မဟုတ်ဘဲ Subprime lending နဲ့ derivatives တွေကြောင့်ဖြစ်ပါတယ်။ ပထမတခုက ချေးငွေကိုလွယ်လွယ်ပေးတာကိုပြောတာပါ။ သူက Prime lending နဲ့ ဆန့်ကျင်ဘက်ပါ။ ဒီမှာကငွေချေးမယ့်သူကို နောက်ခံသေချာကြည့်ပါတယ်၊ ကြွေးဆပ်နိုင်မလား မဆပ်နိုင် ဘူးလားစစ်ဆေးတာပေါ့၊ ဝင်ငွေပုံမှန်ရှိသူဟုတ်မဟုတ် ဘယ်လောက်ဝင်ငွေရှိတယ်ဆိုတာတွေ စစ်ဆေးပြီး မှ ထုတ်ပေးတာပါ။ အထူးသဖြင့်အိမ်ခြံမြေ လို နှစ်ရှည်ချေးငွေတွေဖြစ်ပါတယ်။ ပထမတခုကတော့ လွယ် လွယ်ချေးတာပါ။ ဒီနည်းနဲ့ လူတော်တော်များများအိမ်ဝယ်နိုင်လာပါတယ်။ စန်းပွင့်ချိန် (boom) ကာလဖြစ် တော့ ဈေးကွက်ကိုမထိခိုက်သေးပါ။ ပူဖောင်းကွဲချိန် (bust) ရောက်မှပြဿနာတက်ကုန်တာပါ။

ဒုတိယတခု derivatives က တော့ သူ့စကားလုံးအတိုင်းဘဲ မူရင်းရရန်ပိုင်ခွင့်နဲ့ပိုင်ဆိုင်ခွင့် (Assests)၊ index, အတိုးနှုန်း (interest rate) တွေ ကိုပွားယူထားတာပါ။ index ဟာ mutual fund အမျိုးအစားတခုပါပဲ။ သူ့ သဘောက ရင်းနှီးမြှုပ်နှံသူအများကြီးက သူတို့ရင်းနှီးငွေတွေကို သူတို့ကိုယ်စားရင်းနှီးမြှုပ်နှံမှုတွေ ကို လုပ်ကိုင်ပေးမဲ့ fund manager လက်ထဲငွေတွေအပ်ထားပြီး သတ်မှတ်ထားတဲ့အချိန်ရောက်တဲ့အခါ အမြတ် ငွေအချိုးကျခွဲဝေပေးတာဖြစ်ပါတယ်။

Assets ဆိုတာမှာ ကုန်စည်၊ ဘွန်းစာချုပ်၊ စတော့၊ အတိုးနှုန်း၊ ငွေကြေး(commodities, stock, bond, interest rate, currencies) တွေပါဝင်ပါတယ်။ဒါကြောင့် derivatives တွေဟာ equity derivatives, foreign exchange derivatives, interest rate derivatives, commodity derivatives, credit derivatives တွေ ဖြစ်နိုင်ပါတယ်။ Derivatives အတော်များများ က Mortgaged-backed securities (MBS) တွေနဲ့ချိတ် ဆက်ထားပြီး သူတို့တန်ဘိုးကျလာတာကနေ ဘဏ် တွေပြို၊ ကမ္ဘာ့ဘဏ္ဍာရေးအကြပ်အတည်း (GFC) အထိ ဦးတည်သွားတာဖြစ်ပါတယ်။ အိမ်ခြံမြေဈေးနှုန်းအကျ နဲ့ အိမ်ခြံမြေပူပေါင်းအကွဲ က ဘဏ်တွေကို ဆွဲချ သွားတာဖြစ်ပါတယ်။

Derivatives တွေကိုရောင်းဝယ်ရာမှာ စတော့ဈေးကွက်မှာမဟုတ်ဘဲ ပြင်ပမှာ (over the counter-OTC) ရောင်းဝယ်တာမျိုးလဲရှိပါတယ်။ နောက်တမျိုးကတော့ စတော့ဈေးကွက်မှာရောင်းဝယ်တာဖြစ်ပါတယ်။ ပထမတမျိုးမှာ အတွေ့ရအများဆုံးက ကုန်စည်မှာဖြစ်ပြီး ကြိုရောင်းကြိုဝယ်ဈေးကွက် (Futures) ဖြစ် ပါတယ်။ ဆန် လိုကုန်စည်တွေက အစောဆုံး Futures ဈေးကွက်ဖြစ်ပါတယ်။

၂၀၀၇-၀၈ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းဟာ အထက်မှာပြောခဲ့သလို subprime lending and derivatives တွေကြောင့်ဖြစ်ပါတယ်။

အခုနောက်ဆုံး ဘဏ်ပြိုလဲမှု နဲ့ ဘဏ်အကျပ်အတည်းကတော့ တရားခံက short seller နဲ့ ဗဟိုဘဏ် အတိုးနှုန်းတိုးမြှင့်မှု (interest rate hike) တို့ပေါင်းပြီးဖြစ်တာလို့ ပြောကြပါတယ်။

ဘဏ္ဍာအရင်းရှင်စနစ်အတွင်းမှအမေရိကန်ဘဏ်များပြိုလဲမှု

ဘဏ္ဍာအရင်းရှင်စနစ်အတွင်းမှအမေရိကန်ဘဏ်များပြိုလဲမှု

ကြည်ဝင်း

တကြော့ပြန် ဘဏ်ပြိုလဲမှုများ

ဒီနှစ်မတ်လ၈ရက်နေ့မှာကာလီဖိုးနီးယားအခြေစိုက်ဆီးလ်ဗားဂိတ်ဘဏ် (Silvergate)စပြိုပါတယ်။အဲဒီဘဏ်ကခရစ်တိုကာရင်စီ(crypto currency)လို့ခေါ်တဲ့လျှို့ဝှက်ငွေကြေးစနစ်အတွက်ဝန်ဆောင်မှုပေးတာကိုအဓိကထားလုပ်ကိုင်တဲ့ဘဏ်ဖြစ်တယ်။နောက်၂ရက်အကြာမှာတော့ဆီလီကွန်တောင်ကြားဘဏ် (Silicon Valley Bank)ပြိုလဲပါတယ်။ဒီဘဏ်ကရင်းနှီးမြှုပ်နှံမှုဘဏ်အမျိုးအစားဖြစ်ပြီးသူ့ပိုင်ဆိုင်မှုတန်ဖိုး (assets)က၂၀၆ဘီလျံရှိပြီးအမေရိကန်ဘဏ်တွေထဲမှာအဆင့်၁၆ရှိတဲ့ဘဏ်ဖြစ်တယ်။ဒီဘဏ်ကနည်းပညာဆိုင်ရာအစပျိုးလုပ်ငန်းတွေ (startups)ကိုအရင်းအနှီးထုတ်ချေးတာမျိုးတွေအဓိကထားလုပ်ပါတယ်။၂၀၀၈ခုနှစ်ကပြိုလဲခဲ့တဲ့ (assets)တန်ဖိုးအမေရိကန်ဒေါ်လာ၃၀၇ဘီလျံရှိဝါရှင်တန်အကျိုးတူဘဏ် (Washington Mutual)နောက်ပိုင်းဒုတိယအကြီးဆုံးဘဏ်ပြိုလဲမှုပဲဖြစ်ပါတယ်။တတိယပြိုလဲတဲ့ဘဏ်ကတော့ Signature Bankဖြစ်ပါတယ်။သူ့အက်ဆက်တန်ဖိုးကအမေရိကန်ဒေါ်လာ၁၁၈ဘီလျံရှိပြီးအမေရိကန်သမိုင်းမှာတတိယအကြီးဆုံးပြိုလဲတဲ့ဘဏ်ပဲဖြစ်ပါတယ်။ဒီဘဏ်ကလည်းခရစ်တိုငွေကြေးလုပ်ငန်းတွေနဲ့ဆက်စပ်လုပ်ကိုင်မှုများတယ်။

ခရစ်တိုက ဘဏ်စနစ်ကို ကျော်ခွနိုင်သလား

ကိုဗစ်၁၉ကပ်ဘေးမတိုင်မီနဲ့ကပ်ဘေးကာလအတွင်းမှာအမေရိကန်ဘဏ်ကြီးတွေအတော်များများဟာခရစ်တိုငွေကြေးနဲ့ခရစ်တိုငွေကြေးနဲ့ပတ်သက်တဲ့လုပ်ငန်းကြီးတွေမှာမြှုပ်နှံမှုတွေလုပ်ခဲ့ကြတာတွေ့ရတယ်။

ခရစ်တိုငွေကြေးဆိုတာဒစ်ဂျစ်တယ်ငွေကြေးဖြစ်တယ်။ရွေးချယ်စရာငွေကြေးတမျိုးလို့ဆိုတယ်။ဘဏ်တွေမလို၊အစိုးရထိန်းချုပ်မှုမရှိတဲ့ငွေကြေးလို့ဆိုကြတယ်။ငွေချေ၊ငွေလွှဲရာမှာဘဏ်တွေကိုဖြတ်သန်းစရာမလိုတော့ဘူးလို့ဆိုတယ်။

တကယ့်လက်တွေ့မှာခရစ်တိုငွေကြေးကိုင်မယ်ဆိုရင်ကိုယ့်မှာရှိတဲ့ဒေါ်လာနဲ့ခရစ်တိုငွေကိုဝယ်ရတယ်။ဥပမာခရစ်တိုငွေကြေးဖလှယ်ရေးလုပ်ငန်းကြီးတခုဖြစ်တဲ့ FTXမှာဝယ်ပြီးခရစ်တိုငွေစာရင်းဖွင့်နိုင်တယ်။ကိုယ့်ငွေဒေါ်လာကိုဘဏ်ကထုတ်ပြီးဝယ်တယ်။ FTXကခရစ်တိုငွေကြေးရောင်းလိုက်လို့ရလာတဲ့ဒေါ်လာကိုဘဏ်မှာပဲပြန်အပ်တာ၊ဒါမှမဟုတ်စတော့ဝယ်တာစသဖြင့်လုပ်တာပါ။အများစုကတော့ဘဏ်မှာအပ်တာ၊အစိုးရငွေချေးစာချုပ်တွေဝယ်ကြတာပါ။ခရစ်တိုသုံးပြီးငွေပေးချေတာ၊ငွေလွှဲတာတွေလုပ်တဲ့အခါမှာလည်းခရစ်တိုကုမ္ပဏီကြီးတွေကဘဏ်တွေကိုပဲပြန်သုံးကြတာများတယ်။ဒါကြောင့်ခရစ်တိုငွေကြေးသုံးသူတွေဟာသူစွန့်ခွာလာခဲ့တယ်လို့ထင်ထားတဲ့ဘဏ်တွေဆီမှာပဲပြန်ရောက်နေတာဖြစ်ပါတယ်။

ခရစ်တို ဖလှယ်ရေး ကုမ္ပဏီများ အားထားတဲ့ ဘဏ်

တကယ်တော့ခရစ်တိုငွေကြေးဟာအလွန်ကြီးမားတဲ့ငွေမဲခဝါချတဲ့ဖြစ်စဉ်ကြီးပါ။ဘဏ်တွေနဲ့အစိုးရငွေကြေးတွေကိုရှောင်ရှားလိုက်တာဆိုတဲ့စိတ်ကူးယဉ်မှုဖြစ်ပြီးလက်တွေ့မှာတော့ခရစ်တိုကိုဘဏ်တွေနဲ့အစိုးရငွေကြေးတွေကပဲနောက်ကပံ့ပိုးပေးနေတာဖြစ်ပါတယ်။

ခရစ်တိုငွေကြေးဖလှယ်ရေးကုမ္ပဏီ FTXကိုထူထောင်သူဆမ်ဘန့်ခ်မင်းဖရိုက် (Sam Bankman-Fried)ဟာလိမ်လည်မှုတွေလုပ်ခဲ့တယ်လို့နာမည်ထွက်လာပြီးနောက်ဖောက်သည်တွေကသူတို့ရဲ့ခရစ်တိုငွေကြေးတွေပြန်လည်ထုတ်ယူကြရာကနေ၂၀၂၂ခုနှစ်နိုဝင်ဘာလမှာ FTXဟာဒေဝါလီခံလိုက်တယ်။

(Silvergate)ဘဏ်ဟာ၁၉၈၈ခုနှစ်စထောင်စဉ်ကငွေစုငွေချေးလုပ်ငန်းတွေနဲ့စတင်ခဲ့တာဖြစ်တယ်။၂၀၁၀ခုနှစ်တွေမှာတော့ခရစ်တိုငွေကြေးဈေးကွက်မှာဝင်ကစားနေကြသူတွေကိုဘဏ်ဝန်ဆောင်မှုစပေးခဲ့တယ်။၂၀၂၂ခုနှစ်စတုတ္ထ၃လပတ်မှာဘဏ်အပ်နှံငွေ၉၀%ဟာခရစ်တိုငွေကြေးနဲ့ဆက်စပ်နေတယ်။အပ်နှံငွေအမေရိကန်ဒေါ်လာ၁ဘီလျံကျော်ဟာ FTXထူထောင်သူဆမ်ဘန့်ခ်မင်းဖရိုက် (Sam Bankman-Fried)နဲ့သက်ဆိုင်နေတယ်။ (Silvergate)ဘဏ်ဟာငွေလွှဲပြောင်းမှုတွေပိုမိုလျင်မြန်လွယ်ကူစွာလုပ်ပေးနိုင်တဲ့ Silvergate Exchange Networkကိုအကောင်အထည်ဖော်ခဲ့တယ်။ငွေလွှဲပြောင်းမှုနှိုင်းယှဉ်ချက် အရလျင်မြန်တဲ့အတွက်ဒီဝန်ဆောင်မှုကိုခရစ်တိုငွေကြေးကုမ္ပဏီအတော်များများကအသုံးပြုလာကြတယ်။

(Silvergate)ဘဏ်ဟာလုပ်ငန်းအများစုကိုခရစ်တိုငွေကြေးကုမ္ပဏီတွေနဲ့လုပ်ကိုင်ပေမယ့်အပေါင်ပါစာချုပ်နဲ့အစိုးရငွေချေးစာချုပ်တွေကိုဘဏ်အပ်ငွေအများစုနဲ့ဝယ်ယူထားတာပါ။၂၀၂၁ကနေ၂၀၂၃အတွင်းငွေဖောင်းပွမှုဖြစ်လာလို့ဗဟိုဘဏ်ကဘဏ်တိုးနှုန်းတွေမြှင့်တင်လိုက်တဲ့အခါအဲဒီစာချုပ်တွေရဲ့လက်ငင်းဈေးကွက်တန်ဖိုးကျဆင်းသွားတယ်။သက်တမ်းပြည့်အထိထားရင်ဆုံးရှုံးမှုမရှိပေမယ့်ချက်ချင်းရောင်းရင်တော့ဆုံးရှုံးမှုများတယ်။

ခရစ်တို ဖလှယ်ရေး ကုမ္ပဏီပြိုလဲမှုက ဆက်စပ်ဘဏ်ကို ဆွဲခေါ်သွား

FTXခရစ်တိုငွေကြေးလုပ်ငန်းကြီးဒေဝါလီခံသွားပြီးနောက်ခရစ်တိုငွေကြေးနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေရဲ့ (Silvergate)ဘဏ်မှာအပ်ငွေဟာ၆၈%ကျဆင်းသွားတယ်။သူ့ဖောက်သည်တွေကဘဏ်ကနေအမေရိကန်ဒေါ်လာ၈ဘီလျံအထိထုတ်ယူခွင့်ပေးဖို့တောင်းဆိုလာကြတယ်။ဘဏ်မှာထုတ်ပေးဖို့အဲဒီလောက်ငွေမရှိတာမို့သူပိုင်တဲ့ငွေချေးစာချုပ်တွေအရှုံးခံထုတ်ရောင်းရတယ်။၂၀၂၂ခုနှစ်စတုတ္ထသုံးလပတ်မှာအမေရိကန်ဒေါ်လာ၇၁၈သန်းဆုံးရှုံးခဲ့ရတယ်။ငွေချေးစာချုပ်တွေအရှုံးခံရောင်းခဲ့ရာက၂၀၂၃ခုနှစ်မတ်လ၈ရက်နေ့မှာဘဏ်ကိုဆန္ဒအရပိတ်သိမ်းကြောင်း၊အပ်နှံငွေအားလုံးကိုပြန်ထုတ်ပေးသွားမယ်ဖြစ်ကြောင်းအများသို့အသိပေးစာထုတ်ပြန်ခဲ့တယ်။

ငွေချေးစာချုပ် အရှုံးပေါ်တဲ့ သတင်းကြောင့် သတင်းကြောင့် အပ်နှံငွေ စုပြုံလာထုတ်တာ ကြုံရတဲ့ ဘဏ်

ဒုတိယပြိုလဲတဲ့ဘဏ်ကဆီလီကွန်တောင်ကြားဘဏ်ဖြစ်တယ်။ကိုဗစ်၁၉ကပ်ဘေးကာလမှာနည်းပညာကဏ္ဌနဲ့ဆိုင်တဲ့လုပ်ငန်းတွေကြီးထွားမှုရှိလာတာကြောင့်ဆီလီကွန်တောင်ကြားဘဏ် (Silicon Valley Bank)မှာအပ်နှံငွေတိုးလာခဲ့တယ်။အပ်နှံငွေဒေါ်လာ၅၀ဘီလျံရှိရာကနေ၂၀၂၂ခုနှစ်အဆုံးမှာ၂၀၀ဘီလျံဖြစ်လာတယ်။အဲဒီတိုးများလာတဲ့ဘဏ်အပ်ငွေတွေနဲ့၂၀၂၁ခုနှစ်မှာအမေရိကန်အစိုးရဗဟိုဘဏ် (Federal Reserve)ရဲ့ကာလရှည်ချေးငွေစာချုပ်တွေဝယ်ခဲ့တယ်။

၂၀၂၁ -၂၀၂၃အတွင်းမှာဗဟိုဘဏ်ကငွေကြေးဖောင်းပွမှုကိုလျှော့ချဖို့ဆိုပြီးအတိုးနှုန်းတွေမြှင့်တင်ခဲ့တယ်။ဘဏ်တိုးနှုန်းမြင့်လာတာကြောင့်စီးပွားရေးမှာချေးငှားရတဲ့ကုန်ကျစရိတ်တွေလည်းတက်လာခဲ့တယ်။အဲဒါကြောင့်ငွေလိုလာတဲ့ဆီလီကွန်တောင်ကြားဘဏ်ရဲ့ဖောက်သည်တချို့ဟာအပ်နှံငွေတွေထုတ်ယူလာကြတယ်။ငွေထုတ်ပေးနိုင်ဖို့အတွက်မတ်လ၈ရက်နေ့မှာအမေရိကန်ဒေါ်လာ၂၁ဘီလျံတန်ဖိုးရှိငွေချေးစာချုပ်တွေထုတ်ရောင်းခဲ့ရကြောင်း၊အမေရိကန်ဒေါ်လာ၁၅ဘီလျံချေးခဲ့ပြီးနောက်ထပ်ဒေါ်လာ၂.၂၅ဘီလျံရဖို့စတော့ရှယ်ယာတွေထုတ်ရောင်းမယ့်အကြောင်းဆီလီကွန်ဘဏ်ကကြေညာချက်ထုတ်ခဲ့တယ်။အဲဒီကြေညာချက်ထွက်ပြီးနောက်တရက်မှာဘဏ်ကငွေတွေအလုအယက်ထုတ်ယူမှု (bank run)ဖြစ်ခဲ့တယ်။အဲဒီတရက်တည်းမှာတင်အမေရိကန်ဒေါ်လာ၄၂ဘီလျံထုတ်ပေးခဲ့ရတယ်။မတ်လ၁၀ရက်နေ့မှာတော့ဘဏ်ကိုကာလီဖိုးနီးယားဘဏ္ဍာငွေကြေးကာကွယ်ရေးနဲ့တီထွင်မှုဌာနကသိမ်းယူခဲ့ပြီးပြည်ထောင်စုအပ်နှံငွေအာမခံကော်ပိုရေးရှင်း (Federal Deposit Insurance Corporation – FDCI)ကိုလွှဲပြောင်းပေးခဲ့တယ်။

ခရစ်တို ဆုံးရှုံးသွားတဲ့ ဖောက်သည်တွေက အပ်နှံငွေ စုပြုံလာထုတ်တာ ကြုံရတဲ့ ဘဏ်

တတိယပြိုလဲတဲ့ဘဏ်ကတော့စစ်ဂနဲချာဘဏ် Signature Bankဖြစ်တယ်။သူ့ဖောက်သည်တွေကခရစ်တိုငွေကြေးနဲ့ပတ်သက်သူတွေများတယ်။ဘဏ်အပ်နှံငွေစုစုပေါင်းရဲ့လေးပုံတပုံဟာခရစ်တိုငွေကြေးလုပ်ငန်းလုပ်တဲ့ကုမ္ပဏီတွေရဲ့အပ်ငွေဖြစ်တယ်။ခရစ်တိုငွေကြေးလုပ်ငန်းအတွက်ဒုတိယအများဆုံးဘဏ်ဝန်ဆောင်မှုပေးတဲ့ဘဏ်ဖြစ်တယ်။ပထမကတော့ (Silvergate)ဘဏ်ဖြစ်တယ်။

၂၀၂၂ခုနှစ်မှာခရစ်တိုငွေကြေးလုပ်ငန်းကြီးဖြစ်တဲ့ FTXပြိုလဲပြီးနောက်မှာခရစ်တိုငွေဈေးနှုန်းတွေထိုးကျလာတယ်။ငွေလိုလာတာကြောင့် Signature Bankမှာငွေအပ်နှံထားသူတွေကဘီလျံနဲ့ချီပြီးထုတ်သွားကြတယ်။၂၀၂၂ခုနှစ်အစမှာဘဏ်အပ်နှံငွေဒေါ်လာ၁၀၆.၁ဘီလျံရှိရာကနှစ်ဆုံးမှာ၈၈.၆ဘီလျံသို့ကျဆင်းသွားတယ်။၂၀၂၂ခုနှစ်ဆုံးပိုင်းလောက်မှာ Signature Bankဟာခရစ်တိုငွေကြေးဈေးကွက်နဲ့ဆက်စပ်နေတဲ့သူ့ရဲ့လုပ်ငန်းတွေကိုလျှော့ချတဲ့အနေနဲ့ခရစ်တိုငွေဖလှယ်ရေးကုမ္ပဏီနဲ့လုပ်ငန်းကိုဖြတ်တောက်ခဲ့တယ်။ဒါပေမဲ့ခရစ်တိုငွေကြေးဈေးကွက်နဲ့ဆက်စပ်ပြီး Signature Bankဆီကျရောက်လာနိုင်တဲ့အန္တရာယ်တွေအပေါ်ဖောက်သည်တွေရဲ့စိုးရိမ်မှုတွေကိုတော့မလျော့ပါးသွားစေခဲ့ပါ။၂၀၂၃ခုနှစ်မတ်လ၁၀ရက်နေ့တရက်တည်းမှာဘဏ်အပ်နှံငွေဒေါ်လာဘီလျံပေါင်းများစွာထုတ်ပေးခဲ့ရတယ်။အဲဒီနေ့မှာပဲဘဏ်ရဲ့စတော့ရှယ်ယာဟာလည်း၂၃%ကျဆင်းခဲ့တယ်။ဆီလီကွန်တောင်ကြားဘဏ်ပြိုလဲပြီး၂ရက်အကြာမတ်လ၁၂ရက်နေ့မှာ Signature Bankကိုနယူးယောက်ဘဏ္ဍာရေးဝန်ဆောင်မှုဌာနကပိတ်သိမ်းလိုက်ပါတယ်။ပြည်ထောင်စုအပ်နှံငွေအာမခံကော်ပိုရေးရှင်း (Federal Deposit Insurance Corporation – FDCI)လက်အောက်ရောက်သွားတယ်။အမေရိကန်သမိုင်းမှာတတိယအကြီးဆုံးဘဏ်ပြိုလဲမှုပဲဖြစ်ပါတယ်။

ဗဟိုက အတိုးနှန်း တိုးမြှင့်တာကြောင့် ငွေချေးစာချုပ် အရှုံးပေါ်တာ ကြုံရနိုင်

ဘဏ်အမျိုးအစားအမျိုးမျိုးရှိပေမယ့်အခြေခံလည်ပတ်ပုံကတော့အပ်နှံငွေလက်ခံပြီးဘဏ်တိုးပေးတယ်။နောက်အဲဒီအပ်နှံငွေတွေနဲ့ပေးထားတဲ့အတိုးထက်ပိုတဲ့ငွေရအောင်ရှာကြတာပါ။အပ်ငွေတွေကိုပိုများတဲ့အတိုးနဲ့ပြန်ချေးတာ၊ရင်းနှီးမြှုပ်နှံတာ၊အစိုးရချေးငွေစာချုပ်တွေဝယ်တာစသဖြင့်အမျိုးမျိုးလုပ်ကြတယ်။

အခုပြိုလဲသွားတဲ့ဘဏ်တွေကနှစ်ရှည်အစိုးရချေးငွေစာချုပ်တွေဝယ်ထားကြတာမှာတူကြတယ်။နှစ်ရှည်ငွေချေးစာချုပ်မို့အတိုးများတယ်။နှစ်ရှည်လေအတိုးများလေပါ။ဒါကြောင့်ဘဏ်အတွက်အမြတ်ထွက်တယ်။ဒါပေမဲ့ဗဟိုဘဏ်ရဲ့အတိုးနှုန်းတွေ၄%ကျော်အထိအချိန်တိုအတွင်းတိုးမြှင့်လိုက်တဲ့အခါမှာတော့အဲဒီစာချုပ်တွေရဲ့ကာလပေါက်ဈေးတွေကျဆင်းသွားတယ်။ဒီငွေချေးစာချုပ်တွေကိုသက်တမ်းပြည့်အထိထားပြီးမှထုတ်ရင်တော့အရှုံးမရှိပေမယ့်ငွေလိုလို့ကာလပေါက်ဈေးအတိုင်းထုတ်ရောင်းရရင်တော့ရှုံးတယ်။ဒီဘဏ်တွေဟာအပ်နှံငွေအများကိုနှစ်ရှည်ငွေချေးစာချုပ်တွေဝယ်ထားတာဟာစီမံခန့်ခွဲမှုအားနည်းတယ်လို့ဆိုနိုင်တယ်။နှစ်ရှည်စာချုပ်တွေဖြစ်လို့ချက်ချင်းငွေဖြစ်လွယ်ဖို့ (liquidity)ခက်တယ်။ဒါကြောင့်အလုအယက်ငွေထုတ်ကြတာ (bank run)နဲ့ကြုံကြရတာအခါသူတို့ပိုင်ငွေချေးစာချုပ်တွေကိုကာလပေါက်ဈေးနဲ့အရှုံးခံထုတ်ရောင်းကြရတယ်။အဲဒီလိုနဲ့ပြိုလဲကုန်ကြရတာဖြစ်တယ်။

ဒီဘဏ်၃ခုဟာဘဏ်ကြီးစာရင်းဝင်တွေမဟုတ်ဘူး။ဒေါ်လာ၅၀ဘီလျံအထက်ကိုဘဏ်ကြီးလို့သတ်မှတ်ရာက၂၀၁၈ခုနှစ်ထရမ့်လက်ထက်မှာဒေါ်လာဘီလျံ၂၅၀အထက်ပိုင်ဆိုင်မှဘဏ်ကြီးဖြစ်တယ်လို့ပြောင်းလဲသတ်မှတ်လိုက်တာကြောင့်ဖြစ်တယ်။အရင်းရှင်ကြီးတွေရဲ့အလိုအတိုင်းအစိုးရကပြောင်းလဲသတ်မှတ်လိုက်တာပါ။အစိုးရတွေ၊လွှတ်တော်ကိုယ်စားလှယ်ဆိုတာတွေဟာအရင်းရှင်ကြီးတွေ၊ကော်ပိုရေးရှင်းကြီးတွေရဲ့ရန်ပုံငွေတွေနဲ့ရွေးကောက်ခံဖြစ်လာကြတာမို့သူတို့တွေအကျိုးကိုကိုယ်စားပြုဆောင်ရွက်ပေးကြတာမဆန်းပါဘူး။ဘဏ်ကြီးစာရင်းဝင်သွားရင်စည်းကမ်းသတ်မှတ်ချက်တွေပိုများတယ်။ဘဏ်ကြီးစာရင်းမဝင်တဲ့အခါစည်းကမ်းလျော့ပေါ့တာကြောင့်အမြတ်အစွန်းပိုရှာလို့ကောင်းတယ်။

၂၀၀၈ ဘဏ္ဍာဈေးကွက်အကျပ်အတည်း ကို ဖြေရှင်းဖို့ ဗဟိုက အတိုးနှန်းတွေ လျှော့ချခဲ့

၂၀၀၈ခုနှစ်အိမ်ခြံမြေဈေးကွက်ပြိုလဲရာကဘဏ္ဍာဈေးကွက်အကျပ်အတည်းဖြစ်တုန်းကလည်းပြန်နာလန်ထူနိုင်ဖို့အတွက်ဗဟိုဘဏ်ကအတိုးနှုန်းတွေကိုလျှော့ချခဲ့တယ်။ဘဏ်တွေကကြီးလွန်းတာကြောင့်အပြိုလဲခံလို့မဖြစ်ဘူးဆိုပြီးကယ်တင်ခဲ့တယ်။အဲဒီကယ်တင်ရေးရန်ပုံငွေတွေရတော့အရာရှိချုပ်ကြီးတွေ၊မန်နေဂျာချုပ်ကြီးတွေကဆုကြေးငွေတွေထုတ်ယူလိုက်ကြပါသေးတယ်။ဒါ့အပြင်ငွေကြေးတွေလည်းဘဏ္ဍာအရင်းဈေးကွက်ထဲထိုးထည့်ပေးခဲ့တယ်။

၂၀၂၀မတ်လမှာအမေရိကန်ဗဟိုဘဏ်ကအမေရိကန်ဘဏ်စနစ်ထဲကိုဒေါ်လာ၄ထရီလျံထိုးသွင်းပေးခဲ့တယ်။၂၀၀၈ -၂၀၀၉ခုနှစ်ဘဏ်အကျပ်အတည်းလိုမဖြစ်အောင်ဘဏ်တွေကိုကြိုတင်ကယ်(bailout)တာလို့ဆိုတယ်။အဲဒီမတိုင်မီ၂၀၁၉မတ်လတုန်းကလည်း repo marketထဲကိုဒေါ်လာ၁.၅ထရီလျံထိုးသွင်းခဲ့သေးတယ်။ repo marketဆိုတာကငွေလိုတဲ့လုပ်ငန်းကြီးတွေကသူတို့မှာရှိတဲ့စတော့၊ရှယ်ယာ၊ငွေချေးစာချုပ်စတာတွေကိုငွေရှိတဲ့သူဆီမှာအပေါင်ထားပြီးချေးယူကြတာပါ။အပေါင်ထားတာတွေကိုကာလတခုမှာသူတို့ယူထားတဲ့ပမာဏထက်ပိုတဲ့ငွေ(အတိုး)နဲ့ပြန်ယူရတာပါ။ဒါကြောင့်၂၀၁၉ -၂၀၂၀အတွင်းမှာအမေရိကန်စီးပွားရေးအတွင်းကိုဒေါ်လာ၄ထရီလျံကျော်စီးဝင်သွားခဲ့တယ်လို့ပြောနိုင်ပါတယ်။ဒါ့အပြင်ထရမ့်အစိုးရလက်ထက်၂၀၁၇ခုနှစ်မှာအခွန်လျှော့ပေါ့ပေးတာဟာဒေါ်လာ၄.၅ထရီလျံရှိတယ်။

အဲဒီလိုဘဏ္ဍာဈေးကွက်ထဲငွေတွေအဆမတန်ထိုးသွင်းပေးလိုက်တာကြောင့်ကုမ္ပဏီကြီးတွေစန်းထလာကြတယ်။အထူးသဖြင့်နည်းပညာကုမ္ပဏီကြီးတွေနဲ့နည်းပညာအခြေပြုအစပျိုးကုမ္ပဏီတွေအကျိုးအမြတ်ကြီးကြတယ်။ဘဏ်တွေလည်းစီးပွားကောင်းကြီးထွားလာကြတယ်။

ငွေဖောင်းပွမှု ပြဿနာက အဘယ့်ကြောင့်လဲ

၂၀၂၂ခုနှစ်အတွင်းမှာအမေရိကန်ဗဟိုဘဏ်ကအတိုးနှုန်းတွေမြှင့်တင်ခဲ့တယ်။ငွေကြေးဖောင်းပွမှုကိုတိုက်ဖျက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ဖြစ်တယ်။ငွေကြေးဖောင်းပွပြီးကုန်ဈေးနှုန်းတွေတက်လာတာဟာအရင်းရှင်ကြီးတွေပြောနေကျအတိုင်းအလုပ်သမားလုပ်ခတွေတက်လာတာကြောင့်လို့ဆိုပါတယ်။တကယ်ကယူကရိန်းစစ်ပွဲကြောင့်ရေနံဈေးတက်တာရယ်၊ရုရှား -ယူကရိန်းကသီးနှံတွေတင်ပို့မရတာတွေကြောင့်နဲ့စည်းကမ်းတွေလျှော့ပေါ့ပေးထား (deregulation)လို့ကော်ပိုရေးရှင်းကြီးတွေကအမြတ်တွေအဆမတန်တင်ကြတာကြောင့်ဖြစ်တာပါ။

အဲဒီလိုအတိုးနှုန်းတွေတိုးလိုက်တဲ့အချိန်နဲ့ဘဏ္ဍာဈေးကွက်ထဲကအစိတ်အပိုင်းတခုဖြစ်တဲ့ခရစ်တိုငွေကြေးဈေးကွက်မှာပြဿနာတက်ရာကအခုလိုဘဏ်၃ခု bank runဖြစ်ပြီးပြိုလဲသွားကြတာဖြစ်တယ်။သမ္မတဘိုင်ဒင်ကတော့ဒီဘဏ်တွေကိုကယ်တင်မှာ bailoutမဟုတ်ဘူးလို့ပြောခဲ့တယ်။ဘဏ်အပ်နှံငွေတွေမှာဒေါ်လာ၂၅၀,၀၀၀အထိပဲအာမခံပေးထားတာဖြစ်တယ်။ဒါကြောင့်အများစုကအာမခံမရှိဘူး။ဒါပေမဲ့ထုံးစံအတိုင်းဒီဘဏ်တွေကိုကယ်တင်ဖို့ (ဘဏ်မှာငွေအပ်ထားတဲ့လုပ်ငန်းရှင်ကြီးတွေရဲ့ငွေတွေမဆုံးရှုံးဖို့)မတ်လ၈ရက်နေ့ကနေ၁၅ရက်နေ့အတွင်းဗဟိုဘဏ်ကငွေစက္ကူဒေါ်လာ၃၀၀ဘီလျံရိုက်ထုတ်ခဲ့တယ်။ဘီလျံ၁၅၀ကျော်ကအဲဒီဘဏ်တွေဆီရောက်မှာဖြစ်တယ်။ကျန်ငွေတွေကဘယ်ကိုရောက်မလဲတော့မသိရပါ။

ရိုးရိုးစက်မှုအရင်းခေတ် မျှသာ မဟုတ်၊ ဘဏ္ဍာအရင်းခေတ် ဖြစ်လာပြီ၊

အခုအခါမှာဘဏ္ဍာအရင်းဟာစက်မှုအရင်းထက်အဆမတန်ကြီးထွားနေပြီဖြစ်တယ်။စီးပွားရေးပညာရှင်မိုက်ကယ်ဟဒ်ဆန် (Michael Hudson)က “ကျွန်တော်တို့ဟာစက်မှုအရင်းရှင်စနစ်ထဲမှာမဟုတ်တော့ဘူး။ဘဏ္ဍာအရင်းရှင်စနစ်ထဲမှာရောက်နေပြီ။ဘဏ္ဍာအရင်းရှင်စနစ်လည်ပတ်လုပ်ကိုင်ပုံက၁၉ရာစုစက်မှုအရင်းရှင်စနစ်လည်ပတ်တဲ့ပုံစံတွေနဲ့အများကြီးကွာခြားသွားပြီ”လို့ပြောပါတယ်။ ဒါပေမဲ့ လုပ်အားရဲ့ အစွန်းထွက်တန်ဖိုးအပေါ် အမြတ်ထုတ်တဲ့ အရင်းရှင်စနစ်ရဲ့ အခြေခံကတော့ မပြောင်းလဲပါဘူး။ လုပ်အားအခြေခံက ပေါ်ထွက်လာတဲ့ ရုပ်ဝတ္ထုပစ္စည်း၊ ဝန်ဆောင်မှု စတာတွေအပေါ်မှာ အခြေခံပြီး စတော့၊ ဆင့်ပွား(derivitive)၊ ငွေချေးစာချုပ် စသဖြင့် အမျိုးမျိုးပွားယူထားကြတာပါ။

ဘဏ္ဍာအရင်းဟာအမြတ်အစွန်းရှာရာမှာလည်းလောင်းကစားဆန်ဆန်မိုက်မိုက်မဲမဲလုပ်တယ်။ဒါကြောင့်လည်းကာစီနိုစီးပွားရေးလို့နာမည်ပေးကြတာဖြစ်တယ်။ ဥပမာဘဏ္ဍာဈေးကွက်ထဲက short sellဆိုတာကိုပဲကြည့်ပါ။ကိုယ်ကဈေးကျမယ်ထင်တဲ့စတော့၊ငွေချေးစာချုပ်စတာကိုပိုင်ရှင်ဆီကအချိန်တခုသတ်မှတ်ရယူလိုက်ပြီးကာလပေါက်ဈေးနဲ့ရောင်းလိုက်တယ်။သတ်မှတ်ရက်ရောက်တဲ့အခါအဲဒီအချိန်ပေါက်ဈေးနဲ့ပြန်ဝယ်ပြီးပိုင်ရှင်ကိုပြန်ပေးရတယ်။ကိုယ်တွက်ထားသလိုဈေးကျနေရင်တော့မြတ်ပြီး၊ဈေးတက်နေရင်တော့ရှုံးပါတယ်။

ကပ်ဆိုက်လာရင် အောက်ခြေကိုနင်းနှိမ် ဘဏ္ဍာအရင်းရှင်တွေကို ကယ်တင် လိမ့်မယ်။

အဲဒီလိုလုပ်ရင်းဘဏ္ဍာအရင်းဈေးကွက်တစိတ်တပိုင်းဖြစ်စေ၊အတော်ကြီးကြီးဖြစ်စေ၊၂၀၀၈ကလိုတကမ္ဘာလုံးထိခိုက်စေတဲ့ကပ်ကြီးဖြစ်စေဖြစ်ခဲ့ရင်လည်းအစိုးရတွေနဲ့သက်ဆိုင်ရာဗဟိုဘဏ်တွေကလူထုဘဏ္ဍာငွေတွေနဲ့ဝင်ကယ်ကြပါလိမ့်မယ်။အောက်ခြေကအလုပ်သမား၊လယ်သမားနဲ့အလယ်အလတ်လူတန်းစားတွေပဲခါးစည်းခံကြရမှာဖြစ်ပါတယ်။

ကြ ည်ဝင်း

၆ -၄ -၂၀၂၃

ref:

(1) Why the US banking system is breaking up – Michael Hudson (2023-03-12)

(2) Banking Crisis 2023: Deep Origins and Future Directions – Dr. Jack Rasmus (March 20, 2023)

(3) Wikipediaနဲ့အင်တာနက်မှအချက်အလက်များ

(ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းနဲ့ အင်တာဗျူး)

(ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းနဲ့ အင်တာဗျူး)

စာသားဖြင့် တင်ပြခြင်း။

အမေး – မတ်လ ၂၈ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီလက်နက်ကိုင်တော်လှန်ရေးလုပ်လာတာ ၇၅ နှစ်ရှိပါပြီ၊ လက်နက်ကိုင်တော်လှန်ရေးကို ဘယ်လိုပြန်သုံးသပ်ပါသလဲ။ မှန်သလား။ မှားသလား။

အဖြေ – ကျနော်ပြောချင်တာက ကျနော်တို့တတွေ လက်နက်ကိုင်တော်လှန်ရေးသာ မလုပ်ခဲ့သော် ဆိုတဲ့ စဉ်းစားမှုမျိုးက ကျနော်တို့ တော်လှန်ရေးရဲ့အကွေ့အကောက်တွေအများကြီးထဲမှာ ခဏခဏ စဉ်းစားခဲ့ကြတဲ့ဟာတွေပါ။ ဘယ်အချိန်မှာ စဉ်းစားတိုင်း စဉ်းစားတိုင်း “ငါတို့သာ လက်နက်ကိုင်တော်လှန်ရေးမလုပ်ခဲ့လို့ရှိရင် အခုချိန်မှာ ငါတို့ရှိမှာတောင်မဟုတ်တော့ဘူး” ဆိုတဲ့ အဲဒီအဖြေအထိ ထွက်တာပဲ။ ဒီနေ့ မင်းအောင်လှိုင်စစ်အစိုးရက သူတို့အာဏာသိမ်းတာ ၂ နှစ်ပြည့်တဲ့အချိန်မှာ “တိုင်းပြည်၏အခြေအနေသည် သာမန်အခြေအနေမဟုတ်” ဆိုပြိးတော့ ထုတ်ပြန်တာရှိတယ်။ အဲဒါအမှန်ပဲ။ ကျနော်တို့ တိုင်းပြည်ဟာ အခုကမ္ဘာပေါ်မှာ ဘက်ပေါင်းစုံမှာ ဟိုးအောက်ဆုံးရောက်နေပြီ။ အဲ့တာအပြင် သူတို့သတ်ခဲ့တဲ့လူဆိုတာ အရပ်သားကိုပဲ သုံးထောင်လောက် သတ်ပြီးပြီ။ သေဒဏ်ပေးတာကတော့ ၁၄၀ ကျော်နေပြီ။ အဲဒီတော့ သူတို့ရဲ့ ဝေ့လည်ကြောင်ပတ်၀န်ခံချက်တွေအရတောင်မှပဲ တိုင်းပြည်ရဲ့နယ်မြေအတော်များများကို သူတို့မထိန်းချုပ်နိုင်တော့ဘူးဆိုတာက ရှင်းလာတယ်။ အခုဆိုရင် မြို့နယ် ၃၇ ခုကို စစ်အုပ်ချုပ်ရေးတောင် ကြေညာထားလိုက်ရပြီ။ ဒီအချက်အလက်တွေနဲ့ထောက်လိုက်လို့ရှိရင် ကျနော်တို့တိုင်းပြည်ဟာ တနေ့တခြားပိုပိုပြီး ဆိုးလာတယ်။ အဲဒါက လက်နက်ကိုင်တော်လှန်ရေးကြောင့်မဟုတ်ဘူး။ လက်ရှိ ရှိနေတဲ့အစိုးရတွေကြောင့်၊ ဒီအစိုးရတွေကို ပြန်မတိုက်လို့ရှိရင် ကြာလေဆိုးလေဖြစ်မှာပဲ။ သူတို့ထင်သလိုလုပ်ခွင့်ရလေ ဆိုးလေဖြစ်မှာပဲဆိုတာ ကျနော်တို့ နိဂုံးချုပ်လို့ ကောက်ချက်ချလို့ရပါတယ်။ ကျနော်တို့ ပါတီဘက်က ကြည့်ရင်တော့ အဲဒီ လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့လို့သာလျှင် ကျနော်တို့တတွေဟာ အခုခါမှာ အနာဂတ်ရှိတဲ့ ဖိုးသက်ရှည်ပါတီဖြစ်နေတာပါ။ အရင်တုန်းကသာ ၄၈ တုန်းကသာ လက်နက်ကိုင်တော်လှန်ရေးမလုပ်ခဲ့လို့ရှိရင် အခုချိန်မှာ ဗမာပြည်ကွန်မြူနစ်ပါတီဆိုတာ မရှိတော့ဘူး။ အရင်တုန်းက ဗမာပြည်သမိုင်းမှာ တော်တော်အရေးပါခဲ့တဲ့ပါတီတွေ အများကြီးရှိပါတယ်၊ နိုင်ငံရေးအဖွဲ့အစည်းတွေ ဖဆပလက အစ။ အဲ့ဒီပါတီတွေလိုပဲ အခုဆိုရင် ကျနော်တို့ကွန်မြူနစ်ပါတီဟာ အဲဒီလိုဖြစ်သွားမယ့် အခြေအနေမျိုးရှိပါတယ်။

အမေး – ၇၅ နှစ်ကြာတဲ့အထိ လက်နက်ကိုင်တော်လှန်ရေးလုပ်ရခြင်းရဲ့ ရည်မှန်းချက်က ဘာပါလဲ။ တိုင်းပြည်အတွက် ဘယ်လိုဖြစ်စေချင်တာပါလဲ။

အဖြေ – ကျနော်တို့ အဓိကစဉ်းစားတာတော့ တိုင်းပြည်မှာ စကာစပေါ့ ၊ တော်လှန်ရေးစကာစဆိုရင် ဒီဗျူရိုကရက်အရင်းရှင်ကြီး လူတန်းစား၊ နယ်ချဲ့နဲ့ ပေါင်းနေတဲ့ နယ်ချဲ့ဆီက ကပ်စားနေတဲ့ ဗျူရိုကရက်အရင်းရှင်ကြီး လူတန်းစားလက်ထဲက အာဏာကို ပြည်သူလူထုလက်ထဲ အပ်ဖို့ဖြစ်ပါတယ်။ အခုမှာကျတော့ အဲဒါထက်ပိုပြီးတော့ ပစ်ကွင်းက ပိုပြီးတိကျလာပြီး၊ ပိုပြီး နည်းနည်းကျဉ်းလာတယ်။ အဲဒါက ဘာလဲဆိုတော့ စစ်အုပ်စု၊ စစ်ဗျူရိုကရက်အရင်းရှင်တွေကို ဗမာပြည်သမိုင်း၊ဗမာပြည်နယ်မြေပေါ်ကနေပြီးတော့ အာဏာမဲ့အောင်လုပ်ပစ်ဖို့ဖြစ်ပါတယ်။ ပြီးတော့ကျတော့မှ ပြည်သူလူထုရဲ့ အစိုးရတရပ်၊ ပြည်သူလူထုဆိုတာက ဗမာပြည်သားတွေအားလုံး၊ မြန်မာလူမျိုးကြီး မဟုတ်ဘူး။ လူမျိုးပေါင်းစုံပြည်သူလူထု သူတို့တတွေ အာဏာရဖို့ လုံးပန်းရမှာဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်တို့ ကြိုးစားနေကြတာပါ။

အမေး – လက်နက်ကိုင်တော်လှန်ရေးကို တပ်ပေါင်းစုပုံစံနဲ့ လုပ်ရမယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီက ခဏခဏပြောပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တပ်ပေါင်းစုပေါ်လစီက ဘာပါလဲ။ တပ်ပေါင်းစု ဘယ်လိုဖွဲ့ရမှာပါလဲ။

အဖြေ – ဟုတ်ကဲ့၊ ကျနော်တို့ တိုင်းပြည်ရဲ့ထူးခြားချက်ကိုက နိုင်ငံရေးလောကမှာလည်း နိုင်ငံရေးအဖွဲ့အစည်းတွေ အများကြီးရှိတယ်။ အဲ့ဒီလိုပဲ သာမန်လူ့အဖွဲ့အစည်းအတွင်းမှာလည်း လူမျိုးတွေ အများကြီးရှိတယ်။ အဲ့တာကြောင့်မို့ကို တပ်ပေါင်းစုဆိုတာ လိုအပ်ပါတယ်၊ လိုအပ်တယ်လို့ ကျနော်တို့တင်ပြတာပါ။ အဲဒီတော့ ကျနော်တို့က ကျနော်တို့ရဲ့ တပ်ပေါင်းစုဆိုတဲ့ဟာက အခုအဖိနှိပ်ခံအဖြစ် ဒီဗမာပြည်မှာ ပြည်တွင်းစစ် စပေါ်ကတည်းက တပြည်လုံး အဲ့ဒီအုပ်စိုးသူတွေရဲ့ နှိပ်စက်ခြင်းခံခဲ့ရတာ။ အဲ့တော့ ၇၅ နှစ်လောက်အတူတူတိုက်ခဲ့ကြတဲ့ ဆန့်ကျင်ခဲ့ကြတဲ့ အဖိနှိပ်ခံခဲ့ကြတဲ့ လူထုတွေနဲ့ ကျနော်တို့နဲ့ ပေါင်းဖို့ပဲဖြစ်ပါတယ်။ အဲ့တော့ တပ်ပေါင်းစုဖွဲ့ပြီဆိုလို့ရှိရင် ကျနော်တို့က ဘယ်လိုဟာတွေ ဘယ်လိုမူတွေနဲ့ဖွဲ့မလဲ၊ ဘယ်လိုလုပ်နည်းလုပ်ထုံးတွေ လုပ်မယ်ဆိုတာကို ပြောစရာလိုလာမယ်လို့ထင်ပါတယ်။ အဲဒီတော့ ကျနော်တို့ တပ်ပေါင်းစုမှာ အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ အဲဒီတော့ အဲဒီဟာတွေ နိဂုံးချုပ်သုံးသပ်ပြထားတာကတော့ တပ်ပေါင်းစုအနေနဲ့ လုပ်လို့ရှိရင် ကျနော်တို့ ကိုယ့်ဘက်က နောက်တလှမ်းဆုတ် စဉ်းစားလေ့ရှိပါတယ်။ အားလုံးဟာ ကိုယ်လိုလူ သူလိုလူ အားလုံးနှစ်တွေ ဆယ်စုနှစ်တွေနဲ့ချီပြီး ခံခဲ့ရတဲ့ ဘက်ကနေခဲ့ရတဲ့သူတွေ ဖြစ်တယ်ဆိုတာကို နှလုံးသွင်းထားတယ်။ ဒါကြောင့်မို့ တပ်ပေါင်းစုခိုင်မာရေးအတွက်အထောက်အကူပြုတဲ့အချက်တွေလို့ ကျနော်တို့ ဒါတွေကို ယုံကြည်တယ်။ အဲ့ဒီလို ဘ၀တူချင်းမို့လို့ တပ်ပေါင်းစုဖွဲ့လွယ်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ကျနော်တို့အနေနဲ့က ကျနော်တို့ရဲ့ ရိုးရှင်းတဲ့စိတ်ထားကို သူတို့မြင်လာအောင် ကြိုးစားပါတယ်။ မတူတာတွေကို အခုညှိလို့မရသေးရင် အချိန်ယူပြီး ဆက်ညှိမယ်။ တတိုင်းပြည်လုံးဆိုင်ရာကိစ္စတွေမှာ အများစုအနေနဲ့ ကွဲလွဲတာရှိလာခဲ့ရင် ကိုယ့်အမြင်ကို ဆက်လက်ကိုင်စွဲထားတာရှိပေမယ့် အများစုရဲ့အမြင်ကို လေးစားလိုက်နာဆောင်ရွက်မှာဖြစ်တယ်။ တပ်ပေါင်းစုရဲ့ အနိမ့်ဆုံးအခြေခံဖြစ်တဲ့ တဦးတည်းသောဘုံရန်သူကို ဦးတည်တိုက်ဖို့ တူတာတွဲလုပ်မယ်၊ မတူတာခွဲလုပ်တယ် ဆိုတဲ့ မူသဘောထားကို ကျနော်တို့က ကျနော်တို့ရော ကျနော်တို့ အခုနောက်ဖွဲ့လိုက်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကပါ အတိအလင်းကြေညာထားပြီးဖြစ်ပါတယ်။ အဲ့တော့ လူမျိုးရေးကိစ္စပြောစရာဖြစ်လာလို့ရှိရင် ကျနော်တို့က မြန်မာလူမျိုးကြီးဝါဒကို အဓိကထားတိုက်မယ်၊ ဒါပေမယ့် တချိန်တည်းမှာလည်း ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒကိုလည်း ဆန့်ကျင်ပါတယ်။ တိုင်းပြည်ပြိုကွဲမယ့် ကိစ္စမှန်သမျှကို ရှောင်ကြဉ်မယ်။ တိုင်းပြည်ထဲက ခွဲထွက်သူတွေ ပေါ်လာလို့ရှိရင် ဖျောင်းဖျသိမ်းသွင်းတဲ့နည်းနဲ့ အချိန်ယူဖြေရှင်းတဲ့နည်းတွေ သုံးမယ်။ သူတို့ကို ပြန်ပြီး ဖျောင်းဖျပြီး ပြန်ပြီးဆွဲခေါ်မယ်။ အဲဒီလိုစဉ်းစားပါတယ်။ ဒါ ကျနော်တို့ တပ်ပေါင်းစုနဲ့ပတ်သက်တဲ့ အခြေခံမူပါ။ ဘယ်အဖွဲ့အစည်းအတွက် ဘာဆိုတာကတော့ အဲဒါကို သီးခြားအခြေအနေနဲ့ သီးခြားစဉ်းစားတာ၊ အခိုင်အမာအခြေအနေနဲ့ အခိုင်အမာလက်တွေ့အရ စဉ်းစားတာဖြစ်ပါလိမ့်မယ်။

အမေး – တပ်ပေါင်းစုဖွဲ့ရင် ဘယ်အဖွဲ့မျိုးပဲပေါင်းမယ်၊ ဘယ်အဖွဲ့မျိုးဆိုရင် မပေါင်းဘူးလို့ စည်းကမ်းသတ်မှတ်ထားတာရှိပါသလား။

အဖြေ – ကျနော်တို့ပြောတာ အဓိကကတော့ အဲ့ဒီစစ်တပ်၊စစ်အုပ်စု သူတို့ကို တိုက်ဖို့အတွက် သူတို့ကိုဆန့်ကျင်တဲ့ သူတွေအားလုံးနဲ့ပေါင်းမယ်။ အဲဒီလိုပြောတာ၊အဲဒီတော့ စစ်အုပ်စုဘက်က ရပ်တည်တဲ့ သူတွေကတော့ ကျနော်တို့ရဲ့ ပစ်ကွင်းထဲမှာ ရောက်သွားမှာပေါ့။ ရန်သူစာရင်းထဲပါသွားမှာပေါ့၊ အဲ့လိုမဟုတ်ဘဲ စစ်အုပ်စုကိုဆန့်ကျင်တဲ့သူတွေအားလုံးက ကျနော်တို့ပေါင်းလို့ရတဲ့ သူတွေဖြစ်မှာပေါ့။ အဲ့ဒီလိုပဲ ပြောကြပါစို့။

အမေး – စောစောကပြောသွားတဲ့အထဲပါတဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒဆိုတာ ဘာကိုဆိုလိုပါသလဲ။

အဖြေ – ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒဆိုတာက ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုး ကိုယ့်လူမျိုးအတွက်ဘဲ စဉ်းစားမယ်။ တခြားလူမျိုးတွေအတွက် မစဉ်းစားဘူး။ အထူးသဖြင့် ကျနော်တို့ရဲ့ ပစ်ကွင်းထဲမှာ မြန်မာလူမျိုးကြီးကို ပစ်ကွင်းအဖြစ်ထားမယ်၊ရန်သူအဖြစ်ထားမယ်၊ အဲဒီလိုဟာမျိုးကို ကျနော်တို့က လက်မခံပါဘူး။ လက်မခံဘူးဆိုတာက ကျနော်တို့ သဘောမတူတာကိုပြောတာ၊ သူတို့နဲ့မတွဲတော့ဘူးလို့ပြောတာမဟုတ်ဘူး၊ တွဲလို့ရတဲ့ အချက်တွေမှာတော့ တွဲလုပ်အုံးမှာပါ။ အဲဒီတစ်ချို့လူတွေကတော့ ကျနော်ပြောလို့မကောင်းပါဘူး။ ပြည်နယ်တွေထဲမှာ တစ်ချို့ လူမျိုးတွေက ကျန်တဲ့ လူမျိုးတွေကို အမျိုးမျိုး စဉ်းစားတာ ပြောတာတွေရှိပါတယ်။ နှိမ်တာတွေလဲရှိပါတယ်။ သူတို့ ဘာသာစကားတွေထဲမှာကိုပဲ တခြားလူမျိုးတွေကို အခေါ်အဝေါ်ကိုယ်က ကျွန် လိုသဘောမျိုး၊ အောက်တန်းကျတဲ့အဆင့်လိုဟာမျိုး ခေါ်ဝေါ်ပြောဆိုတာတွေရှိပါတယ်။ အဲ့တာမျိုးတွေကို ကျနော်တို့က ဆန့်ကျင်တာ၊ရှောင်ကြဉ်တာကိုပြောတာပါ။

အမေး – မြန်မာလူမျိုးကို ပစ်မှတ်ထားပြီး တိုက်တာက မဖြစ်သင့်ဘူးဆိုရင် တိုင်းရင်းသားတွေအနေနဲ့ ဘာကို ပစ်မှတ်ထားတိုက်ခိုက်မှ နိုင်ငံရေးအရ မှန်ကန်တယ်လို့ ဆိုနိုင်မှာပါလဲ။

အဖြေ – ကျနော်ထင်တာတော့ ဗမာပြည်မှာဖြစ်နေတဲ့ အနိဋ္ဌာရုံအားလုံး တိုင်းရင်းသားတွေရော ဗမာလူမျိုးတွေအားလုံး တွေ့ကြုံနေရတဲ့ အနိဋ္ဌာရုံအားလုံးဟာ ဒီစစ်အုပ်စုနဲ့ စစ်ဗျူရိုကရက်တွေ သူတို့လုပ်ထားတဲ့ဟာတွေ၊ ပြီးတော့ စစ်သုံးစစ်ပေါ့လေ။ သူတို့ဖန်တီးထားတဲ့ ကိစ္စတွေ အဲဒါတွေကို အဲဒီစစ်သုံးစစ်ကို တိုက်ခိုက်ဖို့အတွက် ကျနော်တို့က ကျန်တဲ့ တိုင်းရင်းသားတွေကိုလဲ လက်တွဲတိုက်မယ်၊ အဲဒီလိုပြောတာပါ။ အဲ့ဒီဟာက စည်းမျည်း၊ အဲ့တာက စံဖြစ်ပါလိမ့်မယ်။

ဗမာပြည်ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေး ၇၅ နှစ်ပြည့်ကာလကို အထိမ်းအမှတ်ပြုခြင်း

ဗမာပြည်ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေး ၇၅ နှစ်ပြည့်ကာလကို အထိမ်းအမှတ်ပြုခြင်း

ရဲဘော်ဗလူ

(၁)

ဒီကနေ့ ၂၀၂၃ မတ်လ ၂၈ ရက်နေ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တဲ့ ဗမာပြည် ပြည်သူ့ ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေး ၇၅ နှစ် ပြည့်တဲ့နေ့ပါ။ ဒီ-ဗမာပြည် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင် တော်လှန်ရေး ၇၅ နှစ်ပြည့်မြောက်တဲ့ နေ့ထူးနေ့မြတ်ကို အောက်ပါ စာတမ်းဖြင့် ဂုဏ်ပြုလိုက်ပါတယ်။

(၂)

ဗမာပြည်ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးဆိုတာ နယ်ချဲ့စနစ်၊ ပဒေသရာဇ်မြေရှင်စနစ်၊ ဗျူရက်ကရက် အရင်းရှင် စနစ်ဆိုတဲ့ ဖောက်ပြန်တဲ့ စနစ်ဆိုးကြီး ၃ ရပ်ကို ကိုယ်စားပြုတဲ့ ဗမာပြည်ဖောက်ပြန်တဲ့ အုပ်စိုးသူလူ တန်းစားများကို ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တဲ့ ဗမာပြည် အဖိနှိပ်ခံတိုင်းရင်းသား ပေါင်းစုံပြည်သူများပါဝင်တဲ့ လက်နက်ကိုင်တော်လှန်ပုန်ကန်တဲ့ တော်လှန်ရေးစစ်ပွဲကို ဆိုလိုတာဖြစ်ပါ တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဆိုတာ ဗမာပြည်ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ တိုင်းပြည်လွတ်လပ်ရေး သမိုင်းလှုပ်ရှားမှုအတွင်းက ပေါ်ပေါက်လာတဲ့ ဗမာပြည်အလုပ်သမားလူတန်းစားရဲ့ တပ်ဦးပါတီဖြစ်ပါ တယ်။ မာ့က်စ်ဝါလီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်ကို မိမိတို့ရဲ့ လမ်းညွှန်သဘောတရားအဖြစ် စွဲကိုင် ထားတဲ့ ပါတီဖြစ်ပါတယ်။ အခုအခါ သက်တမ်းအားဖြင့် ၈၃ နှစ်ကျော်သွားရှိသွားပြီး၊ ဗမာပြည်မှာ ဝါအရင့်ဆုံးပါတီဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီလက်အောက်မှာ မြေအောက်ပါတီအဖြစ်နဲ့ ဗမာပြည် ငြိမ်းချမ်းရေးဖခင်ကြီး၊ သခင်ခေါင်းဆောင်ကြီးဖြစ်တဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ တပည့်များဖြစ်ကြတဲ့ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်လှဖေ၊ သခင်စိုး၊ သခင်ဘတင်၊ သခင်ဗို၊ ဒေါက်တာနတ် ခေါ် သခင်ထွန်းမောင်တို့က စတင်ဖွဲ့စည်းခဲ့တဲ့ပါတီဖြစ်တယ်။ ဗမာပြည်တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးကို ရှေ့ဆောင်နေရာမှ ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်တော်လှန် ရေးမှာ ပြည်သူလူထုရှေ့က မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင်ခဲ့လို့ ဂျပန်တော်လှန်ရေးအောင်ပွဲနဲ့ အတူ ပြည်သူလူထုရှေ့မှောက် ဥပဒေတွင်းပါတီတရပ်အနေနဲ့ ပါတီရဲ့ ဒုတိယအကြိမ် ကွန်ဂရက်နဲ့အတူ ခန့်ညားထယ်ဝါစွာ ပေါ်ထွက်ခဲ့တာပါ။ တရားဝင်ပါတီတရပ်အဖြစ်နဲ့ အင်္ဂလိပ် ကိုလိုနီလက်အောက်က လွတ်မြောက်ရေး လူထုလှုပ်ရှားမှုများ၊ အလုပ်သမား၊ လယ်သမားလှုပ်ရှားမှုများကို ဆက်လက်ရှေ့ ဆာင်နေခဲ့ပါတယ်။

၁၉၄၆ ခုနှစ် မှာ ဗမာပြည်သမိုင်းမှာ မကြုံဖူးသေးတဲ့ စက်တင်ဘာအုံကြမှုကြီး ပေါ်ပေါက်ခဲ့တယ်။ ဒါကို သမိုင်းမှာ အထွေထွေသပိတ်ကြီးအဖြစ် လူသိများပါတယ်။ လူထုအတွင်းမှာလည်း နယ်ချဲ့ဆန့်ကျင် ရေးစိတ်ဓာတ် အလွန်မြင့်မားနေချိန် ဖြစ်တယ်။ ပါတီဟာ ဖက်ဆစ်တော်လှန်ရေးကို ခေါင်းဆောင်ခဲ့တာ ကြောင့် ဂုဏ်သိက္ခာအလွန်မြင့်မားနေပြီး ဖဆပလ အမျိုးသားညီညွတ်ရေးတပ်ဦးအတွင်းမှာပဲ ရှိနေဆဲ ဖြစ်တယ်။ ပါတီဝင်များကလည်း ဖဆပလအတွင်း တက်ကြွတဲ့ အင်အားများအဖြစ်ပါဝင်နေကြတာပါ။ ဒီစက်တင်ဘာ လှုပ်ရှားမှုကြောင့် နယ်ချဲ့ယန္တရားကြီးတခုလုံး သွက်ချာပါဒ လိုက်သွားစေခဲ့တယ်။ လှုပ် ရှားမှုအတွင်း စာရေးစာချီများ၊ ကျောင်းသားများ၊ အလုပ်သမားများ၊ လယ်သမားများအပြင် ပုလိပ်များ လည်း ပါဝင်သပိတ်မှောက်ခဲ့ကြတယ်။ တိုက်ပွဲမှာ ဒီရေမြင့်သို့ရောက်ရှိနေပါပြီ။ ဒီလူထုအုံကြွမှုများကို ခေါင်းဆောင်နေတဲ့ ပါတီမှာ သခင်စိုး ခွဲထွက်မှုကြောင့် အတ္တဘာဝအရ အင်အားချည့်နဲ့နေလို့ အထွေ ထွေသပိတ်ကို လက်နက်ကိုင်တော်လှန်ရေးသို့ မပြောင်းနိုင်ခဲ့ဘူး။ ဒီကာလမှာပဲ ဖဆပလ လက်ယာ ဂိုဏ်းနဲ့ အမျိုးသားဓနရှင်လူတန်းစားက အထွေထွေအုံကြွမှုကို ချက်ကောင်းယူကာ နယ်ချဲ့သမားနဲ့စေ့ စပ် အာဏာယူသွားခဲ့တယ်။

အဲဒီအချိန်မှာ ပါတီကို ဖဆပလထဲကလည်း ထုတ်ပယ်ပြီးဖြစ်နေတာကြောင့် အထွေထွေအုံကြွမှုကြီး ဟာ ယာယီရပ်ဆိုင်းသွားခဲ့တယ်။ ဒါပေမဲ့ မကြာလိုက်ပါဘူး။ ပါတီရဲ့ ခေါင်းဆောင်မှုအောက်မှာ လူထု တိုက်ပွဲများ တိုးပွားလာရုံမက နယ်ချဲ့သမားနဲ့ စေ့စပ်သွားတဲ့ ဖဆပလကိုပါ ဆန့်ကျင်တိုက်ခိုက်နေပါပြီ။ ၁၉၄၆ စက်တင်ဘာ အုံကြွမှုမျိုး ၁၉၄၈ ခုနှစ်မှာ တဖန်ပြန်ပေါ်ပေါက်လာတော့မယ့် အခြေအနေမျိုး ကြုံလာရတော့တယ်။ ဒီအခြေအနေမှာ ဖဆပလအစိုးရက ဗမာပြည်ကွန်မြူနစ်ပါတီကို လက်နက်နဲ့ စတင်နှိပ်ကွပ်လာတော့တယ်။ ဒီအချိန်မှာ ပါတီရဲ့အတ္တဘာဝများကလည်း တစုံတရာ ပြည့်စုံမှုရှိလာနေ ပြီဖြစ်တယ်။ ပါတီဟာ “ဖောက်ပြန်ရေးအစိုးရက လက်နက်နဲ့ ဖိနှိပ်လာရင် လက်နက်နဲ့တုံ့ပြန်ရမယ်” ဆို တဲ့ သဘောထားရှိနေပြီဖြစ်တယ်။ ဒါကြောင့် ဖဆပလအစိုးရက လက်နက်နဲ့ ဖိနှိပ်လာမှုကို လက်နက်နဲ့ ခုခံဆန့်ကျင်တဲ့ တော်လှန်ရေးစစ်ပွဲ ဖြစ်ပေါ်လာတော့တယ်။

ဒီလိုလက်နက်ကိုင်ခုခံဆန့်ကျင်တဲ့ တော်လှန်ရေးလမ်းစဉ်ဟာလည်း လွယ်လွယ်ကူကူ ရရှိလာခဲ့တာ မဟုတ်ပါဘူး။ ပါတီထဲမှာ လမ်းစဉ် ၂ ရပ်တိုက်ပွဲတိုက်ပြီးမှ ရရှိလာခြင်းပါပဲ။ တခုက “သပိတ်စုံသူပုန်ထ” လမ်းစဉ်နဲ့ အခြားတခုက အုပ်စိုးသူအစိုးရက လက်နက်နဲ့ဖိနှိပ်တဲ့ တန်ပြန်တော်လှန်ရေးလမ်းစဉ်ကို ကျင့်သုံးလာရင် ” ပါတီက ကျေးလက်ကို အခြေခံ၊ မြို့ကိုဝိုင်းဆိုတဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်တဲ့ ရေ ရှည်လက်နက်ကိုင် တိုက်ပွဲနဲ့ တုန့်ပြန်ရမယ်” လို့ခံယူတဲ့ လမ်းစဉ်ဖြစ်တယ်။ ဒီလို လမ်းစဉ် ၂ ခုအနက် ဒုတိယလမ်းစဉ်ကို နိုင်ငံရေးဦးဆောင်အဖွဲ့ အများစုက သဘောတူဆုံးဖြတ်ပြီး “မြို့ပေါ်မှာ မြေအောက် လုပ်ငန်း လုပ်နေသူများမှ အပ ကျန်ပါတီဝင်များနဲ့ ကေဒါများအားလုံး ကျေးလက်သို့ဆင်းပြီး တော်လှန် တဲ့လက်နက်ကိုင် ခုခံရေးစစ်ပွဲ ဆင်နွှဲကြရမယ်” လို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့တယ်။

အဲဒီနောက် ဒီလမ်းစဉ် ၂ ရပ်ကို ရန်ကုန်မြို့ပေါ်လျှို့ဝှက် ဗဟိုကော်မတီ အစည်းအဝေးမှာ ဆွေးနွေးခဲ့ရာ ဒုတိယလမ်းစဉ်ကို ဗဟိုကော်မတီ အများစုက လက်ခံအတည်ပြုလိုက်တယ်။ ထို့နောက် လက်နက်ကိုင် တော်လှန်ရေးအတွင်း ကျောက်ကြီးပေါက် ဗဟိုကော်မတီ အစည်းအဝေးက သဘောတူအတည်ပြုခဲ့ တယ်။ နောက်ဆုံး ၁၉၄၉ ခုနှစ် မတ်လ၊ စွယ်တော်မြောင် ဗဟိုကော်မတီ စုံညီအစည်းအဝေးက ၎င်း ဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။

(၃)

၁၉၄၈ ခုနှစ် မတ်လ ၂၈ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာပြီးနောက် ကေအင်ဒီအိုက အစိုးရ ကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးထဲ ဦးဆုံးပါဝင်လာတယ်။

ဗမာ့တပ်မတော်ကလည်း သရက်ခရိုင်၊ ပြည်ခရိုင်များကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရန်ကုန်မြို့ရှိ ဗမာ့တပ်မတော်တချို့ ပုန်ကန်ထကြွကာ တော်လှန်တဲ့ ဗမာ့တပ်မတော်အဖြစ်ထူထောင်ကာ တော်လှန် ရေးထဲပါဝင်လာတယ်။

ပြည်သူ့ရဲဘော်အဖွဲ့လည်း အဖြူနဲ့အဝါကွဲကာ လက်နက်ကိုင်ပုန်ကန်ပြီး မကွေးတိုင်းမှာ ဗဟိုဌာနချုပ် ထားကာ ပြည်သူ့ရဲဘော်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းတယ်။

၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ ဗမာ့တပ်မတော်အတွင်းမှ ကချင်သေနတ်ကိုင်တပ်ရင်းများ အစိုးရဆန့်ကျင်တဲ့ တော်လှန်ရေးတပ်ဖွဲ့များဖြစ်လာတယ်။

ဒီလိုနဲ့ လက်နက်ကိုင်တော်လှန်ရေးကြီးထွားလာပြီးနောက် သာယာဝတီ၊ ပြည်၊ သရက်၊ မကွေး၊ ရေနံချောင်း၊ မြင်းခြံစတဲ့ မြို့များကို လက်နက်ကိုင်တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့သလို တောင်ငူ၊ ပျဉ်းမနား၊ မန္တလေး၊ မေမြို့စတဲ့ မြို့များကိုလည်း အစိုးရဆန့်ကျင်ရေးလက်နက်ကိုင် အင်အား စုများက သိမ်းပိုက်ခဲ့တယ်။

ဒီလိုနဲ့ ဗမာပြည်ကျေးလက်တောရွာ အများစုနဲ့ မြို့ကြီး၊ လတ်၊ ငယ်အများအပြားကို သိမ်းပိုက်ကာ ကျယ် ပြန့်တဲ့လွတ်မြောက်ရေးဒေသများကို ဖြစ်ပေါ်ခဲ့တယ်။

၁၉၄၉ ခုနှစ်၊ နှစ်လယ်လောက်မှာ ပါတီ၊ တော်လှန်တဲ့ ဗမာ့တပ်မတော်၊ ပြည်သူ့ရဲဘော် အင်အား ၃ ရပ် ပါဝင်တဲ့ “ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု” ကို ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒီကာလကို နိုင်ငံခြားတိုင်းပြည်များက ဖဆပလ အစိုးရကို “ရန်ကုန်အစိုးရ”လို့ ခေါ်ခဲ့ကြတာပါ။ ဒီရန်ကုန်အစိုးရကို လက်နက်

ဒီအချိန်မှာ ပါတီက ရန်ကုန်သိမ်းပိုက်ရေး စီမံကိန်းကို ကျန်အင်အားစုများနဲ့ အမှန်တကယ်ညှိနှိုင်းခဲ့ဖူးပါ တယ်။ ညှိနှိုင်းရာမှာ ဘယ်နေရာ သူယူမယ် ငါယူမယ် အငြင်းအခုန်များအကြား မိမိအင်အားစုများ သွေးကွဲရေးဖြစ်ကာ အကျိုးမရှိနိုင်ကြောင်း စဉ်းစားသုံးသပ်ပြီး စီမံကိန်းဖျက်ခဲ့ဖူးတယ်။

ဒါ့အပြင် ကေအင်ဒီအိုနဲ့ ပါတီတပ်များ လက်နက်ကိုင်တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့တယ်။ နောင်ဘယ်တော့မှ မဖြစ်စေသင့်ဘူးလို့ ဥက္ကဋ္ဌ သခင်သန်းထွန်းက ပါတီတရပ်လုံးကို ပညာပေးခဲ့ပြီး “တဦးတည်းသော ဘုံ ရန်သူကို ဦးတည်တိုက်ကြ” ဆိုတဲ့လမ်းစဉ်ဟာ အဲဒီတုန်းက ချမှတ်ခဲ့တာဖြစ်တယ်။

အထက်မှာ ဖော်ပြခဲ့သလို “ရန်ကုန်အစိုးရ”အထိ ဖြစ်သွားစေခဲ့တဲ့ တော်လှန်ရေး အခြေအနေဖြစ်ပေါ် တိုးပွားမှုမှတ်တမ်းကို သာဓကပြလိုပါတယ်။ ၁၉၄၈ ခုနှစ်က ရန်သူ့အင်အားမှာ အမြဲတမ်းတပ် ၁၇ ရင်း၊ လူအင်အား ၁၂,၃၀၀၊ ယူအင်ပီခေါ် စစ်ရဲက လူအင်အား ၁၀,၀၀၀၊ ဘီတီအက်ဖ်လို့ခေါ်တဲ့ နယ်ခြား စောင့်တပ် ၅,၃၅၀(ဒါဟာ ပြည်တွင်းစစ်ဖြစ်မှ ဆိုရှယ်လစ်ပါတီက ဖွဲ့လိုက်တဲ့ တပ်)။ စုစုပေါင်း ရန်သူ့ အင်အား ၂၇,၆၅၀ ရှိတယ်။ တိုက်ပွဲများအတွင်း ကျွန်တော်တို့တပ်များနဲ့ တိုက်ခိုက်မှုအတွင်း ချေမှုန်းခံရ မှုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ ကျွန်တော်တို့တိုက်ပွဲများရဲ့ ဂယက်နဲ့ ရန်သူ့တပ်အတွင်း ဗမာလူမျိုး ကြီးဝါဒကို မကျေနပ်မှုအပြင် ပါတီကစည်းရုံးထားတဲ့ အင်အားစုများအပါ ရန်သူ့တပ်မှ ပုန်ကန်ထကြွလာ တဲ့အင်အား စုစုပေါင်း ၉,၁၄၀။ ဒီလိုပုန်ကန်ထကြွမှုများကြောင့် ရန်သူက သူ့ရဲ့တပ်ကို ပြန်ဖမ်းချုပ်ရတာ တွေရှိလာတယ်။ အဲဒီလို ဖမ်းချုပ်ထားသူ စုစုပေါင်းမှာ ၁,၃၃၈။ ဒီအခြင်းအရာများကြောင့် စိတ်ဓာတ်ကျ ကာ အိမ်ပြန်သွားသူ စုစုပေါင်း ၈၇၀။ တော်လှန်ရေးအင်အားစုများနဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲများအတွင်း ချေမှုန်းခြင်းခံရသူ ၂,၀၀၀ ကျော်။ ဒါကြောင့် စုစုပေါင်းအင်အား ၁၃,၂၄၀ ယောက် ချေမှုန်းပစ်ခဲ့တယ်။ ဒီ စာရင်းများအရ ရန်သူ့အင်အား တဝက်ကျော် ချေမှုန်းပစ်လိုက်ခြင်းလို့ ဆိုနိုင်ပါတယ်။

အိန္ဒိယ နေရူးအစိုးရက ရန်ကုန်အစိုးရကို သေနတ် ၅,၀၀၀ နဲ့ ကျည်ဆန်အပြည့်အစုံ အကူညီပေးပြီးတဲ့ နောက်မှာ အစိုးရတပ်များက တော်လှန်ရေးတပ်များ သိမ်းပိုက်ထားတဲ့ မြို့များကို တမြို့ပြီးတမြို့ ပြန်လည်သိမ်းပိုက်သွားပါတယ်။ အစိုးရကို လက်နက်ကိုင်တိုက်ကြတဲ့ အင်အားစုတွေမှာ ဘုံရန်သူရှိပေမယ့် ဘုံလုပ်ငန်းစဉ် (အနိမ့်ဆုံးလုပ်ငန်းစဉ်) မရှိပါ။ အခြေအနေက ဘယ်လိုပဲပေးနေပါစေ ရန်ကုန်အစိုးရကို အပြုတ်ချဖို့ အခွင့်မသာခဲ့ပါ။ အဖွဲ့အစည်းအသီးသီးက ဘုံလုပ်ငန်းစဉ်မရှိဘဲ ကိုယ့်လုပ်ငန်းစဉ်နဲ့ ကိုယ်သာ ဖြစ်နေကြတာကလည်း ရန်ကုန်အစိုးရကို ပြီးပြတ်သည်အထိ ဖြုတ်မချနိုင်ခဲ့တဲ့ အကြောင်းရင်းတရပ် ဖြစ်ပါတယ်။

၁၉၅၀ ခုနှစ် မြို့များမှ ဆုတ်ခွာလာပြီးနောက် စက်တင်ဘာလမှာ ပါတီရဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ၁၅,၀၀၀ နဲ့ တော်လှန်တဲ့ ဗမာ့တပ်မတော် ၃,၀၀၀ တို့ ပူးပေါင်းကာ “ပြည်သူ့တပ်မတော်” အဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်လို့ အင်အား ၁၈,၀၀၀ ရှိလာတယ်။ အဲဒီကာလက ပါတီတပ်များရဲ့ အခြေ အနေမှာ တပ်မကြီး ၄ ခုရှိပြီး အလယ်ဗမာပြည်ရှိ တပ်မကြီး (၁) မှာ အင်အား ၁၅၀၀၊ အထက်ဗမာပြည်ရှိ တပ်မကြီး (၂) မှာ အင်အား ၇၀၊ အောက်ဗမာပြည်မှာရှိ တပ်မကြီး (၃) မှာ အင်အား ၁၀၀ ကျော်၊ ရှမ်းပြည်မှာ ရှိတဲ့ တပ်မကြီး (၄) မှာ အင်အား ၅၀၀ ကျော်။ အဲဒီတပ်မကြီးများအပြင် ရခိုင်ပြည်၊ မြစ်ဝ ကျွန်းပေါ်နဲ့ တနင်္သာရီတိုင်း၊ အလယ်ပိုင်းတိုင်း၊ မြစ်ဖျားတိုင်းနဲ့တကွ တပ်မဟာတွေနဲ့အနယ်နယ် ဒေသ ပြောက်ကျား တပ်တွေလဲရှိသေးတယ်။ စစ်ကျောင်းများဖွင့်လှစ် စစ်ပညာများစနစ်တကျဖြည့်ဆည်းကာ တော်လှန်ရေးတိုက်ပွဲများ ဆက်လက်ဆင်နွှဲခဲ့ကြတယ်။

(၄)

၁၉၅၁ ခုနှစ် စက်တင်ဘာမှာ ပြည်သူ့တပ်မတော် ၁ နှစ်ပြည့်တဲ့နေ့ဖြစ်တယ်။ ဒီတနှစ်တာအတွင်း ထူးခြားတဲ့ တိုက်ပွဲများအဖြစ် မှတ်တမ်းတင်ကျန်ခဲ့တာက အထက်ဗမာပြည် ရွာကြီးတိုက်ပွဲ၊ မြောင်တိုက် ပွဲ၊ တံတားဦးတိုက်ပွဲ၊ နှောကံတိုက်ပွဲ၊ မြစ်သားတိုက်ပွဲ၊ နွားထိုးကြီးတိုက်ပွဲ။ အလယ်ပိုင်း ဗမာပြည် လယ် ဝေးတိုက်ပွဲ၊ ရွှေမြို့တိုက်ပွဲ၊ တီတွတ်တိုက်ပွဲ၊ ဆင်မြီးဆွဲတိုက်ပွဲ။ ရှမ်းပြည်တောင်ပိုင်း လုံကာတောင် တိုက်ပွဲ။ အောက်ဗမာပြည် ကျွဲပွဲတိုက်ပွဲ၊ ဖြူးတိုက်ပွဲ။ မြစ်ဝကျွန်းပေါ် ညောင်ကျိုးတိုက်ပွဲတို့ဖြစ်တယ်။

တိုက်ပွဲအရေအတွက်မှာ ထိုးစစ် ၂၄၃ ပွဲ၊ ခံစစ် ၈၃ ပွဲ၊ ပြောက်ကျား ၁၀၉ ပွဲ၊ ပေါင်း ၄၃၅ ပွဲ။ မိမိဘက်က ကျဆုံး ၁၉၇ ယောက်၊ ဒဏ်ရာ ၂၆၈ ယောက်၊ အဖမ်းခံရသူ ၇ ယောက်၊ စုစုပေါင်း ၄၇၂ ယောက်။ ရန်သူကျဆုံး ၈၃၅ ယောက်၊ ဒဏ်ရာ ၅၄၅ ယောက်၊ ဖမ်းမိ ၃၆၉ ယောက်၊ စုစုပေါင်း ၁၇၄၉ ယောက်။ အချိုးချကြည့်ရင် မိမိ ၁ ယောက်သေတိုင်း ရန်သူ ၄ ယောက်သေ။ မိမိ ၁ ယောက်ဒဏ်ရာရတိုင်း ရန်သူ ၂ ယောက် ဒဏ်ရာရ၊ မိမိ ၁ ယောက်အဖမ်းခံရတိုင်း ရန်သူ ၅၂ ယောက်ဖမ်းမိတယ်။ မိမိဘက်သို့ လာ ရောက် ပူးပေါင်းသူ ၇၇ ယောက်။ သိမ်းဆီးရမိတဲ့ လက်နက် ၆၀၇ လက်၊ ဆုံးရှုံးလက်နက် ၁၂၃ လက်၊ မိမိ ၁ လက်ဆုံးရှုံးရင် ရန်သူ့ထံမှ ၅ လက်ရရှိတယ်။

ပြည်သူ့တပ်မတော်ရဲ့ ကြွေးကြော်သံမှာ “ငါတို့ ၁ ယောက်ကျရင် ရန်သူ ၁၁ ယောက် ကျစေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုက်ကြ” “ရန်သူ့လက်နက် တို့လက်နက်” “ဝါးချွန်ကနေ ရိုင်ဖယ်ဖြစ်လာတယ်လို့ တင်း တိမ်မနေဘဲ ရိုင်ဖယ်က အမြောက်ဖြစ်စေရမယ် ဆိုတဲ့ရည်ရွက်ချက်နဲ့ ဆထက်တန်ဖိုး တိုး၍တိုက်ကြ” ဆိုတဲ့ ကြွေးကြော်သံများဖြစ်တယ်။

အဲဒီကာလက ထူးခြားတဲ့ စစ်စွမ်းရည်ကတော့ အထက်ဗမာပြည်က တပ်တွေဟာ ရန်သူအင်အား ၁၅၀၀ နဲ့ လာတိုက်တဲ့ စစ်ကြောင်းကို ဦးကျိုးအောင် တိုက်နိုင်တဲ့အပြင် ပြည်သူလူထုရဲ့ ဗုံးစစ်ပွဲနဲ့လည်း ဆက် စပ်ပေးနိုင်ခဲ့တယ်။ မင်းစုနားမှာ ဗုံးစစ်ပွဲနဲ့ ရန်သူ ၁၀၀ နီးပါး ချေမှုန်းနိုင်ခဲ့ခြင်းဟာ သိပ်ထူးခြားတဲ့ တိုက်ပွဲဖြစ်တယ်။ ဗမာပြည်အလယ်ပိုင်းက တိုက်ပွဲတွေဟာ တဟုန်ထိုးလှံစွပ်ထိုးတိုက်ပွဲများလည်း လုပ် နိုင်ခဲ့တယ်။ အောက်ဗမာပြည်က တပ်တွေဟာ မဟာမိတ်ဖြစ်တဲ့ ကော်သူလေးနဲ့ ယုံကြည်ချက်ရအောင် ယူပြီး ပူးတွဲတိုက်ပွဲတွေ ဆင်နွှဲတယ်။ ရှမ်းပြည်ဘက်ရောက်နေတဲ့ ပါတီတပ်တွေဟာလည်း ရှမ်း၊ ကချင် လူထုများရဲ့ ယုံကြည်အားထားရတဲ့ တပ်ဖွဲ့တွေဖြစ်အောင် တိုက်ပွဲများ ဆင်နွှဲနိုင်ခဲ့တယ်။ မြစ်ဝကျွန်းပေါ် ကတပ်တွေဟာလည်း မဟာမိတ်များနဲ့ ပူးတွဲကာ ရန်သူကို အထိနာအောင်ချေမှုန်းရေးတိုက်ပွဲများ တိုက် နိုင်ခဲ့တယ်။ ရခိုင်ကတပ်တွေနဲ့ တနင်္သာရီ ထားဝယ်က တပ်တွေဟာ ဗဟိုစစ်ဦးစီးဌာနချုပ်နဲ့ အဆက် အသွယ် ဘယ်လိုပဲ ပြတ်နေနေ မိမိဘာသာ ရပ်တည်နိုင်ရုံမက တနေ့တခြား အင်အားကြီးအောင် လုပ်နိုင်ခဲ့တယ်။ ပြည်သူ့တပ်မတော် တခုလုံးကို ခြုံကြည့်ရင် တပ်မကြီးအသီးသီး၊ တပ်မဟာအသီးသီး ဟာ စစ်ဦးစီးဌာနကချမှတ်ထားတဲ့ နည်းပရိယာယ်များအရ ရွပ်ရွပ်ချွံချွံ တာဝန်တွေ ထမ်းဆောင်နိုင် ခဲ့ကြတယ်။

တချိန်တည်းမှာလည်း ပြည်သူ့တပ်မတော်ဟာ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုး မတက်အောင် လူထု အပေါ် တွယ်ကပ်နေတာမျိုးမဟုတ်ဘဲ၊ ကိုယ့်အစွမ်းအစနဲ့ ဖြည့်စွမ်းနိုင်တဲ့ တပ်မတော်မျိုးဖြစ်လာအောင် ကြိုးစားရမယ်။ ပြည်သူ့တပ်မတော်ဟာ တဖက်က တိုက်ခိုက်ရေးတပ်မတော်ဖြစ်သလို တဖက်က ကိုယ့် ဝမ်းစာအတွက် ကိုယ်ထုတ်လုပ်တဲ့ တပ်မတော်ဖြစ်ရမယ်။ စစ်မြေပြင်မှာ တိုက်နေတဲ့ တပ်သားတွေက လွဲရင် နောက်ပိုင်းမှာ ရှိနေတဲ့ တပ်မတော်သားများဟာ အသီးအနှံစိုက်ပျိုးသူက စိုက်ပျိုး၊ မွေးမြူရေးလုပ် သူကလုပ်စတဲ့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေ လုပ်ကြရမယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ စီးပွားရေးလုပ် ငန်းများမှာ အစွမ်းကုန်ဝင်ရောက်ကူညီရမယ်။ လယ်ထွန်ချိန် ကောက်စိုက်ချိန် ကောက်ရိတ်ချိန်စသဖြင့် ပါဝင်ကူညီလုပ်အားပေးကြရမယ်။

ဒါ့အပြင်ပါတီဟာ ဝါဒဖြန့်ချိရေးအဖြစ် အသံလွှင့်လုပ်ငန်း၊ ပြည်သူ့အငြိမ့်သဘင်ကို ထူထောင်ကာ ပြဇာတ်များ အော်ပရာများတင်ဆက် ဖျော်ဖြေဝါဒဖြန့်ခဲ့တဲ့ အဲဒီတုန်းက ပြည်သူ့တပ်မတော်ကို လူထုနဲ့ မကင်းကွာစေဖို့ ပညာပေး အော်ပရာဟာ နောက်ဆုံး အရှေ့မြောက် အခြေခံဒေသ မဆုံးရှုံးခင်အထိ တင်ဆက်ကပြဝါဒဖြန့်ချိခဲ့တယ်။ အမျိုးသမီးသမဂ္ဂလုပ်ငန်းလည်း ရှိခဲ့တယ်။ ဆေးဝါးကုသရေးလုပ်ငန်း လည်း လုပ်နိုင်ခဲ့တယ်။

(၅)

၁၉၅၈ ခုနှစ် နေဝင်းအိမ်စောင့်အစိုးရ တက်လာတယ်။ တက်လာခါစမှာ နိုင်ငံရေး အာဏာတည်ဆောက် နေရလို့ စစ်မတိုက်နိုင်ဘဲ၊ တော်လှန်ရေးအင်အားစုများကချည်း တိုက်ခဲ့တာဖြစ်တယ်။ ၁၉၅၉ ဇန်နဝါရီ မှ ဇွန်လ ၆ လအတွင်း ရန်သူက ထိုးစစ်အကြိမ် ၂၀ ထိုးခဲ့တယ်။ ထိုးစစ်ဆင်ရာမှာ တပ်မဟာတခု၊ တခု ကျော်ကျော်သုံးတယ်။ ၃-၄ ရင်း အင်အားနဲ့ ထိုးစစ်ဆင်တယ်။ မြစ်ဝကျွန်းပေါ်နဲ့ အောက်ဗမာပြည်ဟာ အဓိက ထိုးစစ်ဆင်ခံရတယ်။ အမှတ် ၂ တိုင်း ပခုက္ကူဘက်မှာ လုံးဝမထိုးဘူး။ အမှတ် ၁ တိုင်းကို ထွက်ချီ ဝင်ချီ ဝင်လိုက်ထွက်လိုက် ထိုးစစ်ဆင်ခဲ့တယ်။ ရန်သူရဲ့ သတင်းစာရေးသားမှုအရ ရန်သူရဲ့ပြင်းထန်တဲ့ ထိုးစစ်တွေကို ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက ၁၇၇ ကြိမ် တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အကြမ်းဖျင်းအားဖြင့် ကျွန်တော်တို့ တိုက်ခဲ့တဲ့ တိုက်ပွဲအမျိုးအစားများမှာ လမ်းဖြတ်ဖျက်ဆီး ရေးတိုက်ပွဲ ၅ ပွဲ၊ ရန်သူ့စခန်းဝင်တိုက်တဲ့တိုက်ပွဲ ၅၁ ပွဲ၊ လှုပ်ရှားရန်သူ အလစ်ချောင်းမြောင်းတိုက် ၃၆ ပွဲ၊ ရန်သူကငါတို့လာတိုက်တာ ၉၅ ပွဲ။ စုစုပေါင်း ၁၇၇ ပွဲ။ ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင်အင်အားကို ကြည့် ရင်-အင်အား ၅၀ အောက်တိုက်ခြင်း ၄၀ ပွဲ၊ အင်အား ၅၀ မှ ၁၀၀ ကြားတိုက်ခြင်း ၁၃ ပွဲ၊ အင်အား ၁၀၀ မှ ၂၀၀ ကြားတိုက်ခြင်း ၁၆ ပွဲ၊ ၁၀၀ မှ ၅၀၀ ကြားတိုက်ခြင်း ၃ ပွဲ၊ အင်အား မဖော်ပြနိုင်သောတိုက်ပွဲ ၉၅ ပွဲ၊ စုစုပေါင်း ၁၇၇ ပွဲ။ ဒါမပြည့်စုံတဲ့ တိုက်ပွဲစာရင်း ဖြစ်တယ်။ အမှန်က ဒိထက်များနိုင်တယ်။ တနေ့ တပွဲ ဖြစ်နေခဲ့တာပါ။ ဒီတိုက်ပွဲများအနက် ပါတီတပ်များ တိုက်ပွဲမှာ ၆၇ ပွဲ၊ ကော်သူလေး ၅၄ ပွဲ၊ အလံနီ ၁၆ ပွဲ၊ ပူးတွဲတိုက်ပွဲ ၁၉ ပွဲဖြစ်ပါတယ်။

တိုက်ပွဲဝင်ကြတဲ့ ရဲဘော်တွေဟာ ရာဇဝင်မှာ မှတ်တမ်းတင်လောက်အောင်တိုက်ခိုက်သွားကြတယ်။ “လှေခွက်ချည်းကျန် အလှံမလှဲဘူး” အသက်ကိုအသေခံမယ် ဘယ်တော့မှ လက်နက်မချဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်သွားကြတယ်။ (၁) ဗိုလ်သိန်းနဲ့ တပ်စိတ်တစိတ်ဟာ တယောက်မှ မကျန် အကုန် အသေခံတိုက်ပွဲဝင်သွားတယ်။ (၂) မြစ်ဝကျွန်းပေါ်က ဗိုလ်ကျင်မောင်ဟာ ရန်သူရဲ့ အဝိုင်းခံရတဲ့အခါ နောက်ဆုံးအထိ လက်နက်မချ တိုက်ပွဲဝင်သွားတယ်။ နောက်ဆုံးသူကျဆုံးတော့ သူ့သေနတ်အတွင်းမှာ ကျည်ဆန်တဆန်မှ မရှိတော့တာ တွေ့ရတယ်။ ဒီအထိ တိုက်ပွဲဝင်သွားတယ်။ (၃) မနှစ်က ပဲခူးဘက် မှာ ရဲဘော် ၆ ယောက်ဟာ ရန်သူကို အသေခံပြီး တိုက်ခိုက်သွားခဲ့ကြတယ်။ ဒီရဲဘော်များရဲ့ အနိုင်မခံ အရှုံးမပေး ရန်သူကို တိုက်ခိုက်ခဲ့တဲ့ စိတ်ဓာတ်ကို ချီးကျူးရင်း ဒီလိုစိတ်ဓာတ်မျိုးနဲ့ တိုက်နေသမျှ ဘယ် တော့မှ ကျွန်တော်တို့ မရှုံးနိမ့်နိုင်ဘူး ဆိုတာပြောချင်တယ်။

အဲဒီကာလက ဘယ်လိုနည်းပရိယာယ်တွေ ကျင့်သုံးခဲ့သလဲ။ သတင်းစာမှာ ဖော်ပြထားတဲ့ အမှတ် ၁ တိုင်းက ဗိုလ်မှူးစောနောင်ရဲ့ အစီရင်ခံစာကို ကိုးကားဖော်ပြသွားမယ်။ သူက တပ်အားလုံးကို ညွှန်ကြား ရာမှာ-ရဲဘော်တို့ – တို့နယ်လာတိုက်တဲ့ ကချင်တပ် ချင်းတပ်တွေဟာ လာလမ်းအတိုင်း မလာဘူး၊ ဒါကြောင့် ငါတို့ပေါင်းထားတဲ့ တိုင်းတပ်နဲ့ ခရိုင်တပ်တွေဟာ ရန်သူအလုံးအရင်းနဲ့လာရင် ရှောင်ပေး၊ ရန် သူရဲ့ပျော့ကွက်ကိုရှာ၊ ငါတို့အင်အား အများနဲ့ ဖိတိုက် ___ လို့ ရေးသားထားတယ်။ ဒါဟာ ၁၉၅၉ ပါတီ အနှစ် ၂၀ မြောက်အထိမ်းအမှတ် မိန့်ခွန်းမှာ ဖော်ပြထားတဲ့ ပါတီရဲ့ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင် တော်လှန်းရေး ၁၁ နှစ်တာကာလအတွင်းမှ တိုက်ပွဲသတင်းတခုလို့လည်း ပြောနိုင်ပါတယ်။

၅၈ အစည်းအဝေးပြီးနောက် ဗဟိုကို ပဲခူးရိုးမကို ပြောင်းခဲ့တယ်။ ၁၉၇၅ ခုနှစ်ထိ ပဲခူးရိုးမမှာ ပါတီဗဟို အခြေပြုနိုင်ခဲ့တယ်။ ဒီအတောအထွင်း KNUP နဲ့ဆွေးနွေးကာ အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ် ပေါင်းစု(မဒတကို) ဖွဲ့စည်းနိုင်ခဲ့တယ်။

(၆)

ပါတီဟာ လက်နက်ကိုင်တိုက်ပွဲစွန့်တဲ့ အမှားကြီးမျိုးအထိ တခါမှ မဖြစ်ခဲ့ဘူး။ တဖက်မှာ လည်း ဗိုလ်နေဝင်းက ၁၉၆၂ ခုနှစ်မှာ အာဏာလုတက်လာပြီး တော်လှန်ရေးကောင်စီနာမည်ခံကာ အာဏာရှင်စနစ်ထူထောင်တယ်။ ငြိမ်းချမ်းရေးကို မလွန်ဆန်နိုင်လို့ ၁၉၆၃ ခုနှစ်မှာ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများနဲ့ အမည်ခံပြည်တွင်းငြိမ်းချမ်းရေးလုပ်လာတယ်။ ပါတီက အင်အားကောင်း တဲ့ ဗဟိုကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ပဏာမကိုယ်စားလှယ်အဖွဲ့အဖြစ် စေလွှတ်ဆွေးနွေးခဲ့တယ်။ သခင် ကိုယ်တော်မှိုင်း ဦးစီးတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့များ တပြည်လုံးမှာ ပေါ်ထွန်းလာတယ်။ ရန်ကုန်မှာ ၅ ခရိုင်လူထုဆန္ဒပြပွဲနဲ့ မန္တလေးမှာ ၇ ခရိုင်လူထုဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့တယ်။ ဒီလိုလူထု ထောက်ခံ ပွဲများ ပေါ်လာတော့ ဗိုလ်နေဝင်းအစိုးရဟာ ကြောက်လန့်ပြီး ပါတီကိုအောက်ပါတောင်းဆို ချက်များ တောင်းဆိုလာတယ်။ (၁) တပြည်လုံးရှိ ပါတီရဲ့ပြည်သူ့တပ်မတော်အားလုံး တနေရာတည်းမှာ လက် နက်အပါအဝင် တနေရာတည်းမှာ စုစည်းပေးရမယ်။ (၂) ၎င်းစုစည်းသောတရာကို အစိုးရက ဆုံးဖြတ်ပြီး သူတို့သဘောမတူဘဲ ခွင်ထဲက မထွက်ရ (၃) ပါတီက စည်းရုံးရေးလုပ်ငန်းနဲ့ ဘဏ္ဍာရေး ကောက်ခံမှု များမလုပ်ရ။ ဒီတောင်းဆိုချက်တွေဟာ ပါတီကိုတဖက်သတ်လက်နက်ချခိုင်းခြင်းနဲ့ ပါတီဖျက်သိမ်းစေ ခြင်းဖြစ်လို့ မူအရ လက်မခံနိုင်ကြောင်း ပြန်ကြားလိုက်တယ်။ ၁၉၆၃ နိုဝင်ဘာမှာ ပြည်တွင်းငြိမ်းချမ်း ရေး ဆွေးနွေးပွဲများကို တဖက်သတ်ဖျက်သိမ်းကြောင်း ကြေညာဖျက်သိမ်းသွားတယ်။

၁၉၄၈ မတ်လ ၂၈ ရက်နေ့မှာ အစိုးရက ပါတီကို အကြမ်းဖက်တိုက်ခိုက်လာမှုမှာ စစ်ဦးစီးချုပ်နေဝင်း ဟာ အဓိက တရားခံဖြစ်တယ်။ ဒါ့အပြင် ပါတီကို ဦးတည်ရန်သူအဖြစ်သတ်မှတ်ပြီး အမည်အမျိုးမျိုးနဲ့ စစ်ဆင်ရေးတွေလုပ်လာခဲ့တယ်။ ၁၉၅၆ မှာ အောင်မာဃစစ်ဆင်ရေးမှာ အထူးတပ်များအပါအဝင် တပ် ရင်း ၁၂ ရင်းနဲ့ ဗဟိုဌာနချုပ်ကို ထိုးစစ်ဆင်ခဲ့တယ်။ ဒီနောက်တော့ တပ်မ ၇၇၊ ၈၈၊ ၆၆ စတဲ့တပ်မများဖွဲ့ စည်းလာခဲ့တယ်။ အဲဒီလိုနဲ့ ထိုးစစ်များကို အင်အားတိုးချဲ့သုံးစွဲလာခဲ့ရာ တပ်မ ၇၇ နဲ့တပ်မ ၈၈ ပူးပေါင်း ပြီး ၁၉၆၈ ခုနှစ်မှာ ပဲခူးရိုးမအား တေဇစစ်ဆင်ရေးလုပ်လာခဲ့တယ်။ ဒါဟာ တော်လှန်စစ် အနှစ် ၂၀ အတွင်း အကြီးမားဆုံးထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်တယ်။ အဲဒီလို ထိုးစစ်များအတွင်း ပဲခူးရိုးမမှာ ဥက္ကဋ္ဌ သခင်သန်းထွန်း၊ ဗဟိုကော်မတီဝင်ခေါင်းဆောင်များဖြစ်ကြတဲ့ ရဲဘော်ဗိုလ်ဇေယျ၊ ရဲဘော်အောင်ကြီး၊ ရဲဘော်ထွန်းမောင်(ဒေါက်တာနတ်)၊ ရဲဘော်တုတ်၊ ရဲဘော်တင်ထွန်း(သခင်တင်ထွန်း) တို့ ရန်သူနဲ့တိုက် ရင်းမိမိအသက်ကို သူရဲကောင်းပီသစွာ တိုက်ပွဲဝင်ရင်း စွန့်လွှတ်ခဲ့ကြတယ်။ သခင်ပုမှာ ဖျားနာပြီး စစ်မြေပြင်မှာ ကျဆုံးသွားခဲ့ရတယ်။ ဒါ့အပြင် ဗိုလ်ပု၊ ဗိုလ်စိုးမောင်၊ ရဲဘော်မူကာဂျီ(ရဲဘော်ဖြူဝင်း)၊ ရဲဘော်မင်းဒင်၊ သခင်မောင်ကြီး၊ ဆရာကွန်းတို့လည်း စစ်မြေပြင်တွင် ရန်သူ့လက်ချက်ဖြင့် ကျဆုံးခဲ့ရ တယ်။ ဗိုလ်အာဠာဝကဟာ မန္တလေးမှာ အဖမ်းခံရပြီး ရန်သူက သတ်ပစ်လိုက်တယ်။ ၁၉၇၅ ခုနှစ် ဥက္ကဋ္ဌ သခင်ဇင်နဲ့ အတွင်းရေးမှူး သခင်ချစ်တို့ ပဲခူးရိုးမအတွင်း သူရဲကောင်းပီသစွာ ကျဆုံးခဲ့ရတယ်။ ရန်သူက တပ်မတွေတိုးချဲ့ကာ ပဲခူးရိုးမကို ထိုးစစ်တွေအင်အားတိုးချဲ့ လုပ်ကာ ချေမှုန်းဖို့ကြိုးစားနေတာနဲ့ တချိန် တည်း တရုတ်ပြည်နဲ့ နယ်စပ်ဖြစ်တဲ့ ဗမာပြည်အရှေ့မြောက်နယ်စပ်ဒေသများ တော်လှန်ရေးအခြေခံ ဒေသသစ်များကို ၁၉၆၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ စတင်ဖွင့်လှစ်နိုင်ခဲ့တယ်။ ၁၉၇၁ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ အာဘော် “ဗမာပြည် ပြည်သူ့အသံ” အသံ လွှင့်ဌာနမှ စတင်အသံလွှင့်ခဲ့တယ်။ “ပြည်သူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ၊ ရန်သူတကာ ကြောက်ဒူး တုန်ပါစေ” အဖွင့်စကားနဲ့ ပြည်သူ့အသံကို နေ့စဉ် မနက်တကြိမ် ညနေတကြိမ် တနေ့ ၂ ကြိမ် ထုတ် လွှင့်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာ ဝနယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းကို သိမ်းပိုက်ကာ ကိုးကန့်ဒေသနဲ့ တဆက်တစပ်တည်းဖြစ်ကာ ပန်ဆန်းမှာ အရှေ့မြောက်စစ်ဒေသဌာနချုပ်ဖွင့်လှစ်ခဲ့။ ၎င်းနောက် ကျိုင်း တုန်မြောက်ပိုင်းခရိုင်နဲ့ ဂ၁၅ စစ်ဒေသကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့တယ်။ ၆၈ ခုနှစ်နောက်ပိုင်း နယ်စပ် အခြေခံစခန်းများဖွင့်လှစ်ပြီးနောက် ဒီအခြေခံဒေသများအတွင်း ၁၀ နှစ်ကျော်ကာလအတွင်း ပါတီဟာ လက်နက်ကိုင်တိုက်ပွဲကို ဗဟိုပြုပြီး တခြားတိုက်ပွဲသဏ္ဌာန်မျိုးစုံနဲ့ တစုံတရာ ပေါင်းစပ်နိုင်ခဲ့လို့ တစုံတ ရာ ခိုင်မာတဲ့ အခြေခံစခန်းများအဖြစ် တည်ဆောက်နိုင်ခဲ့တယ်။

(၇)

ပါတီက အရှေ့မြောက်ဒေသ အခြေခံစခန်းသစ် ဖွင့်လှစ်နိုင်လိုက်ခြင်းဟာ ပဲခူးရိုးမရှိ ပါတီဗဟိုကျဆင်း နေမှုကို ကျားကန်ပေးနိုင်ခဲ့ကြောင်း သမိုင်းအဖြစ်အပျက်များက သက်သေပြပြီးဖြစ်တယ်။ ဥက္ကဋ္ဌသခင် ဇင်နဲ့ အတွင်းရေးမှူးသခင်ချစ်တို့ ကျဆုံးသွားတာဟာ ကျွန်တော်တို့ပါတီအဖို့ အမှန်ပဲ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်ပေမယ့် စစ်အစိုးရဝါဒဖြန့်နေသလို ဗမာပြည်ကွန်မြူနစ်ပါတီ မရှိတော့ဘူး၊ ပါတီဗဟို မရှိ တော့ဘူး၊ ပြည်သူ့တပ်မတော် မရှိတော့ဘူးဆိုတဲ့ ဝါဒဖြန့်နေမှုနဲ့ ဆန့်ကျင်စွာဘဲ ၁၉၇၅ ခုနှစ် မေလ ၁၆ ရက်နေ့မှာ “တပါတီလုံးသွေးစည်းညီညွတ်ပြီး တည်တည်ငြိမ်ငြိမ် ကြံ့ကြံ့ခိုင်ခိုင် နောက်ဆုံးအောင်ပွဲ ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်ကြ” ဆိုတဲ့ ဥက္ကဋ္ဌသခင်ဗသိန်းတင်ရဲ့ မိန့်ခွန်းနဲ့ အတူ ၇၅ ဗဟိုကော် မတီ အမည်စာရင်း၊ နိုင်ငံရေးဦးဆောင်အဖွဲ့အမည်စာရင်းနဲ့ ဗဟိုစစ်ကော်မရှင်အမည်စာရင်း ထုတ်ပြန်ခဲ့ ပါတယ်။ ဒီမိန့်ခွန်းဟာ ပဲခူးရိုးမဗဟိုရဲ့ မှားယွင်းတဲ့စဉ်းစားတွေးခေါ်မှုများကို တည့်မတ်ပေးသလို သဘော ဆောင်ကာ ၁၉၇၅ ဗဟိုကော်မတီရဲ့ ၁၉၇၉ လမ်းစဉ်သဘောဆောင်ပြီး လက်နက်ကိုင်တော် လှန်ရေးကို အားသစ်သွန်းလောင်းပေးလိုက်သလိုဖြစ်ကာ တပြည်လုံးတိုက်ပွဲများ မြိုင်မြိုင်ဆိုင်ဆိုင် ပေါ် ထွန်းခဲ့တယ်။ ပြည်သူ့အသံမှာ တိုက်ပွဲသတင်းများ အဆက်မပြတ်ထွက်ပေါ်ခဲ့ပါတယ်။ ထင်ရှားတဲ့ တိုက်ပွဲတွေကတော့ လာရှိုးမြို့တွင်းဝင်တိုက်ခြင်း၊ မိုးကုတ်၊ မိုးမိတ်ဘက်ကို ၂ ခါတိုက်ပွဲဖော်ခဲ့ခြင်း၊ ကွန်လုံ ရက် ၄၀ တိုက်ပွဲစတဲ့ တိုက်ပွဲများ ထင်ရှားပါတယ်။ ဒီကာလမှာ အခြေခံဒေသများအဖြစ် ရခိုင်၊ တနင်္သာရီ၊ ၁၀၈ စစ်ဒေသ၊ ၈၁၅ စစ်ဒေသ၊ ၁၀၁ စစ်ဒေသ၊ ၂၀၂ စစ်ဒေသစသဖြင့် တည်ရှိခဲ့ပါတယ်။ အရှေ့မြောက်စစ်ဒေသမှာ ၁၉၆၈ ခုနှစ် ၁၉၇၈ ခုနှစ်စက်တင်ဘာလကုန်အထိ တိုက်ပွဲအကြိမ်ပေါင်း ၄,၁၀၀၊ ရန်သူသေ ၇,၉၆၁ ယောက်၊ ဒဏ်ရာ ၁၂,၆၁၂ ယောက်၊ သုံ့ပန်းမိ ၁,၇၁၅ ယောက်၊ ကူးပြောင်းလာသူ ၂၁ဝ ယောက်၊ ဖမ်းမိသူလျှို ၁၁၆ ယောက်။ ချေမှုန်းခဲ့တဲ့ ရန်သူ စုစုပေါင်း ၂၂,၆၁၄ ယောက်။ သိမ်းဆီးရမိတဲ့ ရန်သူ့လက်နက်များမှာ လက်နက်ကြီး ၁၃၄ လက်၊ လက်နက်ငယ် ၆,၃၀၄ လက်၊ အမြောက်မော်တာဆန် ၈,၁၆၇၊ ကျည်မျိုးစုံ ၁,၆၆၉,၈၇၇၊ ကြေးနန်းစက် ၇၃ လုံး၊ စကားပြော ကြေးနန်းစက် ၃၇ လုံး၊ မြင်းအား ၅၄၀ ကောင်၊ ရုပ်ဝတ္ထု ပစ္စည်းတန်ဖိုး ကျပ် ၃ သန်းကျော်၊ ဖျက်ဆီးလိုက်တဲ့ ရေယာဉ် ၈ စင်း၊ ဖျက်ဆီးလိုက်တဲ့စစ်ကား ၁၅၅ စီး၊ ဖျက်ဆီးလိုက်တဲ့ တံတား ၁၀၁ ခု၊ လေယာဉ်ပျံ ၄ စင်း ပစ်ချနိုင်ခဲ့တယ်။

၁၉၇၉ ဗဟိုကော်မတီအစည်းအဝေးက ၇၅ ဗဟိုကော်မတီရဲ့ လမ်းစဉ်တစုံလုံး ချမှတ်ခဲ့တယ်။ ၎င်း ၇၉ လမ်းစဉ်မှာ တိုက်ပွဲသဏ္ဌာန်နဲ့ ပတ်သက်ပြီး လက်နက်ကိုင်တိုက်ပွဲကို အဓိကတိုက်ပွဲသဏ္ဌာန်အဖြစ် ထားပြီး အခြားတိုက်ပွဲသဏ္ဌာန်အမျိုးမျိုးနဲ့ ပေါင်းစပ်ပေးရေးဆိုတဲ့ နည်းပရိယာယ်လမ်းစဉ်ကို ချမှတ် လိုက်တာနဲ့ တပါတည်း လက်နက်ကိုင်တိုက်ပွဲသဏ္ဌာန်ဟာ အဓိကတိုက်ပွဲသဏ္ဌာန်ဖြစ်လာပြီး လက် နက်ကိုင်တပ်မှာ အဓိက စည်းရုံးရေးသဏ္ဌာန်ဖြစ်တယ်။ တချိန်တည်းမှာ စစ်ရေးကို ဗဟိုပြုရေးကိုလည်း ပြဋ္ဌာန်းခဲ့တယ်။ အဲဒီအချိန်က အရှေ့မြောက်ပိုင်းတော်လှန်ရေးဒေသကြီးတခုလုံးဟာ ဗမာပြည်တပြည် လုံးရဲ့ ၁၀ ရာခိုင်နှုန်းနီးပါး။ လူဦးရေအားဖြင့် ၅ သိန်းမှ ၆သိန်း တပြည်လုံး လူဦးရေရဲ့ ၂ % မှ ၃% နီးပါးရှိပါတယ်။ လူမျိုးအားဖြင့် ဝ၊ တရုတ်၊ ရှမ်း၊ လားဟူ၊ ဂျင်းဖော၊ ပလောင်၊ လီရှော၊ ကုလား၊ မြောင်၊ မြန်း၊ ပင်၊ ကျွမ့်၊ အခါ၊ ယင်းနက်၊ ဓနု၊ ကရင်၊ ဗမာ၊ အခါ၊ ပအို့၊ ပန်းသေးစသဖြင့် လူမျိုးပေါင်းစုံ နေထိုင် တဲ့ဒေသကြီးဖြစ်ပါတယ်။ အဲဒီကာလမှာ ပါတီရဲ့အင်အားများမှာ ဌာနခွဲ ၂ ခု၊ စစ်ဒေသ ၅ ခု၊ တပ်မ ၂ ခု၊ (၁၀၁ စစ်ဒေသ၊ အရှေ့မြောက်စစ်ဒေသ၊ ၈၁၅ စစ်ဒေသ၊ တနင်္သာရီ၊ ရခိုင်၊ တပ်မ ၄၈၊ တပ်မ ၆၈) စုစု ပေါင်းအင်အားမှာ ၃၀,၀၀၀ ကျော်၊ ပြည်သူ့စစ် ၆,၀၀၀ နီးပါး ရှိပါတယ်။

၁၉၇၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ နယ်စပ်ဒေသ ရန်သူ့ထိုးစစ်မှာ ပထမဆုံးအကြိမ် အတိုင်းအတာ အကြီးဆုံးအဖြစ် စစ်အစိုးရ ကာကွယ်ရေးဦးစီးဌာနချုပ်က ဦးစီးတဲ့ “မင်းရန်အောင်ထိုးစစ်” ကို တပ်ရင်း ၂၅ ရင်းသုံးပြီး ထိုးခဲ့တယ်။ ပြည်တွင်းစစ် အနှစ် ၃ဝ အတွင်း အကြီးဆုံး ထိုးစစ်ပါပဲ။ ဒီ နိုဝင်ဘာ ၁၉ ရက် မှ ၈၀ ခုနှစ် ကုန်အထိ တိုက်ပွဲအကြိမ်ပေါင်း ၉၀၄ ကြိမ် တိုက်ခဲ့တယ်။ ရန်သူ ၂၀၈၅ ယောက်သေ၊ ၃၅၃၇ ယောက် ဒဏ်ရာရတယ်။ သုံ့ပန်း ၃၂၀ မိတယ်။ ၃ ယောက်ကူးပြောင်းလာတယ်။ ဒါကြောင့် ရန်သူ ၅၉၄၅ ယောက် ချေမှုန်းနိုင်ခဲ့တယ်။ တိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၁၄၈၅ လက်နဲ့ စစ်သုံးပစ္စည်းမျိုးစုံ သိမ်း ဆည်းရမိတယ်။ ဒီတိုက်ပွဲများအတွင်း စစ်ကား ၇၅ စီးနဲ့၊ တံတား ၂၉ ခုကို ဖျက်ဆီးနိုင်ခဲ့တယ်။

၁၉၈၀ ခုနှစ်မှာ ပါတီနဲ့ စစ်အစိုးရ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ သဘောတူခဲ့တယ်။ ပါတီက ခုလို တင်ပြတယ်။ (က) ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထောက်ရှုပြီး ပြည်တွင်းစစ်ကို ရပ်စဲကာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် (ခ) နှစ်ဖက်ဆွေးနွေးရန်အတွက် ပါတီက အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တခု လွှတ်ပေးရန် (ဂ) အေးအေးဆေးဆေးနဲ့ အချိန်ယူစေ့စပ် ညှိနှိုင်းရန်အတွက် စေ့စပ်ဆွေးနွေး သည့်ကာလအတွင်း အပစ်အခတ်ရပ်စဲထားရန် (ဃ) ပါတီ၏ ပြည်သူ့တပ်မတော်ကို ဗမာ့တပ်မတော်ရဲ့ သီးခြားတပ်ဖွဲ့အဖြစ်ထားပြီး စစ်တပ်များကို အုပ်ချုပ်ကွပ်ကဲသည့်အဖွဲ့တွင် ပါတီမှ တယောက်ပါဝင်ရန်။ စစ်အစိုးရအနေနဲ့ ပါတီတင်ပြတဲ့ အချက် (က)နဲ့(ခ) ကိုသာ လက်ခံပြီး ပြန်အချက်များကို လက်မခံခဲ့။ ၈၁ ခုနှစ်မှာ ပါတီက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တဖွဲ့စေလွှတ်ပြီး လာရှိုးမြို့မှာ ဆွေးနွေးကြရာ ပါတီ က တင်ပြဖို့ရှိတဲ့အချက်များ အကုန်အစင်မပြောရသေးမီ စစ်အစိုးရက ဆွေးနွေးပွဲကို ဖျက်သိမ်းပစ်လိုက် တယ်။ ၆၃ ခုနှစ်နဲ့ ၈၀ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ၂ ခုလုံးမှာ “လက်နက်မအပ်ရ၊ ပါတီမဖျက်သိမ်းရ” ဆိုတဲ့မူများကို ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်ခဲ့တယ်။ တချိန်တည်းမှာ ရန်သူနဲ့ ဆွေးနွေးရာမှာ မူကျတဲ့ပြဿနာ များကို အလျှော့မပေးဘဲ နည်းပရိယာယ်မှာ ပျော့ပျောင်းဖို့လိုသလို တချိန်တည်းမှာ ပါတီနဲ့ တပ်အင် အားကြီးထွားဖို့လိုတယ်ဆိုတာကို ပိုသတိထားဖို့လိုပါတယ်။ အဲဒီနောက်မှာ “စေ့စပ်ဆွေးနွေးပွဲကို စစ်အ စိုးရက တဖက်သတ် ဖျက်ဆီးပစ်လိုက်ခြင်းနဲ့ ပတ်သက်၍ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ တိုင်းပြည်သို့ ထုတ်ပြန်ကြေညာချက်” နဲ့ “ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် နှစ်ဖက် ဆွေးနွေးတာနဲ့ ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ သခင် ဗသိန်းတင်ရဲ့ ပြည်သူလူထုထံသို့ တင်ပြချက်” စာတမ်း ၂ စောင်ကို ပြည်သူ့အသံမှ ထုတ်လွှင့်ခဲ့သလို စာစောင်လည်း ထုတ်ဝေခဲ့ပါတယ်။ ဗဟိုရဲ့ တင်ပြချက်မှာ “ပါတီစုံစနစ်” နဲ့ အတူ “ပြည်တွင်းစစ်ရပ်စဲ ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအလံ၊ ပြည်သူတို့ရဲ့ ဒီမိုကရေစီရေးအလံ၊ အမျိုးသားသွေးစည်း ညီညွတ်ရေး အလံ” ဆိုတဲ့ အလံ ၃ လက် တင်ပြခဲ့တယ်။ ပါတီစုံစနစ်နဲ့ ပတ်သက်ရင်လည်း ဥက္ကဋ္ဌရဲ့ တိုင်းပြည်သို့ တင်ပြချက်မှာ- “ကျွန်တော်တို့ တပြည်လုံး အာဏာသိမ်းပိုက်ပြီးရင် ကျွန်တော်တို့ဟာ ပစ္စည်းမဲ့အာဏာ ရှင်စနစ်ကို ဧကန်မုချ ထူထောင်ရပါလိမ့်မယ်။ ဒီပစ္စည်းမဲ့အာဏာရှင်စနစ်ဆိုတာဟာ တပါတီအာဏာ ရှင်စနစ်နဲ့ မတူပါဘူး။ တခြားစီပါ။ တပြည်လုံးအာဏာသိမ်းပြီးတဲ့နောက် ကျွန်တော်တို့ ဗမာပြည်ကွန် မြူနစ်ပါတီဟာ ဆိုရှယ်လစ်တော်လှန်ရေးနဲ့ ဆိုရှယ်လစ်ထူထောင်ရေးကို လိုလားထောက်ခံတဲ့ လူတန်း စားအသီးသီးနဲ့ ဒီမိုကရေစီပုဂ္ဂိုလ်များကို သူတို့ပါတီတွေ ဖွဲ့စည်းခွင့် ပေးရပါလိမ့်မယ်။ ဆိုလိုတာက ဗမာပြည်ကွန်မြူနစ်ပါတီဟာလည်း ဒီပါတီပေါင်းစုံနဲ့လက်တွဲပြီး ကျယ်ပြန့်တဲ့တပ်ပေါင်းစုဖွဲ့ကာ ဆိုရှယ် လစ်တော်လှန်ရေး ဆိုရှယ်လစ်တည်ဆောက်ရေးကို အောင်မြင်အောင်ဆောင်ရွက်သွားရပါလိမ့်မယ်”လို့ ရှင်းပြခဲ့ပါတယ်။

၈၀ – ၈၁ ခုနှစ်မှာ အဲဒီလို ရန်သူနဲ့စေ့စပ်ဆွေးနွေးပွဲများရှိနေပေမယ့် ၈၀ ခုနှစ်က ရရှိခဲ့တဲ့ စစ်ရေး အောင်ပွဲအရှိန်ကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။ ၈၁ ခုနှစ်အခြေအနေကို ကြည့်လိုက်ရင် ၈၁ ခုနှစ် အတွင်းမှာလည်း တိုက်ပွဲ ၈၃၅ ကြိမ်တိုက်နိုင်ခဲ့ပြီး ရန်သူ ၁၈၀၂ ယောက်သေ၊ ၆၄၈ ယောက်ဒဏ်ရာ ရကာ၊ ၉၇ ယောက်သုံ့ပန်းမိတယ်။ ၁၁ ယောက် ကူးပြောင်းလာတယ်။ သူလျှို ၇ ယောက်မိတယ်။ ဒါကြောင့် ၈၁ ခုနှစ်တနှစ်လုံး ရန်သူ ၃၅၇၅ ယောက်ချေမှုန်းနိုင်ပြီး တိုက်ပွဲများအတွင်း ရန်သူ့ထံမှ လက် နက်မျိုးစုံ ၅၇၅ လက်နဲ့ အခြားစစ်သုံးပစ္စည်းမျိုးစုံ သိမ်းဆည်းရမိတယ်။ ဒါ့အပြင် ရန်သူ့စစ်ကား ၂၅ စီးနဲ့ တံတား ၃ ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်။ မင်းရန်အောင် ထိုးစစ်ပြီးနောက် ရန်သူဟာ ဒေသအလိုက် ထိုးစစ်များကိုပဲ လုပ်လာခဲ့တယ်။ ၈၃ ခုနှစ်ရောက်တော့ ဒေသအသီးသီးမှာ စစ်ရေးတိုက်ပွဲတွေ သွက် လက်လာခဲ့တယ်။ ၈၃ ခုနှစ် တိုက်ပွဲအခြေအနေကို ချုပ်ကြည့်ရင် ကျွန်တော်တို့ ပြည်သူ့တပ်မတော်က တိုက်ပွဲအကြိမ်ပေါင်း ၉၅၉ ကြိမ် တိုက်ခဲ့တယ်။ ဒီတိုက်ပွဲများအတွင်း ရန်သူ ၁၆၃၂ ယောက်သေ၊ ၁၉၂၅ ယောက်ဒဏ်ရာရကာ သုံ့ပန်းအဖြစ် ၇၁ ယောက်မိပြီး၊ သူလျှို ၁၈ ယောက်ဖမ်းမိလို့ စုစုပေါင်းရန်သူ ၃၆၄၆ ယောက်ချေမှုန်းနိုင်ခဲ့တယ်။ တိုက်ပွဲများအတွင်း လက်နက်မျိုးစုံ ၃၄၃ လက်နဲ့ အခြားစစ်သုံး ပစ္စည်းမျိုးစုံလည်း သိမ်းပိုက်ရရှိတယ်။ ရန်သူ့စစ်ကား ၁၃ စီးနဲ့ တံတား ၉ ခုကို ဖျက်ဆီးနိုင်ခဲ့တယ်။

၁၉၈၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့မှ အောက်တိုဘာ ၂ ရက်နေ့ အထိ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် ပြည်လုံးဆိုင်ရာ ပါတီကွန်ဂရက်ကို ပါတီဗဟိုဌာနချုပ်ရှိရာ ပန်ဆန်းမှာ ၂၄ ရက်ကြာ ကျင်းပါခဲ့တယ်။ ကွန်ဂရက်မှ တတိယအကြိမ် ကွန်ဂရက်ဗဟိုကော်မတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဦး ဆောင်အဖွဲ့၊ ဗဟိုစစ်ကော်မရှင်တို့ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၇၉ ပါတီဗဟိုရဲ့ လမ်းစဉ်များကို ထပ်မံအတည်ပြုကာ တော်လှန်ရေး အခြေအနေကို ခုလို မှန်ကန်စွာ အကဲဖြတ် တင်ပြခဲ့တယ်။ “လက်ရှိ ကာလဟာ ပေါ်ပေါက်ခဲ့ပြီးဖြစ်တဲ့ ‘၄၈-၄၉ တော်လှန်ရေး ဒီရေမြင့်’ နဲ့ အနာဂတ်ကာလတွင် မုချပေါ် ပေါက်လာမဲ့ တော်လှန်ရေးဒီရေမြင့်တို့အကြားမှာ ရောက်ရှိနေတဲ့ ကာလဖြစ်တယ်။ ဒီကာလတလျှောက် လုံးမှာ လက်နက်ကိုင် တိုက်ပွဲဟာ ရပ်နားခြင်း မရှိခဲ့ပါဘူး။ အနာဂတ်ကာလမှာ ဖြစ်ပေါ်လာမဲ့ တော်လှန် ရေးဒီရေမြင့်ဟာ ဘယ်နေ့ဘယ်ရက် ဘယ်နည်းဘယ်ပုံ ပေါ်လာမယ်ဆိုတာကို တထစ်ချ မပြောနိုင် သော်လဲဘဲ ဧကန်မုချဖြစ်ပေါ်လာမယ်ဆိုတာကိုတော့ ပြောနိုင်ပါတယ်။ အကြောင်းကတော့ ရန်သူကြီး ၃ ဦးကို ကိုယ်စားပြုနေတဲ့ မဆလ တပါတီအာဏာရှင်စနစ် ကျင့်သုံးနေတဲ့ စစ်အစိုးရက တဖက်၊ ဧရာမ အများစုကြီးဖြစ်တဲ့ လူမျိုးပေါင်းစုံပြည်သူလူထုကြီးက တဖက် ဖြစ်နေတဲ့ အဓိကပဋိပက္ခအပါအဝင် ပဋိ ပက္ခပေါင်းစုံဟာ တည်ရှိမြဲတည်ရှိနေပြီး မျက်မှောက်အချိန်အခါမှာ ပိုမိုနက်ရှိုင်းပြင်းထန်လာနေလို့ ဖြစ် တယ်” လို့ ပါတီက ညွှန်ပြခဲ့တယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ တတိယကွန်ဂရက်အပြီးမှာ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုရဲ့ လူမျိုးစုတော် လှန်ရေးလက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့ပါတဲ့ ဗဟိုကိုယ်စားလှယ်အဖွဲ့ဟာ ပါတီဗဟိုဌာနချုပ်ပန်ဆန်းသို့ ၁၉၈၆ ခုနှစ် မတ်လအတွင်း ရောက်ရှိလာပြီး၊ ၎င်းကိုယ်စားလှယ်အဖွဲ့နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကိုယ်စား လှယ်အဖွဲ့တို့ ဆွေးနွေးညှိနှိုင်းကာ အောက်ပါထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့ပါတယ်။ (၁) အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု ဗဟိုကိုယ်စားလှယ်အဖွဲ့နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကိုယ် စားလှယ်အဖွဲ့ တို့၏ တိုင်းပြည်သို့တင်ပြချက် (၂) လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား လိုက်နာသင့် သည့် လမ်းညွှန်သဘောထားဆိုင်ရာ ဗဟိုကိုယ်စားလှယ်အဖွဲ့တို့၏ သဘောတူညီချက် (၃) အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု ဗဟိုကိုယ်စားလှယ်အဖွဲ့နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကိုယ်စားလှယ်အဖွဲ့၏ စစ်ရေးဆိုင်ရာသဘောတူညီချက်- ဆိုတဲ့ ကြေညာချက် ၃ ရပ်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လက်တွေ့လည်း ၁၉၈၈ ခုနှစ် သြဂုတ်လမှာ “ရှစ်လေးလုံး အရေးတော်ပုံကြီး” ပေါ် ပေါက်ခဲ့တယ်။ ဒီ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ကျွန်တော်တို့တင်ပြခဲ့တဲ့ “ပါတီစုံစနစ်”နဲ့ “အလံ ၃ လက်”ဟာ လူထု ကြီးရဲ့ တောင်းဆိုချက်ဖြစ်လာပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ လူထုတိုက်ပွဲများကို လက်နက်ကိုင် တိုက်ပွဲနဲ့ ပေါင်းစပ်နိုင်ဖို့ “၈ ၄လုံးတပ်မဟာ” ဖွဲ့ခဲ့ပေမယ့် လှုပ်ရှားပြင်ဆင်နေဆဲမှာပဲ နယ်စပ်အခြေခံ ဒေသများမှ လူမျိုးစုများက ပါတီကို ပုန်ကန်တဲ့အရေးအခင်းဖြစ်လာတယ်။ ပါတီဟာ အရှေ့မြောက်နယ် စပ်အခြေခံဒေသမှ ထွက်ခွာလာခဲ့ရတယ်။ ပါတီက ဗမာပြည်ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးမှာ လက် နက်ကိုင်တိုင်ပွဲဟာ အဓိကတိုက်ပွဲသဏ္ဌာန်ဖြစ်ပြီး အခြားတိုက်ပွဲသဏ္ဌာန်မျိုးစုံနဲ့ ပေါင်းစပ်တိုက်ပွဲဝင်ရေး ဆုံးဖြတ်ပြဋ္ဌာန်းခဲ့တဲ့ပါတီဖြစ်တဲ့အလျောက် လက်နက်ကိုင်အင်အားဖြင့် ပြည်တွင်းအခြေခံဒေသ ဖော် ထုတ်နိုင်ရေးအတွက် ရှိတဲ့ အင်အားများဖြင့် အမှတ် ၉ ပြည်သူ့တပ်မတော်နဲ့ အမှတ် ၈ ပြည်ချစ်ဒီမိုက ရေစီတပ်မတော်တို့ကို ဖွဲ့စည်းကြိုးပမ်းခဲ့တယ်။ ဒါပေမဲ့ ရည်မှန်းချက်မထမြောက်ခဲ့ဘဲ ပါတီဟာ မြေအောက်ပါတီအဖြစ် ရပ်တည်ရေး ဆုံးဖြတ်ချက်ချခဲ့ရ တယ်။ အဲဒီလိုမြေအောက်ပါတီအဖြစ် မဆုံးဖြတ်သေးခင်မှာ နယ်စပ်ပုန်ကန်ခွဲထွက်သွားတဲ့အင်အား များကို ရန်သူအဖြစ် မသတ်မှတ်ကြောင်း မဟာမိတ်များအဖြစ်ခံယူကြောင်း ဗဟိုတပ်ပေါင်းစုဌာနက ကြေညာခဲ့ပါတယ်။

(၈)

ဒီလိုနဲ့ ဗမာပြည်နိုင်ငံရေးမှာ သက်တမ်းအရင့်ဆုံးနဲ့ အရေးပါဆုံး ပါတီကြီးဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါ တီဟာ မိမိရဲ့ ရွှေရတုကာလနဲ့ လက်နက်ကိုင်တော်လှန်ရေး အနှစ် ၄၀ ကျော်ကာလအတွင်းမှာ မမျှော် လင့်ဘဲ မြေအောက်ပါတီအဖြစ်သို့ ပြန်လည်ကူးပြောင်းခဲ့ရပြန်တယ်။ ဒီကာလအတွင်းမှာပဲ ပါတီဟာ မိမိအင်အားများကို စုစည်းကာ ပြည်လုံးဆိုင်ရာ အထူးကွန်ဖရင့်တရပ်ကို ကျင်းပကာ ပါတီရဲ့ ပထမမျိုး ဆက်နဲ့ ဒုတိယမျိုးဆက်များက ပါတီနဲ့တော်လှန်ရေးတာဝန်များကို တတိယမျိုးဆက်သို့ ချောမော အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ခဲ့ပြီး တတိယမျိုးဆက်များရဲ့ ဗဟိုစည်းရုံးရေးကော်မတီရဲ့ကြေညာချက် ကို ၁၉၉၃ ခုနှစ် မတ်လ ၂၈ ရက်၊ လက်နက်ကိုင်တော်လှန်ရေး ၄၅ နှစ်မှာ ထုတ်ပြန်ခဲ့တယ်။ “ပြည်သူလူ ထုဘက်မှ ကြည့်လျှင်မူ စစ်တပ်ရဲ့ ခေါင်းမာနေမှုကို ဖော်ပြနေသည့် စစ်တပ်၏ ခေါင်းဆောင်မှုအခန်း သော့ချက်မှာ မည်သည့်နည်းနှင့်မျှ အလျှော့အတင်းမလုပ်လို၊ မစေ့စပ်လိုသောအချက်ဖြစ်သည်။ နိုင်ငံရေးအင်အားစုတရပ်အနေဖြင့် မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ဤအချက်ကို သဏ္ဌာန်တခုခုဖြင့် လက်ခံလိုက်ပါက ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်သလိုဖြစ်သွားမည်မှာ သေချာနေပေသည်။ တကယ် က ယနေ့ ကျွန်တော်တို့ အမိနိုင်ငံအတွက် လိုအပ်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ စစ်အုပ်စု၏ စွက်ဖက်ခြယ်လှယ်မှုမှ ကင်းရှင်းသည့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး ကို အာမခံသည့် ပြည်သူလူထုတရပ်လုံး၏ ဆန္ဒကိုကိုယ်စားပြုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ပင် ဖြစ်ပါသည်။ ဤအတွက် စစ်အုပ်စု၏ လက်ညှိုးထိုးညွှန်ကြားချက်အတိုင်း လုပ်၍မဖြစ်သင့်သလို၊ အခြား နိုင်ငံမှ ပုံသေကူးချခြင်းမျိုးလည်း မဖြစ်သင့်ပါ။ ဗမာပြည်၏ အခိုင်အမာအခြေအနေနှင့် လိုက်လျောညီ ထွေစွာ ဖြစ်ရပါမည်။ ဤသည်နှင့်ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီသည် ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်း ပြုစုခဲ့တင်ပြခဲ့ပြီး အမျိုးသားရေးနှင့် ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာဆိုင်ရာများ ကို ပြုစုထားသော စိတ်ဓာတ်ကို ကိုင်စွဲရမည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီက ယူဆပါသည်။ ” ဟုတင်ပြခဲ့ပါတယ်။

၁၉၉၄ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်၊ ဗမာပြည်ကွန်မြူနစ်ပါတီ ၅၅ နှစ်မြောက်နေ့မှာ “ပြည်တွင်းငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေးမှ တတိုင်းပြည်လုံး ဖွံ့ဖြိုးရေးသို့ ” ခေါင်းစီးနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံး ရေးကော်မတီ အထွေထွေအတွင်းရေးမှူး (ယာယီ) ရဲ့ နိုင်ငံရေးအစီရင်ခံစာ ထွက်ပေါ်လာပြီး အခြေအ နေအရ ခွင့်ပြုတဲ့နေရာများမှာ အစီရင်ခံစာကို စုပေါင်းဆွေးနွေးခဲ့ကြတယ်။ အထူးသဖြင့် အစီရင်ခံစာမှာ ၈ လေးလုံး လူထုအရေးတော်ပုံကြီးနဲ့ ပတ်သက်ပြီး “၁၉၈၈ လူထုအုံကြွမှုကြီး သို့မဟုတ် ဒီမိုကရေစီ အရေးတော်ပုံ” “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာထုတ်ယူ ရေး” ဆိုတဲ့ ခေါင်းစည်းများခွဲကာ တင်ပြခဲ့တယ်။ “ဒီအရေးတော်ပုံကြီး ပေါက်ကွဲလာစေဖို့ ကျွန်တော်တို့ ပါတီဟာ အစောကြီးကတည်းက လုံးပန်းအားထုတ်ခဲ့ပါတယ်။ ပါတီရဲ့ သားကောင်းသမီးကောင်း အမြောက်အမြားကို ပေးလှူခဲ့ရပါတယ်။ အရေးတော်ပုံရဲ့ အစအလယ်အဆုံး တိုက်ပွဲစဉ်များမှာလည်း စွန့်လွှတ်စွန့်စားပြီးပါဝင်ခဲ့ပါတယ်” လို့ စစ်အစိုးရဆန့်ကျင်ရေး လူထုလှုပ်ရှားမှု၊ ဒီမိုကရေစီအရေးတော် ပုံအတွင်း မိမိပါဝင်ခဲ့မှုကို အတိအလင်းတင်ပြခဲ့ပါတယ်။

၈ လေးလုံ အရေးတော်ပုံပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီဟာ မြေအောက်ပါတီအဖြစ်ပြောင်းလဲလိုက် ရပြီဖြစ်လို့ မိမိရဲ့ ၁၉၇၉ လမ်းစဉ်များဖြစ်တဲ့ အထွေထွေလုပ်ငန်းစဉ်နဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေ တို့ကို မိမိတို့ရဲအခြေအနေနဲ့ ကိုက်ညီအောင် ပြင်ဆင်မွမ်းမံခဲ့တယ်။ အထူးသဖြင့် အထွေလုပ်ငန်းစဉ်မှာ ပြင်ဆင်မွမ်းမံမှုဟာ အရေးပါပါတယ်။ “ဗမာပြည် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးသည် အခြေခံလက္ခ ဏာအရဆိုသော် နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်မြေရှင်ဆန့်ကျင်ရေးနှင့် ဗျူရိုကရက် အရင်းရှင်ဆန့် ကျင်ရေး ဖြစ်သည်။ ဤရန်သူကြီး ၃ ဦး၏ မျက်မှောက်ကိုယ်စားလှယ်သည် (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား) ဖြစ်သည်။ ဤ ‘စစ် ၃ စစ်’ ကို ဗမာပြည်ကွန်မြူနစ်ပါတီက ပြတ်ပြတ်သားသား တိုက် ပွဲဝင်မည်။ စည်းလုံးနိုင်သမျှအင်အား အားလုံးနှင့်လက်တွဲကာ တိုက်ပွဲဝင်မည်။ တိုက်ပွဲကို ရှေ့ဆောင် နိုင်မည့် ‘အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုကြီးတရပ်’ ပေါ်ပေါက်အောင် အားထုတ်မည်” လက်တွေ့ အလုပ် လမ်းညွှန်ကို တင်ပြခဲ့တယ်။ ဒါ့အပြင် ကျွန်တော်တို့တိုင်းပြည်ရဲ့ လက်တွေ့အရ အခုလို ညွှန်ပြ ထားသေးတယ်။ “ပဋိပက္ခများ သည်းသန်ပြင်ထန်လာသည့် အခါတိုင်းတွင် အာဏာရလူတန်းစားသည် ပြည်သူလူထုကို အကြမ်းဖက် နှိမ်နင်းလေ့ရှိသည်။ သူတို့သည် ရာစုနှစ်တဝက်ခန့်မျှ ဤအတိုင်းကျင့်သုံး ခဲ့သည်။ အဖိနှိပ်ခံလူတန်းစားများသည် မိမိကိုယ်ကိုယ် ကာကွယ်ရန်နှင့် ဖောက်ပြန်ရေးအစိုးရကို ဖြိုဖျက်ရန်အတွက် လက်နက်ကိုင်တိုက်ပွဲနည်းပရိယာယ်ကို ကျင့်သုံးခဲ့ကြသည်။ ကျွန်တော်တို့ တိုင်း ပြည်၏ သမိုင်းအတွေ့အကြုံအရ ‘လက်နက်ကိုင်တိုက်ပွဲ’ ကို ‘ရွေးချယ်စရာ ရွေးလမ်း’ တခုအဖြစ် အမြဲ တမ်းထားရှိရပေမည်” လို့ညွှန်ပြခဲ့ပါတယ်။

လက်ရှိ စစ်အုပ်စုရဲ့ ထိပ်သီး ဗိုလ်မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲမတိုင်ခင်က ရွေးကောက်ပွဲကို အမျိုးမျိုး ခြိမ်းခြောက်ခဲ့ပေမယ့် သူတို့လုပ်စရာရှိတာတွေလုပ်ပြီး သူတို့စစ်တပ်ရဲ့ ကိုယ်ပွား ကြံ့ဖွံ့ပါတီ အနိုင်ရလိမ့်မယ်။ သူသမ္မ တဖြစ်လိမ့်မယ်လို့ ယုံကြည်နေလို့ ရွေးကောက်ပွဲမဲပေးစဉ် မီဒီယာများကို ရွေး ကောက်ပွဲရလဒ်အတိုင်း လိုက်နာရမှာပဲ။ ဒါပြည်သူလူထုက ဆုံးဖြတ်တာပဲလို့ ပြောခဲ့ပေမယ့် တကယ့် ရွေးကောက်ပွဲရလဒ်က ဘယ်လိုမှ သူသမ္မတမဖြစ်နိုင်ဘူး၊ စစ်အုပ်စုအတွက် အကျိုးမရှိနိုင်တော့ဘူးဆို တာ သိလိုက်တာနဲ့ ရွေးကောက်ပွဲကို အကြောင်းအမျိုးမျိုးပြ အာဏာသိမ်းတော့တယ်။ ဒီအခါ ပြည်သူ လူထုက အိမ်ထဲကနေ ငြိမ်းချမ်းစွာဆန္ဒပြနည်းကနေ တဆင့်ပြီးတဆင့်လမ်းပေါ်ထွက်လာရာက၊ စစ်အုပ်စုက လမ်းပေါ်ထွက်လာတဲ့ ပြည်သူလူထုကို လက်နက်နဲ့စတင်နှိပ်ကွပ်လာတော့၊ ပါတီရဲ့မြေ အောက်အင်အားများဟာ မြေအောက်ပါတီဘဝမှ လက်နက်ကိုင်တော်လှန်ရေးကို တက်လှမ်းနိုင်ဖို့ ပါတီခေါင်းဆောင်တဲ့ “ပြည်သူ့လွတ်မြောက်ရေးတပ်မတော်” ကို စနစ်တကျပြင်ဆင် ဖွဲ့စည်းကြတယ်။ ဒါဟာ အထွေထွေလမ်းစဉ်ရဲ့ ညွှန်ပြချက် အတွေးအခေါ် နဲ့လည်း ကိုက်ညီပြီး၊ ၁၉၉၄ ခုနှစ် မတ်လ ၂၈ ရက်၊ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ၄၅ နှစ်မြောက် လက်နက်ကိုင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဗမာပြည်ကွန် မြူနစ်ပါတီ၊ ဗဟိုစည်းရုံးရေးကော်မတီရဲ့ ပြည်သူလူထုသို့ တင်ပြချက်မှ “အုပ်စိုးသူများက လက်နက်သုံး ပြီး ဖိနှိပ်လာပါက အဖိနှိပ်ခံပြည်သူများအနေဖြင့် လက်နက်ကိုင်ကာ ပြန်လည်ခုခံခြင်းမှာ တရားမျှတ၍ မှန်ကန်သည်ဟု စွဲမြဲစွာ ယုံကြည်သည်” ဆိုတဲ့ တင်ပြ ပညာပေးမှုနဲ့ လည်း ကိုက်ညီပါတယ်။

ပါတီ ခေါင်းဆောင်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး အတွက် ၂၀၂၁ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးမှ ပြည်သူ့ကာကွယ်ရး အင်အားစုများ၊ တိုင်းရင်း သားလူမျိုး တော်လှန်ရေး အင်အားစုများနဲ့အတူ စစ် ၃ စစ်ကို တိုက်ပွဲဝင်နေပါပြီ။

ကျွန်တော်တို့ပါတီသည် ပါတီ၏ နိုင်ငံရေးအဆင့်နေရာသက်သက်အတွက် သက်စွန့်ကြိုးပမ်းတိုက်ခိုက် နေခြင်းမဟုတ်။ ကျွန်တော်တို့ချစ်မြတ်နိုးသော တိုင်းပြည်ကို အရှေ့တောင်အာရှလူမမာကြီးအဖြစ်မှ ကယ်တင်ကာ ထိုက်ထိုက်တန်တန်ရှိသင့်သော ပြည်သူတို့အေးချမ်းသာယာဝပြောသော အဆင့်နေရာ သို့ရောက်အောင် တိုက်နေခြင်းဖြစ်သည်။

စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား(စစ် ၃ စစ်)ဆိုတဲ့ စစ်အာဏာရှင်စနစ် ရှိနေသမျှ ကျွန်တော်တို့တိုင်းပြည် ပို၍ပို၍ ကျဆင်း မည်။ ထို့ကြောင့်(စစ် ၃ စစ်) ကို ဦးတည်တိုက်နေခြင်းဖြစ်သည်။

ချီတက်ရာလမ်းတွင် အခက်အခဲ၊ အကွေ့အကောက်များ မည်မျှပင်ရှိပါစေ ကြုံတွေ့နေရသော အကျပ် အတည်း သည်လည်း မည်မျှပင် ကြီးမားပါစေ၊ ကျွန်တော်တို့သည် ဗမာပြည်လူမျိုးပေါင်းစုံ ပြည်သူများရဲ့ ရင်နှစ်သည်းချာများပီသစွာ ကမ္ဘာ့အရေးတော်ပုံရဲ့ တပ်သားကောင်းများပီသစွာ ဆက်လက်၍ ရဲရဲကြီး ချီတက်ကြကုန်အံ့။ ။

စစ် ၃ စစ် မုချကျဆုံးရမယ်။

အဖိနှိပ်ခံတိုင်းရင်းသားပေါင်းစံပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးမုချ အောင်ရမယ်။

ရဲဘော်ဗလူ