Monthly Archives: November 2020

အလုပ်သမားတိုက်ပွဲတွေကို ဖိတ်ခေါ်နေတဲ့ ရင်ကြားစေ့အစိုးရ (မောင်သန်းမြရွှေ)

အလုပ်သမားတိုက်ပွဲတွေကို ဖိတ်ခေါ်နေတဲ့ ရင်ကြားစေ့အစိုးရ

(မောင်သန်းမြရွှေ)

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

၂၀၂၀ သြဂုတ် ၅ နေ့စွဲနဲ့ သတင်းတပုဒ်ဖတ်ရတယ်။

လှိုင်သာယာမြို့နယ်ရှိ Gust Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၉၇ဦးအား ခံဝန်ဝရမ်းထုတ်ပြီး ရုံးချိန်းထပ်မံပျက်ကွက်ပါက ဒဏ်ငွေသိန်း၅၀ ဆောင်ရမည်ဖြစ်ကြောင်း တရားသူကြီးက ပြောလိုက်တယ်လို့ဆိုတယ်။ မလာရင်ခွင့်မဲ့ဝရမ်းထုတ်မယ်။ တရားခံပြေး အဖြစ်ကြေညာမယ်။ ရဲကိုလွှတ်လိုက်ပြီး ရှာမယ်။ ဘယ်နေရာဘယ်အချိန်ဖြစ်ဖြစ် တွေ့တဲ့နေရာဖမ်းမယ်လို့ ဆိုတယ်။

ဖြစ်စဉ်မှာ ဆန္ဒပြသပိတ်စခန်းဖွင့်တောင်းဆိုမှုကြောင့် အလုပ်သမား ၉၇ ဦးအား လှိုင်သာယာမြို့နယ် အလဆဦးစီးမှုးဦးသိန်းမင်းထွန်းက ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၄၆(ဃ) ၄၇ဖြင့် မတ်လ ၁၃ ရက်နေ့တွင် စတင်တရားစွဲဆိုခဲ့တာ ဖြစ်တယ်။

အမှုကကြာပြီ။ ရုံးချိန်း ၄ ကြိမ်ရှိပြီ။ ကိုဗစ်၁၉ နဲ့ သင်္ကြန်မတိုင်မီ ကတည်းကဖြစ်ပြီး ၅လကြာနေပြီဖြစ်တယ်။ ဒီကြားထဲ အလုပ်သမတွေ လူစုကွဲ ဖရိုဖရဲဖြစ်၊ တချို့ရွာပြန် တချို့ရရာအလုပ်ရှာလုပ်၊ လက်လှုပ်မှပါးစပ်လှုပ်ရသူတွေ၊ ဘယ်သူက ကျွေးထားလို့လဲ။ တရားသူကြီးက ပြောလိုက်ပုံက နင်တို့က တရားခံတွေဖြစ်နေပြီတဲ့။ အလုပ်သမားတွေကို ရာဇဝတ်သားတွေလို ဆက်ဆံနေတယ်။ အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုကို ရာဇဝတ်မှုအဖြစ်ပုံဖော်နေတယ်။ ရဲလွှတ်ပြီးဖမ်းမယ်၊ ဒဏ်ငွေ သိန်း၅၀လည်း ရိုက်ဦးမယ်တဲ့။ ဒါလား အလုပ်သမားတွေအပေါ်ထားတဲ့ သဘောထား။ ဒါလား ဆင်ခြင်တုံတရားနဲ့ တရားရေးမဏ္ဍိုင်။

နှိုင်းယှဉ်ကြည့်နိုင်ဖို့ နောက်အမှုတချို့တင်ပြပါမယ်။

သြဂုတ် ၅ ရက် – တောင်ဒဂုံ EURO Gate အထည်စက်ရုံပိုင်ရှင်မှ ၅ ကြိမ်မြောက်သည်အထိ ရုံးချိန်းမလာ။ အလုပ်သမား ၇၀၀ ကျော်အတွက် မတ် – ဧပြီ ၂ လစာလုပ်ခ ကျပ်သိန်း ၁၀၀၀ နီးပါး မပေးဘဲရှောင်နေတယ်။ တရားရုံးက ဖမ်းဝရမ်းမထုတ်၊ အလဆရုံးကလည်း တုတ်တုတ်မျှ မလှုပ်၊ မတို့မထိ။ အလုပ်သမားတွေကတော့ ငတ်တလှည့်ပြတ်တလှည့်။

သြဂုတ် ၇ ရက် – ရွှေပြည်သာစက်မှုဇုန်(၁) ABLE GLAD MYANMAR စက်ရုံ အလုပ်သမား ၆၆၉ ဦးအား လုပ်ခရှင်းမပေးဘဲ လုပ်ငန်းရှင်ထွက်ပြေး။

သြဂုတ်လ ၆ ရက် – လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် DENSO ဝါယာကြိုးစက်ရုံ အလုပ်သမား ၇၆ ဦး လုပ်အားလျှော့ချ ( အလုပ်ရပ်စဲ)။ အလုပ်သမားများမှ လျော်ကြေးမယူဘဲ ၁၀ ရက်စာလုပ်ခကျန်ငွေ ထုတ်ပေးရေးနဲ့ အလုပ်ပြန်ရရေး အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနသို့ တိုင်ကြားသော်လည်း ဘာမှမတတ်နိုင်။

သြဂုတ် ၆ – Vince Myanmar ဖိနပ်စက်ရုံ အလုပ်သမား ၈၀၀ကျော် အလုပ် ၄၅ရက် ယာယီရပ်ဆိုင်းမယ်။ အလုပ်နားစဉ် တရက်လုပ်ခ ၄၈၀၀ ကျပ် (မှတ်ချက်။ အနည်းဆုံးအခကြေးငွေ ဥပဒေပုဒ်မ ၄၃(ဇ)အရ ယာယီပိတ်သိမ်းချိန်ကာလမှာ တာဝန်ထမ်းဆောင်နေသကဲ့သို့ အပြည့်အဝပေးရမည်လို့ ပြဋ္ဌာန်းထားသော်လည်း) မပေးဘဲ ကျပ် ၂၀၀၀ လောက်သာပေးမယ်လို့ ဆိုတယ်။ အလုပ်သမားများက ထိုင်သပိတ်မှောက်တောင်းဆိုတော့ ကိုဗစ်၁၉ကာလ ကူးစက်ရောဂါကာကွယ်ရေးပုဒ်မ ၁၅ ဖြင့် အရေးယူတယ်။

လှိုင်သာယာ အနော်ရထာစက်မှုဇုန် Dishing Group (Myanmar) အုပ်စု Dihuali အထည်ချုပ်စက်ရုံ အလုပ်သမား ၇၀၀ ကျော်ကို ဇူလိုင် ၃၀ မှာ အလုပ်မှထုတ်ခဲ့တယ်။ အလုပ်ထုတ်နစ်နာကြေးကို ဥပဒေအတိုင်းမပေးဘဲ တဦးလျှင် ကျပ် ၂သိန်းမှ ၂သိန်းခွဲသာ ပေးတဲ့အတွက် မတတ်သာလို့ (ငတ်မှာစိုးလို့) ယူရသော်လည်း မယူဘဲနေသူ ၁၀၀ကျော်ရှိတယ်။ မြန်မာပြည်တရားဥပဒေများကို အားကိုးလို့မရတဲ့အတွက် အမှတ်တံဆိပ် Brand (အပ်ထည်ပင်ရင်း)ကိုသာ စာပို့တိုင်ကြားထားတယ်လို့ ဆိုတယ် (တရားကျစရာ)။

ကိုဗစ်ကာလ (သင်္ကြန်မှစတွက်ရင် ၄ လ) အတွင်း စာရင်းအတိအကျမသိပေမယ့် စက်ရုံပိတ်တာ- ရာကျော်မယ်။ အလုပ်ပြုတ်တာ ၂ သိန်းကျော်မယ်။ တရားစွဲခံရအဖမ်းခံရတဲ့ အလုပ်သမားတွေ တပုံကြီးရှိတယ်။ ပြည်တော်ပြန်ရွှေ့ပြောင်းလုပ်သား ၁သိန်းကျော်မယ်။ မပြန်နိုင်သေးတာလည်း သိန်းပေါင်းများစွာပဲ။ အကြမ်းဖျင်း ခန့်မှန်းကြည့်တာပါ။ ကမ္ဘာနဲ့ချီဖြစ်တဲ့ ရောဂါကပ် စီးပွားရေးကပ် ဖြစ်လို့ မရှောင်လွှဲနိုင်တာကို နားလည်နိုင်သော်လည်း၊ ရင်ကြားစေ့အစိုးရဟာ ကုစားရေးနည်းလမ်းမှန်ကို မရှာကြံနိုင်တဲ့အပြင် ခရိုနီလုပ်ငန်းရှင်တွေကိုသာ အကာအကွယ်ပေးပြီး အလုပ်သမားတွေအပေါ် မျက်နှာလွှဲခဲပစ် တဖက်သတ်ဖိနှိပ်နေတယ်။

စက်ရုံတွေက အလုပ်ထုတ်တာ အလုပ်သမားလျှော့ချတာမှာ သမဂ္ဂဝင်တွေကို ရွေးပြီးအလုပ်ဖြုတ်တယ်။ ပြန်ခန့်တဲ့အခါ တခြားလူ ခန့်တယ်။ သမဂ္ဂဝင်တွေ အလုပ်သမားခေါင်းဆောင်တွေကို အမည်ပျက်စာရင်း Black List ပြုစုထားပြီး အလုပ်ရှင်ချင်းဝံသာနုဖွဲ့ ကြတယ်။ ဒါဟာ ဥပဒေကိုလက်တလုံးခြားလုပ် အလုပ်သမားကို ကျွန်ပြုချင်တာ မဟုတ်ဘူးလား။ အလုပ်သမားတွေ တောင်းဆိုနေတာက – Brandအော်ဒါမရလို့ စက်ရုံပိတ်ရရင် ဥပဒေအတိုင်း နစ်နာကြေးပေးပါ။ ပြန်ဖွင့်ရင် ဦးစားပေးပြန်ခန့်ပါ ဆိုတာပါပဲ။ တချို့စက်ရုံတွေက တကယ်ပိတ်တာမဟုတ်ဘူး။ ပိတ်ယောင်ပြပြီး မလိုသူကိုထုတ်ပယ် လိုသူကိုပြန်ခန့် လုပ်ကြပြန်တယ်။ အလုပ်သမားတွေက မကျေနပ်လို့ သပိတ်မှောက်ပြန်တော့ မဆိုင်တဲ့ဥပဒေမျိုးစုံတပ်ပြီး ထောင်ချပြန်တယ်။ မဲကျတော့လိုချင်ပြန်ရော။ No Vote မလုပ်ကြပါနဲ့တဲ့။

မြန်မာ့အထည်ချုပ်လုပ်ငန်း အနေနဲ့ ယခုဘဏ္ဍာနှစ် ၁၀ လအတွင်း ချုပ်ထည်တင်ပို့မှုကနေ ဒါ်လာ ၃.၇ ဘီလီယံကျော် ရရှိထားပြီး၊ ဒါဟာ မနှစ်ကဒီကာလထက် ဒေါ်လာ ၆၀ သန်းကျော် လျော့နည်းတယ်လို့ သတင်းတရပ်ကဆိုတယ်။ ဒါဟာ ၂% လောက် လျော့သွားတာပါ။ ဒီဒဏ်ကို အလုပ်သမားတွေခေါင်းပေါ် ပုံချလို့မဖြစ်ပါဘူး။ ဓနဥစ္စာတိုးပွားအောင် လုပ်အားနဲ့အရင်း ပူးပေါင်းဖန်တီးရာမှာ မျှတစွာခွဲဝေတဲ့ မူဝါဒ ထိန်းကျောင်းမှု ရှိဖို့လိုပါတယ်။ တရုတ်ပြည် အတွေ့အကြုံအရ တံခါးဖွင့်စီးပွားရေး အစောပိုင်းကာလမှာ ဘိုရင်းလေယာဉ်တစီး ဝယ်နိုင်ဖို့ အထည် သန်း၆၀ ချုပ်ရတယ်လို့ ဆိုတယ်။ ယခုနှစ် ၄၀ အကြာမှာ သူတို့ကိုယ်တိုင် ခေတ်မီလေယာဉ်တွေ တည်ဆောက် တင်ပို့နိုင်နေပြီ။ဗမာပြည်အတွေ့အကြုံအရ Dihuali အထည်ချုပ်စက်ရုံမှာ တထည်ပျမ်းမျှ ဒေါ်လာ၂၀၀ (ကျပ် ၃သိန်းခန့်)တန် ဂျာကင်တထည်ချုပ်ခ ကျပ်၂၂၀ သာရရှိတယ်။ စက်ရုံကတောင်းဆိုတဲ့ အထည်၃၀ မပြီးရင် ထပ်အဖြတ်ခံရတယ်။ ဒါကြောင့် လုပ်ခရှင်းတော့ အပြည့်အဝ မရကြပါဘူး။ တထည်ချုပ်ခ ကျပ် ၄၀၀ အထိတိုးပေးဖို့ တောင်းဆိုတော့ အလုပ်သမားတွေ အလုပ်ဖြုတ်ခံရတယ်။ အုပ်စိုးသူလူတန်းစား အဆက်ဆက်ဟာ အလုပ်သမားတွေကို နလပိန်းတုံးတွေ ခိုင်းဖတ်တွေလို့ သဘောထားခဲ့တယ်။ ဒီပုံနဲ့တော့ ဗမာပြည်ကျောက်ခေတ်က တက်တော့မှာ မဟုတ်တော့ဘူး။

၂၀၀၈ နဲ့ အကာအကွယ်ပေးထားတဲ့ စစ်ခရိုနီလူတန်းစားရဲ့အကျိုးစီးပွားကို မထိပါးရဲတဲ့ ရင်ကြားစေ့လစ်ဘရယ်အစိုးရဟာလည်း အလုပ်သမားလူတန်းစားကို ပြဿနာကောင်တွေလို့ မြင်နေတယ်။

ဗမာပြည်အလုပ်သမားလူတန်းစားဆိုတာ ၁၃၀၀ပြည့်အရေးတော်ပုံကြီးမှာ ကတည်းက သမိုင်းဖန်တီးရာမှာ လှံသွားနေရာရ ပါဝင်တဲ့ လူတန်းစားဖြစ်ပါတယ်။

မောင်သန်းမြရွှေ (၁၀ သြဂုတ် ၂၀၂၀)

ကိုဗစ်လွန် ပုံမှန်အနေအထားသစ်(ညီဌေးကျော်)

ကိုဗစ်လွန် ပုံမှန်အနေအထားသစ်

(ညီဌေးကျော်)

ဩဂုတ်လလယ်မှာစတင်လာတဲ့ COVID-19 ဒုတိယလှိုင်းဟာ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ရန်ကုန်ကို ဗဟိုပြုပြီး အကြီးအကျယ်ပျံ့နှံ့နေပါပြီ။ (၁၆−၁၀−၂၀၂၀ ည ၈ နာရီသတင်းအရ စုစုပေါင်းအတည်ပြုလူနာ ၃၃၄၈၈ ဦး၊ သေဆုံး ၇၉၉ ဦး ရှိပြီဖြစ်ပါတယ်)။ ဘယ်လောက်ထိ တိုးဦးမလဲ၊ ဘယ်တောါ့ထိန်းချုပ်နိုင်မလဲက ရေရေရာရာမရှိပါဘူး။ သာမန်လူထုသာမက ဆေးဝန်ထမ်းတွေ ဘုန်းကြီးတွေ သီလရှင်တွေ စစ်သားရဲသားတွေ ဝန်ထမ်းနဲ့အလုပ်သမားတွအထိ ပျံ့နှံ့နေပါပြီ။ ကျောင်းတွေပိတ်ထားလို့ တော်တော့တယ်။ (ရွေးကောက်ပွဲက ကိုဗစ်နဲ့တန်းတူမက ပိုအရေးကြီးတာကြောင့်) လူစုလူဝေးနဲ့ ဟေးလားဝါးလား မဲဆွယ်ပွဲတွေတော့ခွင့်ပြုထားပါတယ်။     

ကုလသမဂ္ဂကော ပြည်သူတရပ်လုံးကပါ ရခိုင်စစ်ပွဲရပ်ဖို့ ကိုဗစ်ကိုထိထိရောက်ရောက် တညီတညွတ်တည်းတိုက်ဖို့ တိုက်တွန်း ပြောကြားကြသော်လည်း ၂၀၀၈အောက်က စစ်ခရိုနီ+ လစ်ဘရယ် ရင်ကြားစေ့အစိုးရက မလုပ်ဘူး။ ရခိုင်ကတဆင့် ရန်ကုန်ကို ပြန့်လာတဲ့ ကိုဗစ်ဒုတိယလှိုင်းရဲ့ ကူးစက်မှုနှုန်းနဲ့သေဆုံးမှုနှုန်း ဂရပ်မျဉ်းက ထောင်တက်နေပါတယ်။

ကိုဗစ်တိုက်ဖျက်ရေးဗဟိုဥက္ကဋ္ဌ အတိုင်ပင်ခံပုဂ္ဂိုလ်က အကောင်းမြင်မျှော်လင့်ချက် ရုပ်သံမိန့်ခွန်းတွေ ဘယ်လောက်ပဲချွေနေနေ ဗမာပြည်ရဲ့ ချည့်နဲ့နေတဲ့ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်စွမ်းအားစုတွေ ခြေကုန်လက်ပန်း ကျလာနေပါပြီ။ ရန်ကုန် နောက်ဆုံးတိုက်ပွဲလည်း (၆ ပတ်ကျော်ပြီ) မထိန်းချုပ်နိုင်သေးကြောင်း ဆေးဘက်ဆိုင်ရာ ပညာရှင်တွေကိုယ်တိုင် ထုတ်ဖော် ပြောခဲ့ကြတာ ကြားကြမှာပါ။

ဆေးပညာရှင်တွေက ကာကွယ်ရေးနဲ့ကုသရေးဆိုင်ရာ ပညာရပ်ပိုင်းကိုပဲ ပြောနိုင်မှာဖြစ်ပါတယ်။ ဒါကိုအကောင်အထည်ဖော်ဖို့က အုပ်ချုပ်ရေးပိုင်း(အစိုးရ)တာဝန်ပါ။ ဗျူဟာချမှတ်တာ၊ လုပ်ငန်းစဉ်ရေးဆွဲတာ၊ လူအားရုပ်ဝတ္ထုအားငွေအား စသည် စည်းရုံးတာ၊ အခိုင်အမာစီမံခန့်ခွဲတာ စတာတွေဟာ အုပ်ချုပ်ရေးပိုင်းကလုပ်ရမှာပါ။ အစိုးရတာဝန်ယူရမယ့်အပိုင်းကို လူထုကိုပဲ ကိုယ့်အသိနဲ့လိုက်နာဖို့ (ဒါ့အပြင် ခရိုနီတွေရဲ့ ဒါနမြောက်မှုကို ချီးမွမ်းဖို့) ပြောနေရုံနဲ့ မပြီးပါဘူး။

ကမ္ဘာကိုပုံချနေလို့လည်း မပြီးပါဘူး။ ကိုယ့်နိုင်ငံအရေး ကိုယ်တိုင်လုပ်မှရမှာပါ။ ဆင်းရဲတဲ့နိုင်ငံဖြစ်ရင်တော့ အစိုးရက ပြည်သူလူထုကို ပိုမိုဂရုစိုက်ရမှာပါ။ ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကို တာဝန်သိသိ အလေးထားမှုရှိရှိ အကာအကွယ်ပြုပေးရမှာပါ။ ဆင်းရဲချမ်းသာမဟူ တချို့နိုင်ငံတွေ ထိန်းချုပ်နိုင်တယ် (ဥပမာ တရုတ်၊ လာအို၊ ဗီယက်နမ်)။ နိုင်ငံကြီးတွေအတော်များများ မထိန်းချုပ်နိုင်သေးဘူး (ဥပမာ အမေရိကန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား)။

ရန်ကုန်မှာ ၂ ပတ် ပိတ်ထားတဲ့ လက်ခစား CMP စက်ရုံအလုပ်ရုံတွေကို နောက်ထပ်၂ပတ် ဆက်ပိတ်ထားဖို့ ညွှန်ကြားထားသော်လည်း အောက်တိုဘာ ၁၂ မှစ၍ ပြန်ဖွင့်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပြန်တယ်။ A အဆင့်လမ်းညွန်ချက်နဲ့ကိုက်ဖို့ (၆ပေကွာဖို့ လက်ဆေး နှာခေါင်းစည်းတပ် ကိုယ်ပူတိုင်း အသုတ်ခွဲ စသည်) ဆိုတာ မလွယ်ပါဘူး။ အစုအဝေးနဲ့လုပ်ရတဲ့ စက်ရုံများမှာ A အဆင့်မီဖို့ဆိုတာ စက်ရုံအများစု ၉၀% က မမီဘူးလို့ပြောပါတယ်။ အလုပ်သမားတွေကို ဆုပ်ဆူးစားရူး ဘဝတွေဖြစ်အောင် တွန်းပို့နေ ပါတယ်။

မကြာခင် ရွေးကောက်ပွဲ လာဦးတော့မှာပါ။ A အဆင့် လမ်းညွှန်ချက်နဲ့ညီအောင် လွတ်လပ်တရားမျှတတဲ့ ကိုဗစ်ရွေးကောက်ပွဲ ဘယ်လိုကျင်းပမလဲ။ တွေ့ရတော့မှာပါ။

ကိုဗစ်ကို နိုင်အောင်မတိုက်နိုင်သေးခင် ကိုဗစ်နဲ့အလိုက်သင့် နေထိုင်ဖို့ ပုံမှန်အနေအထားသစ် New normal ဖြစ်ဖို့ ပြောကြတာ ရှိပါတယ်။ New normal ဆိုတာမှာ တက်ကြွတာ Active နဲ့ ချည့်နဲ့တာ Passive နှစ်မျိုးရှိပါတယ်။ ကိုဗစ်လွန်ကာလကို မြော်မြင်ပြီး ဗျူဟာချတာ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်တာကို ရည်ညွှန်းတဲ့စကားပါ။ ၂၀၀၈-၁၀ စီးပွားကပ်လွန် ကမ္ဘာမှုစီးပွားရေး အဆောက်အအုံ ပြုပြင်ပြောင်းလဲရေးနဲ့ယှဉ်ပြီး သုံးနှုန်းပြောဆိုလာတဲ့ စကားပါ။ ဗမာပြည် New normal ဟာ သဗေသတ္တာ ကမ္မသကာလား။ လက်လျှော့အရှုံးပေးရေးလား။ ရုန်းကန်လှုပ်ရှား တိုက်ပွဲနဲ့အတူ ကျော်လွှားရေးလား။

ကမ္ဘာနဲ့ချီဖြစ်ပွားနေတဲ့ စီးပွားကပ် ကုန်သွယ်စစ် နည်းပညာတော်လှန်ရေးနဲ့ ကိုဗစ်ကပ်ကြောင့် ကမ္ဘာကြီးဟာ အကြီးအကျယ် မတည်မငြိမ်ဖြစ်နေပါတယ်။ IMF က ကမ္ဘာ့ GDP ၅%လောက် ကျဆင်းသွားမယ်လို့ဆိုထားသော်လည်း တကယ်က ဒါထက်ပို နက်ရှိုင်းပါတယ်။ နိုင်ငံတိုင်းလိုလို GDP ကျဆင်းပြီး တချို့ဆို ကျုံ့သွားမယ် (အနုတ်လက္ခဏာပြမယ်) လို့ဆိုပါတယ်။ ဗမာပြည်လည်း ဘာခံနိုင်မှာလဲ။ စိန်ခေါ်မှုတွေကဘာတွေလဲ၊ ဘယ်လိုကျော်လွှားမလဲ၊ အမြော်အမြင်ရှိဖို့လိုပါတယ်။

ဒီချုပ်အစိုးရလက်ထက် ၄နှစ်အတွင်း အထည်ချုပ်လို CMP လက်ခစားအလုပ်ရုံတွေမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၁၀ဆတိုးပြီး အလုပ်အကိုင် ၆ သိန်းလောက် ဖန်တီးနိုင်တယ်။ တနှစ်ကိုဒေါ်လာ ၅ ဘီလီယံလောက်အထိ တင်ပို့နိုင်တယ်လို့ဆိုတယ်။ ဒါဟာ ဒီချုပ်အစိုးရလက်ထက် ဝင်ငွေရလမ်းသစ်ပါ။ ဒါကို အောင်ပွဲလို့ထင်နေတယ်။ ယခင်လို သဘာဝဓာတ်ငွေ့ကရတဲ့ (ပွင့်လင်းမြင်သာ မရှိတဲ့)ဝင်ငွေကရေနံဈေးကျလို့ အခြေအနေမကောင်းတော့ပါဘူး။ ကျန်သယံဇာတတွေလည်း ကျိန်စာသင့်ကုန်ပြီဖြစ်တယ်။

ဗမာပြည်ဟာ အခြေခံအားဖြင့် လယ်ယာစိုက်ပျိုရေးနိုင်ငံပါ။ ကမ္ဘာ့ဘဏ် ၂၀၁၉အစီရင်ခံစာအရ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ၁၂.၅သန်းခန့်(တနိုင်ငံလုံးလုပ်သားအင်အားရဲ့ ၅၁%) လို့ဆိုတယ်။ တပ်သိမ်းမြေ ဦးပိုင်သိမ်းမြေ ခရိုနီသိမ်းမြေ ဗိုလ်ချုပ်ကြီးများပိုင်မြေ တပည့်သားမြေးများဝေစုရမြေ စတဲ့ လယ်ယာမြေမောင်ပိုင်စီးမှုများကြောင့် လယ်သမားတွေ ကြွေးတင်လယ်ဆုံး ဘဝပျက် ရွှေ့ပြောင်းလုပ်သားဘဝ ရောက်ကြရပါတယ်။

ဒါပေမဲ့ စိုက်ဧကနဲ့စပါးထွက် သိသိသာသာတိုးလာတာ မရှိပါဘူး။ အမျိုသားစက်မှုလုပ်ငန်း မထွန်းကားပါဘူး။ ခိုင်းနွားနဲ့ လယ်ယာလုပ်သားရှားပါးလာလို့ လယ်ထွန်စက် စပါးချွေလှေ့စက် စတာတွေ ပြည်ပကတင်သွင်းပြီး ထွန်ယက်စိုက်ပျိုးဖို့ဆိုတာ မြေရှင်နဲ့ချမ်းသာလယ်သမားပဲ တတ်နိုင်တာပါ။ ကြွေးတင်ကျွန်ဖြစ်ပြီး ဘဝပျက်လာတဲ့ လယ်သမားတွေ မြို့နေဆင်းရဲဘဝနဲ့ ကြုံရာကျပန်း လုပ်စားကြရတာပါ။ အရွယ်ကောင်းလူငယ်လူရွယ်တွေ သန်းနဲ့ချီပြီး ပြည်ပထွက် အလုပ်ကြမ်းမျိုးစုံ လုပ်ကြရပါတယ်။

ရန်ကုန်တိုင်း စက်မှုဇုန်များမှာပင် အလုပ်ရုံပေါင်း ၆၆၃၂ရှိပြီး အလုပ်သမား(အမျိုးသမီး၉၀%) ၆၈၀,၀၀၀ ခန့်ရှိတယ်လို့ဆိုတယ်။ ရန်ကုန်လူဦးရေ ၇ သန်းလောက်မှာ ၂သန်းကျော်က ကျေးလက်မှ စီးပွားပျက်ကာ ရွှေ့ပြောင်းလာတဲ့ လယ်သမားများဖြစ်တယ် လို့ဆိုပါတယ်။

ကိုဗစ်ကပ်နဲ့အတူ ကမ္ဘာတဝန်း ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းများ အများအပြား ထိခိုက်ကုန်တယ်။ ထုတ်လုပ်ရေးလည်းကျသလို စားသုံးမှုဝယ်လိုအားလည်းကျတယ်။ အမေရိကန် EU ဂျပန် တောင်ကိုရီးယား စတဲ့ ဖောက်သည်နိုင်ငံတွေ အားလုံး ကျနေတာပါ။ အမေရိကန်မှာပင် အဝတ်အထည်ရောင်းအား စက်တင်ဘာလထဲမှာ ၇၃.၅% ကျဆင်းသွားတယ်လို့ဆိုတယ်။ ဒါပေမဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်းစက်ရုံတွေ အကြီးအကျယ်စီးပွားဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး ကုသဆေးတွေ အလုအယက်ထုတ်လုပ် လာကြပါတယ်။ ဗမာပြည်မှာက နှာခေါင်းစည်းတို့ အကာအကွယ်ဝတ်စုံ PPE တို့ကိုပင် ပြည်တွင်းမှာမထုတ်လုပ်နိုင်ဘဲ အလှူခံနေရတုန်း ပြည်ပက ဝယ်နေရတုန်းပါ။

စိုက်ပျိုးရေးနဲ့စားသောက်ကုန်လုပ်ငန်းကလည်း ကုန်သည်ကြီးတွေ စျေးကစားတာ၊ တန်ဖိုးမြှင့် value added စားသောက်ကုန် ထုတ်လုပ်နိုင်မှု အားနည်းတာကြောင့် လယ်သမားတွေ စျေးကောင်းမရကြပါဘူး။ ဒါ့အပြင် ဗမာပြည်လယ်ယာစိုက်ပျိုးရေးက အဖက်ဖက်က ချည့်နဲ့နေပါတယ်။ လယ်လုပ်သူလယ်ပိုင်ရမယ်။ မတရားသိမ်းထားတဲ့ လယ်မြေတွေ လက်ငုတ်ဟောင်း/သစ်များထံ ပြန်ပေးရမယ်။ ပဒေသရာဇ်သွေးစုပ်မှုကို ဖျက်သိမ်းရမယ်။ စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရမယ်။ ဈေးကွက်တိုးချဲ့ရမယ်။ စီမံကိန်းရှိရမယ်။ တခွန်းတည်းပြောရရင် မြေယာတော်လှန်ရေး လုပ်ရပါမယ်။

လယ်ယာစီးပွားရေး အခြေခိုင်မှ စက်မှု ဝန်ဆောင်မှု နည်းပညာ စီးပွားရေးကို အမှီအခိုကင်းစွာ တက်လှမ်းနိုင်မှာပါ။ အလုပ်သမား လယ်သမား ခိုင်မြဲတဲ့ မဟာမိတ်ဖွဲ့မှုဆိုတာ ဒါကိုရည်ညွှန်းတာပါ။

စက်မှုတော်လှန်ရေးနဲ့အတူ အရင်းရှင်စနစ် ပရမ်းပတာဖွံ့ဖြိုးမှုနဲ့ ကပ်ဆိုက်မှုသံသရာကို ရှောင်ရှားနိုင်ဖို့ဆိုရင် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးနဲ့သာ ဖွံ့ဖြိုးမှုလမ်းကြောင်းမှန်ကို လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ကိုဗစ်ရွေးကောက်ပွဲထက် ၂၀၀၈ဖျက်သိမ်းရေးက ကိုဗစ်လွန်ဗမာပြည်သစ်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ညီဌေးကျော် (၁၆ အောက်တိုဘာ ၂၀၂၀)

၂၀၂၀ ရွေးကောက်ပွဲလွန် အရွေ့(ကိုတူး)

၂၀၂၀ ရွေးကောက်ပွဲလွန် အရွေ့

(ကိုတူး)

ရွေးကောက်ပွဲ ၈ နိုဝင်ဘာမှာ ပြီးသွားပြီ။ ရွေးကော် UEC က မဲဆန္ဒနယ်တချို့ရဲ့အနိုင်အရှုံးကို တတိတိကြေညာနေသော်လည်း   အပြီးသတ်အနိုင်အရှူံးကို  ပြတ်ပြတ်သားသားမကြေညာနိုင်သေးဘူး။ တခြားပါတီများထံမှ ဘာသံမှမကြားရပေမယ့် ကြံ့ဖွံ့ကတော့ ရလဒ်ကိုလက်မခံသေးပဲ မဲမသမာမှုများရှိနေသဖြင့် ပြန်လည်စိစစ်ပေးရန်တောင်းဆိုထားတယ်။ ခရီးက မပြီးဆုံးသေးဘူးလို့ဆိုတယ်။  ဒီချုပ်ဘက်ကတော့ အစိုးရဖွဲ့နိုင်တာထက် ကျော်လွန်တဲ့ပမာဏနဲ့ တောင်ပြိုကမ်းပြိုတင်မက မိုးကောင်းကင်ပြိုကျသလို သူတို့ ပြတ်ပြတ်သားသား အနိုင်ရတယ်လို့ဆိုတယ်။   

၁၁ ရက်နေ့ညနေမှာ ရွေးကော်နဲ့ကြံ့ဖွံ့ အပြိုင်သတင်းစာရှင်းပွဲ လုပ်ကြတယ်။ ရွေးကော်က အမျှတဆုံးကျင်းပပေးခဲ့တဲ့ရွေးကောက်ပွဲဖြစ်ကြောင်း အငြင်းပွားမှုရှိရင် ရွေးကောက်ပွဲဥပဒေအရ ဒီမိုကရေစီနည်းကျဖြေရှင်းကြဖို့ ပြောသွားတယ်။ အနိုင်အရှုံးမဲရလဒ် အပြည့်အစုံကြေညာဖို့ ၅-၇ ရက်ခန့်ကြာမယ်လို့ဆိုတယ်။ ကြံ့ဖွံ့ကတော့ ရွေးကောက်ပွဲကို အသိအမှတ်မပြု ကန့်ကွက်ကြောင်းနဲ့ ရွေးကော်အနေနဲ့ တပ်မတော်နဲ့ပူးပေါင်းပြီး ရွေးကောက်ပွဲသစ် အမြန်ဆုံး ပြန်လည်ကျင်းပပေးရန် တောင်းဆိုတယ်လို့ဆိုတယ်။

နိုင်ငံခြားသံတမန်များကတော့ အနီးကပ်စောင့်ကြည့်နေတဲ့ သဘောပြောသော်လည်း ရွေးကော်က တရားဝင်မကြေညာသေးတဲ့အတွက် ဝမ်းမြောက်ဂုဏ်ပြုစကား မပြောသေးဘူး။ ဂျပန်ဝန်ကြီးချုပ်တဦးပဲ ပြောသံကြားရသေးတယ်။

ရွေးကောက်ပွဲမတိုင်မီလေးတင် သမ္မတရုံးနဲ့ကာချုပ်ရုံး (မိငယ်နဲ့သာဝကြား) ပွတ်တိုက်မှုများ လူသိရှင်ကြား ပေါ်ထွက်လာခဲ့ပါတယ်။ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲမှာ ကိုယ်တိုင်မဲလာထည့်ရင်း သူလိုချင်တာပြောသွားပြီ။ အမျိုးဘာသာသာသနာ (မဘသ)နဲ့ အရေးသုံးပါး အလေးထားတဲ့ပါတီ၊ တပ်မတော်နဲ့ လက်တွဲနိုင်တဲ့ပါတီကို မဲပေးခဲ့ကြောင်း ပြောသွားပြီ။ NCA လမ်းကြောင်းအတိုင်း (ကာချုပ်မူ၆ချက်အတိုင်း) သွားဖို့ တပ်ကော်မတီကိုလည်း ဖွဲ့ပေးသွားပြီ။ သူ့အဆင့်ဟာ နိုင်ငံတော်အင်္ဂါစဉ်မှာ ဒုသမ္မတအဆင့် ဖြစ်ကြောင်းလည်း ပြောသွားပြီ။

ဒီချုပ်ဘက်ကတော့ National Unity Government လို့ လေသံပစ်ထားပြီး စစ်အုပ်စုနဲ့ စေ့စပ်ဖို့ပြင်နေတယ်။ အရင်တုန်းကတော့ ဗိုလ်ရွှေမန်းအောင်သွယ်ပေးမှုနဲ့ အန်ကယ့်မြေးမှတဆင့် စေ့စပ်ရေးလမ်းဖွင့်ခဲ့တယ်။ ဘာတွေပေးပြီး ဘာတွေရခဲ့လဲဆိုတာ ပြီးခဲ့တဲ့၅နှစ်သက်တမ်းမှာ တွေ့နိုင်တယ်။ အခုလည်း ဒီလမ်းကြောင်းက ပွင့်နေတုန်းပဲဆိုတဲ့ လက္ခဏာတွေ့နေရတယ်။ (အန်ကယ့်ခေတ်မကုန်သေးဘူးပေါ့)

မဲလာပေးတဲ့ပုံနဲ့အတူ ထွက်ပေါ်လာတဲ့ သမ္မတဟောင်းဦးသိန်းစိန်ရဲ့ မိဘပြည်သူများသို့ တင်ပြချက်ဆိုတဲ့ အသံဖိုင်မှာ ယခုလိုပြောသွားတာ တွေ့ရတယ် – (ပြုပြင်ပြောင်းလဲရေးကို တကယ်လုပ်မယ်ဆိုရင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို အခြေခံရပါမယ်။ Governance of National Unity ဆိုတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကိုယ်စားပြုတဲ့ အစိုးရပုံစံမျိုး အကောင်အထည်ဖော်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ညွန့်ပေါင်းအစိုးရဆိုတဲ့ ပုံသဏ္ဌာန်ထက် အနှစ်သာရအရရော စုဖွဲ့မှုအရပါ ကွာခြားမှာဖြစ်ပါတယ်) တဲ့။

အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government (or) National Solidarity Government ဆိုတာ အနောက်နိုင်ငံ ဓနရှင်နိုင်ငံရေးမှာ ပြောရိုးပြောစဉ်စကားပါ။ ရွေးကောက်ပွဲအနိုင်ရသူက (မဲဆွယ်စဉ် လူပြိန်းကြိုက် ကလော်ခဲ့ဆော်ခဲ့နှက်ခဲ့တဲ့အပေါ် ဗွေမယူကြောင်း) gentleman ထုံးစံအရပြောတာပါ။ စကားလုံးသက်သက်ပါပဲ။ တကယ်တမ်းမှာ ကိုယ်လိုသလို ပုံဖော်ကြတာပါ။

၂၀၂၀ရွေးကောက်ပွဲဆိုတဲ့ (၂၀၀၈ အောက်ဒူးထောက်ခိုင်းတဲ့) လမ်းပေါက်တပေါက်သာ ဖွင့်ထားတဲ့အတွက် လူထုဟာ စစ်အစိုးရ ဆန့်ကျင်ရေးအတွက် ပေါ်ပြူလာမဲ စုပြုံပေးခဲ့တာဖြစ်ပါတယ်။ လွတ်တော်ပ လူထုတိုက်ပွဲတွေကို ရင်ကြားစေ့အစိုးရက ကိုဗစ်ကို အကြောင်းပြ ဖိနှိပ်ထားတယ်။ ရွေးကောက်ပွဲလွန် အာဏာလွန်ပွဲအတွက် စေ့စပ်ဈေးဆစ်နေချိန်မှာတော့ ကိုဗစ်ကိုအန်တုပြီး နှစ်ဖက်စလုံးက လမ်းပေါ်ထွက် အားပြနေကြလိမ့်ဦးမယ်။ ရွေးကောက်ပွဲလမ်းကိုတော့ နှစ်ဖက်စလုံးက ပိတ်ချင်မှာမဟုတ်ပါဘူး။ ဒီချုပ်အနေနဲ့လည်း ရယ်ဒီကယ်အင်အားစုတွေကို ရည်ရွယ်ပြောတဲ့ ပြောခွင့်ရသူရဲ့ “အတက်ကြွလွန်ပြီး မလုပ်သင့်တာတွေ လုပ်မိတတ်ပါတယ်”ဆိုတဲ့စကားလို လုပ်ရဲတာမဟုတ်ပါဘူး။ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ ရယ်ဒီကယ်လူထုတိုက်ပွဲ မပါဘဲ ဘယ်တုန်းကရွေ့ဖူးလို့လဲ။

ဒီချုပ်က ၉၀ ရွေးကောက်ပွဲရလဒ်ကို ဂန္ဒီကြေညာချက်နဲ့ အညံ့ခံခဲ့ပေမယ့် ရယ်ဒီကယ်အင်အားစုတွေရဲ့ အဆက်မပြတ် လူထုတိုက်ပွဲတွေကြောင့် ဒီချုပ်အစိုးရရယ်လို့ဖြစ်လာတာကို မမေ့ပါနဲ့။ လစ်ဘရယ်တွေ ဘယ်လောက်ရွေ့နိုင်မလဲ။ အစိုးရအလွှဲအပြောင်း ဘယ်လောက်ချောမွေ့မလဲ။ ဗမာပြည်အနာဂတ် ဘာလဲ။

ရွေးကောက်ပွဲလွန် နိုင်ငံရေး စစ်ရေး စီးပွားရေး လူမှုရေး ကျန်းမာရေး သံတမန်ရေး အကျပ်အတည်းပေါင်းစုံ စောင့်ကြိုနေပါတယ်။

ကိုတူး(၁၁ နိုဝင်ဘာ ၂၀၂၀)

ရွေးကောက်ပွဲပြီးတော့ဘာရမလဲ(ရဲဘော်ဖိုးသံချောင်း)

ရွေးကောက်ပွဲပြီးတော့ဘာရမလဲ

(ရဲဘော်ဖိုးသံချောင်း)

ငါးနှစ်တကြိမ်ကျင်းပတဲ့ ရွေးကောက်ပွဲကြီးတော့ပြီးသွားပြီ။

ဘယ်သူမှမျှော်လင့်မထားတဲ့ အဖြေတွေတွေ့ကြရပါတယ်။

ဒီချုပ်က အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲကထက်တောင် ပိုပြတ်အောင်နိုင်ခဲ့ပါတယ်။ အများထင်မှတ်မထားတဲ့အဖြေလို့ဆိုရင်မမှားပါဘူး။ အများမျှော်လင့်ထားတဲ့ အကြိတ်အနယ်ပြိုင်ကြတဲ့မဲဆန္ဒနယ်ဆိုတာတွေလည်း မရှိသလောက်ဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်တွေကတောင် အကုန်ထွက်မလာသေးဘူး အစိုးရရဲ့ထုတ်ပြန်ချက်၊ ဗိုလ်မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲရလဒ်ကိုလက်ခံမယ်ဆိုတဲ့ ပြောကြားချက်၊ စစ်တပ်ရဲ့ထုတ်ပြန်ချက်၊ ဒီချုပ်ရဲ့ထုတ်ပြန်ချက်၊ နိုင်ငံတော်အတိုင်ပင်ခံရဲ့ပြောကြားချက်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ပြန်ကြားချက်စတာတွေ အလျှိုလျှိုထွက်လာကြတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကပဲ ဒီအဖွဲ့အစည်း အသီးသီးအတွင်းမှာ ဆွေးနွေးပြီး၊ ဆုံးဖြတ်ချက်ကျပြီးများဖြစ်နေသလား စဉ်းစားစရာ။

သဘာဝကျစွာပဲ ဗမာပြည်သားများနဲ့ ဗမာပြည်အရေးကိုစိတ်ဝင်စားကြတဲ့ နိုင်ငံခြားသားများကတော့ ဒီရွေးကောက်ပွဲအလွန်မှာ ဗမာပြည်မှာ ဘာအပြောင်းအလဲတွေများတွေ့ရမလဲလို့ တွေးကြပါတယ်။ ဒီတခါရွေးကောက်ပွဲမှာဝင်ပြိုင်ကြတဲ့ ဒီချုပ်အပါ အဖွဲ့အစည်းကြီးတွေဟာ၂ဝ၁၅ရွေးကောက်ပွဲမတိုင်မီကပြောကြသလို သူတို့သာအစိုးရဖြစ် ရင် ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေကိုရအောင် ပြင်မယ်၊ ငြိမ်းချမ်းရေး ရအောင်ယူပေးမယ်စတဲ့ အခိုင်အမာကတိမျိုးတွေ မပေးခဲ့တာကိုလည်းမစဉ်းစားဘဲမနေနိုင်ကြဘူး။ သူတို့တတွေအနေနဲ့ ၂ဝ၁၅ရွေးကောက်ပွဲအတွေ့အကြုံအရ ရွေးကောက်ပွဲမှာအပြတ် အသတ်အနိုင်ရလည်း ဘာမှမလုပ်နိုင်ဘူးဆိုတာကို သဘောပေါက်လက်ခံလိုက်ကြတဲ့ သဘောလားပဲ။

စစ်တပ်(စစ်အုပ်စု) အင်အားနဲ့ ဒီမိုကရေစီအင်အားစုများဆိုတဲ့ အထဲကပဲ ရွေးစရာရှိတဲ့အခြေအနေအောက်မှာ ပြည်သူတွေက ဒီချုပ်ကို အပြတ်ရွေးသွားကြတာလို့ပဲ မြင်ပါတယ်။ အခုတော့ ရွေးကောက်ပွဲကိစ္စက ပြီးသွားပါပြီ။ ဘာများ မျှော်လင့်စရာ ရှိပါသလဲ ။ 

ပြီးခဲ့ငါးနှစ်တာအတွေ့အကြုံအရ တိုင်းပြည်ကြီးမွဲသထက်မွဲလာတာ၊ ပြည်တွင်းစစ်ကြီး ပြင်းထန်သထက်ပြင်းထန်လာတာ၊ တိုင်းပြည်ရဲ့သဘာဝသယံဇာတတွေ လျော့ပါးပြုန်းတီး၊ သဘာဝပတ်ဝန်းကျင် ဆိုးဆိုးဝါးဝါးပျက်ပြားတာ၊ ကိုဗစ်-၁၉ရှေ့မှာလည်စင်း ပေးကြရတာတွေကိုပဲ ပြန်တွေးနေကြမှာပါ။

ဒါ့အပြင် မကြာသေးခင်က ဗိုလ်မင်းအောင်လှိုင်ပြောခဲ့တဲ့ “ဘာမဆိုလုပ်ရဲတယ်”ဆိုတဲ့ အပြောမျိုးကိုလည်း ဘယ်သူကမှမပယ်ဖျက်၊ မငြင်းပယ်ကြတာကိုလည်း စောင့်ကြည့် သတိပြုမိနေကြပါတယ်။

အပြီးသတ်တော့လည်း ဝှီးဖတ်ဖြစ်ခဲ့တဲ့ရွေးကောက်ပွဲကြီးနောက်ပိုင်းမှာ စစ်ဗိုလ်ချုပ်ကြီးများရဲ့ မပြီးနိုင်မဆုံးနိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာတွေ၊ ရခိုင်အမျိုးသားတွေကို ရက်ရက်စက်စက်သတ်ဖြတ် ဘလက္ကာယပြုတာတွေ၊ အိုင်စီဂျေရှေ့မှာ မျက်နှာထူထူနဲ့ ထိုးဇာတ်ခင်းတာ စတဲ့ဓာတ်ပြားဟောင်းကြီးကိုပဲ ပြန်ဖွင့်ကြမှာပါ။ ချမ်းသာသူကချမ်းသာ၊ ဆင်းရဲသူကဆင်းရဲဆိုတဲ့ အနေအထားကတော့ ပြောင်းလဲစရာမရှိပါဘူး။ ငွေတွေအမြောက်အမြားသုံး၊ ရောဂါတွေအကူးစက်ခံ၊ အချင်းချင်းငြင်းကြခုန်ကြ၊ ကွဲကြပြဲကြ၊ မီဒီယာတွေမှာဖောင်လောက် အောင်ပြော၊ တောတွေဖြတ်၊ တောင်တွေကျော်၊ လုပ်လိုက်ကြရတာဖတ်ဖတ်ကိုမောလို့၊ 

ဒီလိုနဲ့ လမ်းဆုံးလို့ကိုယ့်ကိုယ်ကိုပြန်ကြည့်လိုက်တော့ မူလစထွက်တဲ့ ၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတဲ့ အရိပ်မည်းကြီးအောက်မှာရပ်နေတာကိုပဲ တွေ့ကြရပါတယ်။

ရဲဘော်ဖိုးသံချောင်း

ရွေးကောက်ပွဲနောက်ကွယ်မှာ (မောင်သန်းမြရွှေ)

ရွေးကောက်ပွဲနောက်ကွယ်မှာ

မောင်သန်းမြရွှေ

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၁၅ နိုဝင်ဘာနေ့စွဲနဲ့ တရားဝင် ထုတ်ပြန်လိုက်ပါပြီ။ ဒီချုပ်က ပြည်သူ့လွှတ်တော် ၂၅၈၊ အမျိုးသားလွှတ်တော် ၁၃၈ (ပြည်ထောင်စုလွှတ်တော် ၃၉၆ နေရာ)၊ ကြံ့ဖွံ့က ပြည်သူ့လွှတ်တော် ၂၆၊ အမျိုးသားလွှတ်တော် ၇ (ပြည်ထောင်စုလွှတ်တော် ၃၃ နေရာ) အနိုင်ရရှိပြီး၊ ကျန်နေရာများကတော့ တိုင်းရင်းသားပါတီ ၁၇ ပါတီတို့ အသီးသီးရရှိကြပါတယ်။

ဒီချုပ်ဟာ ဒုတိယအကြိမ် တောင်ပြိုကမ်းပြို ထမ်မံအနိုင်ရရှိတာဖြစ်ပြီး ပထမအကြိမ် (၂၀၁၅)ထက် ပိုမိုအနိုင်ရရှိတာလည်းဖြစ်တယ်။ ဒီချုပ်နိုင်တဲ့မဲဆန္ဒနယ်တွေမှာ ကြံ့ဖွံ့ပါတီ ရှုံးနိမ့်ပါတယ်၊ (ရခိုင်မှာ မဲဆန္ဒနယ် ၉ နေရာ၊ ရှမ်းပြည်နယ်မှာ မဲဆန္ဒနယ်တချို့ ရွေးကောက်ပွဲ မကျင်းပနိုင်တာရှိသော်လည်း) ရှမ်းပြည်နယ်မှာ SNLD နဲ့ရခိုင်ပြည်နယ်မှာ ANP တို့ နေရာအများအပြား အနိုင်ရရှိကြပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ၂၀၁၅ နဲ့နှိုင်းယှဉ်ရင် ထူးထူးခြားခြား အပြောင်းအလဲ မရှိပါဘူး။ တခုလုံးခြုံကြည့်ရရင် ၂၀၂၀ ရွေးကောက်ပွဲဟာ (၁၉၉၀ ရွေးကောက်ပွဲကလိုပဲ) ဒီချုပ်နဲ့ စစ်အုပ်စုကိုယ်စားပြု ကြံံ့ဖွံ့တို့ပဲ ထိပ်တိုက် အပြိုင် ဖြစ်နေပါတယ်။

ထူးခြားတာတခုက ဗိုလ်မင်းအောင်လှိုင်ကိုယ်တိုင်ထွက်ပြီး တိုင်းစစ်ဌာနချုပ်တချို့သို့ သွားရောက်မိန့်ခွန်းခြွေကာ နိမိတ်ပြမဲဆွယ်ခဲ့သော်လည်း တပ်နယ်မြေအများအပြားမှာ ဒီချုပ်အနိုင်ရတာပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနီးလို့ ရက်ပိုင်းအလိုမှာ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ရဲ့ ကြေညာချက် ၂စောင် အင်တာဗျူး ၂ခု (Popular News နဲ့ ဂျပန် Asahi Shimbun) ထွက်ပေါ်လာပါတယ်။ ရွေးကောက်ပွဲရလဒ်မကောင်းရင် ကြံ့ဖွံ့ဘက်ပင်းပြီး အာဏာသိမ်းမယ့် ခြိမ်းခြောက်သံ သဘောကြောင့် လူထုကြီးက ကိုဗစ်ကြားက အုံနဲ့ကျင်းနဲ့ထွက်လာကာ ဒီချုပ်ကိုမဲပုံပေးကြတာလားဆိုပြီး ခန့်မှန်းရပါတယ်။

၉၀ ရွေးကောက်ပွဲတုန်းက စစ်အုပ်စုက လွှတ်တော်ခေါ်ခွင့် အစိုးရဖွဲ့ ခွင့် မပေးခဲ့ဘူး။ ကာချုပ်ဗိုလ်စောမောင်ကို အရူးတံဆိပ်တပ်ကာ တပ်ကအနားပေးပြီး ဗိုလ်သန်းရွှေကာချုပ်ဖြစ်လာခဲ့တယ်။ ဒီပဲယင်းအခင်းဖြစ်ပွားပြီးနောက် ၂၀၀၄မှာ ထိုစဉ်က ကိုယ့်ကိုယ်ကိုယ် အိမ်ရှေ့မင်းလို့ အထင်ရောက်နေတဲ့ ဗိုလ်ခင်ညွန့် ဖြူတ်ထုတ်ရှင်းလုပ်တာ ခံခဲ့ရတယ်။

၂၀၁၅ ရွေးကောက်ပွဲက ၂၀၀၈ ခြေဥအောက်က ရွေးကောက်ပွဲပါ။ ဒီချုပ်တောင်ပြိုကမ်းပြိုအနိုင်ရတော့ (၂၀၀၈အောက်မှာကတဲ့ ဇာတ်ပွဲဖြစ်လို့) အန်ကယ့်နှလုံးစိတ်ဝမ်းအေးချမ်းဖို့ ဆုတောင်းမေတ္တာပို့သတဲ့အတွက် အာဏာလွှဲပြောင်းရေး အဆင်ပြေခဲ့ပါတယ်။

ယခု ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီချုပ်မိုးကောင်းကင်ပါ ပြိုကျတဲ့အထိ အနိုင်ရရှိသော်လည်း စစ်အုပ်စုထောက်ခံမှုမရရင် ဆက်ပြီး မရှင်သန်နိုင်ပါဘူး။ လစ်ဘရယ်ဗိုင်းရပ်စ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ပါးလိုပဲ ရှင်သန်နိုင်ဖို့အမှီအတွယ်ရှာရပါတယ်။ လူထုကိုမမှီခိုရင် စစ်အုပ်စုကို ဆက်ပြီး မှီခိုဖို့ပဲရှိပါတယ်။

ဗိုလ်မင်းအောင်လှိုင်နားတော့မယ်ဆိုတဲ့ ကောလာဟလသတင်း ထွက်ပေါ်နေပါတယ်။ နားရင်လည်း အံ့သြစရာမရှိပါဘူး။ ရှေ့မှာ ဗိုလ်စောမောင် ဗိုလ်ခင်ညွန့် ဘယ်လိုဖြစ်ခဲ့သလဲ သင်ခန်းစာရှိပါတယ်။ ဗိုလ်မင်းအောင်လှိုင် အရာကျသွားပေမယ့် စစ်ဗျူရိုကရေစီယန္တရား(စစ်တပ်)နဲ့ ၂၀၀၈ စစ်ခြေဥက အလုံးအရပ်လျော့သွားတာ မဟုတ်ပါဘူး။

ကြံ့ဖွံ့ကတော့ အဘကိုယ်တိုင်ဖန်တီးခဲ့တဲ့ နိုင်ငံရေးအမွေခံပါတီ ဖြစ်တာကြောင့် ယတိပြတ်ဖျက်လိုက်လို့လည်း မဖြစ်။ လူထုလက်မခံတော့တဲ့ (အရေးသုံးပါး+မဘသ) မျိုးချစ်ရှော်ဗင်ဝါဒနဲ့ ဘယ်လို ဆက်စခန်းသွားမလဲ။ ၂၁ ရာစု ကမ္ဘာမှုအပြောင်းအလဲနဲ့ ကိုက်ညီမယ့် အတုအယောင်တခုကို ရှာကြံရတော့မှာဖြစ်တယ်။

၂၀၀၈ အောက်မှာ ခေတ်ကာလနဲ့ကိုက်ညီမယ့် အနေအထားတရပ်ကို ဘယ်လိုယူကြမလဲဆိုတာ စစ်အုပ်စုနဲ့ဒီချုပ်တို့ ကြံဆကြရာမှ (နှစ်ဖက်စလုံးက ထုတ်ဖော်ပြောကြားလာတဲ့) အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government ဆိုတဲ့ခေါင်းစည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ (ပြည်တွင်းစစ်ရပ်စဲရေး – အမျိုးသားတန်းတူရေး – ၂၀၀၈ဖျက်သိမ်းရေး) ဆိုတဲ့ နိုင်ငံရေးအနှစ်သာရမပါဘဲ အာဏာဝေစုခွဲရေးသာ ဖြစ်နေတဲ့အတွက် အနှစ်မပါဗလာစကားသာ ဖြစ်နေပါတယ်။

ဒီချုပ်ဒုဥက္ကဋ္ဌလက်မှတ်နဲ့(၂၀၀၈အောက်က) ဥပဒေတွင်းတိုင်းရင်းသားပါတီ ၆၈ ပါတီကို ကမ်းလှမ်းနေသော်လည်း၊ တကယ်အရေးကြီးတဲ့ စစ်မီးတောက်နေတဲ့ ရခိုင်ဒေသမှာ AA ကို ဖြတ်လေးဖြတ်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေမှုကို ရပ်စဲခြင်းမပြုပါဘူး။ NCA လမ်းကြောင်းအောက်က ၂၁ ပင်လုံဟာ ဘယ်လိုဥပါယ်တံမျဉ်နဲ့ပဲ လုပ်လုပ် အသက်ဝင်မှာ မဟုတ်ပါဘူး။

ကိုဗစ်ကာလမှာ နှစ်ဖက်စလုံးတပြိုင်တည်း ချက်ချင်းအပစ်အခတ်ရပ်စဲပြီး ကြိုတင်စည်းကမ်းသတ်မှတ်ချက် မထားရှိဘဲ ရခိုင်ပြည်နယ် စစ်မီးငြိမ်းအေးစေရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားကြရန်နဲ့၊ မိမိတို့ရဲ့ အပြုသဘောဆောင်တဲ့ သဘောထားကို ထုတ်ဖော်ပြသဖို့ လစ်ဘရယ်+စစ်ခရိုနီ ရင်ကြားစေ့အစိုးရကို ဗမာပြည်ကွန်မြူနစ်ပါတီက (၂၄ သြဂုတ် ၂၀၂၀ ရက်စွဲနဲ့) အလေးအနက် တိုက်တွန်းခဲ့ပါတယ်။

ပြည်တွင်းပြည်ပ အခြေအနေအရပ်ရပ်ဟာ အကြီးအကျယ် ကသောင်းကနင်းဖြစ် ရှုပ်ထွေး စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရတဲ့ အပြောင်းအလဲကာလတရပ်ကို ဖြတ်ကျော်နေရတာ အားလုံးအသိပါ။ ကမ္ဘာနဲ့ချီဖြစ်ပွားနေတဲ့ ကိုဗစ်ကပ် စီးပွားကပ်နဲ့ ပြည်တွင်းစစ်အောက် အဘက်ဘက်ကယိုယွင်းနေတဲ့ ဗမာပြည်အတွက်၊ ပကတိဘာဝ အကြောင်းအချက်များကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်ရင် ဆန္ဒစွဲကျပြီး တိုင်းပြည်နစ်နာမယ့်အန္တရာယ်ကိုမြော်မြင်ကာ သတိပေးတိုက်တွန်းတာ ဖြစ်ပါတယ်။

ဗိုလ်မင်းအောင်လှိုင်ရဲ့ မှန်/ပြန်အဖွဲ့က ရခိုင်ဒေသမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ AA ရဲ့ တိုက်တွန်းချက်ကို တပ်မတော်က လက်ခံကြိုဆိုကြောင်း ထုတ်ပြန်တယ်။ ရွေးကောက်ပွဲသစ်ပြန်လုပ်ဖို့ ကြံ့ဖွံ့ရဲ့တောင်းဆိုမှုဟာ တပ်မတော်ရဲ့သဘောထားမဟုတ်ဘူးလို့ (ဘာမဆိုလုပ်ရဲတယ် ဆိုတာနဲ့ပြောင်းပြန် ဂငယ်ကွေ့​ ကွေ့ပြီး) ထုတ်ဖော်ပြောကြားပြန်တယ်။ ဗိုလ်မင်းအောင်လှိုင်သာ စကားကို ခုတမျိုးတော်ကြာတမျိုး ဖြစ်နေတာမဟုတ်ပါဘူး။ အတိုင်ပင်ခံကိုယ်တိုင်လည်း ခုတမျိုးတော်ကြာတမျိုး ဖြစ်နေတာပါ။ ကိုဗစ်က အရေးကြီးတယ်ပြောလိုက်၊ ရွေးကောက်ပွဲက အရေးကြီးတယ်ပြောလိုက်၊ ၂၁ပင်လုံ အရေးကြီးတယ်ပြောလိုက်၊ အကြမ်းဖက်သောင်းကျန်းသူချေမှုန်းရေး အရေးကြီးတယ်ပြောလိုက် ဖြစ်နေတာပါ။

မည်သို့ပင်ဖြစ်စေ ရခိုင်ဒေသမှာ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးအတွက် စတင်ဆွေးနွေးခြင်းဟာ ခြေလှမ်းမှန်ဖြစ်ကြောင်း ထပ်မံ တိုက်တွန်းလိုပါတယ်။ မြောက်ပိုင်းမဟာမိတ်၃ဖွဲ့(ကိုးကန့်၊ တအာင်း၊ အေအေ) ရဲ့ ၁၁ နိုဝင်ဘာ ၂၀၂၀ ထုတ်ပြန်ကြေညာချက်အရ ဆွေးနွေးပွဲတံခါး ပွင့်နေကြောင်း ထင်ရှားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲနိုင် ဒီချုပ်အနေနဲ့ ငြိမ်းချမ်းရေးလမ်းပဲ ခင်းနိုင်မလား စစ်အုပ်စုနောက်မြီးဆွဲပဲ ဖြစ်နေမလား အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူလူထုကြီးက စောင့်ကြည့်နေပါတယ်။

မောင်သန်းမြရွှေ(၁၆ နိုဝင်ဘာ ၂၀၂၀)

ရှေ့ကိုဆက်လက်ချီ၊ (တင်ဝင်း)

ရှေ့ကိုဆက်လက်ချီ၊

(တင်ဝင်း)

စင်တင်ပေးခဲ့သူ မဲဆန္ဒရှင်များရဲ့မျှော်လင့်ချက်နဲ့ဆန့်ကျင်စွာ ၂၀၁၅ အစိုးရသက်တမ်းကာလမှာ စစ်အုပ်စုနဲ့ရင်ကြားစေ့ရေးဘက်လှည့်သွားတဲ့ NLD ရဲ့ ပေါ်လစီများကြောင့် စစ်အုပ်စုရဲ့ပြည်သူအပေါ် ဖိနှပ်စစ်ပြုတဲ့လုပ်ရပ်များဟာ ပိုအတင့်ရဲလာတယ်။ လက်ဝါးကြီးအုပ်အရင်းရှင်များရဲ့ လုပ်သားပြည်သူများအပေါ်  သွေးစုပ်မှုဟာလည်း ပိုပြင်းထန်ခဲ့တယ်။ ပြည်သူလူထုရဲ့ ဘဝအထွေအထွေအခြေအနေဟာလည်း ပိုဆိုးဝါးလာတယ်။ ဒီနောက်ခံမှာ အုပ်စိုးသူက စီမံခန့်ခွဲတဲ့ရွေးကောက်ပွဲဆိုတဲ့ နိုင်ငံရေးအစီအစဉ်အရ ၂၀၂၀ ရွေးကောက်ပွဲအတွင်း(၂၀၀၈ ခြေဥ ချည်မန်းကွင်းမှာ) NLD အပြတ်အသတ်အနိုင်ရသွားတယ်ဆိုတာ၊ သူ့အပေါ် လူထုက ဘယ်လောက်အားထားသလဲဆိုတဲ့သဘောဖော်ပြချက်သက်သက်အဖြစ် အပိုင်အနိုင်ကောက်ချက်ချလို့မရပါဘူး။ စစ်အုပ်စုအပေါ် လူထုက ဘယ်လောက်ဆန့်ကျင်သလဲဆိုတဲ့သဘောကို ရောင်ပြန်ဟပ်တာလည်း အဓိကကျတဲ့အကြောင်းရင်းအနေနဲ့ ပါနေမှာဖြစ်ကြောင်း အသေအချာပြောနိုင်ပါတယ်

စစ်အုပ်စုနဲ့ ရင်ကြားစေ့ရေးလုပ်ခဲ့တဲ့ NLD ကိုယ်တိုင်အပါအဝင် နိုင်ငံရေးပါတီများအပြင် စစ်အုပ်စုပါ ဒီအချက်ကို ခံစားသိရှိမှာမလွဲပါ။ ၂၀၁၅ တုန်းကလို ” ပြည်သူ့အစိုးရ ” နာမည်ပေး အမွှမ်းတင်တာ ဝေဝေဆာဆာ မတွေ့ရတော့ပါ၊ အပေါ်စီးမယူဘဲ တခြားပါတီများကိုလည်း အခွင့်အာဏာ ဝေမျှပေးမယ်၊ အားလုံးပါဝင်နိုင်မယ့် အမျိုးသားညီညွတ်ရေးအစိုးရ ပုံစံတခုတည်းမှာ အားလုံးပြန်လည်ဆုံတွေ့နိုင်ဖို့မျှော်လင့်ပါတယ်လို့ NLD ကိုယ်တိုင် လုပ်လာရတယ်။ (ဒီလို လေသံထွက်လာတာကလည်း ၂၀၂၀ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ရာမှာ တခြားပါတီတွေရဲ့ ထောက်ခံမှုရယူပြီး အားဖြည့်လိုတဲ့သဘောလည်း ပါနိုင်ပါတယ်။ )

တခုလုံးအနေအထားအရတော့ ဒီချုပ်ဟာ အပြတ်အသတ်အနိုင်ရမှုကို ချက်ကောင်းယူလို့ ရမှာမဟုတ်တဲ့အပြင် စစ်အုပ်စုရဲ့ ဝက်အူတင်းဖိအားပေးမှု ကျုံးသွင်းမှုတို့နဲ့ ရင်ဆိုင်ရပါတော့မယ်။ အဓိကအကြောင်းရင်းက အနိဋ္ဌာရုံပေါင်းစုံအောက်မှာ အာဏာရှင်စနစ်နဲ့ လစ်ဘရယ်အရင်းရှင်စနစ်အပေါ်  ပိုပိုပြီး အလိုမကျဖြစ်လာနေတဲ့ အလုပ်သမားလူတန်းစားနဲ့ အဖိနှိပ်ခံပြည်သူများရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေက ကျယ်ပြန့်ပြင်းထန်လာနေလို့ပါပဲ။ ပြည်သူများရဲ့ ဒေါသ သောကများကို ငြိမ်းအေးအောင်လုပ်ဖို့လိုတယ်ဆိုတဲ့ စစ်တပ်အကြီးအကဲရဲ့စကားက အဲဒီအကြောင်းရင်းကို သူတို့စိုးရွံ့ကြောင်း ညွှန်းနေပါတယ်။

ကျွန်တော်တို့ဟာ စစ်အုပ်စုအုပ်စိုးမှုအောက်က နိုင်ငံရေးစာမျက်နှာတခုဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် အကောင်းမြင်အဆိုးမြင် ရှုထောင့်ထက် ပြည်သူများအနေနဲ့ တည်ရှိနေတဲ့အခြေအနေများအပေါ် ၂၀၀၈ဖျက်သိမ်းရေးအတွက် ဘယ်လိုအခြေခံပြီး ဘယ်လို ဆက်လက် တိုက်ပွဲဝင်သွားသင့်သလဲ၊ ဒီမိုကရေစီဘက်တော်သားများအနေနဲ့ ပြည်သူလူထုရဲ့တိုက်ပွဲဝင်မှုကို ဥပဒေတွင်း မျက်နှာစာအပါအဝင် မျက်နှာစာပေါင်းစုံက ဘယ်လို အားဖြည့်ဝန်းရံတွန်းဆော်သွားသင့်သလဲဆိုတဲ့ရှုထောင့်ကို အလေးထား စဉ်းစားသင့်ပါတယ်။ လမ်းကြောင်းလွှဲတဲ့ပြဿနာများ ၊ ထောင်ချောက်ဆင် မေးခွန်းများနောက် ရေလိုက်လွဲတာမျိုး အဖြစ်မခံသင့်ပါ။

ဒီအချက်ကို စဉ်းစားရာမှာ ဗမာပြည်ဟာ သီးခြားကင်းလွတ်နေတဲ့ တကမ္ဘာမဟုတ်၊ တခုတည်းသောကမ္ဘာ (၂၁ရာစု အရင်းရှင်စနစ် ကမ္ဘာ)ထဲက တနေရာသာဖြစ်တယ် ဆိုတဲ့ အရေးတကြီးအချက်ကိုလည်း မေ့မထားသင့်ပါ။ ဗမာပြည်လူထုရဲ့တိုက်ပွဲဝင်မှုဟာ အိမ်နီးအိမ်ဝေး နေရာများမှ ပြည်သူလူထုများရဲ့ ကံကြမ္မာနှင့်လည်ကောင်း တိုက်ပွဲဝင်မှုနဲ့လည်းကောင်း တဆက်တစပ်တည်းဖြစ်တာကို ကိုယ်က လျစ်လျူထားတောင်မှ ကမ္ဘာ့လက်ဝါးကြီးအုပ် ဓနရှင်လူတန်းစားက လျစ်လျူမရှုပါ။ ဆင်းရဲတဲ့ နိုင်ငံများမှာ ဘယ်အစိုးရတက်တက် ကမ္ဘာ့လက်ဝါးကြီးအုပ် ဓနရှင်လူတန်းစားအလိုကျ ပြည်သူအပေါ် သွေးစုပ်မှုကို အဆင်ချောအောင် လုပ်ပေးမယ့် လက်ဝေခံအစိုးရဖြစ်ဖို့ပဲ ၂၁ရာစု အရင်းရှင်စနစ်ကမ္ဘာက လိုလားပါတယ်။ ဒီသဘောအရ ကြည့်ရင် NLD ရဲ့ လူတန်းစား ရပ်တည်ချက်ဟာ ယေဘုယျအားဖြင့် လစ်ဘရယ်ဓနရှင်ကို ကိုယ်စားပြုတယ်ဆိုသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDIအပေါ် တဖက်သတ်မှီခိုကာ စစ်ဗျူရိုကရက်လူတန်းစားကို အကာအကွယ်ပေးနေတယ်ဆိုတာ လွန်ခဲ့တဲ့ကာလအတွင်း မြေသိမ်းယာသိမ်းကိစ္စ၊ အလုပ်သမားအခွင့်အရေးကိစ္စ၊ ဗကသဆန့်ကျင်ရေးကိစ္စ၊ သယံဇာတထုတ်ယူမှုကိစ္စ၊ သဘာဝဝန်းကျင် ထိန်းသိမ်းမှုကိစ္စ စတာတွေမှာ တွေ့ရပါတယ်။

ငြိမ်းချမ်းရေးပြဿနာအပါအဝင် ဒီမိုကရေစီမဲ့မှု၊ အမျိုးသားရေး တန်းမတူမမျှတမှု၊ အစွန်းရောက်အမျိုးသားရေးဝါဒ၊ ဆင်းရဲချမ်းသာ ကွာဟမှု၊ ကပ်ရောဂါဘေးကျရောက်မှု စတဲ့ပြဿနာများဟာ တခုနဲ့တခု သီးခြားဖြစ်နေတာမဟုတ်၊ ပြည်တွင်းမှာ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တရားတို့နဲ့ ဆက်စပ်နေတာအပြင် ကမ္ဘာ့တနေရာနဲ့ တနေရာဆိုတာလည်း အဆက်အစပ်မဲ့ ဖြစ်နေတာမဟုတ်ဆိုတာကို ဆုပ်ကိုင်နိုင်ရင် နိုင်ငံရေးအင်အားစုများအနေနဲ့ ပြဿနာများကို ခွဲခြမ်းစိတ်ဖြာတဲ့နေရာနဲ့ အဖြေရှာတဲ့နေရာမှာ ကိုးကားစရာ ထည့်တွက်စရာ ဘောင်ကျယ် လာမယ်၊ စဉ်းစားမှုဟာ ပိုဘက်စုံ ပိုကျယ်ပြန့် ပိုနက်ရှိုင်းပြီး ပကတိအခြေအနေနဲ့ ပိုနီးစပ်လာမယ်၊ အကျိုးဆက်အနေနဲ့ အဖိနှိပ်ခံပြည်သူများရဲ့ တိုက်ပွဲဝင် နိုင်ငံရေးဘဝမှာ တိုးတက်မှုများ ဖြစ်ပေါ်လာလိမ့်မယ် ၊ တိုက်ပွဲဝင် သူအပေါင်းလည်း လန်းဆန်းမှုများ တိုးပွားလာလိမ့်မယ် လို့ ယုံကြည်ပါတယ်။

တင်ဝင်း

၂၀၂၀ နိုဝင်ဘာ  ၂၂

ဘယ်တော့မှ ဥဒါန်းမကျေပါဘူး (ရဲဘော်ဖိုးသံချောင်း)

ဘယ်တော့မှ ဥဒါန်းမကျေပါဘူး

(ရဲဘော်ဖိုးသံချောင်း)

အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

ကိုဌေးလှဟာ ၁၉၆၁ ခုနှစ်မှာ ကျွန်တော်နဲ့အတူတူ တက္ကသိုလ်ကိုရောက်တာပါ။ ဒါပေမဲ့ သူဟာ တက္ကသိုလ်မရောက်ခင်ကတည်းကပဲ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှု၊ လက်ဝဲအင်အားစုတွေနဲ့တွဲမိ၊ ဆက်မိနေပါပြီ။ သာမန်ဆက်မိရုံမဟုတ်ပဲ သူ့ညီတယောက်အပါ အပေါင်းအသင်းတွေ အုံနဲ့ကျင်းနဲ့ဆက်မိကြတာပါ။ ၁၉၆၆ ခုနှစ်မှာ သူနဲ့ကျွန်တော်အဖမ်းခံရတော့ အဲဒီအထဲကတချို့ လည်း အဖမ်းခံရပါတယ်။ အဲဒီတချို့ဟာ ကိုကိုးကျွန်းအထိပါလာပါတယ်။ ပါလာသူတွေထဲမှာ ကဗျာဆရာ ကိုလေးမောင်လည်း ပါတာပေါ့။ သူ့(ရဲဘော်ဌေးလှရဲ့) စိတ်ဓာတ်၊ သူ့ကျဆုံးမှုဟာ ကိုကိုးကျွန်း တိုက်ပွဲတွေအပေါ်ဂယက်ရိုက်၊ အကျိုးပြုတယ်လိုဆိုရင်မမှားဘူးထင်ပါတယ်။

(ကျွန်တော်တို့တတွေ ရက်လေးဆယ် အစာငတ်ခံတိုက်ပွဲ အောင်ပွဲရပြီးတဲ့နောက် အိမ်နဲ့အဆက်အသွယ်ရတဲ့အခါ သူ့ညီ ကိုဌေးမောင်မှာပေးလို့ အိမ်ကပို့ပေးတဲ့ သူ့ဓာတ်ပုံကို ၅၃ ရက်ကြာ အစာငတ်ခံတိုက်ပွဲဆင်နွှဲတော့ ပန်းချီဆွဲပြီး တိုက်ပွဲဆောင်(၁) နံရံမှာ ချိတ်ပြီး အားမာန်တက်ခဲ့ကြရပါတယ်။)

မန္တလေးတက္ကသိုလ်ကို ရောက်တယ်ဆိုရင်ပဲ သူနဲ့ကျွန်တော်ဟာ ဘဝ၊ ဘဝကရေစက်ပါသလို ကျောင်းသားညီညွှတ်ရေးတပ်ဦး၊ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂစတာတို့မှာ တွဲမိသွားကြပါတယ်။ အဲဒီတုန်းက ဒီလောကမှာ ကျွန်တော်ဟာ အငယ်ဆုံး လို့ဆိုရမလိုဖြစ်နေတော့ သူကကျွန်တော့် ကိုမင်းနဲ့ငါနဲ့ပြော၊ အားမနာတမ်းတောင်းဆို၊ ဝေဖန်ပါတယ်။ ကျွန်တော်ကတော့ သူ့ကို ခင်ဗျားကျွန်တော် နဲ့ပဲပြောပါတယ်။ သူစီနီယာကျတာကို အသိအမှတ်ပြုပါတယ်။ တိုက်ဆိုင်ချင်တော့ တက္ကသိုလ်ကို ကျွန်တော်တို့ရောက်တဲ့ ၁၉၆၁ ခုနှစ်ကစပြီး ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်း၊ ၇ ရက် ဇူလိုင်အရေးအခင်းဖြစ်ပေါ် စသဖြင့်တိုက်ပွဲတွေ တဝေဝေဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ကျွန်တော်တို့နှစ်ယောက် ပိုလက်တွဲမိ၊ ရင်းနှီးမိကြပါတယ်။ ဒီလိုနဲ့ ၁၉၆၃ ခုနှစ်အကုန်ပိုင်းမှာ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို စစ်အုပ်စုက တဖက်သတ်ဖျက်အပြီး တပြည်လုံးကို လူဖမ်းပွဲကြီးတွေလုပ်ပါတယ်။ 

နိုင်ငံရေးသမားတွေကို ဖမ်းတဲ့အပြင် ၁၉၆၂ ခုနှစ် ဂျူလိုင် ၇ ရက် လူသတ်ပွဲနဲ့ ရာဇမာန်တက်နေတဲ့စစ်တပ်ဟာ ရန်ကုန်တင်မက ဆန္ဒပြနေတဲ့ မန္တလေးတက္ကသိုလ်ဆန္ဒပြပွဲကို အပြတ်ဖြိုခွဲ ခေါင်းဆောင်ပိုင်းတွေကိုဆွဲတာ၊ ဖမ်းတာတွေလုပ်ပါတယ်။ ဒီအခါမှာ ကျွန်တော်တို့တတွေ ပြေးကြလွှားကြတော့ တကွဲတပြားဖြစ်ကုန်ကြပါတယ်။ ကျွန်တော်က ကိုအောင်သူ၊ ကိုကျော်ခင်၊ ကိုသောင်းရွှေတို့နဲ့ပြေး ပြီး ကိုဌေးလှကတော့ ဘယ်သူနဲ့ပြေးတယ်မသိပါ၊ မမှတ်မိပါ။ နောက်မှ သူပဲခူးရိုးမကိုရောက်သွားတယ် လို့ သိရပါတယ်။ 

အဲဒီနောက် ၁၉၆၅ ခုနှစ်လောက်မှာ သူဟာ ပါတီဗဟိုရဲ့တာဝန်ပေးချက်နဲ့ မန္တလေးကို ပြန်ရောက်လာပြီး ကျွန်တော်နဲ့ ပြန်အဆက်ရပါတယ်။ ကျွန်တော်က သူပေးတဲ့တာဝန်တွေကို လုပ်ရပါတယ်။ ဒီလိုနဲ့ ၆၆ ခုနှစ်၊ ဇူလိုင်လမှာ သူရော ကျွန်တော်ပါ အဖမ်းခံရပါတယ်။ ထောင်ထဲမှာ ကျွန်တော်က(၁)တိုက်၊ သူက(၂)တိုက်၊ တခြားစီနေရပါတယ်။ ဒါပေမဲ့ထောင်ထဲရောက်လို့မှ တနှစ်မရှိမီ ကိုဌေးလှတယောက် တောထဲကပါလာတဲ့ငှက်ဖျားရောဂါထပါတော့တယ်။ ဒါကိုဆေးရုံတာဝန်ရှိသူတွေက သူတို့တတ်သမျှပညာ၊ ရှိသမျှပစ္စည်းနဲ့ထောင်ထဲမှာပဲ ကြိတ်ကုပါတယ်။ နိုင်ငံရေးအကျဉ်းသားမို့ အပြင်ဆေးရုံကိုမပို့ပါဘူး။ ဒီလိုနဲ့ ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် ညနေစောင်းမှာ သူကျဆုံးသွားပါတယ်။ ထောင်အာဏာပိုင်တွေဟာ လက်ဝဲနိုင်ငံရေးသမားမို့ ပိုဖိနှိပ်ကန့်သတ်တယ်ဆိုတာ ရှင်းသွားပါတယ်။ အဲဒီသတင်းဟာ ချက်ချင်းလိုပဲ နိုင်ငံရေးအကျဉ်းသားတွေ (ဟိုတုန်းကတော့ ထိန်းသိမ်းခံလို့ ခေါ်တာပေါ့)၊ သာမန် အကျဉ်းသားတွေအကြား ပြန့်သွားပြီး ညချင်းပဲ ထောင်တွင်းမှာကြွေးကြော်သံတွေ ခြိမ့်ခြိမ့်ညံကြားရပါတော့တယ်။ 

မန္တလေးထောင်သမိုင်းမှာ မရှိဖူးလောက်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ ညမိုက် လို့လူခြေတိတ်တဲ့အချိန်မှာ ကြွေးကြော်ကြတဲ့ ဒီတိုက်ပွဲရဲ့ ထူးခြားချက်တခုက ထောင်ထဲရောက်နေတဲ့ ဗကပ၊ အလံနီ၊ ကျောင်းသား၊ ဖဆပလ၊ ပထစ စတာတွေအပြင် ရဟန်းသံဃာတွေနဲ့ သာမန်ရာဇဝတ်သားတွေပါ စည်းလုံးညီညွတ်စွာတိုက်ပွဲဝင်ကြပါတယ်။ ဒါ့အပြင် မန္တလေး(အမျိုးသား)ထောင်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့အမျိုးသမီးဆောင်ဆီကလည်း ကြွေးကြော်သံ အော်ဟစ်သံတွေကြားရပါတယ်။ သူတို့လည်း ပူးတွဲတိုက်နေကြပြီလို့ အောက်မေ့ ထားခဲ့တယ်။ တကယ်က တိုက်ပွဲတိုက်ဖို့ စလှုံ့ဆော်တာ အမျိုးသမီးထောင်ကလို့ နောင်မှ သိရတယ်။ (ကျွန်တော်ထောင်ကလွတ်တော့ အဲဒီတိုက်ပွဲတုန်းကဟစ်ကြွေးသံတွေကို ထောင်အပြင်၊ ကျုံးအပြင်ကတောင်ကြားရတယ်လို့ မန္တလေးကျုံး အနောက်မြောက်ထောင့် တဝိုက်ကလူတွေပြောပြကြတာကြားရပါတယ်။) ရဲဘော်(ကို)ဌေးလှဟာ မဆလကစခဲ့တဲ့ စစ်အစိုးရတွေ လက်ထက် ထောင်တွင်းမှာ အစောဆုံးကျဆုံးရတဲ့ထိန်းသိမ်းခံနိုင်ငံရေးအကျဉ်းသမားတွေထဲက တဦး ဖြစ်ပါတယ်။

ဘယ်တော့မှ ဥဒါန်းမကျေပါဘူး။

ရဲဘော်ဌေးလှသို့

၁၉၆၆ ခုနှစ် ဇူလိုင်လဆန်းမှာ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကိုဖမ်းပြီး မန္တလေးနန်းတွင်းထောင်ကိုပို့ပါတယ်။ ထောင်ထဲမှာ ဖိနှိပ်မှုအမျိုးမျိုးကိုအံတုရင်ဆိုင်ပြီး နည်းမျိုးစုံနဲ့တိုက်ပွဲဝင်နေတဲ့ မတကသကျောင်းသားများထဲမှ ရဲဘော်ဌေးလှဟာ ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၅ နာရီခန့်မှာ ကျဆုံးခဲ့ပါတယ်။ ဒီကဗျာဟာ မန္တလေးထောင်တွင်းမှာ ကျဆုံးသွားသူ ရဲဘော်ဌေးလှအတွက် စပ်ဆိုထားခြင်းဖြစ်ပါတယ်။ မူလက ”ရဲဘော်ဌေးလှသို့” ခေါင်းစဉ်တပ်ထားတာပါ။ ပြည်သူ့ကြယ်ဂျာနယ်(ဇွန် ၁၉၇၂) မှာ ”အာဇာနည်သို့” အမည်ဖြင့် ဖော်ပြခဲ့ပါတယ်။

အာဇာနည်သို့

ငါငိုမိသည်

ငါ့မျက်ရည်သည်

နီသည် နီသည် နီသည်။

ပန်းတစ်ပွင့်လို

နွမ်းရင့်ပျက်စီး သည်မြေကြီးမှ

ချည်းနှီးကွယ်ပျောက်သွားသည်မဟုတ်။

နှစ်ပေါင်းထောင်ရာ ကမ္ဘာဆယ်သက်

မပျက်မတိမ် မမှိန်မပြယ်

မကွယ်မပျောက် ပြောင်မြောက်သတ္တိ

နီဘိရဲရဲ သင့်အသည်းအား

ငါတို့ကြား၌

ထားလျှက် သင်ထွက်သွားသည်တကား။ ။

လေးမောင်(မြင်းခြံ)

ပြည်သူ့ကြယ်ဂျာနယ် (ဇွန် ၁၉၇၂)