Monthly Archives: November 2020

ရှေ့က အစိုးရတွေလိုပဲ ငြိမ်းချမ်းရေးလုပ်ရာမှာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ကိုထွေး)

ရှေ့က အစိုးရတွေလိုပဲ ငြိမ်းချမ်းရေးလုပ်ရာမှာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

(ကိုထွေး)

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတယ်ဆိုတာ ဗမာအသုံးအနှုန်းအရ ပြောရမယ်ဆိုရင်တော့ ဗြောင်လိမ်တယ်လို့ပဲ ပြောရပါလိမ့်မယ်။

(၄) ကြိမ်မြောက် ပင်လုံအစည်းအဝေးမှာ ငြိမ်းချမ်းရေးမရတာဟာ ဆွေးနွေးဘက် လူမျိုးစုလက်နက်ကိုင်အင်အားစုတွေက မရိုးသားလို့ ဆိုပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အတိတ်က ဆွေးနွေးပွဲပျက်ခဲ့တာကို ကိုးကားပြီး ဗိုလ်မင်းအောင်လှိုင်က ဒီစကားလုံးသုံးပြီး တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။

ဗမာပြည်မှာ ပြည်တွင်းစစ်ဖြစ်လာခဲ့တဲ့ ခရီးစဉ်တလျှောက်၊ဗမာပြည်ကွန်မြူနစ်ပါတီနဲ့စဖြစ်ခဲ့တဲ့ပြည်တွင်းစစ် နဲ့ (သမိုင်းမှာ ပြုလုပ်ပြီးခဲ့တဲ့) ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ခဲ့တာတွေကိုကြည့်ရင် အဆုံးအဖြတ်ကျတဲ့ကိစ္စတိုင်းမှာ အုပ်စိုးသူအာဏာရ ဖဆပလ၊ မဆလ၊ နဝတ၊ နအဖ နဲ့ ဒီနေ့ စစ်အာဏာရှင်လက်အောက်က အရပ်သားအစိုးရခေတ်အထိ အစိုးရတိုင်းဟာ မဟုတ်မမှန်ပြောဆို ရပ်တည်ခဲ့တာချည်းပဲဆိုတာတွေ့ရမှာ ဖြစ်ပါတယ်။ ကြည့်ပါ။

ဖဆပလခေတ် ၁၉၄၈ က တကယ်မရှိခဲ့တဲ့ ဂိုရှယ်စစ်တမ်းဆိုတာကို ဖန်တီးပြီး ပုန်ကန်ဖို့လုပ်နေပြီလို့ ဗြောင်လိမ်စွပ်စွဲကာ ဗမာပြည်ကွန်မြူနစ်ပါတီကို အကြမ်းဖက်တိုက်ခိုက်ချေမှုန်းပြီး ပြည်တွင်းစစ်မီးကို မွှေးခဲ့တယ်။

တိုင်းရင်းသားများက ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအရ ပြည်ထောင်စုပုံစံဖြစ်ဖို့ ကြိုးစားကြတာကို ၁၉၆၂ မှာ ဗိုလ်နေဝင်းက တိုင်းပြည် ပြိုကွဲအောင်လုပ်နေပြီလို့ ယုန်ထင်ကြောင်ထင်ဖြစ်အောင်ပြောကာ အာဏာသိမ်းခဲ့တယ်။

၁၉၆၃ မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်ပြီး နိုင်ငံရေးပြဿနာများ ဆွေးနွေးဖြေရှင်းတာ မလုပ်ဘဲ ပါတီနဲ့တပ်အားလုံး အစိုးရက ဆုံးဖြတ်သတ်မှတ်ပေးထားတဲ့နေရာမှာစုထားပြီး သူတို့သဘောမတူဘဲ ဂွင်(ခွင်) ထဲက မထွက်ရ၊ ပါတီက စည်းရုံးရေး၊ ဘဏ္ဍာရေး ကောက်ခံမှုများမလုပ်ရလို့ တောင်းဆိုခဲ့တယ်။ ဒါဟာ ငြိမ်းချမ်းရေးဆွေးနွေးရေးလို့ဆိုပြီး ဗမာပြည်ကွန်မြူနစ်ပါတီကို ဝိုင်းဝန်းချေမှုန်းဖို့ ကြိုးစားမှု၊ အကျင့်ယုတ်မှုပဲ မဟုတ်ပါလား။

၁၉၈၀-၈၁ မှာ ဗမာပြည်ကွန်မြူနစ်ပါတီက ပြည်သူလူထုအကျိုးကို ထောက်ထားပြီး ပြည်တွင်းစစ်ကို ရပ်စဲကာ ပြည်တွင်း ငြိမ်းချမ်းရေးကိုတည်ဆောက်ရန်တင်ပြခဲ့ပြီး မိမိတို့ရဲ့ ပါတီ၊ တပ်၊ ဒေသများနဲ့ပတ်သက်တဲ့ နှစ်ဖက်လက်ခံနိုင်မယ့် စဉ်းစားထားချက်များကို တင်ပြခဲ့ပေမယ့် ဆွေးနွေးပွဲပြီးအောင်မပြုလုပ်ဘဲ မဆလအစိုးရက တဖက်သတ် ဖျက်ပစ်ခဲ့တယ်။ ဒါကကော ငြိမ်းချမ်းရေးလိုလားတယ်ဆိုတဲ့ မျက်နှာဖုံးစွပ်ပြီး အတုအယောင်လုပ်ပြတဲ့ ဗြောင်လိမ်ညာမှုတရပ်ပဲ မဟုတ်ပါလား။

၁၉၈၉ မှာ ဗမာပြည်ကွန်မြူနစ်ပါတီမှ လူမျိုးစုတပ်တွေ ပုန်ကန်ခွဲထွက်တော့ အာဏာရ နဝတအစိုးရက ချက်ချင်း အပစ်အခတ် ရပ်စဲရေးလုပ်ပါတယ်၊ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းတာမလုပ်ဘဲ ငြိမ်းချမ်းရေးစကားတွေပြောပြီး စီးပွားရေးလုပ်ခွင့်တွေပေးကာ ဒေသဖွံ့ဖြိုးရေးတွေ လုပ်ခိုင်းခဲ့တယ်။ ဖဆပလအစိုးရခေတ်ကလို စီးပွားရေးလုပ်ခွင့်တွေနဲ့ မက်လုံးပေးသိမ်းသွင်းပြီး လက်နက်ချလာအောင်လုပ်နေတယ်လို့ ပါတီက မြင်ပါတယ်။ ဒါကြောင့် တနပ်စားငြိမ်းချမ်းရေးမလုပ်ဘဲ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ အဆင့်ဆင့်ဆွေးနွေးဖြေရှင်းပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ဖို့ တင်ပြခဲ့ပါတယ်။ နဝတရော နအဖ အစိုးရရော မလုပ်ပါဘူး။ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ်သာ အသွင်ပြောင်းခိုင်းတာကိုပဲ ငြိမ်းချမ်းရေးတည်ဆောက်နေပါတယ် ဆိုပြီး ဗြောင်လိမ်ပါတယ်။ အရပ်သားအစိုးရပေါ်လာမှ နိုင်ငံရေးအရ ဆွေးနွေးပါဆိုပြီး လျစ်လျူရှုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေ အတည်ပြုပြီးနောက် (၂၀၁၀ မှာ) ဦးသိန်းစိန်အရပ်သားအစိုးရတက်လာတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး(NCA ) ဆွေးနွေးပွဲတွေ စလုပ်ပါတယ်။ (၂၀၁၂) မှာ ထာဝရငြိမ်းချမ်းရေးအတွက် ဆိုပြီး အဆင့်(၃) ဆင့် ချမှတ်အကောင်အထည်ဖော်ဖို့ ဦးသိန်းစိန်မိန့်ခွန်းခြွေပါတယ်။ NCA ဆွေးနွေးပွဲတွေ လုပ်နေတဲ့ကာလ ၂၀၁၃ နိုဝင်ဘာလထဲမှာ၊ မြစ်ကြီးနားဆွေးနွေးပွဲမှာ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တပ်မတော်ရဲ့သဘောထားဆိုတဲ့အချက်(၆) ချက်ကို ထုတ်ပြန်ပါတယ်။ အခု အားလုံးက ကာချုပ်မူ(၆) ချက်လို့ ပြောဆိုကြတဲ့ မူများပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရဖို့ဖြေရှင်းရမယ့် နိုင်ငံရေးပြဿနာဖြစ်တဲ့ ဒီမိုကရေစီရေး၊အမျိုးသားတန်းတူရေးများနဲ့ ဘယ်လောက်

ဝေးတယ်ဆိုတာတွေ့နိုင်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးရရန် ဆွေးနွေးဖို့လို့ပြောကြပေမယ့် တကယ်ဆွေးနွေးတဲ့အခါမှာ ငါတို့လိုချင်တာ ဒီပုံစံပဲလို့ ဆိုတဲ့သဘောနဲ့ ကာချုပ်မူ(၆) ချက် တင်ခဲ့တာပဲ မဟုတ်ပါလား။ ဒီနေ့အထိ ဒီမူ (၆) ချက်နဲ့ ထိန်းထားဆဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ငြိမ်းချမ်းရေး စကားပြောပြီး ငါတို့လုပ်ချင်ရာလုပ်တယ်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဗြောင်လိမ်လည်မှုပဲ မဟုတ်ပါလား။ ဒါကြောင့်

ကာချုပ်မူ(၆)ချက်နဲ့ထိန်းချုပ်ခံရမှုအောက်က ရရှိမဲ့ သဘောတူညီချက်ဆိုတာတွေဟာ အပေါ်ယံသာမန်အချက်များသာဖြစ်ပြီး၊ တကယ့်ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။

ဗိုလ်မင်းအောင်လှိုင်ဟာ ဒီလို ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတိုင်းမှာ သူတို့ စစ်အုပ်စုကိုယ်တိုင် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတာကို ဗြောင်လိမ်ဖုံးကွယ်ပြီး ဗကပရဲ့ ၅၅ လမ်းစဉ်ကိုပါ လက်ညှိုးထိုး အပြစ်ရှာ ရန်လုပ်လာပါသေးတယ်။ ဒုတိယမြန်မာနိုင်ငံတော်ဆိုတာ တောင်ငူခေတ်မှန်း အင်းဝခေတ်မှန်းတောင် မသိတဲ့ ဗိုလ်မင်းအောင်လှိုင်ဟာ ဗကပရဲ့ ၅၅ လမ်းစဉ် ဆိုတာကိုလည်း ရေရေလည်လည် မသိဘဲ ရမ်းသန်းပြောဆိုတယ်ဆိုတာ သေချာပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်ရှိကာလမှာကျင့်သုံးနေတဲ့လမ်းစဉ်က ဗမာပြည်မှာ ပြည်သူလူထုတရပ်လုံး စည်းလုံးညီညွတ်ပြီး ချမ်းသာကြွယ်ဝစေမယ့် လူမှုစနစ်တရပ် ထူထောင်ရန်အတွက် (အလုပ်သမားကိုအခြေခံ လယ်သမားနဲ့ခိုင်မြဲတဲ့မဟာမိတ်ဖွဲ့၊ ဓနရှင်ပေါက်စကိုစည်းရုံး၊ အမျိုးသားဓနရှင်ကိုကြားထား – စစ်၃စစ်ကိုဦးတည်တိုက်) ဆိုတဲ့လူတန်းစားပေါ်လစီ ကျင့်သုံးပြီး ပြည်သူ့ဒီမိုကရေစီအစိုးရတရပ် ထူထောင်ရေးပဲ ဖြစ်ပါတယ်။ ဒီလမ်းစဉ်ဟာ ပါတီစတင်ထူထောင်ကတည်းက ဒီနေ့အထိ အပြောင်းအလဲမရှိပါဘူး။ အခြေအနေ အပြောင်းအလဲအမျိုးမျိုးကြောင့် လမ်းစဉ်အကောင်အထည်ဖော်ရာမှာ လက်ဝဲ လက်ယာ တိမ်းစောင်းခဲ့တာတွေ ပါတီရဲ့သမိုင်းတလျှောက်မှာ အတော်အတန် ရှိခဲ့ပါတယ်။ အဲဒီအထဲက တိမ်းစောင်းသွားတာ၊ မှားယွင်းသွားတာ၊ အခြေအနေနဲ့ မကိုက်ညီတော့တာ—စတဲ့ ပြန်ပြင်ဖို့လိုအပ်တာတွေကို လိုအပ်မှန်းသိတဲ့အချိန်မှာ ပြန်ပြင်ပြီး ဒီလမ်းစဉ် ဒီလမ်းကြောင်းအတိုင်းပဲ ဆက်လျှောက်ခဲ့တာ ဒီနေ့အထိပဲ ဖြစ်ပါတယ်။ လက်တွေ့အခြေအနေအရ လူတန်းစား(၄) ရပ်ကို စုစည်းပြီး ဘုံရန်သူကို ဦးတည်တိုက်နိုင်ဖို့(နည်းပရိယာယ် လမ်းစဉ်အရ) ပါတီစုံဒီမိုကရေစီကို ကြားခံအဆင့်အဖြစ် တင်ပြထားသော်လည်း အရင်းခံအားဖြင့် ပြည်သူ့ဒီမိုကရေစီလမ်းကြောင်းပဲ ဖြစ်ပါတယ်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ဆင်နွှဲအောင်မြင်ပြီးနောက် ဥပဒေတွင်းမှာ တရားဝင်ရပ်တည်လာခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ မိမိတို့လမ်းစဉ်အရ လူတန်းစား(၄) ရပ်အကျိုးကို ဦးတည်ဆောင်ရွက်ပါတယ်။ အဲဒီကာလမှာ အာဏာရနေတဲ့ ဖဆပလ အစိုးရရဲ့ နယ်ချဲ့ကိုမီခို – ပဒေဿရာဇ်စနစ်ထိန်းသိမ်း – ဗျူရိုကရက်အရင်းရှင်စနစ် ကြီးထွားအောင်ပြုမှု(ရန်သူကြီး၃ဦး) ကြောင့် ဆင်းရဲမွဲတေ ချွတ်ခြုံကျနေရတဲ့အလုပ်သမား၊ လယ်သမားနဲ့အဖိနှိပ်ခံပြည်သူလူထုများရဲ့ အကျိုးစီးပွားကို ရပ်ခံကာကွယ်ပြီး ဥပဒေတွင်း တိုက်ပွဲဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိကာလကတော့ စစ်ဗျူရိုကရက်အရင်းရှင်လူတန်းစားနဲ့ခရိုနီများကို ဦးတည်တိုက်ပွဲဆင်ပြီးလူတန်းစား(၄) ရပ်အကျိုး ရပ်တည်တဲ့ ပြည်သူ့ဒီမိုကရေစီ အစိုးရတရပ် ထူထောင်နိုင်အောင် ကြိုးပမ်းအားထုတ်နေတဲ့ကာလ ဖြစ်ပါတယ်။

ကိုထွေး

ကျွန်တော်ကြားဖူးသလို ပြောဆိုပါမည်(အမှတ် ၈)“ယူဂျီနဲ့ ထောက်လှမ်းရေး”(A.ငြိမ်း)

ကျွန်တော်ကြားဖူးသလို ပြောဆိုပါမည်(အမှတ် ၈)“ယူဂျီနဲ့ ထောက်လှမ်းရေး”

(A.ငြိမ်း)

(အရေးတော်ပုံဂျာနယ်၊ အတွဲ (၃) အမှတ်(၄) မှာ ဖော်ပြမယ့် ဆောင်းပါး)

(၁)

ယူဂျီဆိုလိုက်တာနဲ့ သူသူကိုယ်ကိုယ် နိုင်ငံရေးသမားတွေ လှုပ်လှုပ်ရှားရှားဖြစ်လာတတ်ကြတယ်။ ပါတီအဖွဲ့အစည်းတွေကလည်း မျက်လုံးဝိုင်းသွားတတ်ကြတယ်။ အနည်းဆုံး ဒီသတင်းကို နားမထောင်ဘဲ မဖတ်ဘဲ နေမရ – ဒါကကိုယ့်ဘက် -ရန်သူ့ဘက် (အထူးသဖြင့်စစ်တပ်) နဲ့ အုပ်စိုးသူအဆက်ဆက်ဘက်မှာလည်း ခေါင်းထောင်လာတတ်ကြတယ်။ အမြဲနားစွင့်နေတဲ့ ထောက်လှမ်းရေးဘက်ကပုဂ္ဂိုလ်တွေဆိုရင် ပိုအာရုံပြုကြမှာ သေချာပါတယ်။

လွတ်လပ်ရေးခေတ်နောက်ပိုင်း ကျွန်တော်တို့ ကြားဖူးတဲ့ မီလိုက်တဲ့ ကြုံလိုက်ဖူးတဲ့ ထောက်လှမ်းရေးတာဝန်ခံတွေ စဉ်ကြည့်မိတယ်။ ဗိုလ်မှူးကြီးချစ်ခင် (လေ)၊ ဗိုလ်မှူးကြီးလွင် (တပ်ထဲမှာ ဗိုလ်မှူးကြီးမောင်လွင် ၃ ယောက်ဖြစ်နေလို့ နှုတ်ခမ်းမွှေးမောင်လွင်လို့လည်း ခေါ်တတ်ကြ)၊ မျက်မှန်တင်ဦး၊ ဗိုလ်ခင်ညွန့် စသည် တွေ့မိပါတယ်။ ၄ ယောက်စလုံးက ဗိုလ်နေဝင်းမွေးထားတဲ့သူတွေ၊ တလက်ကိုင် လက်မရွံ့သမားတွေချည်းပဲ။ ရှေ့ ၂ ယောက်က ခိုင်းတာပဲ လုပ်တယ်။ အထွတ်အထိပ်ရောက်ဖို့အထိတက်လှမ်းဖို့ မျှော်မှန်းလုပ်ဆောင်ကြတာ မတွေ့ရ။ နောက် ၂ ယောက်ကျ တမျိုး –

(၂)

ကျွန်တော် ၁၉၇၉ – အရှေ့မြောက်ရောက်လာတော့ ထိုစဉ်က အာဏာလက်စောင်းထက်နေတဲ့ မျက်မှန်တင်ဦး (ရွှေနားပေတင်ဦး) နဲ့ ပတ်သက်တဲ့သတင်းတခု ပါလာတယ်။ မဆလ ဗဟိုကော်မတီမဲပေးပွဲတခုမှာ ဗိုလ်နေဝင်းက နံပါတ် (၆) ရောက်သွားတဲ့ကိစ္စ၊ ဗိုလ်တင်ဦးက ဗဟိုကော်မတီတွေခေါ်တွေ့ပြီး ပွဲကြမ်းပစ်လိုက်မှ နံပါတ် (၁) ပြန်ရောက်သွားတဲ့အကြောင်း ရဲဘော်ထွန်းကို အစီရင်ခံတော့ “ကျွန်တော်လည်း ကြားပါတယ်” တဲ့။ နောက်နေဝင်းက တင်ဦး ၂ ဦးနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေကြောင်း လူတွေပြောနေတဲ့အကြောင်း တင်ပြတော့ ပြုံးပြီး “CC တွေကို တင်ဦးက ခေါ်လက်မှတ်ထိုးခိုင်းတဲ့ကိစ္စ ခင်ဗျားပြောတာက ပိုပြည့်စုံပါတယ်” လို့ မှတ်ချက်ပေးပါတယ်။

အရှေ့မြောက်စစ်ဒေသရောက်ပြီး ၄ နှစ်လောက်ကြာတော့ အာဏာနံပါတ် တစ် နှစ်ပိုင်းတစ်ပိုင်း မှာရှိတဲ့ မျက်မှန်ကြီးတင်ဦး နန်းကျပြီး ထောက်လှမ်းရေးအစဉ်အလာမရှိတဲ့ ဗိုလ်ခင်ညွန့် ထောက်လှမ်းရေးတာဝန်ခံ ဖြစ်လာတယ်။ (အသစ်ဆိုတော့ ဘယ်သူ့ဩဇာမှ ပါမလာနိုင်တော့ဘဲ လိုသလိုပုံသွင်းနိုင်လို့- လို့ထင်ပါတယ်။)

(၃)

သူ(ရဲဘော်ထွန်း) နဲ့တွေ့နေရတဲ့ ကာလမှာ ထောက်လှမ်းရေးအကြောင်းတွေ စကားစပ်မိကြတယ်။

(က) အိမ်တော်သန့်ရှင်းရေး (လခရ) ဆိုပြီး အမှုထမ်းတချို့ရှင်းပစ်တဲ့ကိစ္စ ဒေါ်ခင်မေသန်းနဲ့ ပြဿနာဖြစ်တာရဲ့ နောက်ကြောင်းရာဇဝင် (တိတိကျကျ မိတ်ဆက်ပေးတာ မဟုတ်၊ ဆက်စပ်စဉ်းစားနိုင်အောင်သာ ပြောတာဖြစ်)

(ခ) ထောက်လှမ်းရေးကိစ္စတခု ပြောရင်းက “ဗိုလ်စိန်မြ၊ ဗိုလ်လွန်းတင်တို့ဟာ ဆရာချစ်က ဆိုလိုက်ရင်ပြီးတယ်။ နှုတ်ခမ်းမွှေးမောင်လွင်က သခင်သန်းထွန်းဆိုရင်ပြီးတယ်” တဲ့။

(အဲဒီခေတ်က UG ဆိုတာ သိပ်နက်ရှိုင်းပါလားလို့ ခံစားမိလိုက်တယ်။ ရှေ့ ၂ ယောက်က တိုင်းမှူးတွေ၊ နောက်တယောက်က (ထလရ) ညွှန်မှူး)

(၄)

မျက်မှန်တင်ဦး (ရွှေနားပေလို့လည်းခေါ် – ဂျပန်နားရင်းရိုက်တာခံရလို့ နားပင်းသွားတာဖြစ်) အရာကျသွားပြီး နောက်ပိုင်းမှာမှ သူ့လက်ထောက်တချို့က တင်ဦးနဲ့တွဲပြီး အလုပ်လုပ်ရတာတွေ ရေးတယ်။ ဒီအထဲမှာ တင်ဦးရဲ့ လုပ်ပုံကိုင်ပုံ စဉ်းစားတွက်ချက်ပုံတွေ ဖော်ပြထားတာ တွေ့ရသလို သူ့အရှိန်အဝါတွေ တက်လာပုံ၊ နောက်ဆုံး တစ်နှစ်ပိုင်းတစ်ပိုင်းအဆင့် ရောက်သွားပုံအထိ သတိပြုမိကြပါလိမ့်မယ်။ တင်ဦးကိုယ်တိုင် စာတစောင် ပေတဖွဲ့ရေးတာ မတွေ့မိ။

ခင်ညွန့်ကတော့ ရေးတယ်။ သူ့စာအုပ်ထဲမှာ တင်ဦးကို ဆရာတင်ထားတာလည်း ဖတ်ရတယ်။

(၅)

ရှေ့ကလူတွေထားတော့ – တင်ဦးနဲ့ခင်ညွန့် ဘယ်သူက ပိုပြီးလုပ်ချင်ရာ လုပ်ခွင့်ရခဲ့သလဲ။

တင်ဦးက အိမ်တော်သန့်ရှင်းရေးဆိုပြီး အိမ်တော်ထဲဝင်ကာ သူ့စိတ်ကြိုက်စိစစ်ရေးလုပ်ပြီး ရှင်းထုတ်သင့်သူတွေ ရှင်းထုတ်လိုက်တော့ ဒေါ်ခင်မေသန်းနဲ့ငြိတယ်။ သူက နောက်မဆုတ်ဘူး။ ဒါ့ကြောင့် တင်ဦးလာတာ မြင်လိုက်တာနဲ့ ဒေါ်ခင်မေသန်းက “မျက်မှန်ကြီး…. မျက်မှန်ကြီး လာပြီ”ဆိုပြီး မျက်နှာ သွေးဆုတ်သွားလို့ ဘေးလူက တွဲထားရတယ်။ ဒါကို ကြည့်ရင် ထောက်လှမ်းရေးတွေထဲမှာ တင်ဦးဟာ အာဏာအမြင့်ဆုံးပဲလို့ ပြောသူက ပြောတယ် ။ ဒါပေမဲ့ တင်ဦးက မဆလ မှာ တွဲဖက်အတွင်းရေးမှူးလည်း လုပ်နေရတော့ ပါတီချုပ်ကိုင်မှု အကန့်အသတ်တွေရှိတယ်။ 

ခင်ညွန့်က နိုင်ငံတော်အာဏာအဆင့်မှာ တရားဝင်နံပါတ် (၃)။ တင်ဦးလို ထောက်လှမ်းရေးနံပါတ်(၁) ဒါ့အပြင် သူကြိုက်သလို အုပ်ချုပ်ရေး institution တွေဖွဲ့တယ်။ အဲဒီမှာ သူက အကြီးအမှူး – ဥက္ကဋ္ဌရာထူးစသည် ယူထားတာ မနည်းမနောပဲ။ ထလရ တပ်ကြပ်ကို ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ ခရိုင်အုပ်ချုပ်ရေးဥက္ကဋ္ဌ ဖြစ်သူတွေက လန့်နေရပြီး ပစားပေးနေရတဲ့ခေတ်ကို ထူထောင်ထားသူ။ ဒါ့အပြင် ဘယ်ခေတ်နဲ့မှမတူအောင် ထောက်လှမ်းရေး တပ်ရင်းတွေ အမြောက်အမြား ဖွဲ့ထားနိုင်သူ ဖြစ်တယ်။ ဒါ့ကြောင့် ထလရ အာဏာအထွတ်အထိပ်ရောက်တာ ခင်ညွန့်ပဲလို့ သတ်မှတ်သူက သတ်မှတ်တယ်။ဒါပေမဲ့ ခင်ညွန့်က ဗိုလ်နေဝင်း သွေးသားတွေကို လက်ဖျားနဲ့တောင် တို့ဝံ့တာမဟုတ်။

ရေးရာပေါင်းစုံမှာ သူမပါတာမရှိ။ သူ့သတင်းတွေ၊ ဓာတ်ပုံတွေ မီဒီယာတွေမှာ မဖော်ပြတဲ့ရက်မရှိ။ ဒီသတင်းစာတွေ ဖတ်ဖတ်ပြီး ရဲဘော်ထွန်းက ပြုံးပြီးတော့ နံမည်ပြောင်တခု ပေးထားတာ ရှိတယ်။ ‘ဦးထင်ပေါ်’ တဲ့။ သိပ်ထင်ပေါ်ချင်တဲ့ကောင်တဲ့။ အာဏာလည်းသိပ်မက်တယ်။ ဒီလိုကောင်မျိုးဟာ ကန့်လန့်ကာကြားဝင်ရမှာ သေမလောက်ကြောက်တတ်တယ်လို့ ပြောဖူးတယ်။

ဒါပေမဲ့ ခင်ညွန့်ကို အထင်လည်း မသေးဘူး။ တချို့အကွက်တွေမှာ ‘ခင်ညွန့်ကို ဒီလိုလုပ်လို့ ဘာရမလဲ’ လို့ မကြာခဏ ပြောလေ့ရှိတယ်။

(၆)

ထောက်လှမ်းရေးတဖွဲ့လုံး ဖြုတ်ပစ်ပြီး အသစ်တည်ထောင်တဲ့လုပ်ဟန်ဟာ နေဝင်းနည်း နေဝင်းဟန်ပဲ။ တကယ်က ထောက်လှမ်းရေးမွေးထားတာ သရဲမွေးထားတာနဲ့ အတူတူပဲ။ တချိန်ချိန် ကိုယ့်ကုပ်ကို ချိုးစားပစ်လိမ့်မယ်လို့ စဉ်းစားမိဟန်တူတယ်။ ဗိုလ်သန်းရွှေကလည်း ဒီလုပ်ဟန်ကိုလိုက်ပြီး ခင်ညွန့်ကို ရှင်းလိုက်ပုံ ရတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် တဆင့်တက်ပြီး စဉ်းစားလာတာတခုက နောက်ဖွဲ့တဲ့ ထလရ (စရဖ) ကို အာဏာပုံပေးတာ မတွေ့ရတော့ဘူး။

ဒါပေမဲ့ UG မွေးရမယ့်အဖွဲ့အစည်းတွေဘက်က ဒါကို အခွင့်ကောင်း၊ မိမိတို့အတွက် အားသာချက်လို့ မမှတ်ယူလိုက်ကြစေချင်ပါ။ ဘာဖြစ်လို့လဲဆိုရင် ထောက်လှမ်းရေးက ထောက်လှမ်းရေးဖြစ်ပြီး UG က UG ဖြစ်နေလို့ပါပဲ။

(၁၀ – ၁၁ – ၂၀၂၀)

လိဘနက်၊ လူဇင်ဘာ့နဲ့ဇန်နဝါရီ အရေးတော်ပုံ(နီအောင်ဝေ)

လိဘနက်၊ လူဇင်ဘာ့နဲ့ဇန်နဝါရီ အရေးတော်ပုံ

(နီအောင်ဝေ)

အရေးတော်ပုံဂျာနယ် ဆောင်းပါး

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ဟာ ဂျာမနီကွန်မြူနစ်ပါတီ တည်ထောင်သူ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကားလ်လိဘနက်နဲ့ ရိုဇာလူဇင်ဘာ့ ကျဆုံးတာ ၁၀၁ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ လူဇင်ဘာ့နဲ့လိဘနက်က မူလက ဂျာမနီ ဆိုရှယ်ဒီမိုကရက်တစ် ပါတီဝင်တွေ ဖြစ်တယ်။ ပထမကမ္ဘာစစ်မှာ ဂျာမနီပါဝင်မှုအပေါ် ပါတီတွင်း သဘောထားကွဲလွဲမှုတွေ ဖြစ်လာတယ်။ ၁၉၁၄ ခုနှစ် နှစ်ကုန်မှာ ကားလ်လိဘနက်၊ ရိုဇာလူဇင်ဘာ့၊ ဖရန့်မဲရင်း၊ ကလာရာဇတ်ကင်းနဲ့ တခြားတော်လှန်ရေးသမားတွေစုစည်းပြီး နောင်အခါ ဂျာမနီကွန်မြူနစ်ပါတီဖြစ်လာမယ့် ‘စပါတာကပ်အဖွဲ့ချုပ်’ကို တည်ထောင်ကြတယ်။ ‘စပါတာကပ် ပေးစာများ’ ဆိုတဲ့ သတင်းစာမှာ သူတို့အမြင်တွေကို ဖော်ပြကြတယ်။ သတင်းစာ တရားမဝင်ကြေညာခံရပြီးနောက်မှာ လိဘနက်က ရှေ့တန်းစစ်မြေပြင်ကိုပို့တာ ခံရပါတယ်။ ဒါပေမဲ့ စစ်တိုက်ဖို့ငြင်းဆန်ပြီး အလောင်းတွေကို မြေမြှုပ်သဂြိုဟ်တဲ့အလုပ်သာ လုပ်ခဲ့တယ်။ ကျန်းမာရေး ချို့ယွင်းလာတဲ့အတွက် သူ့ကို ရှေ့ တန်းကနေ ပြန်ပို့ပေးတယ်။ ၁၉၁၆ ခုနှစ် စပါတာကပ် အဖွဲ့ချုပ်ရဲ့ဆန္ဒပြပွဲ ပေါ်ထွက်ပြီးနောက်မှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ အကျဉ်းချခံရပါတယ်။

လိဘနက် (ဖခင်ဖြစ်သူ ဗီဟိန်းလိဘနက်က သြဂတ်စ်ဘိဘဲလ်တို့နဲ့အတူ ဂျာမနီ ဆိုရှယ်ဒီမိုကရက်တစ်ပါတီကို တည်ထောင်သူတဦး ဖြစ်တယ်) က လိုက်ပဇစ်နဲ့ဘာလင် ဟမ်းဘော့တက္ကသိုလ်မှာ ဥပဒေပညာနဲ့နိုင်ငံရေး ဘောဂဗဒေကို လေ့လာခဲ့တယ်။ ဗာ့စ်ဘာ့တက္ကသိုလ်ကနေ ပါရဂူဘွဲ့ရတယ်။ ၁၉၀၀ ခုနှစ်မှာ ဆိုရှယ်ဒီမိုကရက်ပါတီဝင်ဖြစ်လာပြီး ၁၉၀၇ မှ ၁၉၁၀ အထိ ဆိုရှယ်လစ် လူငယ် အင်တာနေရှင်နယ်ရဲ့ဥက္ကဋ္ဌတာဝန်ကို ယူခဲ့တယ်။ စစ်ဝါဒကိုဆန့်ကျင်တဲ့စာပေတွေ အမြောက်အမြား ရေးသားခဲ့တယ်။ စစ်ဝဒါဆန့်ကျင်ရေး စာတမ်းတွေကြောင့် အဖမ်းခံရပြီးထောင်ကျစဉ်မှာပဲ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရတယ်။ ဆိုရှယ်လစ်လူငယ် အင်တာနေရှင်နယ်ကို တည်ထောင်သူတဦး ဖြစ်ပြီး ‘ဒုတိယအင်တာနေရှင်နယ်’ မှာလည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တယ်။

ရိုဇာလူဇင်ဘာ့က ပိုလန်လူမျိုးဖြစ်ပြီး သစ်ကုန်သည်ဖြစ်တဲ့ သူ့ဖခင်က သူ့ကို လစ်ဘရယ် အတွေးအခေါ်တွေနဲ့ ရင်းနှီးစေခဲ့တယ်။ မိခင်က ဘာသာရေးကိုင်းရှိုင်းပြီး စာဖတ်နာသူဖြစ်တယ်။ တင်ပါးဆုံရိုးလွဲတဲ့ရောဂါကြောင့် အသက် ငါးနှစ်အရွယ်မှာ အိပ်ယာထဲလဲခဲ့ရပြီး ရာသက်ပန် ခြေတဖက် ထော့နင်းထော့နင်းနဲ့လျှောက်ခဲ့ရတယ်။ အထက်တန်းကျောင်းသူဘဝမှာ ပိုလန် လက်ဝဲပါတီဖြစ်တဲ့ ‘ပစ္စည်းမဲ့ပါတီ’ရဲ့ပါတီဝင် ဖြစ်လာတယ်။ အထွေထွေသပိတ်တွေကို စည်းရုံးစီစဉ်ခဲ့တယ်။ ဒါကြောင့် ပါတီခေါင်းဆောင်လေးယောက် အသတ်ခံရပြီး ပါတီလည်းဖျက်သိမ်းခံရတယ်။ ရိုဇာနဲ့အတူ ကျန်တဲ့ပါတီဝင်တွေက ဆက်ပြီး လျှို့ဝှက်စည်းဝေးကြ၊ လှုပ်ရှားကြတယ်။ ၁၈၈၉ ခုနှစ်မှာ ဆွစ်ဇာလန်ကိုရှောင်တိမ်းရင်း ဇူးရစ်တက္ကသိုလ်မှာ ပညာဆည်းပူးတယ်။ ဒဿနိကဗေဒ (အဘိဓမ္မာ)၊ သမိုင်း၊ နိုင်ငံရေး၊ ဘောဂဗေဒ၊ သချာင်္ပညာတွေကို လေ့လာခဲ့တယ်။ ၁၈၉၇ မှာ ဥပဒေပညာ ပါရဂူဘွဲ့ရတယ်။ ပါရဂူဘွဲ့ရ အမျိုးသမီး အနည်းစုလေးထဲက တယောက်ဖြစ်တယ်။ စစ်ဆန့်ကျင်ရေး၊ အထွေထွေသပိတ် ဖော်ဆောင်ရေး လှုပ်ရှားမှုတွေကြောင့် အကြိမ်ကြိမ်ထောင်ကျတယ်။ ၁၉၁၆ ခုနှစ်မှာ လိဘနက်နဲ့အတူ နိုင်ငံတော်ပုန်ကန်မှုနဲ့ အကျဉ်းချခံရတယ်။ ၁၉၁၈ မှာ ထောင်ကလွတ်ပြီး ‘အလံနီ’ သတင်းစာကို ထုတ်ဝေတယ်။ တနှစ်အကြာ စပါတာကပ်အဖွဲ့ချုပ် ကွန်ဖရင့်တခုမှာ ဆိုရှယ်လစ်တွေနဲ့ကွန်မြူနစ်တွေပူးပေါင်းပြီး ဂျာမနီကွန်မြူနစ်ပါတီကို တည်ထောင်လိုက်တယ်။ 

လိဘနက်နဲ့လူဇင်ဘာ့က ပါတီခေါင်းဆောင်တွေ ဖြစ်တယ်။ ၁၉၁၉ ခုနှစ် ဇန်နဝါရီလမှာ အလယ်အလတ်လမ်းစဉ်ကိုင်စွဲတဲ့ အာဏာရ ဆိုရှယ်လစ်ပါတီအစိုးရကိုဆန့်ကျင်တဲ့ ‘စပါတာကပ် အုံကြွမှု’ ပေါ်ပေါက်တယ်။ လိဘနက်နဲ့လူဇင်ဘာ့က အစပိုင်းမှာ ပုန်ကန်မှုကို ကန့်ကွက်ပေမဲ့ နောက်တော့ ပူးပေါင်းပါဝင်တယ်။ အလုပ်ပြုတ်စ ဘာလင်က ရက်ဒီကယ် ရဲအရာရှိချုပ်က ဆန္ဒပြသူတွေကို လက်နက်တွေထုတ်ပေးတယ်။ လမ်းတွေမှာ အဟန့်အတားတွေ၊ ခံကတုတ်တွေ တည်ဆောက်ကြတယ်။ စပါတာကပ်အဖွဲ့ချုပ်ကို ဆန့်ကျင်တဲ့ သတင်းစာတိုက်တွေကို သိမ်းပိုက်လိုက်ကြတယ်။ အထွေထွေသပိတ်ကို ဆော်သြလိုက်ပြီး မြို့လယ်မှာ ဆန္ဒပြသူတွေ ထောင်သောင်းချီ စုဝေးလာတယ်။ အထွေထွေသပိတ်နဲ့လက်နက်ကိုင်တိုက်ပွဲကို ပေါင်းစပ်ပုံဖော်တယ်။ ဒါပေမဲ့ သူပုန်ထမှုကို ဦးဆောင်မှုပေးရမယ့် ‘တော်လှန်ရေးကော်မတီ’ က နောက်ဘာဆက်လုပ်မလဲဆိုတာအတွက် သဘောတူညီမှု မယူနိုင်ကြဘူး။ တချို့က လက်နက်ကိုင် တိုက်ပွဲကို ဆက်တိုက်ချင်တယ်။ တချို့က အစိုးရနဲ့စေ့စပ်ဆွေးနွေးမှုတွေ လုပ်လာတယ်။ ဘာလင်က တပ်ရင်းတချို့ကို ပုန်ကန်မှုမှာ ပူးပေါင်းလာအောင်စည်းရုံးတာလည်း အထမမြောက်ဘူး။ ဇန်နဝါရီ ၁၁ ရက်မှာ လိဘနက်နဲ့လူဇင်ဘာ့တို့က အဖြစ်အပျက်တွေကို မထိန်းသိမ်းနိုင်တော့ဘူး။ ဇန်နဝါရီလ ၅ ရက်မှ ၁၂ ရက်အထိ ကြာခဲ့တဲ့ စပါတာကပ်အုံကြွမှုဟာ စစ်တပ်နဲ့ ကမ္ဘာစစ်ပြန်တွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တွေချေမှုန်းတာ ခံလိုက်ရပါတယ်။

တော်လှန်ရေးသမားတွေ သိမ်းပိုက်ထားတဲ့ ရဲဌာနချုပ်၊ စစ်ရုံးနဲ့တခြား အဆောက်အဦးတွေကို အစိုးရက ပြန်သိမ်းယူနိုင်လိုက်တယ်။ လက်နက်ချသူတွေ အပါအဝင် ဆန္ဒပြသူတွေကို စစ်တပ်က ပစ်သတ်လိုက်တယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ မိတ်ဆွေတွေဝှက်ပေးထားတဲ့ အိမ်တအိမ်မှာ လိဘနက်နဲ့လူဇင်ဘာ့ကို ပြည်သူ့စစ် တပ်စိတ်တခုက ဖမ်းမိသွားတယ်။ သူတို့ကို စစ်တပ် ကွပ်ကဲရေးရုံးဖွင့်ထားတဲ့ အီဒင်ဟိုတယ်ကိုခေါ်သွားပြီး စစ်ကြောရေး လုပ်ပါတယ်။ စစ်ကြောပြီးတဲ့အခါ သူတို့နှစ်ယောက်ကို သီးခြားယာဉ်တန်းတခုစီနဲ့ ခေါ်ထုတ်သွားကြတယ်။ လိဘနက်ကို တီးယားဂါးတန်း ပန်းခြံထဲရောက်တဲ့အခါ ကားပျက်ဟန်ပြုပြီး လမ်းဆင်းလျှောက်ခိုင်းတယ်။ နောက်ကနေ ပစ်သတ်လိုက်ပြီး ရုပ်အလောင်းကို အမည်မတပ်ဘဲ ရေခဲတိုက် ပို့လိုက်တယ်။ ရိုဇာလူဇင်ဘာ့ကိုတော့ စစ်ကြောရေးလုပ်ရာ ဟိုတယ်ကနေ အမိုးဖွင့် မော်တော်ယာဉ်နဲ့ထုတ်လာစဉ်မှာပဲ အရပ်ဝတ်နဲ့စစ်အရာရှိတဦးက အနီးကပ် လုပ်ကြံသတ်ဖြတ်လိုက်တယ်။ သူ့အလောင်းကို အနီးနားက တူးမြောင်းတခုထဲ ပစ်ချထားတာ လနဲ့ချီပြီး ကြာပါတယ်။

ရန်သူ့လက်မှာ ကျဆုံးသွားပေမယ့် ကားလ်လိဘနက်နဲ့ရိုဇာလူဇင်ဘာ့ဟာ ကြီးမြတ်ကာ ဂုဏ်ပြောင်တဲ့ ကွန်မြူနစ် သူရဲကောင်းတွေအဖြစ် သမိုင်းမော်ကွန်းတင် ကျန်ရစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း သူတို့ကျဆုံးတဲ့နေ့မှာ ကမ္ဘာတဝန်းမှာ အထိမ်းအမှတ်ပွဲတွေ၊ ချီတက်ပွဲတွေ လုပ်ကြပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ‘နိုင်ငံရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ ညနေခင်း’ ပွဲကို စီစဉ်ခဲ့တဲ့ ဂျာမနီ လက်ဝဲပါတီ ဒုတိယဥက္ကဋ္ဌ ဒန်နီယဲလာက ဖရန့်ဖာ့ သတင်းစာနဲ့မေးမြန်းခန်းမှာ လူဇင်ဘာ့နဲ့လိဘနက်တို့ရဲ့အမွေက သူတို့(မျိုးဆက်သစ်တွေ) ရဲ့နိုင်ငံရေး ဒီအင်အေ (DNA) အပိုင်းအစတခုပဲလို့ဆိုပါတယ်။ နိုင်ငံရေးစင်မြင့်ပေါ်ကို သပိတ်တိုက်ပွဲတွေ ပြန်ရောက်လာနေတယ်။ ပြင်သစ်မှာတွေ့ ရတယ်။ အိန္ဒိယမှာ တွေ့ရတယ်။ ဂျာမနီမှာ တွေ့ရတယ်။ ၂၀၂၀ မှာ အဓိကဦးတည်တာ သပိတ်တိုက်ပွဲပဲ။ လူတိုင်းမှာ ၂၀၂၀ အတွက် အစီအစဉ် ကြီးကြီးမားမားတွေရှိတယ်လို့ သူကဆိုတယ်။

ကိုးကား။

Who was Rosa Luxemburg?

https://www.workersliberty.org/…/who-was-rosa-luxemburg

The man who murdered Rosa Luxemburg by Claus Gietinger

https://www.jacobinmag.com/…/rosa-luxemburg-murder…

Luxemburg und Liebknecht: Ein teil unserer politischen DNA

https://www.journal-frankfurt.de/…/Luxemburg-und…

Karl Liebknecht

https://en.wikipedia.org/wiki/Karl_Liebknecht

Rosa Luxemburg

https://en.wikipedia.org/wiki/Rosa_Luxemburg

အထိမခံတဲ့ ပြစ်မှုများ (လှသောင်း)

အထိမခံတဲ့ ပြစ်မှုများ (လှသောင်း)

ဘယ်ပြည်သူမဆို အချိန်မရွေးဖမ်းဆီးချုပ်နှောင် ထောင်ချခံရနိုင်ခြင်းဆိုတဲ့ ဖက်ဆစ်ခြိမ်းခြောက်မှုကို စစ်အုပ်စုက ဖန်တီးထားတယ်၊ သူတို့က ဒီပြစ်မှုကို လက်ညှိုးအထိုးမခံပေမဲ့ ရံဖန်ရံခါ ဝန်ထုပ်ခါတဲ့သဘော လွတ်ငြိမ်းခွင့်ပေးတာလေးတွေကိုတော့ လူထုက ကျေးဇူးတင် ကြိုဆိုပေးရမယ့်သဘောဖြစ်နေပါတယ်။ ထုနဲ့ထည်နဲ့ ကျုးလွန်ခဲ့တဲ့ လယ်သိမ်းယာသိမ်းပြစ်မှုများကိုလည်း တို့ထိလို့မရပေမယ့် အသုံးမလိုတဲ့ မြေအနည်းအကျဉ်း ပြန်စွန့်ပေးတာလေးတွေကိုတော့ လူထုက အမျက်ဖြေကြေအေးပေးရမယ့်သဘော ဖြစ်နေပြန်ပါတယ်။ အလေးထားပြောလိုတာက စစ်အုပ်စုဟာ ပြည်သူအပေါ်ကျူးလွန်ထားတဲ့ပြစ်မှုတွေကို ဝန်ခံဖို့ဝေလာဝေး အတို့အထိတောင်မခံဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။

ဂျူလိုင်-၇ ကျောင်းသားသတ်ဖြတ်မှု၊ သပိတ်အလုပ်သမားများကို သတ်ဖြတ်မှု၊ ၈၈ အရေးတော်ပုံနှောင်းပိုင်းကာလမှာ ပြည်သူကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ဒီပဲရင်းလုပ်ကြံမှု၊ ဒီနေ့ကာလအထိ ပူပူနွေးနွေး သွေးမခြောက်သေးတဲ့ လူမျိုးရေး ဘာသာရေး သတ်ဖြတ်မှုများ စတဲ့ပြစ်မှုကြီးများ အလွယ်တကူကျူးလွန်နိုင်နေတာက ပြည်တွင်းစစ်မီးတောက်လောင်နေတဲ့ အခြေခံအခြေအနေရှိပြီးဖြစ်နေတာကြောင့်ဖြစ်တယ်။ ဗျူရိုကရက်လူတန်းစားနဲ့ စစ်အုပ်စုက ဒီမီးကို ဦးဆောင်ထွန်းငြှိ ထိန်းသိမ်းတိုးချဲ့နေခဲ့တာ ဖြစ်ပါတယ်၊ ဒီလုပ်ရပ်ကိုယ်တိုင်က သရဖူပြစ်မှုကြီးဖြစ်တယ်၊ ဒီပြစ်မှုကို သေသေချာချာ မကိုင်တွယ်ဘဲနဲ့ကတော့ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဘာပြဿနာကိုမှ ဖြေရှင်းနိုင်မှာမဟုတ်ပါ။

ဒါပေမဲ့ စစ်အုပ်စုကတော့ ဒီသရဖူပြစ်မှုကြီးကို အကိုင်ခံဖို့ နေနေသာသာ၊ ပြည်တွင်းစစ်လို့ အသုံးနှုန်းမခံ လူမျိုးစွဲ ဝါဒစွဲ မငြိမ်မသက်မှုအဖြစ်သာ သတ်မှတ်တယ်၊ ပြစ်မှုလို့ အပြောမခံ နိုင်ငံတော်မပြိုကွဲရေး တည်ငြိမ်ရေးအတွက်လုပ်ဆောင်တဲ့ ကောင်းမှုအဖြစ် ဖော်ထုတ်တယ်၊ ပြည်တွင်းစစ်ကို ကြုံကြိုက်တိုက်ဆိုင်မှုဖြစ်ရပ်ဆိုးအဖြစ်သတ်မှတ်ကာ သမိုင်းအတွင်း ကံမကောင်း အကြောင်းမလှစွာရှိခဲ့တဲ့ အမွေဆိုး၊ ပြဿနာဖြေရှင်းရေးတာဝန်ကို အောင်မြင်အောင်ထမ်းဆောင်ပြီးမှသာ စစ်တန်းလျားပြန်မယ်ဆိုပြီး ပေကပ်ပြောနေတယ်။

တကယ်တော့ ဒါဟာ ရှောင်တခင်ဖြစ်ရပ်မျိုးမဟုတ်သလို၊ အုပ်စိုးသူလူတန်းစား စိတ်ကောင်းနှလုံးကောင်း – စိတ်ဆိုးနှလုံးဆိုး ရှိမှု၊ မင်းကောင်းမင်းမြတ် – မင်းဆိုးမင်းညစ်ဆန်မှုအပေါ်မူတည်တဲ့ လုပ်ရပ်မျိုးလည်းမဟုတ်၊ လူဆိုးများ အလွယ်တကူကျုးလွန်တတ်ပြီး လူကောင်းများ အသက်နဲ့လဲ ရှောင်ကြဉ်လေ့ရှိတဲ့ ပြစ်မှုမျိုးလည်းမဟုတ်ပါ။ စစ်အုပ်စုရဲ့ လက်ဝါးကြီးအုပ်စီးပွားရေးစနစ်ကို လုံလုံခြုံခြုံကာကွယ်ဖို့အတွက် စစ်အာဏာရှင်နိုင်ငံရေးစနစ်ကို ခိုင်ခိုင်မာမာတည်ဆောက်ထားဖို့လိုတာကြောင့် ပြည်သူလူထုရဲ့ ဒီမိုကရေစီ အခွင့်အရေးနဲ့ အမျိုးသားအသီးသီးရဲ့တန်းတူမှုအခွင့်အရေးကို ပြင်းပြင်းထန်ထန်ဖိနှိပ်တဲ့ပြည်တွင်းစစ်ကို မလွဲမသွေ ဖက်တွယ်နေတာ ဖြစ်ပါတယ်။

အဲဒီလိုမျိုး လူတန်းစားသဘာဝအရကျူးလွန်တဲ့ အတို့အထိမခံတဲ့ပြစ်မှုတွေကို နယ်ချဲ့စနစ်ဆိုင်ရာ နယ်ပယ်မှာလည်းတွေ့ရနိုင်ပါတယ်။ အင်္ဂလိပ်ကိုလိုနီကျူးကျော်သိမ်းပိုက်ခဲ့မှုကို နယ်ချဲ့လူတန်းစားတရပ်လုံးက ပြစ်မှုအဖြစ်သဘောမထားပါ၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများ ကြီးမားကျယ်ပြန့်လာတဲ့အခြေအနေ၊ ကိုလိုနီထိန်းသိမ်းမှုဝန်ထုပ် လေးလာတဲ့အခြေအနေ၊ ခြေလှမ်းသစ် နည်းနာသစ်များပြောင်းသုံးရတော့မယ့်အခြေအနေမှာ နယ်မြေအသီးသီးကို အကန့်အသတ်နဲ့ လွတ်လပ်ရေးပေးပြီး ကိုယ်ရဲ့သြဇာလည်း အတိုင်းအတာအမျိုးမျိုးချန်ရစ်ကာ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တာကိုတော့ ဂုဏ်ယူစရာအဖြစ် သူတို့က သဘောထားပါတယ်။ အနုမြူဗုံးဒဏ်သင့် ဂျပန်ပြည်သူများအပေါ် ပြစ်မှုကျူးလွန်သူ အမေရိကန်အုပ်စိုးသူကပြသတဲ့ စိတ်မကောင်းဖြစ်မှုဟာ တကယ်မှာတော့ မိမိသာ ဗိုလ်အစစ်ဖြစ်ကြောင်း ပြိုင်ဖက်တွေသိအောင် သတင်းစကားပါးတဲ့အနေနဲ့ မရက်စက်ရင်မဖြစ်လို့ ရက်စက်ခဲ့ရတာ စိတ်မကောင်းပါဆိုတဲ့သဘောမျှသာ ဖြစ်နေပါတယ်။ အလားတူစွာဘဲ သမိုင်းတလျှောက် နေရာအသီးသီးမှာ သယံဇာတလုယူသိမ်းပိုက်မှု၊ ကျွန်အရောင်းအဝယ်ပြုမှု၊ ဌာနေလူမျိုးများကို သတ်ဖြတ်ဖယ်ရှားမှု စတာတွေအားလုံးဟာလည်း နယ်ချဲ့စနစ်ကကျူးလွန်းတဲ့ပြစ်မှုများ ဘဲဖြစ်ပါတယ်။

နယ်ချဲ့လူတန်းစားကျူးလွန်တဲ့အထဲမှာ အဆိုးဝါးဆုံးပြစ်မှုကတော့ နယ်ချဲ့အချင်းချင်း သြဇာနယ်ပယ်လုယက်ရေးအတွက် စစ်ပြင်မှုနဲ့ စစ်ဆင်မှုတွေပါဘဲ။ ဒီကိစ္စမျိုးက လက်ဝှေ့ပွဲ ဘော်လုံးပွဲတွေမှာလို ဒီဘက်ကအားပေးမလား ဟိုဘက်ကအားပေးမလား၊ ကြားက မျှအားပေးမလား ပြောနေရမည့်ကိစ္စမျိုးမဟုတ်ပါ။ ဒီလို စစ်ပြင်ပွဲ စစ်ဆင်ပွဲများ ဦးဆောင်လှုံ့ဆော်ဆင်နွှဲမှု ပင်ကိုယ်ကို ဆန့်ကျင်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒီပွဲများမှာ အနိုင်အရှုံး ရလဒ်တခုခုဖြင့် အဆုံးသတ်ပြီး၊ တရားစီရင်ကြ ပြေငြိမ်းကြ အပေးအယူလုပ်ကြ အဖွဲ့သစ်တွေဖွဲ့ကြ စည်းကမ်းသစ်တွေ သတ်မှတ်ကြတာတွေဟာ တကယ်ကတော့ နောက်ပွဲကြီးတွေအတွက် ခြေလှမ်းပြင်ခြင်းမျှသာ ဖြစ်ပါတယ်။

ကျူးကျော်စစ် “အောင်မြင်စွာ” အဆုံးသတ်တာနဲ့ ပတ်သက်လို့ ပြောစရာဖြစ်ရပ်တခု လောလောလတ်လတ် ပေါ်ပေါက်လာပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီ ၂၉ရက် နေ့ က ကာတာမှာ အာဖဂန်စစ်ဆိုင်ရာ ဒိုဟာသဘောတူညီချက် လက်မှတ်ရေးထိုးတဲ့ဖြစ်ရပ်ပါ။ စကတည်းမှာကိုဘဲ လက်ရှိ အာဖဂန်အစိုးရဘက်က အကျဉ်းသားလဲလှယ်ရေးကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်မှုတွေပေါ်လာတာ၊ အာဖဂန် အင်အားစုများအချင်းချင်း အရှုပ်အထွေးတွေရှိနေတာ၊ စာချုပ် အကောင်အထည် ပေါ်လာဖို့ အလွန်ကိုမရေမရာနိုင်တာ၊ အမေရိကန် သမတရွေးကောက်ပွဲအတွက် အမြတ်ထုတ်တာလည်းဖြစ်နိုင်လို့ ထုံးစံအတိုင်း ရွေးကောက်ပွဲအပြီးမှာ အခြေအနေ ပြောင်းပြန် ပြောင်းသွားနိုင်သေးတာနဲ့ စာချုပ်အတွင်း ကာလအလိုက် ခြေလှမ်းဆိုင်ရာအချက်အလက်တွေအကြောင်း အထူးမပြောလိုပါ၊ စစ်ပွဲနဲ့ စာချုပ်အပေါ် အမေရိကန်နယ်ချဲ့သဘောထားကိုဘဲ အလေးထားပြောလိုပါတယ်။

အမေရိကန်နဲ့ နေတိုးတပ်များ အာဖဂန်အတွင်းသို့ ကျူးကျော်ဝင်ရောက် ပြီး ၁၉နှစ်နီးပါးကြာ စစ်ဆင်တိုက်ခိုက်တာဟာ ကမ္ဘာက ဘယ်လောက်ဘဲ ဆန့်ကျင်ဆန့်ကျင်၊ ပြည်သူတွေ ဘယ်လောက်ဘဲ သေကြေထိခိုက်မှုများများ၊ စစ်သားတွေ ဘယ်လောက်ဘဲ စတေးရစတေးရ၊ ၉၁၁ အကြမ်းဖက်အင်အားတွေကို သုတ်သင်ဖို့ ဖြစ်တဲ့အတွက် အမေရိကန်အုပ်စိုးသူတို့အနေနဲ့ ဒါကို ပြစ်မှုအဖြစ် သဘောမထားပါ။ အခုစာချုပ်မှာကိုဘဲ အာဖဂန်မြေပေါ် ဘယ်အကြမ်းဖက်အုပ်စုကိုမှ ခြေကုပ်မယူစေဖို့ တာလီဘန်တို့အပေါ် တောင်းဆိုထားတယ်။ ထိခိုက်မှုတွေများပြားလာပြီး စရိတ်လဲထောင်းလာ၊ အမေရိကန်ပြည်သူတွေကိုယ်တိုင်က ဒီစစ်ကို မကျေမနပ်နဲ့ ဆန့်ကျင်လာတဲ့အခြေအနေ၊ မိမိရဲ့ ကမ္ဘာ့ဗျူဟာကို “အကြမ်းဖက်ဝါဒချေမှုန်ရေး” စစ်မှ ပြိုင်ဘက်အင်အားကြီးများ (အထူးသဖြင့် တရုတ်နဲ့ရုရှား)ကို အလဲထိုးရေးစစ်မျက်နှာဘက်ဆီ လှည့်ပြောင်းဖို့ ပြင်ဆင်ရတောမည့်အခြေအနေရောက်လာချိန်မှာ အာဖဂန်မှ လက်ဦးမှုရှိရှိ ချောချောမောဆုတ်ခွာဖို့၊ ဗီယက်နမ်ကဆုတ်ခွာတုန်းကလို အိုးနင်းခွက်နင်းမဖြစ်ဖို့ အမေရိကန်အစိုးရက ခြေလှမ်း ပြင်ပါတယ်။

အစီအစဉ်အရကတော့ တပ်တွေကို အဆင့်ခွဲပြီး ဆုတ်ခွာစေမှာဖြစ်တယ်။ တာလီဘန်တွေကို ဆက်လက်ပေါင်းသင်းနိုင်သူများအဖြစ် သဘောထားကာ အနာဂါတ်မှာ အာဖဂန်အတွင်း စီအိုင်အေလို၊ အစိုးရစစ်တပ်လေ့ကျင့်ပေးတဲ့အရာရှိများလို အမေရိကန်သြဇာ အင်အားများကို ထားရှိဖို့ ၊ အစိုးရသစ်ကို ဘဏ္ဍာရေးအကူအညီများပေးသွားဖို့ စဉ်းစားချက်တွေလည်း ရှိပါတယ်။ အဲဒီတော့ အာဖဂန်ကျူးကျော်ရေးစစ်မှာ တကယ့်ရည်ရွယ်ချက်ဖြစ်တဲ့ မိမိရဲ့ ဗိုလ်အဆင့်နေရာထိန်းသိမ်းရေးကို ဆုတ်ခွာပြီးနောက်ပိုင်းမှာလည်း အမေရိကန်က ဆက်လက်လုပ်ဆောင်မှာ သေချာပါတယ်။

ဆုတ်ခွာခြင်းနဲ့ပတ်သက်လို့ပြောရရင်၊ မဆလ တပါတီစနစ်ကနေ ဦးနေဝင်းဆုတ်ခွာပေးမယ့်သဘော ပြခဲ့တာ ရှိခဲ့ပါတယ်၊ ဒါပေမဲ့ အချိန်က နောက်ကျသွားပါပြီ၊ ပြည်သူလူထုက ကိုယ့်အစီအမံနဲ့ကိုယ် အမှီအခိုကင်းကင်းနဲ့ ပါတီစုံစနစ်တည်ဆောက်ရေးလမ်းကို ရွေးချယ်ခဲ့ပြီး လူထုအုံကြွမှုအရေးတော်ပုံတရပ်ကို ဆင်နွှဲခဲ့ပါတယ်။ အခုအခါမှာ ပြည်တွင်းစစ်ရပ်စဲရေးအတွက် တဖက်သတ် အကြွင်းမဲ့အပစ်ရပ်တာမျိုး စစ်အုပ်စုဘက်က လက်ဦးမှုရှိရှိပြုလုပ်ဖို့တောင်းဆိုတာတွေဟာ လုံးဝ ဆီလျှော်ပါတယ်၊ ဒါပေမဲ့ စစ်အုပ်စုဟာ လက်နက်ကိုင်ဆန့်ကျင်သူအင်အားစုများအညံ့ခံရေးကိုဘဲ မမှိတ်မသုံပြောနေရုံမက ဘာသာရေးအကြောင်းပြု ပြည်တွင်းစစ် စစ်မျက်နှာသစ်များတောင် တိုးချဲ့ဖွင့်လာနေတယ်။ မာရသွန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာပါဝင်သူ ကာယကံရှင်တွေကိုယ်တိုင် ဟန်မပျက်စခန်းသွားနေရတဲ့သဘော ဖြစ်နေတယ်။ ဒါကြောင့် စစ်အုပ်စုဘက်က ပြည်တွင်းစစ်ကို လက်ဦးမှုရှိရှိ အဆုံးသတ်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ အကယ်၍ ဖြစ်ခဲ့သည်ရှိတောင်မှ ပြည်တွင်းစစ်ကို စတင်တိုက်ခိုက်ခြင်းဟာ ဘယ်တော့မှလုပ်ခွင့်မရှိတဲ့ပြစ်မှုဖြစ်တယ်ဆိုတာကို လက်ခံမှာ မဟုတ်ပါ၊ နောက်ထပ် အချိန်မရွေး ဖောက်ခွဲ နိုင်ပါသေးတယ်။

သမိုင်းဘီးကို နောက်ပြန်ဆွဲတဲ့လက္ခဏာပါတဲ့လူတန်းစားများ ကြီးစိုးအုပ်စိုးတဲ့လူမှုအဆင့်နေရာရောက်နေရင် သူတို့ဟာ ဒီလိုမျိုး ပြစ်မှုများကို မလွဲမသွေ ကျူးလွန်ကြမှာပါဘဲ။ ဒါတွေကို သူတို့ကိုယ်တိုင်က ပြစ်မှုအဖြစ် လက်ခံ ဝန်ခံလာဖို့ဆိုတာ စိတ်ကူးယဉ်မှု သာဖြစ်ပါတယ်။တိုးတက်မှုကို အလိုလားဆုံးကိုယ်စားပြုတဲ့ အလုပ်သမားလူတန်းစားကကြီးစိုးအုပ်စိုးတဲ့ လူမှုအဆင့်နေရာ ရောက်မှသာ ဒီလို အခြင်းအရာများ ပပျောက်နိုင်မှာဖြစ်ပါတယ်။

လှသောင်း

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မီတီ ၏ရခိုင်ဒေသအတွင်း ပျံ့နှံ့လာနေသော Covid – 19 ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ထုတ်ပြန်ကြေညာချက်

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မီတီ ၏ရခိုင်ဒေသအတွင်း ပျံ့နှံ့လာနေသော Covid – 19 ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ထုတ်ပြန်ကြေညာချက်

၁။ ယခုအခါ COVID-19 ကူးစက်မြန်ရောဂါသည် ရခိုင်ဒေသအတွင်း အလျှင်အမြန်ပျံ့နှံ့နေကြောင်းသတင်းများ ကြားသိနေရပါသည်။ ဩဂုတ်လ ၁၆ မှ ၂၃ ရက်နေ့ည ၈ နာရီအထိ ရောဂါပိုးတွေ့ရှိသူ ၅၉ ဦးအထိရှိလာပြီ။ တပြည်လုံး ကူးစက်ခံရသူစုစုပေါင်း ၄၅၀ ဦး ရှိခဲ့ပြီ။ ကျန်းမာရေးဝန်ကြီးဌာနသတင်းများအရ ယခုကူးစက်မှုမှာ မျိုးဗီဇပြောင်းလဲနေသော ဗိုင်းရပ်စ်အမျိုးအစား ဖြစ်နိုင်သောကြောင့် ကူးစက်မှုနှုန်း ဆယ်ဆမြန်ကြောင်းနှင့် ဒုတိယလှိုင်း တကြော့ပြန်လာတာဖြစ်နိုင်ကြောင်း သတိပေးနှိုးဆော်ထားသည်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှလည်း ကာကွယ်ဆေးစမ်းသပ်ခြင်းနှင့် ကာကွယ်ဆေးလူတိုင်းစေ့ဖြန့်နိုင်ရေးမှာ နှစ်ချီကြာဦးမှာဖြစ်ကြောင်း သတိပေးထားသည်။        

၂။ ယခုအခါ ရခိုင်ဒေသတွင်း ရောဂါထိန်းချုပ်ရေးအတွက် ရပ်ကွက် မြို့ရွာအလိုက် ပိတ်ဆို့ထားခြင်း Lockdown- နေထိုင်မှု ကန့်သတ်ထားခြင်း၊ ညမထွက်ရအမိန့်ထုတ်ထားခြင်းများကို ဆောင်ရွက်ထားကြောင်း ကြားသိရပါသည်။ ရခိုင်မြောက်ပိုင်းတွင် အင်တာနက်ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ထားသည်မှာလည်း ကြာလှပါပြီ။ ရခိုင်နှင့်မွတ်စလင် ဒုက္ခသည်စခန်းများနှင့် လတ်တလော စစ်ဘေးရှောင်စခန်းများတွင်လည်း သိန်းနဲ့ချီသောလူများ ပြွတ်သိပ်လျက်ရှိနေသည်။ သူတို့၏ဒုက္ခများကိုလည်း နားလည်ပေးသင့်ပါသည်။

၃။ ကမ္ဘာနှင့်ချီဖြစ်ပွားနေသော စီးပွားရေးအကျပ်အတည်းနှင့် ကိုဗစ်ကပ်အောက်တွင် ပြည်တွင်းစစ်ပြဿနာ၊ ဆင်းရဲမွဲတေမှုပြဿနာ စသော အသည်းအသန်ပြဿနာပေါင်းစုံနှင့် လုံးထွေးနေရကာ စိန်ခေါ်မှုများစွာနှင့်ကြုံတွေ့နေရသော ဗမာပြည်လို ဖွံ့ဖြိုးဆဲနိုင်ငံ တနိုင်ငံတွင် ရောဂါပြန့်ပွားမှုမြင့်တက်လာပါက အများပြည်သူတို့၏ အသက်အိုးအိမ် ကြောက်ခမန်းလိလိ ဆုံးရှုံးသွားနိုင်သည်။

ရောဂါပြန့်ပွားမှုမြင့်တက်လာပါက (အထူးသဖြင့် ကျန်းမာရေးပြဿနာများ) ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်သည်။

၄။ ယနေ့ကာလသည် စစ်ဘေး၊ ရောဂါဘေး၊ အငတ်ဘေးနှင့် အဖိနှိပ်ခံနေရသော ဘေးစသော ဘေးဒုက္ခအမျိုးမျိုးတို့အကြား ဆူးကြားထဲကဘူးကဲ့သို့ အန္တရာယ်မျိုးစုံ ဝန်းရံခြင်းခံနေရပြီး ဒုက္ခဖိစီးမှုများစွာရင်ဆိုင်နေရသော ရခိုင်ပြည် ပြည်သူလူထုအပါအဝင် တပြည်လုံးပြည်သူလူထု၏ ဘေးဒုက္ခနှင့်အသက်အန္တရာယ်ကင်းရှင်းစေရေးကို အစိုးရနှင့်အစိုးရစစ်တပ်တို့သည်လည်းကောင်း အေအေ AA တပ်တော်သည်လည်းကောင်း၊ အဓိက ရှေးရှုဦးတည်သွားရမည့် အချိန်ကာလဖြစ်သည်ဟု ကျွန်ုပ်တို့ယူဆမိသည်။ သို့ဖြစ်၍ ရခိုင်ပြည်သူလူထု၏ ကောင်းကျိူးချမ်းသာကိုဦးထိပ်ပန်ကာ လက်နက်ကိုင်အင်အားနှစ်ဖွဲ့စလုံးမှ မည်သည့် စစ်နေရာ တိုးချဲ့မှု၊ စစ်ရေးလှုပ်ရှားမှုများများကိုမဆို ဆက်လက်မလုပ်ဆောင်သင့်တော့ပါ။ ထိုကြောင့် နှစ်ဖက်စလုံး တပြိုင်တည်း ချက်ချင်း အပစ်အခတ်ရပ်စဲပြီးကြိုတင်စည်းကမ်းသတ်မှတ်ချက် မထားရှိဘဲ ရခိုင်ပြည်နယ် စစ်မီးငြိမ်းအေးစေရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားကြရန် ဗမာပြည်ကွန်မြူနစ်ပါတီ အနေဖြင့် အလေးအနက် တိုက်တွန်းအပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ

ဗမာပြည်ကွန်မြူနစ်ပါတီ

၂၀၂၀ ခုနှစ်၊ သြဂုတ်လ၊ ၂၄ ရက်။

(၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက်။)

ရွှေအိုးမထမ်းရဘဲ သန်းရွှေပေးတဲ့ဒုက္ခအိုး ထမ်းနေရတဲ့ခေတ်(နီအောင်ဝေ)

ရွှေအိုးမထမ်းရဘဲ သန်းရွှေပေးတဲ့ဒုက္ခအိုး ထမ်းနေရတဲ့ခေတ်

(နီအောင်ဝေ)

စစ်အုပ်စုက ဒီမိုကရေစီ လမ်းပြမြေပုံ (၇) ချက်နဲ့ တဆင့်ပြီးတဆင့် ‘ဒီမိုကရေစီ အခင်းအကျင်း’ တခုကို ဦးတည်ပုံဖော်ခဲ့ပါတယ်။ ပြည်သူတွေက အညာမခံပါဘူး။ ၂၀၀၇ မှာ လူထုတိုက်ပွဲနဲ့ဖျက်သိမ်းပစ်ဖို့ကြိုးစားပါတယ်။ လူထုအုံကြွမှုကို ပြင်းပြင်းထန်ထန်ဖိနှိပ်ဖြိုခွဲပြီး တနှစ်မပြည့်ခင် ၂၀၀၈ နာဂစ်ကာလမှာ သူတို့စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေကို အဓမ္မအတည်ပြုလိုက်တယ်။ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ စစ်တပ်ပါတီကြံ့ဖွံ့ကို အာဏာလွှဲပြီးတဲ့အခါ လမ်းပြမြေပုံအတိုင်း သူတို့လိုရာပန်းတိုင်ကို ရောက်သွားပါပြီ။ 

လမ်းပြမြေပုံရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဆိုတာဟာ သူတို့ရဲ့ပန်းတိုင်ပါ။ ဒါပေမဲ့ အဲဒီလို သူတို့တည်ဆောက်ထားတဲ့ ဒီမိုကရေစီအရေခြုံ နိုင်ငံတော်သစ် မပြိုလဲအောင် ထိန်းသိမ်းဖို့၊ ကာကွယ်စောင့်ရှောက်ဖို့လိုပါသေးတယ်။

စစ်အုပ်စု ထူထောင်ပေးတဲ့ ဒီမိုကရေစီ နိုင်ငံတော်ဆိုတာကို ကြံ့ဖွတ်အစိုးရလို စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရတွေနဲ့တင် ရေရှည်တည်မြဲအောင် လုပ်လို့မရပါဘူး။ ရွှေရည်စိမ်ဆိုတာ အရောင်ကျွတ်မှာပါ။ ပုံမှန် အရောင်ပြန်တင်ပေးဖို့လိုပါတယ်။ ရွေးကောက်ပွဲတွေက ငါးနှစ်တခါ ရွှေရည်စိမ်တဲ့အလုပ်ကို လုပ်တာပါ။ တစညလို ကြံ့ဖွံ့လိုပါတီတွေနဲ့ပြည်သူကို ဆက်ပြီးညာချဖို့မလွယ်တာ သူတို့သိပါတယ်။ ဒါကြောင့် အတုအယောင် ပြည်သူ့ဘက်သားတွေ၊ အင်အားစုတွေ ဖန်တီးပါတယ်။ ထိပ်တန်း စစ်ဗိုလ်ချုပ်ကစလို့ အောက်ဆုံးအဆင့် ပုလိပ်အဆုံး ထောင်ထွက် ရာဇဝတ်သားပါမကျန် ပြည်သူ့ဘက်သားအယောင်ဆောင် သူတို့လူတွေကို သူတော်ကောင်းလို၊ လူအများ လေးစားထိုက်သူတွေလို သြဇာထူထောင်ပေးပြီး ဟန်ပြတရားစွဲ၊ ယောင်ပြ ထောင်ချတာစတဲ့ နည်းမျိုးစုံသုံးပါတယ်။ ဒီလူတွေက အချိန်တန်ရင် ပါတီထောင်၊ လူစုပြီး၊ တခြားနိုင်ငံရေးပါတီတွေမှာလည်း ဝင်လို့ရသလောက် ဝင်ရောပြီး ငါးနှစ်တကြိမ်လုပ်တဲ့ ရွှေရည်စိမ်ပွဲကြီးကို ကျင်းပနိုင်အောင် လုပ်ထားတာ ပါ။

စစ်အုပ်စုရဲ့ဒီမိုကရေစီအရေခြုံ နိုင်ငံတော်ကို နယ်ချဲ့အနောက်အုပ်စုကလည်း ထောက်ခံပါတယ်။ သူတို့ဗမာပြည်သူကိုသွေးစုပ်ဖို့၊ အာရှပစိဖိတ်ဒေသကိုလွှမ်းမိုးထားနိုင်ဖို့ ဗမာပြည်မှာ ဒီမိုကရေစီစစ်စစ် ရှိနေစရာမလိုဘူး။ ရွှေရည်စိမ်နဲ့အလုပ်ဖြစ်တယ်။ ဒါကြောင့် ဗိုလ်သိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး အိုင်ကွန်ဘွဲ့ပေးပြီး ချီးမြှောက်တယ်။ အတိုက်အခံ ဒီချုပ်နဲ့စစ်အုပ်စုအကြား ရင်ကြားစေ့ရေး ဘေးတီးပေးတယ်။ သူတို့အကျိုးစီးပွားအတွက် ဗမာပြည် “လူမှုတည်ငြိမ်ရေး” (လူထု ငြိမ်ငြိမ်နေရေး)ဟာ အရေးကြီးလို့ ခေတ်စကားနဲ့ပြောရရင်တော့ ဝိုင်းပြီး အရောက်ပို့ကြတာပါ။ ဒီလိုနဲ့ဒီချုပ်လည်း စစ်လွှတ်တော်ထဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါ တယ်။ 

၂၀၁၅ ရွေးကောက်ပွဲမှာ ဒီချုပ်ပါတီ အနိုင်ရတဲ့အခါ ဗိုလ်သန်းရွှေက သူ့မြေးကို ဆက်သားလုပ်ပြီး ဒေါ်စုနဲ့တွေ့ဖို့ ချိန်းပါတယ်။ ဒေါ်စုနဲ့တွေ့ဆုံ ဆွေးနွေးတယ်၊ ဒေါ်စုကို အားပေးထောက်ခံတယ်။ (တကယ်တမ်းမှာ သန်းရွှေ-ဒေါ်စု တွေ့ဆုံပွဲက ခုထိဘာတွေ လျှို့ဝှက်သဘောတူထားတယ်ဆိုတာ ထုတ်ပြန်တာမရှိသေးပါ။) ပြည်တွင်း၊ ပြည်ပ သတင်းတွေမှာ စစ်အာဏာရှင်ဟောင်းဗိုလ်သန်းရွှေက ဒေါ်စုကို ထောက်ခံကြောင်း သတင်းတွေ ဘဝဂ်ညံသွားတာပါ။

အဲဒီအချိန်မှာ ဗိုလ်သန်းရွှေက တိုင်းပြည်အတွက် သားရွှေအိုးထမ်းကိန်းကြုံပြီလို့ဆိုပါတယ်။ စစ်အုပ်စု အဟောင်း၊ အသစ်နဲ့ဒီချုပ်အုပ်စု သုံးအုပ်စုက သားလည်းမသေ၊ မိဘနှစ်ပါးလည်း မျက်စိအလင်းပြန်ရတဲ့အပြင် ရွှေအိုးကြီးပါရလိုက်တဲ့ Win-Win-Win ကိန်းကို ဆိုက်တာပါ။ စစ်အုပ်စုက အသေမထွက်ဘဲ အရှင်ထွက်သွားသယောင် လုပ်ဇာတ်ခင်းလိုက်တယ်။ (အုပ်စုဟောင်းက အငြိမ်းစားတယ်၊ အုပ်စုသစ်က မှိန်းစားတယ်)။ ဒီချုပ်က ၂၀၀၈ မြှုံးထဲဝင်သွားတယ်

ပြည်သူတွေကတော့ သန်းရွှေပေးလိုက်တဲ့ ဒုက္ခအိုးကို ထမ်းရပါတယ်။ 

ဒါပေမဲ့ ဆိုရှယ်မီဒီယာကို အာဏာသုံး၊ ဓနအင်အားသုံးပြီး အိတ်ထဲထည့်ထားသူတွေက ပြည်သူတွေ လိုလားတောင့်တတဲ့ ဒီမိုကရေစီရပြီ၊ ဒီမိုကရေစီခေတ်ကိုရောက်ပြီဆိုပြီး လိမ်ညာမှိုင်းတိုက်ကြပါတယ်။ ဒီနည်းနဲ့ ဒီမိုကရေစီအရေခြုံ စစ်အုပ်စုရဲ့နိုင်ငံတော် မယိုင်လဲအောင် ဝိုင်းပြီးကျားကန်ပေးကြတယ်။ သူတို့က ထောက်လှမ်းရေး၊ သတင်းပေး၊ ခရိုနီရောင်စုံ စတဲ့အင်အားတွေသုံးပြီး အင်မတန်အရေးကြီးတဲ့ မီဒီယာဒေါက်တိုင်ကြီးကို ပင့်ကြမကြတာပါ။

ဒီချုပ်အစိုးရ တက်ပြီးနောက်ပိုင်း ကြားရတဲ့ ဒီချုပ်လိုလားသူ၊ ထောက်ခံသူတွေရဲ့အသံကို နားထောင်ကြည့်ပါ။ ရိုးရိုးသားသား ထောက်ခံသူတွေရှိပေမယ့် ဒီကနေ့ဒေါ်စုနဲ့ ဒီချုပ်ကို ကြိုက်သူ အတော်များများက ဒီချုပ်အပေါ် ဖိနှိပ်မှုပြင်းထန်စဉ်က အနစ်နာခံပြီး ဝန်းရံထောက်ခံခဲ့သူတွေနဲ့လေသံ၊ ဟန်ပန် မတူပါဘူး။ သူတို့က ဒေါ်စုကိုလုံးဝ ဗဟိုပြုထားကြပြီး တခြား နိုင်ငံရေးသမား ဝါရင့်ဝါနု၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား ဘယ်သူပဲဖြစ်ဖြစ် သူတို့နဲ့ သဘောထားချင်း မတိုက်ဆိုင်ရင် ဒါမှမဟုတ် ဒေါ်စုနဲ့ဒီချုပ်ကိုဝေဖန်ရင် ရန်စွယ်ငေါငေါနဲ့ဆဲဆိုတိုက် ခိုက်လေ့ရှိပါတယ်။ လိုအပ်သလို ဥပဒေတွင်းနည်း၊ ဥပဒေပနည်းတွေနဲ့ခြိမ်းခြောက်တာတွေပါ လုပ်တတ်ပါတယ်။

သူတို့လို လူတွေ တဖောင်ဖောင်ပြောလေ့ရှိတာက ဒီမိုကရေစီရနေပြီ၊ ဒီမိုကရေစီခေတ်ကိုရောက်နေပြီ ဆိုတာပါ။ (တကယ်တော့ ဒါဟာ သန်းရွှေခင်းပေးထားတဲ့လမ်းကို အမွှမ်းတင်ပေးနေတာတွေပါပဲ။)

အခုလို ရွေးကောက်ပွဲကာလမှာဆိုရင် ကြံ့ဖွံ့နဲ့ တခြားစစ်အုပ်စုအလိုတော်ရိပါတီတွေကို မဲမထည့်ဖို့၊ ဒီချုပ်အစိုးရကိုသာမဲပေးဖို့ အုံနဲ့ကျင်းနဲ့ဆော်သြကြပြန်ပါတယ်။ တချို့ဆိုရင် တိုင်းရင်းသားတွေက ကိုယ့်တိုင်းရင်းသားပါတီကို မဲမပေးဘဲ ဒီချုပ်ကို မဲပေးရမယ်လို့တောင် စည်းရုံးသလိုလို၊ ခြိမ်းခြောက်သလိုလို လုပ်သေးတာပါ။ သူတို့က ကြံ့ဖွတ်နဲ့စစ်တပ်ကို မကြိုက်ကြောင်းပြတယ်၊ ဒေါ်စုနဲ့ဒီချုပ်ကို ထောက်ခံကြောင်းပြတယ်။ ဒါပေမဲ့ နိုင်ငံရေးစနစ်နဲ့ပတ်သက်လို့ ဘာမှမပြောဘူး။ စနစ်ဆန့်ကျင်ရေး လေသံမဟပါဘူး။ စနစ်ဟောင်း၊ ခေတ်ဟောင်း မဟုတ်တော့ဘူး ဒီမိုကရေစီခေတ်ရောက်နေပြီ ဒီမိုကရေစီချန်ပီယံဖြစ်တဲ့ ဒီချုပ်ပါတီကို မဲပေးရေးသာလုပ်ကြဆိုတဲ့ အတွေးအခေါ်ကို လူထုကြားမှာစိမ့်ဝင်အောင် လုပ်နေတာပါ။

စစ်အုပ်စုအတွက် ကြံ့ဖွံ့၊ တစညနဲ့ တခြားအလိုတော်ရိပါတီတွေ အာဏာရရေး မရရေးထက် လမ်းပြမြေပုံ (၇) ချက်နဲ့ထူထောင်ထားတဲ့ ဒီမိုကရေစီအရေခြုံနိုင်ငံတော် တည်တံ့ခိုင်မြဲရေးက ပိုအရေးကြီးပါတယ်။ စစ်အုပ်စုတွင်း အကျိုးစီးပွားကိုယ်စီရှိနေလို့၊ ဖြစ်နိုင်ရင် ဖွတ်တလှည့် ဒေါင်းတလှည့်ဆိုတာမျိုးလည်း လိုလားပုံရပါတယ်။ ဘယ်လက်ဝေခံအစိုးရတက်တက် ဒီမိုကရေစီအရေခြုံနိုင်ငံတော်တည်မြဲအောင် ကျားကန်ပေးမယ့် ဒေါက်တိုင်ဖြစ်ဖို့က ပိုအရေးကြီးလာတယ်။ ပြည်သူတွေကို နိုင်ငံရေးနဲ့ပတ်သက်ရင် ရွေးကောက်ပွဲမှာ မဲပေးတဲ့အလုပ်တခုကိုပဲ လုပ်နေစေချင်တယ်။ ဒါကြောင့် ငါးနှစ်တခါ မဲပေးရင်ရပြီ၊ တခြားဘာမှလုပ်ဖို့မလိုတော့ဘူး။ လက်သီးလက်မောင်းတန်းမယ့်အစား လက်သန်းပဲမင်စွန်းခံလိုက်ကြလို့ သူတို့ပြောနေကြတာပါ။ လမ်းပေါ်နိုင်ငံရေး ခေတ်ကုန်ပြီဆိုတာ ဒီသဘောပါပဲ။

စစ်အုပ်စုက သူတို့အကျိုးစီးပွားအတွက်ပြောတိုင်း တိုင်းပြည်အတွက်လို့ပဲ ပြောတာပါ။ ဗိုလ်သန်းရွှေ က တိုင်းပြည်အတွက် သားရွှေအိုးထမ်းကိန်းကြုံပြီလို့ပြောခဲ့တာက စစ်အုပ်စုနဲ့ ဒီချုပ်ဟာ ဟိုတချိန်က ရန်သူတွေဖြစ်ခဲ့ပေမယ့် အခုတော့ မိတ်ဆွေဖြစ်လာပြီး။ အတူတူ ရွှေအိုးထမ်းနိုင်တာကို ပြောတာပါ။ ဒါပေမဲ့ ပြည်သူတွေကတော့ ရွှေအိုး ထမ်းရတဲ့အဖြစ် မဟုတ်ဘဲ ဒုက္ခအိုးကို ထမ်းနေရတဲ့အဖြစ် ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဂျင်နီ့ဘဝရုပ်ပုံလွှာ(သိန်းထွန်းနိုင်)

ဂျင်နီ့ဘဝရုပ်ပုံလွှာ

(သိန်းထွန်းနိုင်)

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

——

မာ့က်စ်နဲ့ဂျင်နီလက်ထပ်တော့ မာ့က်စ်အသက်ကအစိတ် ဂျင်းနီက ၂၉ နှစ်။ ဂျင်နီက ပဒေသရာဇ်မိသားစုမှာ မွေးဖွားလာတဲ့သူ။ မာ့က်စ်လို ရက်ဒီကယ်ဂျူးတယောက်ကို လက်ထပ်တယ်ဆိုတာ သူတို့ထုံးတမ်းစဉ်လာကို ဆန့်ကျင်ပြီး လုပ်ရတာပါ။ ဒါကြောင့် နှစ်ဘက်မိဘတွေသဘောတူကြည်ဖြူပေမယ့် တိုးတိုးတိတ်တိတ် စေ့စပ်ကြတယ်။ မာ့က်စ်ရဲ့ဖခင်နဲ့ ဂျင်နီရဲ့ဖခင်တွေက တမြို့တည်းသား မိတ်ဆွေတွေ။ ဂျင်နီ့ဖခင်က ပြင်သစ် လစ်ဘရယ်ဝါဒနဲ့ဆိုရှယ်လစ်ဝါဒကို အင်မတန်သဘောကျတယ်။ သမီးဖြစ်သူ ဂျင်နီကလည်း သူစိတ်ဝင်စားတဲ့ ပြင်သစ်ဆိုရှယ်လစ်ဝါဒနဲ့ ဂျာမန်ရိုမန်းတစ် စာပေအနုပညာလှုပ်ရှားမှုကိုသာ လေ့လာလိုက်စားတယ်။ ငယ်စဉ်ကတည်းက ကျားမတန်းတူရေးအမြင်တွေလည်းရှိတယ်။     

သူတို့နှစ်ယောက် လက်ထပ်တဲ့အခါ အဖေတွေ မရှိကြတော့ဘူး။ ဆွေမျိုးသားချင်းတွေ ဖေးမတဲ့အကူအညီ နည်းနည်းပါးပါးကလွဲလို့ ကိုယ့်ဒူးကိုယ့်ချွန် ရုန်းကန်ရတယ်။ လက်ထပ်ပြီးနောက် ဇနီးမောင်နှံနှစ်ယောက် ပါရီကိုသွားကြတယ်။ ရက်ဒီကယ်တွေနဲ့ဝိုင်းဖွဲ့မိတယ်။ မာ့က်စ်နဲ့အိန်ဂယ် တသက်တာ ရဲဘော်ရဲဘက်တွေအဖြစ် စပြီးလက်တွဲမိတာ အဲဒီကာလမှာပါ။ ပြင်သစ်အာဏာပိုင်တွေက မာ့က်စ်တို့မိသားစုကို ပါရီကနေ နှင်ထုတ်တယ်။ ဂျင်နီလည်း အိမ်ထောင် ပရိဘောဂတွေ အကုန်ရောင်းချပစ်ရတယ်။ ဒါတောင် အိမ်ငှားခ ကြွေးကျန်တွေ ရှိသေးတယ်။ လင်မယားနှစ်ယောက် မွေးခါစသမီးကလေး ဂျင်နီချန်းနဲ့အတူ ဘရပ်ဆဲလ်ကို သွားကြတယ်။ ဘရပ်ဆဲလ်ရောက်ပြီး သိပ်မကြာဘူး မာ့က်စ်နဲ့အိန်ဂယ်က အင်္ဂလန်ကို သွားပါတယ်။ မန်ချက်စတာက ဆင်းရဲသား အလုပ်သမားတွေနေတဲ့ ရပ်ကွက်ကိုသွားပြီး လေ့လာတာပါ။

မာ့က်စ်ရဲ့‘ဂျာမန်ဝါဒ’ ကျမ်း ထွက်လာရင် ငွေရေးကြေးရေး အခက်အခဲတွေ ပြေလည်နိုင်ကောင်းရဲ့လို့ ဂျင်နီက မျှော်လင့်ထားတယ်။ ဒါပေမဲ့ မာ့က်စ်က စာဆက်မရေးနိုင်ပြန်ဘူး။ ဂျင်နီကို ဖွင့်မပြောဘဲထားတယ်။ မာ့က်စ်နဲ့အိန်ဂယ်တို့‘ကွန်မြူနစ် စာပေးစာယူကော်မတီ’ ဖွဲ့တော့ ဂျင်နီက ရုံးအလုပ်တွေကို တာဝန်ယူတယ်။ ဖတ်ဖို့ခက်တဲ့ မာ့က်စ်လက်ရေးကို သူပဲ ပြန်ကူးရေးရတာပါ။ မာ့က်စ်ရဲ့လက်ရေးကို ဂျင်နီ၊ အိန်ဂယ်နဲ့သူ့သမီးတွေသာ နားလည်ပါတယ်။ ဂျင်နီက တရားမျှတရေးအဖွဲ့ချုပ် (ကွန်မြူနစ်အဖွဲ့ချုပ်) ရဲ့ဘရပ်ဆဲလ်ရုံးခွဲမှာ ပထမဆုံးအဖွဲ့ဝင်ဖြစ်သလို မာ့က်စ်နဲ့အိန်ဂယ်တို့ ဂျာမန်အလုပ်သမားသမဂ္ဂ ဖွဲ့တော့လည်း အခမ်းအနားတွေ စီစဉ်ပေးတယ်၊ တက်တက်ကြွကြွ ပါဝင်တယ်။ ကွန်မြူနစ်ကြေညာစာတမ်းကို စိတ်ရှည်လက်ရှည် ပြန်ကူးပေးတာ သူပါပဲ။ ဒါကြောင့် ဂျင်နီမပါဘဲ မာ့က်စ်ရဲ့ကျမ်းတွေ ပေါ်ထွက်မလာနိုင်ဘူးလို့ဆိုကြတယ်။

ဘယ်လ်ဂျီယံမှာ ခိုလှုံကြတဲ့အခါ နိုင်ငံရေးမလုပ်ပါဘူးလို့ မာ့က်စ်အပါအဝင် ဂျာမန် ပြည်ပြေးတွေက ကတိပြုရတယ်။ ဒါပေမဲ့ ၁၈၄၈ ခုနှစ် ဥရောပ တော်လှန်ရေးတွေဖြစ်တော့ လင်မယားနှစ်ယောက် အဲဒီကတိကိုဖျက်ပြီး ပရပ်ရှားမှာ လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲဖို့လက်နက်တွေ စုဆောင်းကြတယ်။ မာ့က်စ်ရဲ့မိခင်က ငွေကြေး အခက်အခဲရှိနေတဲ့ သူ့သားနဲ့မိသားစုအတွက် အမွေကြိုခွဲပေးပါတယ်။ မာ့က်စ်ဆီကို ဖရန့်ငွေ ၆၀၀၀ ပို့ပေးလိုက်တယ်။ ဒါပေမဲ့ မာ့က်စ်က အဲဒီငွေတွေနဲ့လက်နက်တွေ ဝယ်တယ်။ တကယ်တော့ အဲဒီငွေတွေက အကြွေးတွေဆပ်ဖို့နဲ့ နောက်လတွေအတွက် နေစရိတ်၊ စားစရိတ်အဖြစ် ရံထားဖို့ပါ။ သူတို့မှာ တခြားဝင်ငွေ ရပေါက်ရလမ်း မရှိပါဘူး။ မာ့က်စ်က သူ့ပုဂ္ဂလိက ငွေရေးကြေးရေးနဲ့ပတ်သက်ရင် နောင်ရေးဆိုတာကို ထည့်မစဉ်းစားသလောက်ပဲ။

အမွေရတာကို သုံးပစ်လို့ဖြစ်လာမယ့် အကျိုးဆက်ကို ဂျင်နီသိပါတယ်။ ကြွေးရှင်တွေနဲ့ရင်ဆိုင်ရမယ်။ လိမ်ညာလှည့်ဖြားသလို ဖြစ်မယ်။ ဘဝအာမခံချက်လည်း မရှိဘူး။ တော်လှန်ရေးသမားတွေအတွက် လက်နက်ဝယ်မလား၊ မိသားစုအတွက် စားစရာဝယ်မလားဆိုပြီး မာ့က်စ်ကို သူတဗျစ်တောက်တောက် လုပ်မနေပါ။ ဘယ်လ်ဂျီယံက မာ့က်စ်ကို ပြည်နှင်ဒဏ်ပေးတဲ့ အမိန့်စာကို မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဘယ်တော့မှ ပြန်ခြေမချရလို့ဆိုတယ်။ မာ့က်စ်တို့မိသားစုနေတဲ့တည်းခိုခန်းကို ပုလိပ်တွေ မနက်တနာရီလောက် အင်အားသုံးပြီး ဝင်ဖမ်းကြတယ်။ အရင်ဆုံး ဂျင်နီနဲ့လန်းချန်း အိပ်နေတဲ့အခန်းကို ဝင်ရှာတယ်။ နောက် မာ့က်စ်အိပ်တဲ့ အခန်းကိုရောက်တော့ မာ့က်စ်က ခရီးထွက်ဖို့ပြင်ဆင်နေတာ တွေ့ရတယ်။

ပုလိပ်က မှတ်ပုံတင် (နိုင်ငံကူးလက်မှတ်) တောင်းတဲ့အခါ မာ့က်စ်က မပြနိုင်ဘူး။ ပြင်သစ်က ပြည်နှင်ဒဏ်ပေးထားတဲ့ စာအဟောင်းနဲ့လောလောဆယ် ဘယ်လ်ဂျီယံက ပြည်နှင်ဒဏ်ပေးတဲ့ စာရွက်ကိုပဲ ပြနိုင်တယ်။ ပရပ်ရှားအစိုးရက ဒုက္ခပေးလွန်းလို့မာ့က်စ်က သူ့နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ထားတယ်။ ဒါကြောင့် နိုင်ငံမဲ့ဖြစ်နေတယ်။ ပုလိပ်တွေက မာ့က်စ်ကို အဝတ်အစားလဲခိုင်းပြီးတော့ ဖမ်းခေါ်သွားကြတယ်။ ဂျင်နီလည်း ညတွင်းချင်း သူတို့မိတ်ဆွေ ရှေ့နေတဦးကို သွားရှာတယ်။ တခြားမိတ်ဆွေတွေဆီကိုလည်း တအိမ်တက်ဆင်း ညဉ့်နက်သန်းခေါင်သွားနှိုးပြီး အကူအညီ တောင်းရှာတယ်။ နောက်တော့ ပုလိပ်တယောက်က ဂျင်နီကို သူ့ခင်ပွန်းနဲ့တွေ့ပေးမယ်ဆိုပြီး ဂါတ်ကိုခေါ်သွားပါတယ်။

ဂျင်နီ့ကိုလည်း မှတ်ပုံတင် (နိုင်ငံကူးလက်မှတ်) တောင်းတယ်။ ဂျင်နီနဲ့အဖော်ပါသွားတဲ့ မာ့က်စ်တို့၊ ဂျင်နီတို့ရဲ့မိတ်ဆွေ ဂျီးဂေါ့နဲ့ပုလိပ်တွေ စကားများတော့ ဂျီးဂေါ့ကို ပုလိပ်က အချုပ်ထဲထည့်လိုက်တယ်။ မှတ်ပုံတင်တွေ၊ နိုင်ငံကူးလက်မှတ်တွေ ဂျင်နီ့မှာလည်း မရှိတဲ့အတွက် သူ့ကိုဖမ်းပြီး ပြည့်တန်ဆာမ သုံးယောက်ရှိတဲ့ အချုပ်ခန်းထဲကို ထည့်လိုက်ကြတယ်။ အချုပ်ထဲက ပြည့်တန်ဆာမတယောက်က ဂျင်နီ့ကို နေစရာမျှပေးပါတယ်။ ခဏနေတော့ ခုတင်နှစ်လုံးရှိတဲ့ တခြားအခန်းကို ပြောင်းပေးတယ်။ မနက်လင်းတော့ ပြတင်းပေါက်ကနေ သံတိုင်တွေရဲ့ အပြင်ဘက်ကို ကြည့်လိုက်တဲ့အခါ ညက အချုပ်ခံရတဲ့ ဂျီးဂေါ့ကို တွေ့ပါတယ်။ ဂျီးဂေါ့က သူ့ကို အောက်ဘက်တနေရာကိုကြည့်ဖို့ လက်ဟန်ခြေဟန်နဲ့ပြတယ်။ သူလှမ်းကြည့်လိုက်တော့ မာ့က်စ်ကို စစ်တပ်နဲ့ခြံရံပြီး ခေါ်ထုတ် သွားတာကို မြင်လိုက်ရတယ်။ မာ့က်စ်ကို သတ်ဖို့ခေါ်သွားကြသလားဆိုပြီး တနာရီလောက် ပူပင်သောကတွေ ဖြစ်ရရှာတယ်။

နောက်တော့ သူ့ကို တရားရုံးခေါ်သွားပြီး စစ်ဆေးပါတယ်။ သူ့ယောက်ျားနဲ့ပတ်သက်လို့သူနဲ့ပတ်သက်လို့ နှစ်နာရီလောက်ကြာအောင် စစ်ကြောကြတယ်။ သူက ဘာမှ ထုတ်မပြောသလောက်ပဲ။ နောက်ဆုံးတော့ လင်မယားနှစ်ယောက်လုံးကို ပြစ်တင်စွဲဆိုတာတွေ မလုပ်ဘဲ ပြန်လွှတ်လိုက်တယ်။ မာ့က်စ်ကတော့ အရူးတယောက်နဲ့အတူ အချုပ်ထဲမှာ ညကအိပ်လိုက်ရတယ်။ 

မတ်လ ၄ ရက်နေ့မှာ မာ့က်စ်တို့မိသားစု ပါရီကို ထွက်ခွာတယ်။ ပြင်သစ်မှာ တော်လှန်ရေးက အောင်ပွဲခံနေချိန် ဖြစ်တယ်။ တခါပြင်သစ်ကနေ ဂျာမန် တော်လှန်ရေးသမားတွေ ပရပ်ရှားကို သွားကြတယ်။ မာ့က်စ်ရဲ့ဂျာမန် အလုပ်သမားသမဂ္ဂကအဖွဲ့ဝင် လေးရာလောက်လည်း ပြည်တွင်း ပြန်ဝင်ကြတယ်။ မာ့က်စ်တို့မိသားစုကတော့ မပါမဖြစ်။

ပရပ်ရှားမှာလည်း အခြေအနေတွေက အရင်လို မဟုတ်ဘူး။ မာ့က်စ်က ကိုလုံးကို ရောက်ရောက်ချင်း ပရပ်ရှားနိုင်ငံသား ပြန်လျှောက်တယ်။ “ရိုင်းပြည် သတင်းစာသစ်” ကိုလည်း သူပိုင်ငွေကြေးပါထည့်ဝင်ပြီး စီမံခန့်ခွဲနိုင်လာတယ်။ ဘရပ်ဆဲလ်နဲ့ပါရီကလာတဲ့ ကွန်မြူနစ်အဖွဲ့ချုပ်ဝင်တွေနဲ့ သိုင်းကြဝိုင်းကြတယ်။ မာ့က်စ်က စာတည်းချုပ်ပါ။ သတင်းစာတိုက် အနီးနားမှာ မာ့က်စ်တို့မိသားစုနေဖို့အခန်းတခန်း ရှာရတယ်။ ဒါပေမဲ့ အင်အားရှစ်ထောင်ရှိတဲ့ ပရပ်ရှားစစ်တပ်ကလည်း အနီးနားမှာပဲ။ စစ်တပ်က စစ်ရေးပြင်ဆင်မှုလုပ်နေတာတွေရှိတယ်။ အစိုးရ ပြောတာက ပြည်ပရန်ကိုကာကွယ်ဖို့၊ အိန်ဂယ် နားလည်တာက စစ်တပ်ဟာ ပြည်တွင်း အခြေအနေသစ်ကိုဖန်တီးဖို့ ပြင်ဆင်နေတာသာ ဖြစ်တယ်။ သတင်းစာတိုက်က ရဲဘော်တွေမှာ လှံစွပ်တပ် ရိုင်ဖယ်သေနတ် ရှစ်လက်ရှိတယ်။ ကျည် အတောင့် ၂၅၀ ရှိတယ်။ မာ့က်စ်လည်း သွားလေရာ သေနတ်ဆောင်ထားတယ်။

၁၈၄၈ ခုနှစ် တော်လှန်ရေးတွေအရေးနိမ့်တော့ မာ့က်စ်တို့မိသားစု အင်္ဂလန်ကို ပြောင်းကြတယ်။ လန်ဒန်ရောက်တော့ မာ့က်စ်၊ အိန်ဂယ်၊ ဂျင်နီတို့က နိုင်ငံရေးဘောဂဗေဒ သုံးသပ်ချက်စာစောင် “ရီဗျူး” ကို ထုတ်ဝေတယ်။ ဒီအတွက် ရန်ပုံငွေ အသည်းအသန်ရှာရတယ်။ ဆင်းရဲချွတ်ခြုံကျနေတဲ့ ဘဝတူပြည်ပြေးတွေဆီက အလှူခံတာဆိုတော့ အဆင်မပြေလှဘူး။ မိသားစု ဆင်းရဲတဲ့ဒဏ်၊ မကျန်းမာတဲ့ဒဏ်တွေကို တော်တော် ခံကြရပါတယ်။ ခြောက်လသားလေး ဖောစ်ကိုင်းက တခါအိပ်မှ နှစ်နာရီထက် ပိုမအိပ်ဘူး။ အပြင်းအထန်လည်း တက်တယ်။ ကလေးက အသက် ထွက်ခါနီးမှာ ဂျင်နီ့နို့ကို တအားစို့လိုက်လို့ကလေးပါးစပ်ထဲကို သွေးအစက်စက် ကျရတဲ့အဖြစ်ကို ရောက်ပါတယ်။

ဒီကြားထဲ အိမ်ရှင်က အိမ်လခ နောက်ကျနေလို့တပူပူ တဆူဆူ။ ပေးစရာငွေမရှိတော့ အိမ်ရှင်ကိုယ်စား အကြွေးတောင်းဖို့လာတဲ့သူတွေက အိမ်မှာရှိသမျှ ခွာချွတ်ယူပြီး အကြွေးသိမ်းကြတယ်။ ကလေးပုခက်တောင် မချန်ဘူး။ ကလေးတွေလည်း ကြမ်းပေါ်မှာပဲ ခိုက်ခိုက်တုန်ပြီး နေရအိပ်ရရှာတယ်။ ဂျင်နီက ဟော်လန်မှာနေတဲ့ အမျိုးတွေဆီ သွားပြီး အကူအညီတောင်းကြည့်ပေမယ့် အဆင်မပြေပြန်ဘူး။ မာ့က်စ် လန်ဒန်ကိုသွားတိုင်း ကြွေးရှင်တွေကို သူပဲ ဒိုင်ခံဖြေရှင်းရတယ်။ မိသားစုကိုလည်း သူပဲ ပြုစုစောင့်ရှောက်ရပါတယ်။

လန်ဒန်၊ ဆိုဟိုအရပ်မှာရှိတဲ့ သူတို့အခန်းက ၁၈၅၂ ခုနှစ် ဆောင်းဦးမှာ ပြည်ပြေးဌာနချုပ် ဖြစ်လာတယ်။ နွေဦးပေါက်မှာပဲ မာ့က်စ်နဲ့ဂျင်နီတို့ရဲ့ရှစ်နှစ်အရွယ် သားလေးအက်ဒ်ဂါက သူ့အဖေလက်ပေါ်မှာအိပ်နေရင်း အသက်ထွက်သွားရှာတယ်။ သူတို့ဇနီးမောင်နှံဆုံးရှုံးရတဲ့ တတိယမြောက် ရင်သွေးဖြစ်တယ်။ အရင်းကျမ်းကို လန်ဒန်မှာ ၁၈၆၇ မှာ ထုတ်ဝေတယ်။ စာအုပ်က အောင်မြင်ရင်တော့ နေရေးစားရေးလည်း မပူရ၊ အကြွေးတွေလည်း ဆပ်နိုင်မယ်၊ လူထုကိုလည်း လှုံ့ဆော်ပြီးသားဖြစ်မယ်လို့ တွက်ထားကြတယ်။ ဆယ့်ငါးနှစ်လောက် ပေးဆပ်မှုမျိုးစုံနဲ့ ဘဝကိုမြုပ်နှံပြီး ရေးထုတ်လိုက်တဲ့ ဒီကျမ်းအတွက် မာ့က်စ်ရဲ့ကျန်းမာရေး အတော်ထိခိုက်သွားပါတယ်။

၁၈၇၁ ခုနှစ် နွေရာသီမှာ ပါရီဘုံအဖွဲ့ဝင် ပြည်ပြေးတွေ၊ ဒုက္ခသည်တွေ ရောက်လာတော့ နေရာထိုင်ခင်း စီစဉ်ပေးကြ၊ ရန်ပုံငွေရှာကြ၊ ကလေးတွေ ကျောင်းထားဖို့၊ လူကြီးတွေ အလုပ်အကိုင်ရှာဖို့ကူညီကြနဲ့ မာ့က်စ်နဲ့အိန်ဂယ်တို့ မိသားစုတွေ အလုပ်များကြတယ်။ မာ့က်စ်တို့အိမ်မှာ ပြည်ပြေးတွေ အတော်များများကို လက်ခံထားတယ်။ ဂျန်နီကလည်း လူတန်းစား ခွဲခြားသူမဟုတ်ဘူး။ ပြည်ပြေးတွေ၊ ဒုက္ခသည်တွေကို မြို့စားနယ်စား၊ မင်းညီမင်းသားတွေနဲ့ မခြား ဧည့်ဝတ်ကြေရှာတယ်လို့ပြောကြပါတယ်။

မာ့က်စ်တို့မိသားစုဟာ ဆင်းရဲတဲ့ဒဏ်၊ မကျန်းမာတဲ့ ဒဏ်တွေကြောင့် ကလေး လေးယောက်တောင် ဆုံးရှုံးရတာပါ။ ဂျန်နီကိုယ်တိုင်လည်း အသည်းကင်ဆာ ဖြစ်နေတာကို ၁၈၈၁ ခုနှစ်မှာ သိရတယ်။ ဇွန်လရောက်တော့ ကိုယ့်ဘာသာကိုယ် အဝတ်အစား မလဲနိုင်တဲ့အထိ ကျန်းမာရေးက ဆိုးလာတယ်။ ဂျန်နီ မကွယ်လွန်ခင် နှစ်ရက်အလိုမှာ ခုတင်ပေါ်မှာ လှဲနေတဲ့ သူ့ဘေးမှာထိုင်ပြီး မာ့က်စ်က အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ စာအုပ်သုံးသပ်ချက်တခု ဖတ်ပြပါတယ်။ အရင်းကျမ်းနဲ့ပတ်သက်လို့ပထမဆုံး အပြုသဘောဆောင်တဲ့ သုံးသပ်ချက်ပါ။ ၁၈၈၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဂျန်နီကွယ်လွန်တဲ့အခါ အသက် ၆၇ နှစ်ရှိပါပြီ။ ဟိုင်းဂိတ်သုသာန်မှာ သဂြိုင်္ဟ်တယ်။ မာ့က်စ်က အတော် မကျန်းမာဖြစ်နေလို့ဇနီးသည်ရဲ့စျာပနကို မတက်ရောက်နိုင်ဘူး။ အိန်ဂယ်ပဲ သူ့ကိုယ်စား သွားခဲ့ရတယ်။

ကိုးကား။

The Life of Jenny Marx by Harrison Fluss and Sam Miller

https://www.jacobinmag.com/…/jenny-karl-marx-mary…

Love and Capital by Mary Gabriel