Monthly Archives: November 2020

တက္ကသိုလ်ရာပြည့် ရောက်တော့မယ် (ခင်မောင်ဝင်း)

တက္ကသိုလ်ရာပြည့် ရောက်တော့မယ်။

(ကိုယ်တွေ့ သမိုင်းဖြစ်ရပ်မှန်)

(ခင်မောင်ဝင်း)

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

ကျွန်တော်က အင်္ဂလိပ်ကိုလိုနီကျွန်ဘဝမှာ မွေးဖွားခဲ့ရသူပါ။ ဓမ္မတာအတိုင်း ကိုလိုနီပညာရေးစနစ်အောက်မှာ ကြီးပြင်းခဲ့ရတယ်။ တက္ကသိုလ်ရောက်တော့လည်း ပါလီမန်စနစ်က စစ်အာဏာရှင်စနစ်အကူးအပြောင်းကာလဆိုတော့ ငြိမ်းချမ်းစွာပညာသင်ကြားရေးကို မရရှိခဲ့ပါဘူး။ ပြေးရင်းလွှားရင်း တံတိုင်းကျော်ရင်း ကျည်ဆန်တွေကြားမှာ တက္ကသိုလ်ပညာ သင်ခဲ့ရပါတယ်။

မြန်မာ့ခေတ်သစ်သမိုင်းရဲ့ အကြီးဆုံးနိုင်ငံရေးလှုပ်ရှားမှုဟာ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ ပထမကောလိပ်သပိတ်တိုက်ပွဲ။ ဒါဟာ ကိုလိုနီခေတ် ပထမဆုံးပညာရေး တိုက်ပွဲပဲ။ ကျောင်းသားအခွင့်အရေးတိုက်ပွဲပဲ။ ပထမဆုံး အမြင့်ဆုံး အမျိုးသားရေးတိုက်ပွဲနဲ့ ပထမဆုံး ဒီမိုကရေစီရေးတိုက်ပွဲလည်း ဖြစ်ပါတယ်။

၁၉၃၀ ပြည့်နှစ်မှာ သခင်ဗသောင်းဟာ ရန်ကုန်တက္ကသိုလ်မှာ ဂန္တ​လောကမဂ္ဂဇင်း အယ်ဒီတာကထွက်ပြီး ဒို့ဗမာအစည်းအရုံး စတင်တည်ထောင်တယ်။ သခင်လေးမောင်၊ သခင်သိန်းမောင်၊ သခင်ဗစိန် စတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ တက္ကသိုလ်ထဲမှာ ဒို့ဗမာသီချင်းဆိုရင်း ဒို့ဗမာအစည်းအရုံးတည်ထောင်ခဲ့ကြတာဖြစ်တယ်။ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေခေါင်းဆောင် “လူကြီးလူကောင်းတွေ” ဒူးညွှတ်ကုန်ကြတော့ ဒို့ဗမာသခင်ကျောင်းသားတွေက လွတ်လပ်ရေးတိုက်ပွဲအလံကို ဆက်လက်သယ်ဆောင်ခဲ့ကြတယ်။ ၁၉၃၆ ခုနှစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုရာရှစ်၊ မအုန်း၊ မအမာတို့ ဒုတိယကောလိပ်သပိတ်၊ ၁၉၃၈ ခုနှစ် ဗိုလ်အောင်ကျော်တို့ရဲ့ တတိယကောလိပ်သပိတ်တို့ဟာလည်း ကျောင်းသားတွေအသက်ပေး စွမ်းဆောင်ခဲ့ကြတဲ့ လွတ်လပ်ရေးတိုက်ပွဲလည်း ဖြစ်ပါတယ်။

ကိုနု၊ ကိုအောင်ဆန်း၊ ကိုလှဖေ၊ ကိုဗဟိန်း၊ ကိုသိန်းဖေ စတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာ ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်အပြီးမှာ သခင်တွေ ဖြစ်လာခဲ့ကြတယ်။ ဒို့ဗမာအစည်းအရုံးကို သခင်အောင်ဆန်း ဆက်လက်ခေါင်းဆောင်တယ်။ ၁၉၂၀ ခုနှစ် ကတည်းက “ထီမထင်ကျောင်းတော်သားတွေရဲ့ အမည်စဉ်ခေါင်းအပေါ်ဖျားတွင်မှ မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ပေတော့” လို့ ကြွေးကြော်ပါဝင်လာခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းထံမှာ ကျောင်းသားတွေက ဆက်လက်ဦးဆောင်မှုကို ခံယူခဲ့ကြတယ်။ 

ဗမာပြည်ရဲ့ သမိုင်းမှန်ကိုရေးရင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗိုလ်နေဝင်းတို့ ဗိုလ်အောင်ကြီးတို့ မိုင်းဗုံးနဲ့ ဖြိုခွဲခဲ့တာကအစ အဖြစ်မှန်တွေ ပါဝင်ရမှာပဲ။ ဗိုလ်လက်ျာ (သခင်လှဖေ)၊ ဗိုလ်အောင်ဆန်း၊ ဗိုလ်ဇေယျ၊ (တကသ ဥက္ကဌကိုလှမောင်၊ ၁၉၄၀) ဗိုလ်ရန်နိုင် (ကိုထွန်းရှိန်၊ အတွင်းရေးမှူး၊ ) တို့ဟာ နယ်ချဲ့သမားကို လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ သမဂ္ဂအဆောက်အအုံထဲမှာ ဆွေးနွေးခဲ့ကြတယ်။ ဒါဟာ သမိုင်းပါပဲ။

ကျောင်းသားသမဂ္ဂအဆောက်အဦ ဗုံးခွဲဖျက်ပစ်တာနဲ့ပတ်သက်ပြီး ဘယ်သူဟာ တာဝန်အကြီးဆုံးဖြစ်တယ်ဆိုတာ စစ်အစိုးရလက်ထက် မဆလ၊ နဝတ၊ နအဖ စစ်အစိုးရအဆက်ဆက်ဟာ မဖြေရှင်းနိုင်ခဲ့ဘူး။ ဗိုလ်နေဝင်း အသက်ထင်ရှားရှိစဉ်ကလည်း ဝန်ခံပြောကြားခြင်း မရှိဘဲ ဘော်လီဘောပုတ်ပြီး ခေါင်းရှောင်ခဲ့တယ်။ လယ်ပြင်မှာ ဆင်ကြီးတကောင်လုံး မြင်တွေ့ပါရဲ့နဲ့ ပုရွက်ဆိတ်ပါလို့ ပြောခဲ့ပါတယ်။ ဒီသမိုင်းဆိုင်ရာ အမဲကွက်ကြီးကို မျက်မှောက်တပ်မတော်က တာဝန်ယူဖြေရှင်းရပါလိမ့်မယ်။

ဒီလို ဗိုလ်နေဝင်းတို့စစ်အုပ်စု သမဂ္ဂအဆောက်အဦနဲ့ကျောင်းသားတွေကို အစုလိုက်မောင်းပြန်သေနတ်နဲ့ပစ်တဲ့ရာဇဝတ်မှုဟာ ရှောင်တခင်မတော်တဆ မဟုတ်ပါ။ တွေးခေါ်မှုဇာစ်မြစ်၊ သမိုင်းဇာာစ်မြစ် ရှိပါတယ်။ ဖက်ဆစ်စနစ်ရဲ့ ရက်စက်အကြမ်းဖက် လူမဆန်မှု၊ လူသားချင်းစာနာမှုမရှိတဲ့ တွေးခေါ်စဉ်းစားနည်းက လာတာဖြစ်တယ်။ ဖက်ဆစ်စစ်အာဏာရှင် လူမှုရေးဇစ်မြစ်က လာတာဖြစ်တယ်။ သမိုင်းဇာစ်မြစ်ကတော့ ဖဆပလအစိုးရ ပြုတ်ကျခါနီးမှာ ဖဆဆိုရှယ်အစိုးရဟာ ဘာကြောင့်များ ကျောင်းသားသမဂ္ဂများအပေါ်မှာ အငြိုးတကြီးဖြစ်ခဲ့ရသလဲဆိုတာက အစချီရပါမယ်။ ကျောင်းသားသမဂ္ဂဟာ ကိုလိုနီစနစ်၊ ကိုလိုနီပညာရေးကို ဆန့်ကျင်ခဲ့တယ်။ လွတ်လပ်ရေးရပြီး ဒီဘက်ခေတ်မှာ ပြည်တွင်းစစ်ကို ဆန့်ကျင်ခဲ့တယ်။ ပြည်သူတွေရဲ့သားသမီးတွေဖြစ်တဲ့ ကျောင်းသားကျောင်းသူ တွေကလည်း ပြည်တွင်းစစ်ကို ဆန့်ကျင်တယ်။ ပြည်သူတွေက ပြည်တွင်းစစ်ကို ဆန့်ကျင်ကြတယ်။ တက္ကသိုလ်နယ်မြေတခုလုံး “အနုမြူဗုံး ဒို့မလိုပြီ၊ ငြိမ်းချမ်းရေးသာ ပေးသာပေးကြပါ” သမဂ္ဂရဲ့ ငြိမ်းချမ်းရေးသီချင်းသံများ တက္ကသိုလ်အဓိပတိခန်းမကြီးကို မြည်ဟည်းပဲ့တင်ထပ်နေတဲ့ ကာလဖြစ်ပါတယ်။

ကျောင်းသားနယ်ပယ်မှာ ဖဆဆိုရှယ်အစိုးရ ဩဇာမရှိဘူး။ ဘယ်လိုကျောင်းသားအဖွဲ့အစည်းမှ ဝင်တိုးလို့မရဘူး။ အစိုးရလည်း ချုပ်ကိုင်လို့မရဘူး။ အစိုးရလိုလားတဲ့ DSO ကျောင်းသားအဖွဲ့အစည်းလည်း ကျောင်းသားထုက လက်မခံကြဘူး။ ကျောင်းသားတွေဟာ ကျောင်းသားညီညွတ်ရေးတပ်ဦးရဲ့ဦးဆောင်မှုအောက်မှာ ယုံယုံကြည်ကြည်နဲ့ လိုက်ပါခဲ့ကြလို့ဖြစ်တယ်။ ကျောင်းသားညီညွတ်ရေးတပ်ဦးကလည်း ကိုလိုနီပညာရေးစနစ် ပြုပြင်ရေး၊ ကျောင်းသားအခွင့်အရေး ကာကွယ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး စတဲ့ လုပ်ငန်းတွေအပြင် အရည်အချင်းပြည့်တဲ့ ဆရာအလုံအလောက်ရရှိရေး၊ ကျောင်းသားသမဂ္ဂကလည်း ကျောင်းသားကိုယ်စား ကျောင်းသားအခွင့်အရေးတွေ တောင်းဆိုပေးတယ်။ ဖဆဆိုရှယ်အစိုးရဟာ ဘာကြောင့်များ ကျောင်းသားသမဂ္ဂအပေါ် အငြိုးတကြီးဖြစ်နေသလဲဆိုတာ ရှည်ရှည်ဝေးဝေးတွေးနေစရာ မလိုပါဘူး။ ကျောင်းသားသမဂ္ဂသမိုင်းမှာ အစိုးရခိုင်းတိုင်း မလုပ်ကြပါဘူး။ ကျောင်းသားဘက်က လိုအပ်ချက်တွေ၊ နစ်နာချက်တွေ၊ ကျောင်းသားအခွင့်အရေး ကာကွယ်ပေးတာပဲလုပ်တာ၊ ပညာရေးလစ်ဟာချက်တွေကို အစဉ်အမြဲ ဖော်ထုတ်တင်ပြခဲ့တယ်။ ဒါဟာ အစိုးရတိုင်းက ကျောင်းသားသမဂ္ဂတွေအပေါ် ငြိုငြင်တာ၊ ရန်ဘက်အဖြစ် သဘောထားတာတွေ ရှိခဲ့ပါတယ်။ ဗိုလ်နေဝင်းအာဏာရလာတော့ ဖဆဆိုရှယ်ဂိုဏ်းသားရဲ့ ဒီသမိုင်းဇာစ်မြစ်တွေကနေ အစို့အညှောက်တွေ ထွက်လာတယ်လို့ ဆိုရမှာပါ။ မင်းသားခေါင်းဆောင်းထားတဲ့ စစ်အာဏာရှင် ဗိုလ်နေဝင်းက ဘီလူးစွယ် ဖော်ထုတ်လာတာပါ။

၁၉၄၉ ခုနှစ်မှာ အလုပ်သမားတွေ၊ အမှုထမ်းတွေ၊ ကျောင်းသားတွေပါဝင်တဲ့ အထွေထွေသပိတ်ကြီး ပေါ်ပေါက်လာတယ်။ ဖြစ်ရတဲ့အကြောင်းဟာ အလုပ်သမားတွေ၊ အမှုထမ်းတွေက လုပ်ခနဲ့စရိတ်တိုးတောင်းတယ်။ မမျှတတဲ့လုပ်ခကို တိုးပေးဖို့တောင်းတယ်။ ဖဆပလ က လစာတိုးမပေးဘူး။

ကျောင်းသားတွေက ပညာရေးပြုပြင်ပြောင်းလဲရေး၊ အဆောက်အအုံပရိဘောဂ တိုးချဲ့ရေး၊ အရည်အချင်းပြည့်ဆရာ မလုံလောက်တာ လုံလောက်အောင် ဆောင်ရွက်ပေးဖို့၊ စစ်ရေးဘတ်ဂျက်ကို လျှော့ချရေး၊ ပညာရေးဘတ်ဂျက်ကို တိုးသုံးဖို့ တောင်းဆိုကြတယ်။ အစိုးရကမလိုက်လျောတဲ့အတွက် ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ အမှုထမ်းတွေ သပိတ်မှောက်ကြတယ်။

၁၉၅၃ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းတလပိတ်ရေး (အောက်တိုဘာ) လှုပ်ရှားမှုပြီးတဲ့နောက်မှာ ကျောင်းသားနယ်ပယ်မှာ အစိုးရဩဇာခံ ဘယ်လိုကျောင်းသားအဖွဲ့အစည်းမှ ဝင်လို့မရခဲ့ပါဘူး။ အစိုးရကလည်း ချုပ်ကိုင်လို့မရခဲ့ပါဘူး။ ကျောင်းသားတွေဟာ ကျောင်းသားညီညွတ်ရေးတပ်ဦး ဦးဆောင်မှုအောက်မှာ ယုံယုံကြည်ကြည်နဲ့ဲ ရပ်တည်ခဲ့ကြတယ်။

၁၉၅၆ ခုနှစ်မှာ လွတ်လပ်ရေးရပြီးခါစ တပြည်လုံးအတိုင်းအတာနဲ့ ကျောင်းသားလှုပ်ရှားမှု ဖြစ်ပေါ်ခဲ့တယ်။ ၁၉၅၆ ခုနှစ် အစိုးရစစ် သတ္တမတန်းစာမေးပွဲ မေးခွန်းပေါက်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်က ခြောက်တန်းကျောင်းသားပါ။ အဲဒီမေးခွန်းတွေကို “ဗမာ့ခေတ်” သတင်းစာမှာဖော်ပြတယ်။ ကျောင်းသားလေးတွေက အဖြစ်မှန်သိရအောင် စာမေးပွဲဖြေနေရာကနေ ဗမာ့ခေတ်သတင်းစာတိုက်ကို ၁၉၅၆ ခုနှစ် မတ်လ ၂၂ ရက်မှာ သွားစုတယ်။ တာဝန်ရှိတဲ့သူ ဖော်ထုတ်ပေးဖို့တောင်းဆိုတယ်။ ဖဆပလ အစိုးရက ပြဿနာကို မှန်မှန်ကန်ကန်မဖြေရှင်းဘဲ ရဲတပ်ဖွဲ့နဲ့ တရားသူကြီး ပါစီမြမောင်ကို စေလွှတ်လိုက်တယ်။ ပါစီမြမောင်အမိန့်နဲ့ သတ္တမတန်း ကျောင်းသားငယ်တွေကို သေနတ်နဲ့ပစ်ခဲ့တယ်။ သေနတ်နဲ့ဖြေရှင်းခဲ့လို့ စိန်ပေါကျောင်းသားလေး “ဟယ်ရီတန်” ကျဆုံးခဲ့ရတယ်။ ကျောင်းသားတွေ မကျေနပ်လို့ ဆူပူလှုပ်ရှားလာကြတယ်။ ဗကသ၊ ရကသ၊ တကသ ကျောင်းသားသမဂ္ဂကြီးတွေကဦးဆောင်ပြီး တိုက်ပွဲဝင်ခဲ့တယ်။ တတိုင်းတပြည်လုံး ကျောင်းသားလှုပ်ရှားမှုကြီးဖြစ်လာပါတယ်။ ဒီလှုပ်ရှားမှုကြောင့် တတိုင်းပြည်လုံးက သတ္တမတန်းကျောင်းသားတွေကို ဦးနုအစိုးရက စာမေးပွဲအအောင်ပေးခဲ့ရတယ်။ ဟယ်ရီတန်ဟာ ကမောက်ကမတန်းခွဲတန်းချ ပညာရေးစနစ်ရဲ့ သားကောင်ဖြစ်ခဲ့ရတယ်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်း စစ်အစိုးရအာဏာသိမ်း တက်လာပါတယ်။ ပွဲဦးထွက် စစ်အာဏာရှင်အစိုးရက ရန်ကုန်တက္ကသိုလ်ကောင်စီဝင်တွေကို ဖိတ်ခေါပြီး ဆရာတွေ အကျင့်ပျက်တယ်။ ကျောင်းသားများ နိုင်ငံရေးပယောဂဝင်နေတယ်လို့ စွပ်စွဲပြီး တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်တယ်။

တက္ကသိုလ်အုပ်ချုပ်ရေးနယ်ပယ်ထဲ ဝင်ရောက်စွက်ဖက်ပြီး အမိန့်အာဏာတွေထုတ်ပြန်တာဟာ တက္ကသိုလ်အုပ်ချုပ်ရေးကို စစ်ကောင်စီ အာဏာသိမ်းတာဖြစ်လို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂက ဝေဖန်ကန့်ကွက်တယ်။ ဗိုလ်နေဝင်းအစိုးရဟာ ဖဆဆိုရှယ်ခေတ်ကထက် ပိုဆိုးတယ်။ ကျောင်းသားသမဂ္ဂအပေါ်မှာ အမြင်မကြည်ဘူး။ ပိုဆိုးတယ်။ အငြိုးအတေးကြီးသူလည်း ဖြစ်တယ်။ စစ်အစိုးရရဲ့ တင်းကျပ်တဲ့ ကျောင်းစည်းကမ်းတွေကြောင့် ကျောင်းဆောင်နည်းပြဆရာတချို့ နုတ်ထွက်သွားတယ်။ ၁၉၆၂ ခုနှစ် မေ ၁၇ ရက်နေ့မှာ ဗိုလ်နေဝင်းက ၅၈ ခုနှစ် အိမ်စောင့်အစိုးရကာလက ပညာရေးဝန်ကြီးဟောင်း ဦးကာကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ခန့်တယ်။ ပါမောက္ခသစ် ဦးကာဟာ စစ်ဗိုလ်ကိုယ်ရံနှစ်ယောက်နဲ့ တက္ကသိုလ်အဓိပတိရုံးမှာ နေ့စဉ်ပစ္စတိုခါးကြားထိုးပြီး ရုံးတက်တာ တွေ့ရတယ်။

၁၉၆၂ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ မတရားတဲ့ အဆောင်စည်းကမ်းထုတ်ပြန်တယ်။ တက္ကသိုလ်အဆောင်အသီးသီး အဝင်အထွက်ကို စာရင်းကောက်ပြီး ထောက်လှမ်းရေးကို အစီရင်ခံနေရတဲ့ဘ၀ ဖြစ်နေတယ်။ ကန့်သတ်ချုပ်ချယ်မှုတွေ လုပ်လာတယ်။ ကျောင်းသားတွေရဲ့ လွတ်လပ်စွာပညာသင်ကြားရေး၊ နေထိုင်မှုဘဝတွေ ကျောင်းသားထုတွင်းမှာ မလွတ်မလပ်ခံစားရင်ဖွင့်နေတာတွေကို မသိဟန်ဆောင်နေတယ်။ သူတို့ထုတ်တဲ့ အဆောင်စည်းကမ်းဆိုတာက ကျောင်းဆောင်မှူးနဲ့ အဆောင်နေကျောင်းသားတွေ ရန်တိုက်ပေးသလို ဖြစ်နေတယ်။ ည ၉ နာရီကျော်ရင် အဆောင်အပြင်မထွက်ရ၊ သတ်သတ်လွတ်စားသူ တရက်နှစ်ရက်ခွင့်မပေးဘဲ တနှစ်လုံးစားမှခွင့်ပေးမယ် စတဲ့ ကျောင်းသားတွေရဲ့အခြေအနေနဲ့မကိုက်တဲ့ စည်းကမ်းချက်တွေ ထုတ်လိုက်တော့ မလိုလားအပ်တဲ့ပဋိပက္ခတွေ ဖြစ်ပေါ်လာတယ်။

၁၉၆၂ ခုနှစ် ဇူလိုင် ၃ ရက်မှာ တကသခန်းမမှာ ကျောင်းသားခေါင်းဆောင်များဦးစီးတဲ့ ကျောင်းသားထုအစည်းအဝေးကျင်းပပြီး အခြေအနေနဲ့မကိုက်တဲ့ ကျောင်းဆောင်စည်းကမ်းဖျက်သိမ်းရေး စတာတွေ ဆွေးနွေးကြတယ်။ ဇူလိုင်လ ၇ ရက် စနေနေ့မှာ ကျောင်းသားထုအစည်းအဝေးကြီး ကျင်းပကြရန်ဆုံးဖြတ်ကြပြီး နောက်နေ့အစည်းအဝေးကြီးအတွက် ကျင်းပကြရန် ပြင်ဆင်ကြတယ်။

ဇူလိုင် ၇ ရက် နံနက်စောစောကပဲ ကျောင်းသားသမဂ္ဂ အစည်းဝေးခန်းမအပေါ်ထပ်က ဘယ်ညာအသံချဲ့စက်နှစ်လုံးတပ်ဆင်ပြီး တက္ကသိုလ်တေးသီချင်းများ၊ ဒို့ဗမာတေးသီချင်းများ၊ သမဂ္ဂသီချင်းများ၊ ကမ္ဘာငြိမ်းချမ်းရေးတေးသံများ အသံလွှင့်ထုတ်နေပါတယ်။ တက္ကသိုလ်အသီးသီးမှ ဖိတ်ကြားထားတဲ့ ကျောင်းသားကျောင်းသူများ နယ်အသီးသီးက ဖိတ်ကြားထားတဲ့ဧည့်သည်များ၊ လူမျိုးစုအသီးသီးက ကျောင်းသားကိုယ်စားလှယ်များ၊ တက္ကသိုလ်အဓိပတိလမ်းကနေ၊ ဗိုလ်အောင်ကျော်ကျောက်တိုင်ရှေ့ကနေ၊ တကသ စာဖတ်ခန်းကနေ အစည်းဝေးခန်းမဆီ သွားရောက်နေရာယူနေကြပြီ။ ယခင်တက္ကသိုလ်ဆေးရုံ၊ တက္ကသိုလ်စာအုပ်ဆိုင်၊ တက္ကသိုလ်ဓမ္မာရုံ(ဗုဒ္ဓဘာသာ) တို့ရှေ့ ပြည်လမ်းမှာ ကမာရွတ်အဝိုင်းလေးဆိုတာရှိတယ်။ (အဝိုင်းလေးဖျက်ပြီး ပြည်လမ်းဂုံးကျော်တံတား) ဆောက်လုပ်ထားတယ်။ ဟိုအရင်က အဝိုင်းလေးကျော်ပြီး ပြည်လမ်းနဲ့အင်းစိန်လမ်းသွားနိုင်တယ်။ ဓမ္မာရုံဘေးကဖြတ်ပြီး တက္ကသိုလ်သမဂ္ဂအဆောက်အအုံကြီး (ယခုချုံနွယ်နဲ့ မြက်တွေ တောထနေတဲ့ ဗုံးခွဲဖျက်ဆီးထားတဲ့မြေကွက်လပ်) ရှိတယ်။

၇ ရက်နေ့နံနက်ကစပြီး တကသ အဆောက်အဦးရှေ့မှာ၊ ဗိုလ်အောင်ကျော်ကျောက်တိုင်ရှေ့က မြက်ခင်းပြင်မှာ ကျောင်းသားများ သွားကြလာကြနဲ့ စည်စည်ကားကားပဲ။ ကျောင်းသားကျောင်းသူများ သမဂ္ဂအစည်းအဝေးခန်းမမှာ နေရာယူကြတယ်။ နံနက် ၉ နာရီ ကျော်မှာဆိုရင် တကသ အစည်းဝေးခန်းမဟာ ကျောင်းသူကျောင်းသားများနဲ့ ပြည့်လျှံလာတယ်။ 

ကျွန်တော်နဲ့ကျောင်းဆောင်သူငယ်ချင်းတွေ နံနက်စောစောထမင်းစားကြတယ်။ အစည်းဝေးတက်ရန် ပြင်နေကြတယ်။ ကျွန်တော်က ပင်းယကျောင်းဆောင် ဒုတိယထပ်အမှတ် (၅၀) မှာနေတယ်။ ကျွန်တော့်ရဲ့အခန်းပါတနာက မော်လမြိုင်ကဖြစ်တယ်။ ဝိဇ္ဇာသိပ္ပံ(က) တန်းတက်နေတယ်။ ကျွန်တော်က ဥပစာ(သိပ္ပံ ခ) တန်းတက်နေတယ်။ ကျွန်တော်တို့ တကသ အစည်းဝေးခန်းမကိုသွားကြတယ်။ ကျောင်းသားတွေ အပေါ်ထပ်၊ အောက်ထပ် ပြည့်နေပြီ။ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်လည်း အစည်းဝေးခန်းမထဲမှာ လူချင်း ကွဲသွားကြတယ်။ တယောက်တနေရာနေရာယူ အစည်းဝေးတက်ကြရတယ်။ နောက်ဆုံး ရှမ်းပြည်နယ်ကျောင်းသားကိုယ်စားလှယ်တွေ ရှမ်းဘောင်းဘီ အမျိုးသားဝတ်စုံနဲ့ ခေါင်းပေါင်းစတလူလူနဲ့ ကျွန်တော်တို့ရှေ့မှာ နေရာယူကြတယ်။ သူတို့နောက်မှာ ကျွန်တော်တို့ နေရာရတယ်။ 

အစည်းအဝေးကို တကသ၊ ရကသ၊ ဗကသနဲ့ လူမျိုးစုကိုယ်စားလှယ်တွေ နယ်ကဖိတ်ထားတဲ့ကျောင်းသားကိုယ်စားလှယ်ဧည့်သည်တွေ စုံညီရောက်ရှိပြီး အစည်းအဝေးကိုသဘာပတိကဖွင့်လှစ်ပြီး ကျောင်းသားထုအစည်းအဝေးကြီး စတင်တယ်။ တကသ ခန်းမတခုလုံး “မတရားတဲ့ အဆောင်စည်းကမ်း ကန့်ကွက်ကြ” “ကျောင်းသားအခွင့်အရေး ကာကွယ်ကြ” “စစ်ဖိနပ်သံခွာအောက်က အဆောင်စည်းကမ်းတွေ ကန့်ကွက်ကြ” စတဲ့ ကြွေးကြော်သံများ တခန်းလုံးပဲ့တင်ထပ် မြည်ဟိန်းနေပါတော့တယ်။ တကသဥက္ကဋ္ဌ ကိုဗဆွေလေး တို့၊ ဗကသခေါင်းဆောင် ကိုသက်တို့၊ ရကသခေါင်းဆောင်၊ လူမျိုးစုကိုယ်စားလှယ်အသီးသီး အဆိုတင်သွင်းကြ၊ ထောက်ခံကြပြီး အခမ်းအနားကို ကြွေးကြော်သံများနဲ့ ပြီးဆုံးစေခဲ့ပါတယ်။ ကျောင်းသားကျောင်းသူအသီးသီးလည်း မိမိသက်ဆိုင်ရာအိပ်ဆောင်များကို ပြန်ကြတယ်။ နေ့ကျောင်းသားများလည်း ရန်ကုန်မြို့ထဲပြန်ကြတယ်။ အသီးသီးအနားယူကြတယ်။ ကျွန်တော်နဲ့ အခန်းဖော်သူငယ်ချင်း လည်း မြို့ထဲကို သုံးနာရီခွဲရုပ်ရှင်ကြည့်ဖို့ ထွက်သွားတယ်။ သမဂ္ဂစားသောက်ဆိုင်ထဲနဲ့ စာဖတ်ခန်းမှာတော့ ကျောင်းသားခေါင်းဆောင်တချို့နဲ့ ကျောင်းသားတချို့ ရှိနေတယ်။

ညနေပိုင်း အမှတ်(၉) လိုင်းကားနဲ့ ကုက္ကိုင်းလမ်းဆုံကနေ အဆောင်ကိုပြန်လာတယ်။ ကားကလမ်းဆုံရောက်တော့ တက္ကသိုလ်ရိပ်သာလမ်းကို ကားဆရာက ဆက်မသွားတော့ဘူး၊ တက္ကသိုလ်ဘက်မှာ စစ်သားတွေပြည့်နှက်နေတယ်။ ကျောင်းသားတွေဆင်းပြီး လမ်းလျှောက်ပြန်ကြဖို့ပြောတယ်။ ဘာတွေဖြစ်မှန်းမသိဘူးတဲ့။ ကားပေါ်မှာ ကျောင်းသူကျောင်းသားတွေလည်းကျွန်တော်တို့နဲ့အတူ ဖြတ်လမ်းကနေ ဆရာတွေနေတဲ့အဆောင်တွေ ဖြတ်ကျော်ကြတယ်။ ခြံစည်းရိုးကျော်တက်၊ ပါမောက္ခနေတဲ့အိမ်တွေ၊ လမ်းကြို လမ်းကြားဖြတ်ပြီး ပုဂံလမ်းကနေ ရေကူးကန်လမ်းဘက်၊ အဲဒီကနေ သထုံလမ်းဘက်လျှောက်ကြတယ်။ သထုံလမ်းရောက်ပြီဆိုရင် စစ်သားတွေ တက္ကသိုလ်ဆေးရုံဘက်မှာ မောင်းပြန်သေနတ်ကိုယ်စီနဲ့ နေရာယူလမ်းလျှောက်နေကြတယ်။ လမ်းပိတ်ထားတယ်။ ကျော်ဖြတ်လို့မရတော့ဘူး။ တက္ကသိုလ်နယ်မြေမှာ ပစ်ခတ်မှုဖြစ်ပြီဆိုတာ သိရတယ်။ ဆရာတွေနေတဲ့ ကျောင်းဆောင်ခြံစည်းရိုးအထပ်ထပ်နဲ့ သထုံဆောင်တို့ကို ကျော်ပြီး ပင်းယဆောင်လမ်းဘက်ထွက်တယ်။ အင်းဝ၊ သထုံ၊ ပင်းယ ဘက်က ထမင်းစားဆောင် တွေမှာ ကျောင်းသား အဝင်အထွက် မတွေ့ရဘူး။ အလုပ်သမား တယောက်နှစ်ယောက်ပဲတွေ့ရတယ်။ ထမင်းစားခန်းတွေမှာ ကျောင်းသားတွေ မရှိကြဘူး။ ဘယ်ရောက်ကုန်လဲ မသိဘူး။ ကျွန်တော်တို့လည်း လေးငါးဆယ်ယောက်မပြည့်ဘူးထင်တယ်။ ထမင်းရှိတာနဲ့စားပြီး အိပ်ခန်းကိုပြန်ကြတယ်။

ထမင်းစားခန်းမှာလည်း သူငယ်ချင်းတွေ မစုံမလင်နဲ့။ ကျောင်းဆောင်စာဖတ်ခန်းမှာလည်း ကျောင်းသားတွေ အနည်းအကျဉ်းပဲ တွေ့ရတယ်။ အချိန်ကလည်း ညနေစောင်းပြီ။ ကျောင်းဆောင်တခုလုံး ခြောက်ကပ်နေတယ်။ ကျောင်းဆောင်ကနေအထွက် အဓိပတိလမ်းပေါ်ကြည့်လိုက်တော့ မောင်းပြန်သေနတ်နဲ့စစ်သားတွေ လမ်းလျှောက်နေတယ်။ အဆောင်တံခါးလည်းသော့ခတ်ထားတယ်။ အဓိပတိလမ်းမပေါ်ထွက်တဲ့ တံခါးမကြီးလည်း သံကြိုးနဲ့သော့ခတ်ပိတ်ထားတယ်။ နေ့စဉ် ဥဒဟိုလမ်းလျှောက်နေတဲ့ အဆောင်လမ်းမ ပေါ်မှာလည်း ကျောင်းသားတွေမတွေ့ရတော့ဘူး။ ကျောင်းသားတချို့ အဆောင်အဝင် အုတ်နံရံမှာ ကျည်ဆန်ရာတွေ လက်ညှိုးနဲ့ ထောက်ကြည့်နေတယ်။ အဓိပတိလမ်းမပေါ်က ဂျီသရီးမောင်းပြန်သေနတ်နဲ့ အဆောင်ကို လှမ်းပစ်ထားတာကိုး။ ကျွန်တော်တို့အညာက သူငယ်ချင်းက “မင်းတို့အစည်းအဝေးအပြီး မြို့ထဲသွားနေတုန်း သမဂ္ဂလက်ဖက်ရည်ဆိုင်၊ စာဖတ်ခန်းထဲ ကျောင်းသားခေါင်းဆောင်တွေ ဝိုင်းဖွဲစကားပြောနေတုန်း အရပ်ဝတ်နဲ့ ထောက်လှမ်းရေးတွေက အကြမ်းဖက်ဝင်ဖမ်းတယ်။ ထောက်လှမ်းရေးနဲ့ ရဲ/စစ်စုံထောက်တွေ တကသလက်ဖက်ရည်ဆိုင်ထဲ ကျောင်းသားတွေကို ရိုက်နှက်ထိုးကြိတ်ဖမ်းသွားတယ်။ ကျောင်းသူကျောင်းသားတွေ ပြေးကြလွှားကြနဲ့ ဖြစ်ကုန်တယ်။

မကြာခင်မှာပဲ အဓိပတိလမ်းမကြီးကနေ စစ်ကားဝင်လာပြီး နေရာယူတယ်။ နောက်ကျောင်းသားတွေကိုပစ်ခတ်တယ်။ ဗိုလ်အောင်ကျော်ကျောက်တိုင်ဘေးမှာ သေနတ်ဒဏ်ရာနဲ့ ကျောင်းသားတွေ လဲကျထွက်ပြေးကြတယ်။ တကသ မြက်ခင်းကနေ မန္တလေးကျောင်းဆောင်ထဲကို လှမ်းပစ်တယ်။ ကျောင်းသားတွေ အဓိပတိလမ်းမကြီးအတိုင်းထွက်ပြေးတော့ သေနတ်နဲ့ လိုက်ပစ်တယ်။ “ငါလည်း မန္တလေးကျောင်းဆောင်ရှေ့က ရေမြောင်းထဲမှာ ဝမ်းလျားမှောက်ဝပ်ပြီး ရေမြောင်းအတိုင်းထွက်ပြေးတယ်။ လမ်းမကြီးအတိုင်းပြေးတယ်။ စစ်ကိုင်းကျောင်းဆောင်ရှေ့ရောက်မှ အဆောင်ထဲဝင်ပြေးလို့ လွတ်ခဲ့တာ။”လို့ သူငယ်ချင်းသန်းနိုင်က ပြန်ပြောပြမှ အဖြစ်မှန်တွေ သိရတော့တယ်။

ည ၇ နာရီလောက်မှာ ပင်းယကျောင်းဆောင်တွေက ကျောင်းသားတွေ ပြန်ရောက်လာတယ်။ ကျောင်းဆောင်တခုလုံး ကျောင်းသား ရာကျော်ရှိတယ်။ အခု ၅၀ လောက်ပဲတွေ့ရတယ်။ ကျောင်းသားတွေ စာဖတ်ခန်းထဲ စကားစမြည်ပြောကြတယ်။ ကျောင်းသားဆန္ဒပြပွဲ အပြီး အဖြစ်အပျက်တွေ တယောက်တမျိုးအသံတွေကြားရတယ်။ ည ၈ နာရီသတင်းမှာတော့ ဗိုလ်နေဝင်းက အပ်တိုတချောင်းမှမရှိတဲ့ ကျောင်းသားတွေကို “ဓား-ဓားချင်း”ဆိုပြီး ကြိမ်းမောင်းအသံလွှင့်တယ်။” ကျောင်းဆောင်က နှင်ထုတ်တယ်။

ညနေပိုင်း စစ်တပ်က ကျောင်းသားတွေ ရာကျော်ကို တကသရင်ပြင်မှာ မောင်းပြန်သေနတ်နဲ့ ပစ်ခတ်တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့နှစ်ယောက် စကားပြောနေကြတာ ညနက်သွားပါတယ်။ ဇူလိုင်လ ၈ ရက် နံနက်စောစော ဝေလီဝေလင်းမှာ “ဘုံး၊ ဝုန်း၊ ဒိုင်း” အသံကျယ် ကြီးမြည်ဟည်းပြီး အခန်းတံခါးပွင့်ထွက်သွားပါတယ်။ ကျွန်တော့်သူငယ်ချင်း နိုင်ဝင်းက “အားဝူး”ပါးစပ်က လန့်ဖြန့်အော်ဟစ်ပြီး တံခါးအပြင်ထွက်ပြေးပါတယ်။ ကျွန်တော်လည်း အဆောင်တခုလုံး တုန်လှုပ်ရိုက်ခတ်သွားလို့ အိပ်ရာကလန့်နိုးပြီး သူငယ်ချင်းနောက် ထွက်လိုက်ပါတယ်။ ခြင်ထောင်ကြိုးတန်းတွေ အင်္ကျီချိတ်တွေ ပြုတ်ကျကုန်တယ်။ ကျွန်တော့်သူငယ်ချင်းက မိုးကောင်းကင်ကို လက်ညှိုးထိုးပြနေတယ်။ ထမင်းစားဆောင်အပေါ်က မီးခိုးလုံးတွေ သထုံဆောင်၊ အားကစားဆောင် Gymnasium ပေါ်က မီးခိုးပြာတွေ၊ မီးတပိုင်းတစလောင်ထားတဲ့ စာရွက်တွေ၊ ဖိုင်ဘာပြားတွေ အုတ်ကြွပ်ပဲ့နဲ့ သွတ်ပြား၊ သံပြားတွေ ကောင်းကင်မှာ ပျံတက်နေတယ်။ ပလူကောင်တွေပျံနေသလိုပဲ။ မီးခိုးပြာတွေ အာကာသမှာပျံနေတာကြည့်ရင်း ဘယ်ကနေပေါက်ကွဲမှုဖြစ်ပြီး မီးခိုးလုံးတွေတက်နေတာလဲ။ စုံစမ်းကြည့်နေကြတယ်။ ကျောင်းသားအများအပြား အိပ်ရာကထပြေးလာကြတယ်။

ကျွန်တော့်သူငယ်ချင်းက မြေညီထပ်ဆင်းကြည့်ရအောင်ဆိုပြီး ဒုတိယထပ်ကနေဆင်းသွားကြတယ်။ ထမင်းစားခန်းထဲကနေ သထုံကျောင်းဆောင်ကော်ရစ်ဒါကို ဆက်လျှောက်တယ်။ အဲဒီကနေ မီးခိုးထွက်တဲ့ ပေါက်ကွဲတဲ့နေရာကိုကြည့်လိုက်တော့ အလေးမခန်း အားကစား (Gymnasium)ခေါင်မိုးကြီးပဲ့ထွက်ပြီး နံရံတပိုင်းပြိုလဲပျက်ကျပြီး လိမ္မော်ရည်ပုလင်းတွေ၊ နို့ပုလင်းတွေ၊ အားကစားပစ္စည်းကိရိယာတွေကွဲပြဲ၊ အုတ်နံရံတွေပြိုကျနေတာ တွေ့လိုက်ရတဲ့မြင်ကွင်းက “ငါတို့ရဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီး”ကို နံရံကပ်ဗုံးနဲ့ ဖောက်ခွဲဖြိုချခံရတာကို မျက်မြင်ကိုယ်တွေ့မြင်ရတော့ လာကြည့်တဲ့ကျောင်းသားတွေ ဗုံးခွဲဖျက်ဆီးခံရတဲ့မြင်ကွင်းအောက်မှာ ငြိမ်ကျငေးမောနေတာ တွေ့ရတယ်။ စကားလည်းမပြောကြဘူး။ နံရံကပ်ဗုံးဟာ လေးဘက်လေးတန် စနစ်တကျကပ်ပြီး ဖြိုခွဲတာဖြစ်တယ်။ သမဂ္ဂခန်းမရဲ့သံဘောင်တွေ ကင်းမြီးကောက်ထောင်သလိုကောင်းကင်မှာ ထောင်နေတယ်။ သမဂ္ဂခေါင်းဆောင် ချိတ်ဆွဲထားတဲ့ နံရံဓာတ်ပုံပန်းချီကားတွေလည်း ထောင်လျက်သား မြေမှာခနေတယ်။ အုတ်ကျိုးအုတ်ပဲ့တွေလည်း ပိရမစ်တြိဂံပုံစံနဲ့။ အိုးခွက်တွေကြားမှာ ထိုင်ခုံကျိုးတွေ လဲလျောင်းနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမဂ္ဂအဆောက်အဦအုတ်ပုံဘေးမှာ ကျောင်းသားအချို့ အချိန်အတော်ကြာ ငြိမ်သက်စွာဦးညွှတ်နေတာတွေ့ရတယ်။ မန္တလေးဆောင်ရှေ့ထိ အုတ်ကျိုးအုတ်ပဲ့၊ စာရွက်တွေ၊ ပြာတွေ ပျံ့နှံ့နေတယ်။

၈ ရက်နေ့နံနက် ဝေလီဝေလင်းမှာ ဗုံးခွဲခံရတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦ အုတ်ပုံရှေ့မှာ ရောက်ရှိနေကြတဲ့ အဆောင်အသီးသီးက ကျောင်းသားတွေ၊ အနီးအနားက ကျောင်းသားတချို့ ဗိုလ်အောင်ကျော်ကျောက်တိုင်ဘေးမှာ မြေခနေတဲ့ သမဂ္ဂအဆောက်အဦးအုတ်ပုံကို ဝမ်းနည်းကြေကွဲစွာ ကသိုဏ်းရှုနေတဲ့ပုံရိပ်ဟာ နှစ်ရာပြည့်မက နှစ်အထောင်အသောင်းတိုင် မေ့နိုင်ဖွယ်ရာမရှိပါ။

၈ ရက်နေ့ အဆောင်နေကျောင်းသားများ နံနက်ထမင်းစားချိန် ၉ နာရီကျော်ပေမယ့် ထမင်းမစားရသေးပါ။ ကျောင်းဆောင်ဝန်ထမ်းများ ဗုံးခွဲတဲ့အသံကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရာ တက္ကသိုလ်ဆရာများကိုယ်တိုင် လိုက်လံရှာဖွေခေါ်ယူနေရတယ်။ အဆောင်အသီးသီးကကျောင်းသူကျောင်းသားတွေလည်း ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိပါ။ ကျောင်းဆောင်တွေမှာ ညလာအိပ်တဲ့ ကျောင်းသားတွေ ဆယ်ဂဏန်းပဲ တွေ့ရတယ်။ တက္ကသိုလ်နယ်မြေတခုလုံး ခြောက်ကပ်နေတယ်။ လက်ဖက်ရည်သောက်ချိန်၊ ထမင်းစားချိန်မှာ ကျောင်းသားတွေမစုံညီတော့ပါ။ သေသလားရှင်သလား၊ သူငယ်ချင်းတွေပျောက်နေတယ်။ 

တက္ကသိုလ်နယ်မြေမှာလည်း စစ်သားတွေ သေနတ်ချထားပြီး အဆောင်တွေကို ကျောပေးခြေဆင်းပြီး အိပ်စက်အနားယူနေကြတယ်။ အဆောင်တခါးတွေပိတ်ပြီး လုံခြုံရေးအစောင့်တွေချထားတယ်။ တဆောင်နဲ့တဆောင်ကူးသန်းခွင့် မပြု။ ပဲခူး၊ ပင်းယ၊ စစ်ကိုင်း၊ ရွှေဘို၊ သထုံဆောင်တွေ ကူးသန်းခွင့်ပါ ပိတ်ထားပါတော့တယ်။

ရန်ကုန်မြို့တွင်းနဲ့ အနီးအနားက ကျောင်းသားမိဘတွေ ကျောင်းကြီး ရက်အကန့်အသတ်မရှိပိတ်လိုက်လို့ အဆောင်တွေမှာ မိဘဆွေမျိုးတွေ မျက်နှာငယ်ကလေးတွေကိုယ်စီနဲ့ မျက်ရည်တလည်လည်နဲ့ကားကိုယ်စီ စစ်သားလုံခြုံရေးနဲ့ အိမ်ပြန်ခေါ်ဖို့ရောက်ရှိလာကြတယ်။ အဆောင်နေကျောင်းသားတွေလည်း အိပ်ရာလိပ်၊ သေတ္တာ၊ ဆွဲအိတ်ကိုယ်စီဆွဲလို့ ကျန်ရစ်နေသေးတဲ့ အဆောင်နေကျောင်းသားများကို လည်ပြန်ကြည့်ပြီး ဝမ်းနည်းစွာနဲ့ အမိတက္ကသိုလ်နယ်မြေက ခွဲခွာကြပြီ။ ဘယ်မှ မပြန်နိုင်တဲ့ နယ်ကျောင်းသားတွေနဲ့ ပြည်နယ်ကျောင်းသားတွေကတော့ အဆောင်အသီးသီးမှာ ခြေမှိုင်လက်မှိုင်ချ စကားတီးတိုးပြောနေတယ်။ ညနေစောင်းမှာတော့ တက္ကသိုလ် အဆောင်အသီးသီးက ကျောင်းသားတွေရဲ့အသံတွေ ထွက်လာတယ်။

“မီးတွေပိတ်လိုက်ပြီ – မီးတွေပိတ်လိုက်ပြီ” “မီးအမြန်ဖွင့်ပေးပါ” “မီးအမြန်ဖွင့်” ပြိုင်တူအော်သံတွေ ထွက်လာတယ်။ အဆောင်တွေ ဆန္ဒပြအော်ဟစ်လာတယ်။ ခဏနေတော့ ကျောင်းသားတချို့ “ရေမလာတော့ဘူး” “ရေမလာတော့ဘူး – ရေပေးပါ – ရေပေးပါ” အသံတွေ အော်ဟစ်တောင်းဆိုကြပြန်တယ်။ ကျွန်တော်တို့ နယ်ကျောင်းသားတွေလည်း ရေမီးဖြတ်ကုန်ပြီ။ “စစ်အစိုးရအလိုမရှိ” အော်ဟစ်ဆန္ဒပြ၊ သံချောင်းခေါက်ကြတယ်။

ကျောင်းသားတွေက အဆောင်မှူးတွေကို တံခါးဖွင့်ပေးဖို့ တောင်းဆိုကြတယ်။ ကျောင်းသားရေးမှူးကို အော်ဟစ်ခေါ်ကြတယ်။ တက္ကသိုလ်အဆောင်တွေမှာ သံချောင်းခေါက်သံ၊ သံပုံးတီးသံ၊ ကြွေးကြော်အော်ဟစ်သံတွေနဲ့ ညနေပိုင်းမှာ ဆူညံနေပါတယ်။ တက္ကသိုလ်အဓိပတိလမ်းမပေါ်နဲ့ ဂိတ်ဝင်းထရံတွေမှာ မောင်းပြန်သေနတ်နဲ့ ပါးကွက်သားတွေ လမ်းလျှောက်တာတွေ့ရတယ်။

ရန်ကုန်တက္ကသိုလ် ဖွဲ့စည်းတည်ဆောက်ကတည်းက တက္ကသိုလ်ဂုဏ်အင်္ဂါနဲ့အညီ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ဟာ အရှေ့တောင်အာရှမှာ ထင်ရှားကျော်ကြားတဲ့ တက္ကသိုလ်ကြီးပါ။ နိုင်ငံခြားတိုင်းသားတွေကပါ ပညာလာသင်ကြားတဲ့ တက္ကသိုလ်ကြီးပါ။ အာရှ၊ အာဖရိကမှ ကျောင်းသားတွေ ကျနော်တို့ကိုယ်တွေ့ မြင်တွေ့ခဲ့ရပါတယ်။ တက္ကသိုလ်မှာ အုပ်ချုပ်ရေးကလည်း လွတ်လပ်ပါတယ်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်တွေဟာ အဓိပတိတာဝန်ယူကြတယ်။ တက္ကသိုလ်မှာ တက္ကသိုလ်ကောင်စီဆိုတာ ဖွဲ့စည်းထားတယ်။ ပါမောက္ခနဲ့ ကျောင်းသားကိုယ်စားလှယ်တွေပါတယ်။ တရားဝင်ကျောင်းသားသမဂ္ဂတွေ ရှိတယ်။ တက္ကသိုလ်ကျောင်းဆောင်တိုင်းမှာ အဆောင်မှူးဆိုတာရှိတယ်။ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားရေးမှူးဆိုတာ ရှိတယ်။ ၁၉၆၀ ခုနှစ်ပိုင်းမှာ ကျောင်းသားရေးမှူး ဦးစံထွန်း၊ ဆရာဦးယုခင်၊ ကျောင်းသားကိုယ်စားလှယ်တွေ ဆရာကြီးတွေရှိကြတယ်။ ဆရာဦးစံထွန်းဟာ ရန်ကုန်တက္ကသိုလ်မှာ ဝါရင့်တဲ့ ထင်ရှားတဲ့ ကျောင်းသားကျောင်းသူတွေချစ်ခင်လေးစားတဲ့ ဆရာကြီးပါ။ ကျောင်းသားတွေရဲ့ သာရေး၊ နာရေး၊ လူမှုရေးတွေမှာ ရှေ့တန်းကနေ ကူညီဆောင်ရွက်ပေးပါတယ်။ တက္ကသိုလ်ရဲ့ ကျောင်းဆောင် ထမင်းစားပွဲ၊ ပျော်ရွှင်ပွဲတွေမှာလည်း ဆရာ ပါတယ်။ အားကစား၊ ပညာရည်ချွန်ဆုပေးပွဲတွေမှာလည်း ပါပါတယ်။ ဆရာဦးစံထွန်းဟာ သဘောကောင်းတယ်။ ဖော်ရွေတယ်။ ကျောင်းသားကျောင်းသူတွေနဲ့ လက်ပွန်းတတီး ပြောဆိုဆက်ဆံတယ်။ ကျောင်းသားတွေက၊ ကျောင်းသူတွေက ကိုယ်ရေးကိုယ်တာကအစ ဆရာ့ကို ရင်းရင်းနှီးနှီးတိုင်ပင်ကြတယ်။ ကျောင်းသားတွေနဲ့ ဆရာဆက်ဆံရေးဟာ ချစ်ကြောက်ရိုသေ ဆက်ဆံမှု ဖြစ်တယ်။ ဆရာကတော့ ပွင့်လင်းပျော်ရွှင်စွာပြောဆိုတတ်တဲ့ ကျောင်းသားရေးမှူး ဆရာကြီးဖြစ်ပါတယ်။

၈ ရက်နေ့ညနေပိုင်းမှာလည်း အဆောင်အသီးသီးမှာ မီးဖြတ်၊ ရေဖြတ်နဲ့ ထမင်းလည်းမစားရသေးတော့ အော်ကြဟစ်ကြ သံချောင်း ခေါက်ကြနဲ့ အဆောင်တွေမှာ ဆန္ဒပြနေကြတယ်။ ကျောင်းသားရေးမှူး ဆရာဦးစံထွန်းနဲ့ ဆရာတယောက်ဟာ အဓိပတိလမ်းကနေ စစ်ကိုင်းဆောင်၊ အင်းဝကပဲခူးဆောင်ရှေ့လမ်းအတိုင်း လျှောက်လာပါတယ်။ အဆောင်ရှေ့တွေမှာ ထီးတချောင်းနဲ့ လက်မြှောက်ရမ်း နှုတ်ဆက်ပြနေတယ်။ အဆောင်ရှေ့ရောက်တိုင်း ကျောင်းသားတွေက “ဒို့ဆရာကြီးလာပြီဟေ့” လို့ အော်ဟစ်နှုတ်ဆက်ကြတယ်။ ကျောင်းသားတွေက ဝမ်းပန်းတသာ နှုတ်ဆက်ကြ၊ အော်ကြနဲ့ ဆူညံသွားတယ်။ ကလေးလိုပဲ ကျောင်းသားတွေက “ထမင်းဆာပြီ၊ ရေဖွင့်ပေးပါ၊ မီးဖွင့်ပါ”လို့ အော်ပြောနေတယ်။ သံချောင်းတွေ၊ သံပိုက်လိုင်းတွေကိုခေါက် အော်ဟစ်နှုတ်ဆက်တယ်။ ပင်းယဆောင်ရှေ့ရောက်ပြီ။ အဆောင်ရှေ့ရောက်တော့ ဆရာ့ကို သေသေချာချာ ကော်ရစ်ကဒါကြည့်မိတယ်။ ကျောင်းသားရေးမှူး ဆရာဦးစံထွန်း၏ရဲ့ မျက်နှာမှာ ညှိုးငယ်နေတယ်။ အမြဲတမ်း ကျောင်းသားတွေနဲ့တွေ့ရင် ပြုံးရယ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နှုတ်ဆက်စကား ပြောတတ်တဲ့ဆရာဟာ မပြုံးရွှင်နိုင်တော့ပါ။ မချိပြုံးလေးနဲ့ ငိုတော့မလိုနဲ့ “ဆရာလာပြီဟေ့ – ဆရာလာပြီ၊ စားဖိုချောင်က အလုပ်သမားတွေ ဆရာခေါ်လာပြီ။ ထမင်းစားရတော့မှာပါ။ ရေမီးတွေလည်း ပြန်လာတော့မှာ၊ ဆရာစီစဉ်ထားပြီ။ အားမငယ်ကြနဲ့တပည်တို့” လို့ ငိုသံကြီးနဲ့ အဆောင်ပေါ်ကို အော်ဟစ်ပြောပါတယ်။ ကျောင်းသားတွေလည်း ဆရာ့အနားကပ်ပြီး နှုတ်ဆက်သူကနှုတ်ဆက်၊ လက်ကိုဆွဲ အင်္ကျီဆွဲသူကဆွဲနဲ့ ဆရာ့ကိုအခုမှပဲ တွေ့ရတော့တယ်လို့ အော်သူအော်ကြတယ်။ လက်ခုပ်ဝိုင်းတီးပြီး ပြောကြတယ်။ ဆရာလည်း ကျောင်းသားတွေရဲ့အားပေးသံကြောင့် ဆရာ့မျက်နှာပြုံးရွှင်တာ တချက်တွေ့လိုက်ရတယ်။ တက္ကသိုလ်ကျောင်းသားအားလုံး ချစ်တဲ့ဆရာ။ ကျောင်းသားတွေကို အပြန်အလှန်နွေးထွေးမှုနဲ့ လမ်းလျှောက်နှုတ်ဆက်ရင်း တက္ကသိုလ်ကံ့ကော်တောက အဓိပတိ လမ်းမကြီးက ဝမ်းနည်းစွာနှုတ်ဆက်ရင်း လမ်းတလျှောက်လုံး လက်မြှောက်နှုတ်ဆက်ရင်း ခွဲခွာသွားသည်မှာ အနှစ် ၅၀ ကျော်သွားပါပြီ။

ကိုလိုနီပညာရေးစနစ် ပြုပြင်ရေး၊ ကျောင်းသားအခွင့်အရေးကာကွယ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အရည်အချင်းပြည့်ဆရာ အလုံအလောက်ရရှိရေး၊ ခေတ်အဆက်ဆက် ကျောင်းသားထုတိုက်ပွဲများ ဆက်လက်ရှင်သန် ဖွံ့ဖြိုးတိုးတက် အောင်ပွဲများသို့ တက်လှမ်းနိုင်ပါစေ။

ကျောင်းသားထုကို တကယ်ကိုယ်စားပြုတဲ့ ကျောင်းသားသမဂ္ဂများ ပြန်လည်ရှင်သန် ဖွံ့ဖြိုးတိုးတက်ပါစေ။

ရန်ကုန်တက္ကသိုလ်ကြီး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာပါစေ။

ခင်မောင်ဝင်း

မင်းကင်း

၇ – ၇ – ၂၀၂၀

လင်ကွန်း၊ ကားလ်မာ့က်စ် နဲ့ ဗြိတိသျှအလုပ်သမားများအကြား သွေးစည်းမှု (မြစမ်းအေး)

လင်ကွန်း၊ ကားလ်မာ့က်စ် နဲ့ ဗြိတိသျှအလုပ်သမားများအကြား သွေးစည်းမှု

(မြစမ်းအေး)

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

စာမျက်နှာ ၄၀၅ မျက်နှာရှိ အေဗဟင်လင်ကွန်းရဲ့ ရေးသားချက်နဲ့မိန့်ခွန်းများဆိုတဲ့စာအုပ်ထဲမှာ ဇန္နဝါရီ ၁၉၊ ၁၈၆၃ ရက်စွဲနဲ့ ပေးစာတစောင်ပါရှိပါတယ်။ “မန်ချက်စတာ အင်္ဂလန်အလုပ်သမားများသို့”လို့ လိပ်မူပြီး ‘ယခုလအစောပိုင်းမှာ ကျွန်ုပ်ထံ ပေးပို့လိုက်သော သင်တို့၏ ထုတ်ဖော်ပြောဆိုချက်များနှင့်ဆုံးဖြတ်ချက်များကို လက်ခံရရှိတဲ့အတွက် အသိအမှတ်ပြု ဂုဏ်ယူပါတယ်’ လို့ အစချီထားပါတယ်။  ဒီစာမှာ လင်ကွန်းက မန်ချက်စတာ ချည်စက်အလုပ်သမားများရဲ့ မုန်တိုင်းထန်သော ၁၈၆၂ နှစ်ကုန် ပိုင်းမှာကျင်းပခဲ့တဲ့ လွတ်လပ်စွာကုန်သွယ်ရေး မြို့တော်ခန်းမဆောင်ညီလာခံဆုံးဖြတ်ချက်ကို ရည်ညွှန်းပြောဆိုတာဖြစ်တယ်။

(တောင်ပိုင်းခွဲထွက်)ကွန်ဖက်ဒရေစီများရဲ့ အတ္တလန်တိတ်ဆိပ်ကမ်းများကို (မြောက်ပိုင်းယူနီယံ) ပြည်ထောင်စုတပ်များကပိတ်ဆို့ထားမှုကို ထောက်ခံတဲ့အနေနဲ့ တောင်ပိုင်းကျွန်တွေ စိုက်ပျိုးဆွတ်ခူးပေးရတဲ့ ဝါဂွမ်းထုပ်တွေကို (အင်္ဂလိပ်အလုပ်သမားများက) သယ်ပို့ပေးဖို့ ငြင်းဆန်တာဖြစ်တယ်။ ထိုစဉ်က ဗြိတိသျှနန်းရင်းဝန် လော့ပါမာစတန် Lord Palmerston က ဗြိတိသျှ ချည်စက်ပိုင်ရှင်များနဲ့ သင်္ဘောကုမ္ပဏီများရဲ့တောင်းဆိုချက်အတိုင်း ပိတ်ဆို့မှုအား အင်အားသုံးဖြိုခွဲဖို့ တော်ဝင်ရေတပ်ကိုအမိန့်ပေးတယ်။

ကျွန်ပြည်နယ်များအပေါ် အမှီပြုကာ တင်သွင်းလာတဲ့ဝါဂွမ်းထုပ်များ ပြတ်လပ်မှုကြောင့် ထိခိုက်နေတဲ့ ဗြိတိသျှချည်ထည်လုပ်ငန်းရဲ့အနာဂတ်ကို ပုံမှန်အတိုင်း ပြန်ဖြစ်စေဖို့ ဖြစ်တယ်။

(အင်္ဂလန်နိုင်ငံ) Lancashire ကို ဗဟိုပြုထားတဲ့ အထည်အလိပ်စက်မှုလုပ်ငန်းဟာ ကမ္ဘာမှာအကြီးဆုံးဖြစ်ပြီး အမေရိကန်ပြည်တွင်းစစ်မတိုင်မီက ဝါဂွမ်းအားလုံးရဲ့ လေးပုံသုံးပုံဟာလည်း အမေရိကန်တောင်ပိုင်းပြည်နယ်များမှ ထုတ်လုပ်တာဖြစ်တယ်။ ပိတ်ဆို့မှု တနှစ်တာကာလအတွင်း ရက်ကန်းစင်နှင့်ချည်ရစ်တံများ ရပ်နားထားရသဖြင့် စက်မှုထုတ်လုပ်ရေးရဲ့ ၆၀% ထိခိုက်ခဲ့ပြီး အလုပ်သမားအများအပြား ဆင်းရဲကျပ်တည်း ဒုက္ခရောက်ကြရတယ်။ သို့ပင်ဖြစ်သော်ငြားလည်း မန်ချက်စတာအလုပ်သမားထုဟာ ကွန်ဖက်ဒရေစီ (ကျွန်စနစ်) ဖျက်သိမ်းရေး အမေရိကန်ပြည်ထောင်စုစစ်ပွဲနဲ့အတူ သွေးစည်းညီညွတ်စွာ ရပ်တည်ခဲ့တယ်။

လင်ကွန်းက ယခုလိုရေးသားတယ်။ “အကျပ်အတည်းကြားက သည်းခံအားပေးခဲ့ကြတဲ့ မန်ချက်စတာနဲ့ဥရောပတခွင်က အလုပ်သမားများရဲ့ ဒုက္ခအဖုံဖုံကို ကျွန်ပ်အနေဖြင့် အလေးအနက် စိတ်မကောင်းဖြစ်ရပါတယ်”။

သူက ယခုလိုဆက်ပြောတယ် “ဒီဖြစ်ရပ်များအရ သင်တို့ရဲ့ အရေးပါတဲ့ထုတ်ဖော်ချက်များဟာ ဘယ်ခေတ်ဘယ်နိုင်ငံမှာမှ နှိပ်ကွပ်လို့မရနိုင်တဲ့ မြင့်မြတ်တဲ့ ခရစ်ယာန်သူရဲကောင်းဝါဒပမာ ကျွန်ပ်မှတ်ယူသွားပါမယ် “။

ထင်သာမြင်သာ အကြောင်းများကြောင့် ဒီအံ့အားသင့်စရာကောင်းတဲ့ ဖြစ်ရပ်များကို ဗြိတိသျှကျောင်းများမှာ ကျယ်ကျယ်ပြန့်ပြန့်မသင်ကြားတာ ဖြစ်နိုင်ပါတယ်။ ၁၈၆၂ ခုနှစ်ပိုင်းမှာ ပြည်ထောင်စုသမားတွေ(ယူနီယံတွေ) ရှုံးနိမ့်နေချိန်မှာ ပါမာစတန်နဲ့ သူ့အစိုးရအဖွဲ့ဟာ ကွန်ဖက်ဒရေစီသမားတွေရဲ့ လွတ်လပ်ရေးနဲ့အချုပ်အခြာပိုင်မှုကို အသိအမှတ်ပြုဖို့ အလေးအနက် စဉ်းစားခဲ့တယ်ဆိုတဲ့ အကြောင်းကြောင့်လည်း မဟုတ်ပါဘူး။

(ယူနီယံတွေဟာ) First Bull Run, Manassas, Fredericksburg အပါအဝင် တိုက်ပွဲတသီကြီး ရှုံးနိမ့်ခဲ့တဲ့အတွက် တည်ဆဲအုပ်စိုးသူအများအပြားက အတ္တလန်တိတ်တဖက်ကမ်း ပြိုင်ဘက်နှင့် စီးပွားရေးအင်အား ရေတပ်အင်အား တစုံတရာအားနည်းကြောင်း ပြသရာ ရောက်တဲ့အတွက် ဒီအချက်ကို အသိအမှတ်ပြုဖို့ တိုက်တွန်းပြောကြားခဲ့ကြတာဖြစ်ပါတယ်။

ဗြိတိန်အနေနဲ့ တောင်ပိုင်းကို လက်နက်ထောက်ပံ့ပြီး ပြည်တွင်းစစ်ကို ထိထိရောက်ရောက် စွက်ဖက်ဖို့ခွင့်ပြုခဲ့တယ်။

တကယ်တော့ ကျွန်စနစ်ဆန့်ကျင်ရေးအတွက် မန်ချက်စတာချည်စက် အလုပ်သမားများနဲ့ (အမေရိကန်) ပြည်ထောင်စုသမားများ သွေးစည်းညီညွတ်မှုဟာ လင်ကွန်းကောင်းချီးပေးတဲ့ မြင့်မြတ်တဲ့သူရဲကောင်းဝါဒပဲ ဖြစ်ပါတယ်။ ဒီတန်ဖိုးရှိတဲ့ထောက်ခံအားပေးမှုက ထူးခြားတဲ့ဆက်ဆံရေးကို ဖော်ညွှန်းနေတယ်။

လင်ကွန်းက ယခုလို စဉ်းစားခဲ့ပါလိမ့်မယ်။ “ယခုလို အပြန်အလှန် နားလည်ခံစားမှုကို ကျွန်ုပ်ထောပနာပြုပါတယ်။ နိမိတ်ဖတ်တဲ့အနေနဲ့ကျွန်ပ်ပြောလိုတာက သင်တို့နိုင်ငံနဲ့ ကျွန်ပ်တို့နိုင်ငံအပေါ် ဘာပဲဖြစ်ဖြစ် ဘယ်လိုကံဆိုးမိုးမှောင်ပဲ ကျရောက်နေနေ နှစ်နိုင်ငံအကြား ယခုတည်ရှိနေတဲ့ ငြိမ်းချမ်းရေးနဲ့ချစ်ကြည်ရေးဟာ ထာဝစဉ်တည်တံ့နေဖို့ ကျွန်ပ်ဆန္ဒရှိပါတယ်”။

ဒါပေမဲ့ လင်ကွန်းဟာ ထူးခြားစံထားလောက်တဲ့ သမိုင်းဝင်အိတ်ဖွင့်ပေးစာဖြင့် မန်ချက်စတာ အလုပ်သမားများရဲ့ ရပ်တည်ချက်အပေါ် ချီးကျူးထောပနာပြုရုံတင်မကဘူး။ များမကြာမီမှာ သူတို့ရဲ့အခက်အခဲကို ကူညီပံ့ပိုးတဲ့အနေနဲ့ လီဗာပူသို့ ထောက်ပံ့ရေး ရိက္ခာတင်သင်္ဘောများ စေလွှတ်ပေးပို့ခဲ့ပါတယ်။

အတ္တလန်တိတ်သမုဒ္ဒရာ တဖက်တချက်လှုပ်ခတ်သွားတဲ့ ကမ္ဘာ့သမိုင်းဝင် ကျွန်စနစ်ဖျက်သိမ်းရေးတိုက်ပွဲမှာ ဖယ်ချန်ထားလို့မရသူ နှစ်ဦးကတော့ မာ့က်စ်နဲ့အိန်ဂယ် ဖြစ်ပါတယ်။

၁၈၆၀ ခုနှစ် မာ့က်စ်မှ အိန်ဂယ်ထံပေးစာတစောင်မှာ ယခုလို ဖော်ပြထားတယ်။ “ယနေ့ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အကြီးမားဆုံး ဖြစ်ရပ်နှစ်ခုက ဂျွန်ဘရောင်းသေဆုံးမှုမှအစပြုလာတဲ့ အမေရိကား ကျွန်လှုပ်ရှားမှုနဲ့ ရုရှားမြေကျွန်လှုပ်ရှားမှုလို့ ကျွန်တော်ထင်တယ်”။

၅ နှစ်အကြာမှာ မာက့်စ်ဟာ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ပထမအင်တာနေရှင်နယ် ခေါင်းဆောင်အနေဖြင့် လင်ကွန်းထံသို့ သမ္မတထပ်မံအရွေးချယ်ခံရမှုအပေါ် ပေးစာတစောင် ပေးပို့ခဲ့တယ်။

“လူကြီးမင်းခင်ဗျား – လူကြီးမင်းရဲ့ ကြီးမားတဲ့အများစုမဲဖြင့် ထပ်မံအနိုင်ရရှိမှုအပေါ် အမေရိကန်ပြည်သူများအား ချီးကျူးဂုဏ်ပြု အပ်ပါတယ်။ အကယ်၍ ကျွန်ပြုအာဏာကို ခုခံဆန့်ကျင်ရေးဟာ လူကြီးမင်းရဲ့ ပထမအကြိမ်ရွေးကောက်ပွဲ အောင်နိုင်ရေးကြွေးကြော်သံရဲ့ ရလဒ်ဖြစ်ခဲ့ရင်၊ ဒုတိယအကြိမ်ရွေးကောက်ပွဲ တိုက်ပွဲခေါ်သံဟာ (ကျွန်စနစ်ဖျက်သိမ်းပစ်) ဖြစ်ပါတယ်”။

“ကျွန်စနစ်ဖျက်သိမ်းပစ်” ဆိုတာဟာ မန်ချက်စတာ အလုပ်သမားထုမှ ထောက်ခံပေးပို့လိုက်တဲ့ သတင်းစကားဖြစ်ပါတယ်။

ရည်ညွှန်း။ Anti-slavery solidarity united Abraham Lincoln, Karl Marx, and British Workers. By John weight. Civil War In The United States, Karl Marx & Friedrich Engels.

မြစမ်းအေး (၉ ဇူလိုင် ၂၀၂၀)

ကာချုပ်ရဲ့ ဒီလိုသဘောထားမျိုးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဝေးလွန်းပါတယ် (ကိုထွေး)

ကာချုပ်ရဲ့ ဒီလိုသဘောထားမျိုးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဝေးလွန်းပါတယ်။

(ကိုထွေး)

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄)မှာ ဖော်ပြမယ့်ဆောင်းပါး

ဗမာပြည်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်တွင်းလက်နက်ကိုင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေမှု မတားဆီးနိုင်ခြင်းမှာ ပြည်ပက ကူညီမှုတွေရှိနေတာကြောင့်လို့ သူ့ရဲ့ ရုရှားမီဒီယာတခုနဲ့အင်တာဗျူးမှာ ပြောသွားပါတယ်။ ဒီပြောဆိုပုံဟာ ကိုယ့်ကြောင့် ဖြစ်နေတာဆိုတဲ့အကြောင်းရင်းကို ဖုံးကွယ်ပြီး ကိုယ့်အပြစ်ကိုသူများတွေအပေါ် ပုံချလိုက်တဲ့ အပြောပဲဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ 

ဒီလိုစကားကို ရုရှားနိုင်ငံမှာ၊ မီဒီယာမှာ၊ ခုလို ရွေးကောက်ပွဲ အကြိုကာလမှာ ပြောလိုက်တယ်ဆိုတော့ သူ့မှာ တခြားရည်ရွယ်ချက် တွေလည်း ရှိလိမ့်မယ်ဆိုတာ အားလုံးက သဘောပေါက်ကြမှာပါပဲ။ ဒီမှာ သူ့ရဲ့တခြားရည်ရွယ်ချက်များအကြောင်းမပြောဘဲ ငြိမ်းချမ်းရေးမရ ရတဲ့အကြောင်းကိုပဲ ပြောချင်ပါတယ်။

အင်တာဗျူးမှာပြောတဲ့သူ့စကားကို အဓိပ္ပာယ်ကောက်ရရင် ပြည်ပက ကူညီမှုတွေမရှိခဲ့ရင်တော့ စစ်တပ်က ပြည်တွင်းရှိ လက်နက် ကိုင်အင်အားစုအားလုံးကို အပြတ်ချေမှုန်းနိုင်ပြီး သူတို့လိုချင်တဲ့ပုံစံနဲ့ခင်းပေးထားတဲ့ ငြိမ်းချမ်းရေးဆိုတာကို တည်ဆောက်နိုင်မှာပဲလို့ ပြောလိုက်တာဖြစ်ပါတယ်။ 

အဓိက- က ဒီစိတ်ဓာတ်၊ ဒီစိတ်နေသဘောထား၊ ဒီအတွေးအခေါ်ကြောင့်ပဲ ပြည်တွင်းစစ် အဆုံးမသတ်နိုင်ဘဲ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်တာဖြစ်ပါတယ်။ ဒီစိတ်ဓာတ်မျိုးကိုကိုင်စွဲနေသမျှ ခုခံဆန့်ကျင်တိုက်ပွဲဝင်နေသူများက ဆက်လက်တိုက်ပွဲဝင် နေမှာဖြစ်ပြီး၊ ငြိမ်းချမ်းရေး ရဖို့ကလည်း အလှမ်းဝေးနေဦးမှာသာဖြစ်ပါတယ်။

ပြည်တွင်းစစ်ဖြစ်ရတာရဲ့ အရင်းခံပြဿနာဟာ ဒီမိုကရေစီရေးနဲ့အမျိုးသားတန်းတူရေးမရှိလို့ဆိုတာ စစ်အုပ်စုက မှန်ကန်တဲ့ စိတ်ရင်းသဘောထားနဲ့ လက်ခံတာမျိုး မရှိပါ၊ ဖြေရှင်းဖို့လည်း မကြိုးစားပါ။ စစ်အုပ်စုဟာ စစ်အာဏာရှင်စနစ် သားစဉ်မြေးဆက် ထာဝရအာဏာရှိနေစေဖို့ ၂၀၀၈ အခြေခံဥပဒေကိုရေးဆွဲပြီး စစ်ဗျူရိုကရက် အရင်းရှင်လူတန်းစားနဲ့ သူတို့လက်သပ်မွေးထားတဲ့ စစ်ခရိုနီများကိုသာ လက်ဝါးကြီးအုပ်ခွင့် အပြည့်အဝ ပေးထားနေတာဖြစ်ပါတယ်။ ဒီအခြေအနေမှာ အင်အားစုတချို့နဲ့ လူပုဂ္ဂိုလ်တချို့ အလျှော့ပေးသွားကြတာရှိပေမယ့် စစ်မှန်တဲ့ဒီမိုကရေစီ အပြည့်အဝရရှိလိုသူများနဲ့ အမျိုးသားတန်းတူမှု အပြည့်အဝ ရရှိလိုသူများ ကတော့ ဒီပြဿနာရဲ့အဓိကတရားခံ စစ်အာဏာရှင်စနစ်ကို မလျှော့သောဇွဲနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြပါတယ်။ ဒါကြောင့် ပလောင်၊ ကိုးကန့်၊ ရခိုင်လူမျိုးများရဲ့ လက်နက်ကိုင်တိုက်ပွဲများဟာ အနီးခေတ်မှာ ပြန်လည်ပေါ်ပေါက် ကြီးထွားလာတာ ဖြစ်ပါတယ်။

ခုခံဆန့်ကျင်တိုက်ပွဲဝင်သူတွေဟာ ကိုယ့်အင်အားကို တည်ဆောက်နိုင်အောင် ကြိုးစားတာဟာ တရားနည်းလမ်းကျပါတယ်။ ပြည်သူ့ဘဏ္ဍာငွေကို ဗုံးပေါလအောသုံးကာ တရားဝင်လူသတ်ခွင့်လိုင်စင် ကိုင်ဆောင်ခွင့်ရထားပြီး၊ သူတို့ ရမ်းကားခဲ့သမျှအားလုံးကို နိုင်ငံတော်အကျိုးစီးပွားကာကွယ်မှုအဖြစ် ပြောခွင့်ရနေတဲ့ အာဏာရစစ်တပ်ကို ခုခံဆန့်ကျင်တိုက်ပွဲဝင်လိုတဲ့ အင်အားစုတွေဟာ၊ သူတို့ရဲ့တိုက်အား ပိုမိုကောင်းမွန်လာစေရေးအတွက် အကူအညီရမယ်ဆိုရင် ရယူဖို့စဉ်းစားမှာပါပဲ။ ဗမာပြည်သမိုင်းမှာ ၄၈-၄၉ ခုနှစ်က ရန်ကုန်အစိုးရဖြစ်နေတဲ့ ဖဆပလအစိုးရဟာ လက်နက်ခဲယမ်း အခက်အခဲတွေ့နေချိန်မှာ အိန္ဒိယနေရူးအစိုးရဆီက အကူအညီ သွားတောင်းခဲ့ပြီး အသက်ဆက်ခဲ့ရတယ်မဟုတ်ပါလား။ ပြည်တွင်းစစ် နှစ်(၇၀)ကျော်အတွင်းမှာ သူပုန်ရော၊ အစိုးရပါ ဝယ်နိုင်သမျှ၊ ရှာရသမျှ၊ ရှိသမျှ၊ ကြုံသမျှ အကူအညီကို ရယူခဲ့ကြပြီး ကိုယ်နိုင်ဖို့ ကြိုးစားမှုတွေ လုပ်ခဲ့ကြတာပဲမဟုတ်ပါလား။ ဒီ အင်တာဗျူး ကလည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားရဲ့အကူအညီရချင်လို့၊ ရတဲ့အကူအညီနဲ့ ပြည်တွင်း လက်နက်ကိုင်တိုက်နေသူများကို အပြုတ်ချေမှုန်းနိုင်ဖို့ ကြိုးစားလိုက်တဲ့ လုပ်ဆောင်မှုတခုပဲ မဟုတ်ပါလား။

ဗမာပြည်က လက်နက်ကိုင်ခုခံတိုက်ပွဲဝင်နေသူတွေဟာ၊ ဝါသနာပါလို့ စစ်တိုက်နေကြတာမဟုတ်ပါဘူး၊ ရသင့်တဲ့နိုင်ငံရေး အခွင့်အရေးတွေကို ငြိမ်းချမ်းစွာတင်ပြတောင်းယူလို့မရဘဲ၊ ဖမ်းဆီးနှိပ် စက်တာခံကြရလွန်းလို့၊ လက်နက်ကိုင်ခုခံတဲ့ နည်းသာရှိတော့လို့ ဖြစ်ပါတယ်။ အလားတူပဲ ဗမာ့တပ်မတော်မှာ စစ်မှုထမ်းနေကြတဲ့ အောက်ခြေက အကြပ်တပ်မှူးနဲ့ တပ်သားတွေဟာလည်း ပျော်လွန်းလို့စစ်တိုက်နေကြတာ မဟုတ်ပါဘူး။ တဝမ်းတခါးအတွက် ရရာအလုပ်ရှာမရလို့ စစ်တပ်ထဲရောက်ကာ အသက်မွေး ဝမ်းကျောင်းနေကြရသူကအများကြီးပါ။ အထက်စစ်အုပ်စုက သူတို့အကျိုးစီးပွားကာကွယ်ချင်လို့ သူတို့ကို ဆန့်ကျင်တိုက်ပွဲဝင် သူတွေကို တိုက်ခိုက်သတ်ဖြတ်ရန် အမိန့်ပေးမှုများကို တာဝန်အရသာ လုပ်နေကြရသူတွေသာ ဖြစ်ပါတယ်။ စစ်တပ်အောက်ခြေ တပ်မှူးတပ်သားတွေက စစ်အုပ်စုနဲ့ စစ်ဗျူရိုကရက်အရင်းရှင်တွေအုပ်စိုးမှု အဓွန့်ရှည်ရေးအတွက် အဓိပ္ပာယ်မရှိ စစ်တိုက်ပေးနေ ကြရတာကို သဘောပေါက်ပြီး အမိန့်ဖီဆန်လာကြရင်တော့ စစ်အုပ်စုပြိုပျက်တာ ပိုမြန်သွားစေမှာ မုချပါပဲ။ အောက်ခြေ တပ်မှူးတပ်သားတွေရဲ့လက်ထဲမှာ သူတို့အသက်တွေ ရှိနေတာ မဟုတ်ပါလား။

တကယ်က ပြည်တွင်းစစ်လုံးဝပြီးသွားဖို့ နိုင်ငံရေးအရ အင်အားစုအားလုံးပါဝင်ပြီး တန်းတူရည်တူ၊ဒီမိုကရေစီပြည့်အဝနဲ့ ဆွေးနွေး ညှိနှိုင်းဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အခုဖြစ်ခဲ့သလို စစ်အာဏာသိမ်း၊ စစ်အစိုးရကသူ့စိတ်ကြိုက်စီစဉ်၊ ညောင်နှစ်ပင်ညီလာခံလုပ်ပြီး သူတို့လိုချင်သမျှယူ- သူတို့ပေးချင်သလောက်ပဲပေးလိုက်တဲ့ ၂၀၀၈အခြေခံဥပဒေမျိုး တဖက်သတ်ရေးဆွဲချမှတ် ကျင့်သုံးကာ၊ အတင်းအကျပ်လက်ခံခိုင်းတဲ့နည်းလမ်းမျိုးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ အမျိုးသားတန်းတူညီမျှမှု ရှိအောင် အကောင်အထည် မဖော်နိုင်ပါဘူး။ လက်မခံသူတွေကိုရန်သူ၊ အကြမ်းဖက်သူများအဖြစ် သတ်မှတ်ပြီး၊အခုလို စစ်ရေးအရ ချေမှုန်းတဲ့ပေါ်လစီ ကျင့်သုံးနေသမျှတော့ တိုင်းပြည်အခြေအနေ ပိုဆိုးပြီး စစ်ပွဲရှည်ကြာသထက်ရှည်ကြာဖို့သာ ရှိပါတော့တယ်။

၇-၇-၂၀