Monthly Archives: November 2020

ကမ္ဘာ့ဗိုလ်နေရာဆက်ထိန်းဖို့ အစွမ်းကုန်လုပ်တော့မယ့် အမေရိကန်(နီအောင်ဝေ)

ကမ္ဘာ့ဗိုလ်နေရာဆက်ထိန်းဖို့ အစွမ်းကုန်လုပ်တော့မယ့် အမေရိကန်

(နီအောင်ဝေ)

‘အမေရိကန် ပြန်လာပြီ ကမ္ဘာကို ဦးဆောင်ဖို့အဆင်သင့်ပဲ’ လို့ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က ကြွေးကြော်လိုက်ပါတယ်။

အဖိနှိပ်ခံ အမေရိကန်ပြည်သူတွေနဲ့နိုင်ငံတကာ အဖိနှိပ်ခံများအတွက်တော့ ဂျိုးဘိုင်ဒင်ဟာ ငကန်းသေလို့ပေါ်လာတဲ့ ငစွေပါ။ ‘အမေရိက ပထမ’ဆိုသူ မရှိတဲ့အခါ ‘အမေရိကန်က ဗိုလ်လုပ်မယ်’ဆိုသူ ရောက်လာပါတယ်။ ဘိုင်ဒင်က အီရတ်နဲ့အာဖဂန်နစ္စတန် ကျူးကျော်စစ်တွေကို ထောက်ခံခဲ့တယ်။ စစ်သားဦးရေတိုးဖို့၊ စစ်အသုံးစရိတ်တိုးဖို့ထောက်ခံခဲ့တယ်။ ကလင်တန် အစိုးရလက်ထက်က ယူဂိုဆလားဗီးယားအရေးမှာလည်း အဓိကအခန်းက ပါခဲ့တယ်။ နှစ်သစ်မှာ အာဏာလွှဲယူမယ့် သူ့အစိုးရအဖွဲ့ကို ‘နယ်ချဲ့ဖောက်ပြန်ရေး ရောင်စုံ ညွန့်ပေါင်းအဖွဲ့’ လို့ ဆိုရှယ်လစ် သတင်းဝဘ်ဆိုက်တခုက နာမည်ပေးထားပါတယ်။ တကယ်ကတော့ ဒီအဖွဲ့ဟာ အမှတ်အသားပြုနိုင်ငံရေးဆိုတဲ့ လက်ယာ အနှစ်သာရကို ရောင်ပြန်ဟပ်တာဖြစ်ကြောင်းလည်း အကဲဖြတ်ထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမယ့် အန်တိုနီဘလင်းကင်းက အမေရိကန်ရဲ့ဆီးရီးယား၊ လစ်ဗျားနဲ့ယီမင် ကျူးကျော်စစ်တွေကို ထောက်ခံခဲ့တဲ့ စွက်ဖက်ရေးသမားဖြစ်တယ်။ အစ္စရေးထောက်လှမ်းရေးနဲ့ အလုပ်အတူတူလုပ်နေတဲ့ အကြံပေးအဖွဲ့တဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့သလို ဂူဂယ်ရဲ့ဆင်ဆာဖြတ်တဲ့အစီအစဉ်တွေ၊ ဆော့ဖ်ဝဲတွေကိုလည်း ကူညီဖန်တီးပေးခဲ့သူပါ။ စီအိုင်အေ လက်ထောက်ညွှန်မှူးဟောင်း အာဗရီးဟိန်းစ်က အမျိုးသားထောက်လှမ်းရေးအဖွဲ့ရဲ့ပထမဆုံး အမျိုးသမီးညွှန်မှူး ဖြစ်လာလိမ့်မယ်။ သူကလည်း ခေသူတော့ မဟုတ်ဘူး။ အိုဘားမားအစိုးရလက်ထက်မှာ အာရှ၊ အာဖရိကနဲ့အာရပ်နိုင်ငံတွေမှာ တိုက်ခိုက်ရေးဒရုန်း (အဝေးထိန်းလေယာဉ်)သုံးပြီး လုပ်ကြံသတ်ဖြတ်တဲ့အစီအစဉ်ရဲ့ ဗိသုကာတဦး ဖြစ်တယ်။ ဘိုင်ဒင် သမ္မတလူကြမ်းအဖွဲ့က အဖွဲ့ဝင်တိုင်းမှာ ပြည်တွင်း၊ ပြည်ပ ဖိနှိပ်ညှဉ်းဆဲမှုသမိုင်း ကိုယ်စီနဲ့ပါ။ ကမ္ဘာ့ပြည်သူတွေက အရင်းရှင်စနစ်ရဲ့သွေးစုပ်မှု၊ နယ်ချဲ့စနစ်ရဲ့ဖိနှိပ်အုပ်စိုးမှုတွေအပြင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ဒဏ်ကိုပါ ထပ်ဆင့်ခံကြရဆဲဖြစ်ပေမယ့် နယ်ချဲ့အင်အားကြီးတွေက ကမ္ဘာကို အုပ်စိုးရေး၊ ကမ္ဘာ့ဗိုလ်၊ ကမ္ဘာ့ပုလိပ်ကြီးအဖြစ်မှ လျော့ကျမသွားရေး တဗိုလ်ကျတဗိုလ်တက် လုပ်နေကြပါတယ်။ လူသားမျိုးနွယ်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဖန်တီးရာမှာ အတူ ပူးပေါင်းလုပ်ဆောင်ကြမယ့်အစား တိုးတိုးတိတ်တိတ် အပြိုင်အဆိုင် စမ်းသပ်၊ ဖော်ထုတ်ကြပါတယ်။ မလိုအပ်ဘဲ အချိန်တွေကြန့်ကြာသလို ပြည်သူ့ဘဏ္ဍာတွေကို ဖြုန်းတီးကြတာပါ။ ကာကွယ်ဆေးထုတ်ပြီး ဗိုလ်လုပ်ကြဦးမှာဖြစ်သလို အကျိုးအမြတ်တွေလည်း နယ်ချဲ့အရင်းရှင်နိုင်ငံကြီးတွေ ခွဲယူကြဦးမှာပါ။ ကာကွယ်ဆေး ထုတ်နေရင်းတန်းလန်း သူဌေးနိုင်ငံကြီးတွေက လက်ဝါးကြီးအုပ်ဝယ်ထားလို့ ကုန်သလောက်ရှိနေပါပြီ။ ဆင်းရဲတဲ့နိုင်ငံလေးတွေကတော့ ကိုယ့်အလှည့်ရောက်ဖို့တော်တော် စောင့်ရဦးမယ်။ အလုအယက် တိုးဝှေ့ကြ၊ တန်းစီကြရပါဦးမယ်။ ဆေးရရုံနဲ့မပြီးသေးဘူး ဆေးသိုလှောင် ထိန်းသိမ်းရေးအတွက်လည်း ရုန်းကန်ကြရပါဦးမယ်။ အမေရိကန်က ဗိုလ်လုပ်နေမယ့် ကမ္ဘာကြီးရဲ့အနာဂတ်က မတောက်ပနိုင်သလို စစ်အုပ်စုက ဗိုလ်လုပ်နေဦးမယ့် ဗမာပြည် အနာဂတ်ဟာလည်း ပဋိပက္ခ အခိုးအငွေ့များ ယှက်နွယ်ရစ်သိုင်းနေပါတယ်။

ရည်ညွှန်း

Joe Biden’s cabinet: A rainbow coalition of imperialist reaction

Joe Biden’s cabinet: A rainbow coalition of imperialist reaction – World Socialist Web Site (wsws.org)

Capitalist Competition Is Sabotaging the Race for a Vaccine

Capitalist Competition Is Sabotaging the Race for a Vaccine | Left Voice

‘America is back’: Biden formally introduces national security, foreign policy team

‘America is back’: Biden formally introduces national security, foreign policy team (nbcnews.com)

ကိုဗစ်၊ ရွေးကောက်ပွဲ၊ မင်းရဲသိင်္ခသူနဲ့ ဗိုလ်ချုပ်ရုပ်ရှင်(မြစမ်းအေး)

ကိုဗစ်၊ ရွေးကောက်ပွဲ၊ မင်းရဲသိင်္ခသူနဲ့ဗိုလ်ချုပ်ရုပ်ရှင်

(မြစမ်းအေး)

ဗိုလ်မင်းအောင်လှိုင်ရဲ့ ရေငုပ်သင်္ဘောပြပွဲသတင်းဖတ်ရတော့ ဗိုလ်နေဝင်းရဲ့(လွှတ်တော်)သင်္ဘော ရေချပွဲကို သွားသတိရမိတယ်။ ၁၉၇၄ မဆလ တပါတီရွေးကောက်ပွဲ အောင်ပွဲနဲ့အတူ ဆင်မလိုက်သင်္ဘောကျင်းမှာ ပြည်တွင်းဖြစ် (လွှတ်တော်)ဆိုတဲ့ သင်္ဘောကြီးတစင်း ရေချပွဲအကြောင်း မဆလသတင်းစာများရဲ့မျက်နှာဖုံးသတင်း ဖော်ပြလာတယ်။

ရယ်စရာကောင်းတာက အဲဒီ(လွှတ်တော်)သင်္ဘောဟာ အခွံချည်းဖြစ်ပြီး အင်ဂျင်မပါဘူး။ သမ္မတကြီးဦးနေဝင်း အလိုကျအောင် ဟန်ပြရေချပြီး နောက်နေ့မှာ ဒေါက်ပေါ်ပြန်ဆွဲတင်ထားရတာ ဖြစ်တယ်။

ယခုလည်း ၂၀၂၀ရွေးကောက်ပွဲအမီ ရေချပြတဲ့ မင်းရဲသိင်္ခသူ ရေငုပ်သင်္ဘောကို တပ်မတော် မှန်/ပြန်အဖွဲ့မှ ချီးမွမ်းခန်းဖွင့် ဋီကာချဲ့ ပြနေတယ်။ ၁၉၈၀မှာ သက်တမ်းကုန်နေတဲ့ ဒီဇယ်စွမ်းအင်သုံး ရုရှားလုပ်အဟောင်းကြီးကို အိန္ဒိယမှာမွမ်းမံပြီး ဗမာကို ပြန်ရောင်းပေးတာ ဖြစ်တယ်။ ဘယ်ဈေးပေးရလဲတော့ မဖော်ပြဘူး။ ဘာမဆိုင်ညာမဆိုင် ဘင်္ဂလားဒေ့ချ်ထက် အပြတ်အသတ် သာကြောင်းလည်း ပြောလိုက်သေးတယ်။

ရွေးကောက်ပွဲအမီ ကြည်းရေလေ စစ်ရေးပြအခမ်းအနားကျင်းပပြီး အားပြလိုပေမယ့် ကိုဗစ်ကြောင့်ကော ရခိုင်စစ်ပွဲ အခြေမလှတာကြောင့်ပါ မလုပ်ဖြစ်တော့တဲ့အတွက် (မင်းရဲသိင်္ခသူ နဲ့ပဲ) နှစ်သိမ့်လိုက်ရတာဖြစ်တယ်။ ဘင်္ဂလားဒေ့ချ်ကို ရန်လုပ်နေတာကတော့ မင်းအောင်လှိုင်စစ်တပ်မှ စစ်သုံ့ပန်းနှစ်ဦး ICJ နိုင်ငံတကာတရားရုံးမှာ သက်သေထွက်ဖို့ရောက်သွားတဲ့အပေါ် မခံချိမခံသာဖြစ်သွားလို့ပါ။

အလားတူပဲ ဒီချုပ်ကလည်း ဗိုလ်ချုပ်ရုပ်ရှင်ကို ရွေးကောက်ပွဲအမီ ပွဲထုတ်လိုပေမယ့် ကိုဗစ်ကြောင့် (ပြီးသလောက်ရှိပြီ ဆိုသော်လည်း) ရုံမတင်ပွဲမထုတ်နိုင် ဖြစ်နေတယ်။ ဒါ့အပြင် ပညာရှင်အတော်များများက လက်ရှောင်ထားတာကြောင့် အပေါစားဝါဒဖြန့်ချိရေးရုပ်ရှင် ဖြစ်နေရင် အကျိုးပိုယုတ်လိမ့်မယ်။

စစ်ဗျူရိုကရက်တွေကော လစ်ဘရယ်ဘူဇွာတွေပါ ရွေးကောက်ပွဲဟာ အရေးကြီးနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ အောက်မှာ (စစ်ခရိုနီ+လစ်ဘရယ်) ရင်ကြားစေ့အစိုးရ အာဏာအဝေတည့်နေလို့ ဖြစ်တယ်။ (ဘယ်တော့တာတေစနေသားလိုဖြစ်မလဲ မသိဘူး) သူတို့ဟာ အလုပ်သမား လယ်သမား ကျောင်းသား နဲ့အခြေခံလူတန်းစားတွေအပေါ် ရန်ဘက်လိုကြည့်မြင်တဲ့ သဘောထားချင်းတူတယ်။ တိုင်းရင်းသားတွေအပေါ် စစ်ခင်းပြီး ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးတာချင်းလည်း တသဘောတည်း ဖြစ်နေတယ်။

ဦးသိန်းစိန်လက်ထက်ကော ဒေါ်စုလက်ထက်ပါ ၂၁ပင်လုံ NCA အောင်မြင်မှုမရပါဘူး။ (၁၅ အောက်တိုဘာ ၂၀၂၀) NCA လက်မှတ်ထိုးခြင်း ၅နှစ်မြောက်နေ့ သဝဏ်လွှာဆိုတာမှာ ဗိုလ်မင်းအောင်လှိုင်ကော ဒေါ်စုပါ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု အတွက် ဆက်လက်ကြိုးပမ်းသွားဖို့ ရွေးကောက်ပွဲအောင်မြင်ဖို့လိုကြောင်း အသားပေးပြောကြတယ်။

ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ဗိုလ်ချုပ်ကြီးများ တရားရင်ဆိုင်နေရတာကို နိုဘယ်ဆုရှင်ကိုယ်တိုင် တရားရုံးမှာ ခုခံကာကွယ်ပေးပြီး၊ ပြည်ပရန်ကြောင့် တတိုင်းပြည်လုံး (လစ်ဘရယ် စစ်အုပ်စု တိုင်းရင်းသား) စည်းလုံးညီညွတ်ဖို့အရေး – နိုင်ငံရေးအရ အာဘော်ဖန်တီးနေသော်လည်း အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတွေဟာ (အန်ကယ်အတွက် နှလုံးစိတ်ဝမ်း အေးချမ်းဖို့) လိုက်ပါဆုတောင်းပေးမယ့် နလပိန်းတုံးတွေမဟုတ်ကြပါဘူး။

ကိုဗစ်ကြောင့် ကူးစက်မှုနဲ့သေဆုံးမှု မြင့်နေတယ်။ စစ်ကြောင့် ဒုက္ခသည်နဲ့ အရပ်သားသေဆုံးမှု တိုးပွားနေတယ်။ စီးပွားရေးထိုင်းမှိုင်းမှုကြောင့် အလုပ်သမားတွေ လယ်သမားတွေ မြို့နေဆင်းရဲတွေ အငတ်ဘေးနဲ့ရင်ဆိုင်နေရတယ်။ လူလတ်တန်းစားတွေ နေထိုင်မှုကျပ်တည်းလာတယ်။ အမျိုးသားဓနရှင်တွေ စီးပွားဆုတ်ယုတ်လာတယ်။ စီးပွားရေးကျဆင်းမှုနဲ့အတူ လူမှုရေးမတည်ငြိမ်မှု တိုးပွားလာတယ်။ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ကင်းမဲ့နေတယ်။

အလုပ်သမားတွေကို ဘေးကင်းလုံခြုံမှု အာမခံချက်မရှိဘဲ ခရိုနီတွေရဲ့ အမြတ်အစွန်း မထိခိုက်ရေးအတွက် ကိုဗစ်စက်ရုံတွေထဲ မောင်းပို့နေတယ်။ ကိုဗစ်နဲ့နပန်းလုံးပြီး အရင်းရဲ့ထမ်းပိုးကို ထမ်းမလား၊ ဒါမှမဟုတ် ငတ်သေမလား ရွေးခိုင်းနေတယ်။ လမ်းဘေးမှာသေနေသူတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေသူတွေ များလာတယ်။ ရာဇဝတ်မှုတွေလည်း တိုးပွားလာတယ်။ ကူးစက်မှုတွေ တိုးပွားမှုနဲ့အတူ ဆေးဝန်ထမ်းတွေလည်း မနိုင်မနင်းဖြစ်လာနေတယ်။

ရခိုင်ပြည်နယ် မြို့နယ်အများစု အပါအဝင်၊ ရှမ်းပြည်နယ် (ဝနဲ့မိုင်းလားအပါ) မြို့နယ်အများအပြား၊ ကချင်ပြည်နယ် ပဲခူးတိုင်းမွန်ပြည်နယ် မြို့နယ်နှင့်ကျေးရွာအုပ်စုတချို့တွင် ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က (၁၆ အောက်တိုဘာ ၂၀၂၀) သတင်းထုတ်ပြန်တယ်။ ဒါဟာ ယခင်ရွေးကောက်ပွဲများထက် မကျင်းပနိုင်တဲ့နေရာ ပိုများပါတယ် (လုပ်လည်း ရှုံးမယ့်နေရာတွေမို့လို့ မလုပ်တာလို့ ဝေဖန်မှုတွေလည်း ရှိပါတယ်)။

ဒါပေမဲ့ ရင်ကြားစေ့ပါတီကြီး နှစ်ရပ်ကတော့ ကျန်ဒေသများမှာ ကိုဗစ်ရွေးကောက်ပွဲ မဲဆွယ်ပွဲသဘင်ကို ဟေးလားမောင်တို့ဝါး လုပ်လို့ကောင်းနေကြပါတယ်။

စစ်ခရိုနီ+လစ်ဘရယ် ရင်ကြားစေ့အစိုးရအဖို့ လူထုအုံကြွမှုမဖြစ်ရင်ပြီးရော ကိုဗစ်ကြောင့် လူဘယ်လောက်သေသေ ဘယ်လောက်ငတ်ငတ် အာဏာလက်မလွတ်ရေးအတွက် ရွေးကောက်ပွဲလောက် အရေးမကြီးဘူးလို့ သဘောထားပုံချင်း တူကြပါတယ်။

ဆင်သေကောင်ကိုဖက်တွယ်နေတဲ့ ကျီးမိုက်လို ပင်လယ်ပြင်နဲ့တူတဲ့ လူထုအုံကြွလာရင် မင်းရဲသိင်္ခသူလည်း မကယ်နိုင်ဘူး။ ဗိုလ်ချုပ်ရုပ်ရှင်လည်း ကယ်နိုင်မှာမဟုတ်ဘူး။

မြစမ်းအေး (၂၀ အောက်တိုဘာ ၂၀၂၀)

နာဂစ်နဲ့ကိုဗစ်-၁၉(စောအယ်ထူး)

နာဂစ်နဲ့ကိုဗစ်-၁၉

(စောအယ်ထူး)

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

ဗမာပြည်မှာ ပြည်သူလူထုတရပ်လုံး အမျိုးသားအကျိုးစီးပွားကိုဦးထိပ်ထားပြီးရေးဆွဲခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၄၇ ခုနှစ်ကရေးဆွဲခဲ့တဲ့ အခြေခံဥပဒေပဲဖြစ်တယ်။ အဲ့ဒီတုန်းက လူမျိုးစုံပြည်သူတရပ်လုံး၊ တမျိုးသားလုံးဟာ လွတ်လပ်ရေးကိုပဲ အာရုံစိုက်သလို နိုင်ငံရေးအင်အားစုအားလုံးဟာလည်း လွတ်လပ်ရေးအတွက် ဦးတည်လုံးပမ်းကြတာပဲဖြစ်တယ်။ လွတ်လပ်တဲ့အမျိုးသားတရပ်ရဲ့အကျိုးအတွက် ရေးဆွဲခဲ့တဲ့အခြေခံဥပဒေဖြစ်တော့ ပြည်သူလူထုတရပ်လုံးအကျိုးရှိတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ အခြေခံဥပဒေမှာ ထပ်မံဖြည့်စွက် ပြင်ဆင်ချင်တဲ့ကိစ္စတွေအနည်းအပါးရှိတာကလွဲပြီး အခြေခံဥပဒေအကျပ်အတည်းမရှိပါ။ 

ဒါကြောင့် အဲ့ဒီအခြေခံဥပဒေအရရွေးကောက်ပွဲတွေဟာလည်း အကျပ်အတည်းမရှိပါ။ နိုင်ငံရေးအင်အားစုတွေရွေးကောက်ပွဲမှာ မသမာမှုတွေလုပ်ကြပေမယ့် ရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် အကျပ်အတည်းမဖြစ်စေခဲ့ပါ။ ပြည်သူလူထုက ကြိုက်တဲ့အင်အားစုကို မဲပေးနိုင်သလို မဲမပေးဘဲလည်း နေနိုင်ပါတယ်။

၁၉၇၄ အခြေခံဥပဒေဟာ စစ်အုပ်စုကအာဏာသိမ်းတာကို တရားဝင်စေဖို့ရေးဆွဲတဲ့အခြေခံဥပဒေဖြစ်တယ်။ ဟန်ပြလူထုဆန္ဒခံယူပွဲတွေလုပ်ပြီး အခြေခံဥပဒေကို ရေးဆွဲခဲ့တာဖြစ်တယ်။ လူထုကမကြိုက်လည်း အဲဒီဥပဒေကိုအတည်ပြုတာပဲ။ အဲ့ဒီတုန်းက ဥပဒေတွင်းနိုင်ငံရေးအင်အားစုအားလုံးကို ဖျက်သိမ်းထားတာဖြစ်တယ်။ မီဒီယာဆိုတာတွေဟာလည်း အားလုံးလိုလို “ပြည်သူပိုင်”တွေဖြစ်ပါတယ်။ မဆလတပါတီတည်း တရားဝင်တည်ရှိစေတဲ့ အခြေခံဥပဒေဖြစ်တယ်။ စစ်အာဏာရှင်စနစ် တည်မြဲအခြေခိုင်စေဖို့နဲ့ ပြည်သူလူထုကြီး ဒုက္ခဆင်းရဲရောက်စေမယ့်အခြေခံဥပဒေဖြစ်တယ်။ အဲဒီအခြေခံဥပဒေအရ ရွေးကောက်ပွဲလုပ်တဲ့အခါ လူထုက မဆလပါတီကိုထောက်ခံမဲပေးရင် ပေး၊ မပေးရင်ကန့်ကွက်မဲပေးရတယ်။ လူထုကကန့်ကွက်သည်ဖြစ်စေ၊ ထောက်ခံသည်ဖြစ်စေ မဆလတပါတီအာဏာရှင်စနစ်ပဲအနိုင်ရတော့ လူထုကြီးမှာမဆလပါတီရော၊ ရွေးကောက်ပွဲတွေအပေါ်မှာပါ ဘာမျှော်လင့်ချက်မှ မထားတော့တာတွေဖြစ်လာပါတယ်။ လူထုဟာ ကျဉ်းကျပ်မှုကိုခံစားလာရပါတယ်။ ဒါကြောင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးမှာ လူထုကြီးက လူထုနည်းနဲ့ လူထုသဘောထားကို အဖြေပေးလိုက်တော့တာပဲ။ မဆလပါတီလည်းပျက်၊ ၇၄ အခြေခံဥပဒေလည်းပျက်တာပါပဲ။

၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ စစ်အုပ်စုက ဗိုလ်စောမောင်ကိုအာဏာသိမ်းစေပြီး လူထုကြီးကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းတယ်။ ပြီးတော့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ကတိနဲ့ လူထုကိုချွေးသိပ်ပြီး နဝတစစ်အစိုးရက စစ်အာဏာရှင်စနစ်တည်မြဲအောင် ကြိုးပမ်းပါတယ်။ နိုင်ငံရေးပါတီတွေဖွဲ့တယ်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲကျင်းပတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ နိုင်ငံရေးအင်အားစုတွေကို ဆက်ပြီးချိုးနှိမ်ပါတယ်။

နဝတ၊ နအဖစစ်အစိုးရဟာအနှစ် ၂၀ လောက်အချိန်ယူပြီး စစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်တည်မြဲစေမယ့် ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ပြည်သူလူထုဒုက္ခရောက်နေတဲ့အချိန်မှာပြည်သူလူထုကို ဒုက္ခပင်လယ်ဝေစေမယ့် ၂၀၀၈ အခြေခံဥပဒေကိုအတည်ပြုလိုက်တယ်။ ဒါကြောင့်ဒီအခြေခံဥပဒေကို နာဂစ်အခြေခံဥပဒေလို့လည်းပြောကြတယ်။ ဒီအခြေခံဥပဒေဟာ စရေးဆွဲကတည်းကလူမျိုးစုံပြည်သူလူထုက မထောက်ခံပါ။ 

လူမျိုးစုံပြည်သူလူထုကို ကိုယ်စားပြုတဲ့နိုင်ငံရေးအင်အားစုအသီးသီးကလည်း ကန့်ကွက်ကြပါတယ်။ ဒါကြောင့်လည်း ၂၀၀၈ အခြေခံဥပဒေဟာ စောစွာကတည်းက အကျပ်အတည်းဖြစ်နေတာကနေ့အထိပါပဲ။

နိုင်ငံရေးအင်အားစုတွေမှာလည်း ၂၀၀၈ အခြေခံဥပဒေအရပြုလုပ်တဲ့ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးအကျပ်အတည်းဖြစ်လာတယ်။ ၂၀၁၀ ရွေးကောက် ပွဲမှာ ကြံ့/ဖွံ့အပါအဝင် နိုင်ငံရေးပါတီပေါင်း ၂၀ ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကြံ့ဖွံ့ အနိုင်ရတယ်။ ကြံ့ဖွံ့ပါတီအစိုးရဟာ စစ်အစိုးရကိုအရပ်ဝတ်လဲထားတဲ့ ရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရဖြစ်သွားတယ်။ ရွေးကောက်ပွဲနဲ့တက်လာတဲ့ သမ္မတဦး(ဗိုလ်) သိန်းစိန်အစိုးရဟာ စစ်ဗျူရိုကရေစီယန္တရားကြီးကိုမောင်းနှင်ပြီး စစ်အာဏာရှင်စနစ်နဲ့စစ်အုပ်စုကို ကာကွယ်ထိန်းသိမ်းလိုက်တယ်။ အဆင့်ဆင့်လွှတ်တော်တွေဟာလည်း အရပ်ဝတ်လဲထားတဲ့စစ်အစိုးရ၊ စစ်ဗျူရိုရေစီယန္တရားနဲ့ စစ်အာဏာရှင်စနစ်ကိုထိန်းကျောင်းရတဲ့ လွှတ်တော်တွေဖြစ်ကုန်တယ်။ တရားရေးဌာနတွေဟာလည်း မတရားတဲ့ဥပဒေတွေအရ စီရင်ဆုံးဖြတ်တာတွေဖြစ်ကုန်တယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဒီချုပ်ဝင်ဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာ ဒီချုပ်အပါအဝင် နိုင်ငံရေးအင်အားစုတွေထဲမှာ မတည်မငြိမ်ဖြစ်မှုဟာ ပိုပြီးပြင်းထန်သွားတယ်။ အကျပ်အတည်းတွေ တိုးပွားလာပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ဒီချုပ်အမတ်တွေလွှတ်တော်ထဲမှာ သစ္စာဆိုရေး၊ မဆိုရေးအကျပ်တွေ့ပါတယ်။ ဒီချုပ်အလျှော့ပေးလိုက်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဒီချုပ်က ၂၀၀၈ အခြေခံဥပဒေပြင်မယ်၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မယ်ဆိုပြီး ပြောင်းလဲချိန်တန်ပြီဆိုတဲ့ကြွေးကြော်သံနဲ့ မဲအပြတ်အသတ်အနိုင်ရလိုက်တယ်။ အစိုးရဖွဲ့နိုင်ခဲ့တယ်။ ဒီမှာတင် ဒီချုပ်အစိုးရဟာဘေးကျပ်နံကျပ် အကြီးအကျယ်တွေ့တော့တာပဲ။ မဲဆန္ဒရှင်အများစုကြီးက ရွေးကောက်တင်မြှောက်လိုက်တဲ့အစိုးရဖြစ်ပေမယ့် စစ်ဗျူရိုကရေစီယန္တရားကြီးကို မောင်းနှင်ရပြီး၊ စစ်အာဏာရှင်စနစ်ကို ကာကွယ်ထိန်းသိမ်းရတဲ့အစိုးရပဲဖြစ်နေလို့ပါပဲ။ ဒီမိုကရေစီထွန်းကားအောင် ဘယ်အချက်ကစပြီး လုပ်နေပါပြီဆိုတာကို အစီစဉ်တကျ ဘာတခုမှ မလုပ်နိုင်ဘဲရှိနေခဲ့တယ်။ အရင်အစိုးရကလုပ်ထားခဲ့တဲ့အရှုပ်တွေကိုရှင်းနေရပါတယ်ဆိုတာနဲ့ပဲ ၂၀၂၀ ရွေးကောက်ပွဲအချိန်ကို ရောက်လာပါတယ်။ အပစ် အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ အရင်သမ္မတ ဦး (ဗိုလ်)သိန်းစိန်အစိုးရ လုပ်ထားတဲ့အဆက်ကိုကိုင်ပြီး ၂၁ ရာစု ပင်လုံဆိုတာကိုလုပ်နိုင်ပါတယ်။ သဘောတူညီချက်တွေဘာတွေရတယ်။ ဘယ်နှစ်ချက်ရှိတယ်ဆိုတာပြောပြီး ကာချုပ်မူ (၆) ချက်ကိုမကျော်နိုင်တော့ အလုပ်အားလုံး အကောင်အထည်ဖော်ဖို့ ကျပ်တည်းနေချိန်မှာ ရွေးကောက်ပွဲချိန်ရောက်လာပြီဖြစ်တယ်။ 

တောင်သူလယ်သမားတွေရဲ့ မြေယာကိစ္စတွေလည်း ပွက်လောရိုက်နေတယ်။ စီးပွားရေးမှာလည်း ခရိုနီတွေ သောင်းကျန်းလို့ ကောင်းတုန်း၊ဦးပိုင်လီမိတက်က အားကောင်းနေတုန်း၊ ပြည်သူလူထုကြီးမှာ ခရုဆန်ကျွတ်ဖြစ်နေတယ်။ ဒီလိုအချိန်မှာကိုဗစ်-၁၉ ကလည်း ကပ်ဆိုးကြီးတခုဖြစ်ပေါ်လာနေတယ်။

၂၀၂၀ ရွေးကောက်ပွဲဟာ ပြည်သူလူထုကြီးကို အကျပ်တွေ့စေတဲ့ရွေးကောက်ပွဲဖြစ်တယ်။ ပြည်သူလူထုကြီးဟာ ၁၉၉၀ ပြည့်နှစ် မှာလည်းဒီချုပ်ကို အပြတ်အသတ်မဲပေးခဲ့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲရလဒ်အကောင်အထည်ဖော်ခွင့်မရဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီချုပ်ကိုအပြတ်အသတ်မဲပေးအနိုင်ရစေခဲ့တယ်။ ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေအောက်မှာ လူထုကြီးရဲဆန္ဒနဲ့မျှော်လင့်ချက်တွေ အကောင်အထည်ပေါ်မလာခဲ့ဘူး။ ဒီအတွက် လူထုကြီးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးရေး၊ မပေးရေးဆိုတဲ့ အကျပ်အတည်း ဆိုက်လာပါတယ်။ ဒီအကျပ်အတည်းကို ပိုဆိုးစေတာ ကိုဗစ် ၁၉ ပါပဲ။ ကိုဗစ် ၁၉ ကြောင့် လူတွေသွားလာလှုပ်ရှားရတာ ကျပ်တည်းတာကတကြောင်း၊ ရွေးကောက်ပွဲမှာ မျှော်လင့်စရာက ခပ်ရှားရှားဖြစ်နေတာကတကြောင်းကြောင့် လူထုကြီးမှာ နေ့ဖို့ညစာကလွဲပြီး ဘာမှစိတ်ဝင်စားတဲ့ပုံမပေါ်တော့ပါ။

ကနေ့ဗမာပြည်မှာ နိုင်ငံရေးအရ အရေးအကြီးဆုံးဖြေရှင်းရမှာ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးပဲဖြစ်တယ်။ လစ်ဘရယ်ဝါဒ လိမ်ညာမှုလှိုင်းအကြောင်းကို အတွေ့အကြုံအရသိရှိသွားကြတဲ့ လူထုကြီးဟာ ၂၀၂၀ ကိုဗစ်ရွေးကောက်ပွဲကို ၁၉၉၀၊ ၂၀၁၅ ခေတ်ကလို စိတ်မဝင်စားတော့ပါဘူး။ တော်လှန်တဲ့လူထုကြီးဖြစ်ပါတယ်။ ကိုဗစ်ကပ်က သဘာဝကပ်ဘေးဖြစ်ပြီး ၂၀၂၀ရွေးကောက်ပွဲနဲ့ ခြေဥအကျပ်အတည်းက လူလုပ်အကျပ်အတည်း ဖြစ်ပါတယ်။ ကိုဗစ်လွန် စီးပွားရေး နိုင်ငံရေး လူမှုရေး ပုံပန်း (Paradigm) ဟာ ကမ္ဘာနဲ့ချီ ပြောင်းလဲပါလိမ့်မယ်။

သမိုင်းမှာ သဘာဝကပ်ဘေးမျိုးစုံကို သဘာဝသိပ္ပံပညာ ထွန်းကားတိုးတက်လာတာနဲ့အမျှ ကျော်လွှားနိုင်ခဲ့သလို၊ လူလုပ်ကပ်ဘေးများ ဖြစ်တဲ့ နိုင်ငံရေး-စီးပွားရေးကပ်များကို လူမှုသိပ္ပံပညာဖြစ်တဲ့ နိုင်ငံရေးတိုက်ပွဲများဖြင့် ကျော်လွှားကြပါလိမ့်မယ်။

ဒီလောက်ရှည်ကြာတဲ့ ပြည်တွင်းစစ်ကြီးမှာ ပြည်သူလူထုကြီးဟာ အုပ်စိုးသူအဆက်ဆက်ကို နည်းမျိုးစုံနဲ့ဆန့်ကျင်ပြီး တော်လှန်ရေး အဖွဲ့အစည်းတွေကို နည်းမျိုးစုံနဲ့ကူညီခဲ့ကြတယ်။ အသက်အိုးအိမ်စွန့်ကြတယ်။ ၈ လေးလုံးလို လူထုအုံကြွမှုတွေလည်းပေါက်ကွဲတယ်။ လူထုကြီးမှာ ကျပ်တည်းလွန်းမကကျပ်တည်းရင် ပေါက်ကွဲပါတယ်။ တော်လှန်သောသဘောတရားတရပ်က လူထုကြီးကို ချုပ်ကိုင်မိတဲ့အခါ ကြီးမားတဲ့ ရုပ်ဝတ္ထုအင်အားအဖြစ် ပြောင်းလဲသွားပါတယ်။

စောအယ်ထူး

အချိန်ရောက်လို့သာ လုပ်ရတဲ့ ရွေးကောက်ပွဲနဲ့ ပြည်သူတွေရဲ့တုံ့ပြန်မှု(ရဲဘော်ဖိုးသံချောင်း)

အချိန်ရောက်လို့သာ လုပ်ရတဲ့ ရွေးကောက်ပွဲနဲ့ ပြည်သူတွေရဲ့တုံ့ပြန်မှု

(ရဲဘော်ဖိုးသံချောင်း)

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

 ရွေးကောက်ပွဲနီးလာတယ်ဆိုတာနဲ့ ဒါနဲ့ပတ်သက်တဲ့ သဘောထားတွေအမျိုးမျိုး၊ တုံ့ပြန်မှုတွေအမျိုးမျိုး ပေါ်လာကြပါတယ်။  ဗမာပြည်ကရွေးကောက်ပွဲလို အာဏာရသူတွေအချင်းချင်း လူလဲ၊ နေရာပြောင်းဖို့အတွက် မျက်လှည့်ပြတဲ့ ရွေးကောက်ပွဲလိုဟာကျတော့ တုံံ့ပြန်မှုတွေဟာ ပိုလို့တောင်များပါတယ်။ ဗမာပြည်သူလူထုဆိုတာ မဟုတ်မခံ၊ သန်းကောင်ထက်ညည့်မနက်၊ မိုးကိုတက်ပြီး ဒူးနဲ့တိုက်မယ် စတဲ့ကြွေးကြော်သံတွေနဲ့ လူလုပ်ကြသူတွေဖြစ်တော့ မျက်လှည့်ပွဲကို အသာလေးထိုင်ကြည့် လက်ခုပ်တီးတာမျိုး မလုပ်ပါဘူး။ နည်းမျိုးစုံနဲ့ဆန့်ကျင်ကြတော့တာပါပဲ။ အနည်းဆုံး အိမ်တွင်းကထမင်းဝိုင်းမှာ၊ လဘက်ရည်ဆိုင်တွေမှာ “ဒါမျိုးတွေနဲ့ ဒို့ကိုတော့လာမလုပ်နဲ့”ဆိုတာမျိုးပြောဖြစ်ကြမှာပါ။ ဒီလိုပြောကြရာကနေ “ဒါဖြင့် ငါတို့ ဘာလုပ်ကြမလဲ”ဆိုတဲ့မေးခွန်းမျိုး၊ အတွေးမျိုးတွေပေါ်လာမှာပါ။ ၂၀၀၈ ခြေဥအောက် ရွေးကောက်ပွဲဝင်ပြီး ဝင်ပြင်လမ်းကြောင်း၊ ရင်ကြားစေ့ရေးလမ်းကြောင်း လိုက်နေတာတွေကို လက်မခံလိုတော့ဘဲ ၂၀၀၈ ခြေဥ ဆန့်ကျင်တိုက်ဖျက်ရေးလမ်းကြောင်းကို ပြတ်ပြတ်သားလျှောက်လှမ်းဖို့ ပိုင်းဖြတ်လာကြတဲ့အင်အားစုတွေလည်း ရှိနေပါတယ်။ နိုးဗုတ်ဟာ ဒီလိုကနေပေါ်ထွက်လာတဲ့ လှုပ်ရှားမှုတခုလို့ မြင်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ မတရားလှည့်စားမှုကိုတားဆီးဖို့နည်းလမ်းတခု ဖေါ်ထုတ်တာလို့ယူဆပါတယ်။ 

ဓမ္မတာပဲ၊ ဒီရွေးကောက်ပွဲလှည့်ကွက်ကိုဖန်တီးတဲ့ စစ်အုပ်စုအသိုင်းအဝိုင်းနဲ့ အဲဒီလမ်းမှာ အကြွင်းအကျန်ကောက်စားနေတဲ့သူတွေဟာ ဒီနိုးဗုတ်လှုပ်ရှားမှုကို ဆန့်ကျင်တဲ့လုပ်ရပ်တွေကို ဉာဏ်နီဉာဏ်နက်ရှိသမျှ ညှစ်ထုတ်ဖန်တီးကြပါတော့တယ်။ နိုးဗုတ်လုပ်ကြသူတွေဟာ မဲပေးမယ့်သူတွေ လျော့နည်းအောင် လုပ်နေကြတာဆိုပြီး မဲနိုင်ဖို့ကြိုးစားနေသူတွေက ဒီလှုပ်ရှားမှုအပေါ် ဒေါသဖြစ်လာကြပါတယ်။ ဒီလိုလုပ်ရာမှာ သူတို့ဟာ အတွေ့အကြုံရှိထားကြသူတွေဖြစ်တဲ့အတိုင်း သာမန်ရိုးသားသူတွေကိုပါ သူတို့ဘက်ပါအောင်ဆွဲခေါ် ကြတာလည်း ရှိနေပါတယ်။

ဒီလို နိုးဗုတ်-ဂိုးဗုတ်ရယ်လို့ အပြိုင်ဖြစ်နေတဲ့ဖြစ်စဉ်ထဲမှာ ဒီအချက်လည်း အကြောင်းတခုအနေနဲ့ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီ ၂၀၀၈ အောက်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လှုပ်ရှားကြတာဟာ ဒီနှစ်ဖွဲ့တည်းလို့ဆိုရင် မှားပါလိမ့်မယ်။ တခြားလူတွေလည်း အသွင်သဏ္ဌာန်အမျိုးမျိုးနဲ့ လှုပ်ရှားနေကြမှာပါ။ ဒီလိုအခါမှာ နိုးဗုတ်နဲ့ဂိုးဗုတ်ရယ်လို့ နှစ်မျိုးတည်း ထိပ်တိုက် တိုက်နေကြလို့ လူထုတွေအာရုံပြားကုန်ရင် စစ်အုပ်စုနဲ့အာဏာရအသိုင်းအဝိုင်းက ကြိတ်ဝမ်းသာနေကြပါလိမ့်မယ်။ နှစ်ပေါင်း ၆၀ ကျော်၊ ၇ဝနီးပါး အာဏာယူထားခဲ့ကြတဲ့ စစ်အာဏာရှင်တွေရဲ့ နည်းပရိယာယ်တွေထဲမှာ ပြည်သူလူထုချင်းရန်တိုက်ပေးတာလည်း ပါတယ်ဆိုတာကို မမေ့သင့်ပါဘူ။

တဖက်မှာကျတော့လည်း ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင်နိုင်၊ ဘယ်လိုညွန့်ပေါင်းအစိုးရ ပဲပေါ်လာလာ၊ ၂၀၀၈ စစ်ခြေဥပဲ အောင်ပွဲခံမှာ ဖြစ်ကြောင်း။ ဒီအတွက် စစ်အုပ်စုပဲ အကျိုးအရှိဆုံးဖြစ်ပါလိမ့်မယ်။ သူတို့စိတ်ကြိုက် တသွေမတိမ်းနာခံတဲ့ လက်ရင်းအစိုးရမျိုး လူယုံအစိုးရမျိုး သူတို့ ပိုလိုချင်တာလည်း ထင်ရှားပါတယ်။ ဒါအတွက် ညစ်နည်းပေါင်းစုံနဲ့ ကြိုးပမ်းလုပ်ဆောင်လာနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။

အဓိကအကျဆုံးက ပြည်သူလူထုကိုတတ်နိုင်သမျှအများဆုံး အရေအတွက်ရအောင် စည်းရုံးပြီး စစ်အာဏာရှင်စနစ်နဲ့ စစ်ခရိုနီ စီးပွားရေးအဆောက်အအုံကြီးကို ဖြိုချဖို့အတွက် ဦးတည်လှုပ်ရှားကြဖို့ဖြစ်ပါတယ်။ တချိန်တည်းမှာ ဒီရွေးကောက်ပွဲအပေါ်  ဆန့်ကျင်မှုတွေကိုအသုံးချပြီး လူထုကိုနည်းမျိုးပေါင်းစုံနဲ့ဖိနှိပ်တာ၊ သူတို့လိုချင်တဲ့ ရလဒ်မထွက်ရင် ရွေးကောက်ပွဲမှာ မသမာမှုလုပ်တာ၊ အကြောင်းရှာပြီး နောက်အစိုးရကို ပြဿနာရှာတာ နောက်ဆုံးအာဏာသိမ်းဖို့အထိ မင်းမဲ့စရိုက်မျိုးစုံကို လုပ်ကြံဖန်တီးတာအထိ လုပ်လာနိုင်တယ်ဆိုတာကိုလည်း ကြိုတွေး၊ ကြိုပြင်ထားကြရပါမယ်။ ၂၀၀၈ ဖျက်သိမ်းရေးဟာ လတ်တလောရည်မှန်းချက်ဖြစ်တယ်။ အဓိကတိုက်ပွဲသဏ္ဌာန်ဟာ လူထုတိုက်ပွဲဖြစ်ပြီး လွှတ်တော်တွင်းတိုက်ပွဲဟာ အရန်ဖြစ်တယ်။ လွှတ်တော်ပလူထုတိုက်ပွဲကို အထောက်အကူပြုချင်လို့ ၂၀၀၈ ဖျက်သိမ်းရေးရပ်တည်ချက်နဲ့ နိုးဗိုဒ်လုပ်တာဖြစ်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲသပိတ်မှောက်တာတော့ မဟုတ်ဘူး။ ၂၀၀၈ ဖျက်သိမ်းရေး (လူထုတိုက်ပွဲကိုဝန်းရံဖို့) အတွက် ဂိုးဗုဒ်ကိုနားလည်ပေမယ့်- ခေါင်းလျှိုဝင်သွားတဲ့ ဂိုးဗုဒ်ကိုတော့ နိုးဗုဒ်က ဆန့်ကျင်တဲ့သဘော တွေ့ရပါတယ်။

ရွေးကောက်ပွဲနည်းလမ်းနဲ့ ၂ဝဝ၈အခြေခံဥပဒေအောက်မှာ ဆက်သွားနေကြလို့ကတော့ တိုင်းပြည်နွံထဲကမတက်နိုင်ဘူးဆိုတာကို ပြည်သူတွေ သဘောပေါက်လက်ခံအောင် ဟောပြောလှုပ်ရှားကြဖို့ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှု/တိုက်ပွဲဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ၂ဝဝ၈ ခြေဥဖျက်သိမ်းရေးတို့အတွက် တခုတည်းသောနဲ့ နောက်ဆုံးတိုက်ပွဲမဟုတ်ပါဘူး။ လက်ရှိဗမာပြည်ရဲ့အခြေအနေအရဆိုရင် ဒီထက်ကြီးမားတဲ့၊ အရေးပါ တဲ့လူထုတိုက်ပွဲတွေ လှိုင်းလုံးကြီးတွေလိုကြွတက် လာမယ့်အချိန်ဟာမဝေးတော့ပါဘူး။ အဲဒီအတွက် ပြည်သူလူထုကြီးစည်းလုံးညီညွတ်မှုရှိရေးဟာ အဓိကအကျဆုံးနဲ့ အခုက စလုပ်ရမယ့်အလုပ်ဖြစ်ပါတယ်။

ရဲဘော်ဖိုးသံချောင်း

၁၉၅၈ မှာဘာတွေဖြစ်ခဲ့လဲ။(လှကျော်ဇော)

၁၉၅၈ မှာဘာတွေဖြစ်ခဲ့လဲ။

(လှကျော်ဇော)

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

သြဂုတ်လ(၁၄)ရက်နေ့က ကာချုပ်ဗိုလ်ချူပ်မင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီ(၃၄)ပါတီကခေါင်းဆောင်များနဲ့ တွေ့ဆုံပါတယ်။ တပ်ကပြောတော့နိုင်ငံရေးပါတီများက တောင်းဆိုလို့တဲ့။ နိုင်ငံရေးပါတီတချို့ကပြောတာက ဖိတ်ကြားခံရလို့တဲ့။ (အဲဒီဖြစ်ရပ်ကိုက နှစ်ဖက်စလုံးလိပ်ပြာမလုံမှုကိုပြတာပါ) တွေ့ဆုံပွဲအပြီး တပ်ဖက်ကလည်း ထုတ်ပြန်ချက်ထုတ်၊ တက်ရောက်တဲ့ပါတီများ ဖက်ကလည်း သတင်းစာရှင်းလင်းပွဲတွေလုပ်နဲ့။ သတင်းအရှုပ်အရှင်းအမျိုးမျိုးထွက်လာနေပေမယ့် လူအများစိတ်ဝင်စားတဲ့အချက်(၂)ရပ်ကတော့——

၁။ လာမယ့်ရွေးကောက်ပွဲ တရားမျှတမှုမရှိရင်တပ်မတော်အနေနဲ့ဝင်ရောက်ကူညီဖို့—-ဆိုတာနဲ့

၂။ ကာချုပ်ရဲ့-မလုပ်ရဲတာမရှိ၊ဘာမဆိုလုပ်ရဲတယ်—-ဆိုတဲ့ပြောကြားချက်များပါ။

ဒီတော့ တပ်လော်ဘီများထဲက မရဲတရဲမပွင့်တပွင့် ရေးသားမှုတွေ(တကယ် တော့ခြေဆင်းလမ်းခင်းတာ)ပေါ်လာပါတယ်။

(—– ဗမာပြည်ဟာ၁၉၅၈ခုနှစ်တုန်းကလိုအခြေအနေပြန်ရောက်နေပြီ။ ဟိုတုန်းကနိုင်ငံရေးသမားများ အသုံးမကျလို့ တိုင်းပြည်ကိုမထိန်းနိုင်တော့လို့ တပ်ကိုအာဏာထိုးအပ်ရတာ။ တပ်အနေနဲ့မလွှဲမရှောင်သာလို့ဝင်အာဏာယူခဲ့ရတာ။ အခုလည်း နိုင်ငံရေးသမားတွေ မညီမညွတ်ဖြစ်ပြီး၊ တပ်ကိုအကူအညီတောင်းရပြန်ပီ။——) တဲ့။

ဟုတ်ကဲ့။ ဒီတော့ ၁၉၅၈ ကို သိမီသူများက ဘာတွေတကယ်ဖြစ်ခဲ့သလဲဆိုတာ ပြန်ပြောပြဖို့လိုလာတာပေါ့။

(မှတ်ချက်။ အကြောင်းအရာအချက်အလက်များ၊ နေ့စွဲများစတာများကို ကိုးကားတဲ့စာအုပ်များကတော့——

ကိုးကားအမှတ်(၁)။ ၁၉၉၀။ ပြန်ကြားရေးဝန်ကြီးဌာနထုတ်။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း။ အပိုင်း(၂)။ ရဲဘော်သစ်မောင်။

ကိုးကားအမှတ်(၂)။ ၁၉၉၀။  ပြန်ကြားရေးဝန်ကြီးဌာနထုတ်။ ၁၉၄၈ မှ ၁၉၈၈ ခုနှစ်အတွင်း ဖြတ်သန်းလာသော မြန်မာ့သမိုင်းအကျဉ်းနှင့်တပ်မတော်ကဏ္ဍ။ တပ်မတော်သားသုတေသီတဦး။ -တို့ဖြစ်ပါတယ်။

အဲဒီစာအုပ်(၂)အုပ်လုံး အများအားဖြင့်ကိုးကားထားတဲ့စာအုပ်က ၁၉၆၉ခုနှစ်။ ပုဂံစာအုပ်တိုက်ထုတ်။ မြန်မာနိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း။ ဒေါက်တာမောင်မောင်။ ဖြစ်ပါတယ်။

ရှစ်-၄-လုံးအရေးတော်ပုံကြီးကို ရက်ရက်စက်စက်ဖြိုခွဲ-အပြီး နဝတအာဏာသိမ်းပြီးနောက် မိမိတို့ဒီလိုလုပ်တာတွေ တရားတယ်ဆိုတဲ့ပုံရိပ်ကိုတင်ဖို့အတွက် ထုတ်ဝေထားတဲ့စာအုပ်များပါ။ တနည်းပြောရရင် စစ်အာဏာရှင်စနစ် ဆက်လက်ထိန်းသိမ်းရေးအတွက် ရည်ရွယ်ခဲ့တာပါ။ ဖြစ်ရပ်မှန်တချို့တဝက်၊ ဖုံးတာဖုံးမလွှဲမရှောင်သာ ဖော်တန်ဖော်နဲ့ သူတို့သွင်းချင်တဲ့တရားတွေ ရောထွေးရေးထားပါတယ်။ (ဒါကြောင့် ဒီစာအုပ်တွေကို ဆန့်ကျင်ဘက်အမြင်ကနေပဲ ကြည့်ရှုကိုးကားတာ ဖြစ်ပါတယ်။) အဲဒီကာလက လူတချို့ကို လှည့်စားကောင်းလှည့်စားနိုင်ခဲ့ပေမယ့် အခုစစ်အာဏာရှင်စနစ်တကျော့ပြန်(နဝတ-နအဖ)အလွန်ကာလများမှာတော့ လက်တွေ့ဖြစ်ရပ်များနဲ့ချိန်ထိုးကြည့်ရအောင်ပါ။)

၁။၁၉၅၈ –မုန်တိုင်းအစ။

၁၉၅၈ခုနှစ် ဗမာပြည်ရဲ့နိုင်ငံရေးခရီးမှာ (အဆိုးဖက်)ပြောင်းဖို့တာစူတဲ့ကာလလို့ ဆိုနိုင်ပါတယ်။ စစ်အာဏာရှင်စနစ်အစပျိုးတဲ့ ကာလလို့လည်း ပြောလို့ရပါတယ်။

၁၉၄၈ခုနှစ် ဗမာပြည်ကြီးလွတ်လပ်ရေးရပြီးးနောက် အာဏာရလာတဲ့ဖဆပလပါတီဟာ အနှစ်(၄၀)ခံရစေမယ်လို့ ကြွေးကျော်ခဲ့ပေမယ့်(၁၀)နှစ်အကြာ-၁၉၅၈ဧပြီ(၂၇) မှာနုတင်(သန့်ရှင်း)-ဆွေငြိမ်း(တည်မြဲ)ဆိုပြီးနှစ်ခြမ်းကွဲပါတယ်။ ဗြိတိသျှအင်္ဂလိပ်နယ်ချဲ့သမားများဟာ၁၉၄၇ ခုနှစ် သူတို့ရဲ့လက်ကိုင်တုတ်အဖြစ်မလုပ်မယ့် ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံလိုက်ပြီး ပြည်သူလူထုတွင်း ကျောင်းသားလှုပ်ရှားမှုအဝန်းအဝိုင်းတွင်းကလာလို့ လူထုအကြားမှာ အမြင်ကောင်းနေတဲ့ ဦးနုကိုဆွဲတင်လိုက်လို့သာ ဦးနုကဝန်ကြီးချုပ် ဖြစ်လာရတာ။ ဖဆပလထဲမှာ တကယ်တော့ မိုးကောင်းနေတာကဦးဗဆွေ-ဦးကျော်ငြိမ်းတို့ဆိုရှယ်လစ်အုပ်စုပါ။ တပ်တွင်း ဆိုရှယ်လစ်အုပ်စုဖြစ်တဲ့ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်တို့ကျေးဇူးကြောင့် သူတို့ ဒီလို မိုးကောင်းနေနိုင်ကြတာပါ။ သူတို့တတွေ အဲဒီခေတ်ကကာကွယ်ရေးဝန်ကြီးဦးဗဆွေအိမ်မှာ အမြဲဆုံပြီး ဆိုရှယ်လစ်ပါတီခိုင်ခန့်ရေးအတွက် ဆွေးနွေးတိုင်ပင် နေကြသတဲ့။(ကိုးကားအမှတ်(၁) နှာ-၁၆၃)

ဒီတော့ဦးနုက နောက်ပိုင်း ဘဝရှင်မင်းတရားကြီး ဆန်လာမှုကြောင့်ရော၊ ဝန်ကြီးများအချင်းချင်း အဝေမတဲ့မှုတွေကြောင့်ရော ဦးနုနဲ့ ဦးကျော်ငြိမ်းတို့အုပ်အကြားကပဋိပက္ခတွေ ပြင်းထန်လာပါတယ်။ နောက်ဆုံးဖဆပလနှစ်ခြမ်းကွဲရာမှာ ဦးနုဘက်ကို ပမညတဆိုတဲ့ လက်ဝဲတပ်ပေါင်းစုအုပ်က ထောက်ခံလို့သာ ဦးနုရာဇာပလ္လင်မပျောက်တာ။ တကယ်တော့ တပ်တွင်းဆိုရှယ်လစ်အုပ်စုက ၁၉၅၆ ခုနှစ်ရွေးကောက်ပွဲမှာ ပမညတကအင်အားတက်လာမှုကို မျက်စိစူးနေပါပြီ။ ဗိုလ်နေဝင်းကိုယ်တိုင်က ဒီအတိုင်းဆက်သွားရင်တော့ နောက်ရွေးကောက်ပွဲ (၂)ကြိမ်လောက်ဆိုဒီကောင်တွေ(ပမညတကိုဆိုလို) အာဏာရတော့မှာလို့ပြောဖူးသတဲ့။

ဒီမိုကရေစီအလင်းရောင်အောက်မှာ မနေနိုင်သူများဟာ ပြည်သူလူထုကိုလည်း ဘယ်တော့မှ ဒီမိုကရေစီမပေးပါဘူး။ (အခု ကာချုပ်မအလ သမ္မတရောဂါတက်နေတာရဲ့အခြေခံကလည်းဒါပါပဲ)

ဖဆပလကွဲအပြီး အချင်းချင်းကလော်ကြဆော်ကြရာက အပြစ်အနာအဆာတွေပေါ်လာပြီး နိုင်ငံရေးသမားတွေ ဂုဏ်သိက္ခာ ကျလာတာတွေလည်း ရှိတော့ရှိပါတယ်။ ၁၉၅၈ဖဆပလအကွဲကနေ တပြည်လုံးအင်အားစုအတော်များများ ပြိုကွဲသွားကြပြီး နိုင်ငံရေးအခြေအနေတွေ တင်းမာလာခဲ့ပါတယ်။

၁၉၅၈စက်တင်ဘာ(၂၃-၂၄)မှာ သန့်ရှင်းအစိုးရဝန်ကြီးချုပ်ဦးနုနဲ့ အဲဒီကာလ ဗမာ့တပ်မတော်က (ဆိုရှယ်လစ်များလည်းဖြစ်တဲ့) အရာရှိကြီးများဖြစ်တဲ့ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးကြီးမောင်မောင်တို့ တွေ့ဆုံခဲ့ကြပါတယ်။ အထက်မှာဖော်ပြခဲ့စာအုပ်များအရ ဦးနုကခေါ်လို့ တပ်ဖက်က သွားအခြေအနေတွေရှင်းပြရတာလို့ ဆိုပါတယ်။ ဦးနုတို့ဘက်ကတော့ တပ်ဘက်ကလာပြီး (၆)လအတွင်း(၁၉၅၉ ဧပြီလမကုန်မီ) ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ကတိကြောင့် အာဏာလွှဲပေးလိုက်ရတာ ဖြစ်ကြောင်းလို့ဆိုပါတယ်။အဲဒီကာလက ဦးနုအိမ်ကအောင်ပွဲခံပြန်လာတဲ့ စစ်ဗိုလ်များရဲ့ပုံကို သတင်းထောက်များက ရအောင် ရီုက်ယူနိုင်ခဲ့ပါတယ်။(ပူးတွဲပါပုံ။)

ဒီလိုနဲ့ စက်တင်ဘာ(၂၆)ရက်နေ့စွဲနဲ့ ဦးနုနဲ့ဗိုလ်နေဝင်းတို့ရဲ့ အပြန်အလှန်ပေးစာများထွက်လာပြီး အိမ်စောင့်အစိုးရတက်လာပါတော့တယ်။

အိမ်စောင့်အစိုးရက နောက်(၂)နှစ်အကြာ ၁၉၆၀ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကို အဲဒီခေတ်ကာလ နိုင်ငံတကာသတင်းများက–ဗိုလ်ချုပ်နေဝင်းရဲ့ အိမ်စောင့်အစိုးရအပေါ်ဆန္ဒခံယူပွဲ–လို့ခေါ်ဝေါ်ခဲ့ပါတယ်။

တကယ်လည်း ဗမာပြည်သူတရပ်လုံးက-(စစ်တပ်နောက်ခံပြုထားတဲ့)တည်မြဲဖဆပလကို အပြတ်ဖယ်ရှားလိုက်ပြီးစစ်တပ်ကို နိုင်ငံရေးထဲက ပထမဆုံးအကြိမ် ပထုတ်လိုက်ပါတယ်။ ၁၉၆၀ မှာတက်လာတဲ့ ဦးနုရဲ့ပထစ(သန့်ရှင်းတဖြစ်လဲ)အစိုးရဟာ နိုင်ငံရေးသမားများအကြားမညီညွတ်ရင်၊ ပြည်တွင်းစစ်ကိုမရပ်နိုင်ရင် စစ်တပ်ကပဲကြီးစိုးဦးမှာမြင်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေး ကြိုးစားမှုတွေလုပ်လာပါတယ်။

ဒါပေမဲ့ပထစထဲမှာ ဦးဗိုလ်သခင်ဆိုပြီး ထပ်ကွဲကြပါတယ်။ ဒီတင် ၁၉၆၂မတ်လ(၂)ရက်နေ့မှာစစ်တပ်ကအပြတ်အာဏာသိမ်း

လိုက်ပါတော့တယ်။

၂။စစ်တပ်ရဲ့အပြော။(ဆိတ်ခေါင်းချိတ်လိုက်မှု)

ဒီ၁၉၅၈ နဲ့ ၁၉၆၂ စစ်တပ်ရဲ့အာဏာသိမ်းမှုများအပေါ် ကိုးကားစာအုပ် အမှတ်(၂)နှာ၃၃မှာ ဒီလိုရေးထားပါတယ်။

——အခြေအနေအရပ်ရပ်ကိုထောက်ချင့်၍ တပ်မတော်သည် နိုင်ငံတော်အာဏာအရပ်ရပ်ကို လက်နက်ဖြင့်ခြိမ်းခြောက်ရယူခဲ့သလော။သို့မဟုတ် ရုန်းထွက်ရန်အလွန်ခက်ခဲကျပ်တည်းနေသော နိုင်ငံရေးအကျပ်အတည်းများမှ ကယ်တင်လိုက်ခြင်းလောဆိုသည်ကို ဆန်းစစ်ဝေဖန်သုံးသပ်နိုင်ကြပါလိမ့်မည်။ တပ်မတော်သည် ထိုအချိန်ကဖြစ်ပေါ်နေသော လျော့ရဲရဲအခြေအနေအရပ်ရပ်တွင် မည်သည့် အချိန်မဆိုအာဏာသိမ်းယူနိုင်သည်သာဖြစ်ပေသည်။ သို့ရာတွင် တပ်မတော်သည်  အမျိုးသားရေးကို သစ္စာမဖောက်ခဲ့ပေ။ နိုင်ငံရေးသမားအချင်းချင်း ခုတ်ကြ၊ ဆော်ကြ၊ ကလော်ကြနှင့် ရန်စောင်ပြီး တိုင်းပြည်အရေးကို ဥပက္ခာပြုနေလင့်ကစား တပ်မတော်သည် ထိုအရေးများကို လေ့လာအကဲခတ်လျက် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဂရုတစိုက် ထမ်းဆောင်ကာ နိုင်ငံတော်အပေါ်သစ္စာစောင့်သိခဲ့ကြောင်း မလွဲမသွေတွေ့ကြရပါလိမ့်မည်။ နောက်ဆုံးမဖြစ်နိုင် မတတ်နိုင်တော့ သည့်အဆုံးမှ လွှဲပြောင်းပေးအပ်လာသောတာဝန်ကိုယူခဲ့ရခြင်းဖြစ်ပေသည်။ ယူခဲ့ရသော်လည်း အာဏာကို လက်တွင်အမြဲဆုပ်ကိုင် မထားခဲ့ဘဲ ပေးထားသောကတိများအတိုင်း ရွေးကောက်ပွဲများကို လွတ်လပ်၍တရားမျှတအောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် ပေးခဲ့သည့်အပြင် အနိုင်ရရှိလာသောအစိုးရကို စနစ်တကျပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းကပင် တပ်မတော်၏ရပ်တည်ချက်ကို ပြသခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ ထိုနိုင်ငံရေးအကွဲရောဂါသည်အကင်းမသေနိုင်ဘဲ ဆိုးဝါးသောအကျိုးဆက်အဖြစ် ၁၉၆၂ ခုနှစ်တွင် ထပ်ဆင့်ရင်ဆိုင်တိုးလာရသည်ကို မည်သူမျှမငြင်းကွယ်နိုင်ခဲ့ပါချေ။

၁၉၆၂ ခုနှစ် တပ်မတော်အာဏာသိမ်းယူခဲ့ရခြင်းမှာလည်း အလားတူအခြေအနေမျိုးများကို ထိုစဉ်က အာဏာရအစိုးရအနေဖြင့် နိုင်နင်းစွာကိုင်တွယ်နိုင်စွမ်း မရှိနိုင်တော့သည့်အပြင် ပြည်ထောင်စုကြီးပြိုကွဲ၍ လွတ်လပ်ရေးဆုံးရှုံးရတော့မည့် အခြေအနေဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့လာခြင်းကြောင့်ဖြစ်ပါသည်။ တပ်မတော်မှအာဏာယူခြင်းသည် အာဏာကို မက်မောတွယ်တာသဖြင့် အတင်းအဓမ္မ လုယူခဲ့ခြင်းမျိုးဟု ထင်စရာရှိသော်လည်း ထိုသို့မဟုတ်ခဲ့ပေ။ ဆိုရပါသော် အာဏာရပါတီတွင်း အစိတ်စိတ်ထပ်မံကွဲအက်လာခြင်းနှင့် ထိုအကွဲရောဂါအပေါ် အခြားသောပယောဂများ ဝင်ရောက်ပူးကပ်လာရခြင်းကြောင့်ဖြစ်ကြောင်းကို ထိုကာလကို သိမီလိုက်သူ မည်သူမဆိုဝန်ခံရပေလိမ့်မည်။ အမှန်တွင် ၁၉၅၈ ခုနှစ်ကာလများအတွင်းဆီက ဖြစ်ပေါ်လာသောဆိုးကျိုးများကို ဆက်လက်ခံစား ဖြစ်ပေါ်လာရသဖြင့်တပ်မတော်မှ ဝင်ရောက်ကုစားခဲ့ရခြင်းသာဖြစ်ပါသည်။—–တဲ့။

၁၉၆၂ မတ်လ(၂)ရက်နေ့ တိုင်းပြည်ကိုအသံလွှင့်ပြောခဲ့တဲ့ဗိုလ်နေဝင်းမိန့်ခွန်းမှာ—ပြည်ထောင်စုနိုင်ငံတော် အထူးယိုယွင်းလာသောအခြေအနေဆိုးတို့ကို ထိန်းသိမ်းသောငှာ ဗမာ့တပ်မတော်မှ တာဝန်ယူစောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း—လို့ပါပါတယ်။

အဲဒီတော့ ၁၉၅၈ မှာရော၊ ၁၉၆၂မှာရော စစ်တပ်က အာဏာသိမ်းရတာ အာဏာမက်လို့မဟုတ်။ တိုင်းပြည်အခြေအနေ ဆိုးဝါးလို့(နိုင်ငံရေးသမားတွေအသုံးမကျလို့) ဝင်ရောက်ထိန်းသိမ်းပေးရတာတဲ့။

ထို့အတူ-၁၉၈၈ မှာ နဝတအာဏာသိမ်းစဉ်ကလည်း ဒီလိုပဲ တိုင်းပြည်အခြေအနေတွေဆိုးနေလို့ ဝင်ကယ်ရတာပါလို့ပြောခဲ့ပါတယ်။

၁၉၅၈-၂၀၁၅အထိ(ကြားထဲမှာ၁၉၆၀-၆၂ ပထစအရပ်သားအစိုးရရှိခဲ့) အနှစ်(၅၀)ကျော် နာမည်အမျိုးမျိုးနဲ့ ဗမာပြည်ကြီးကို အုပ်ချုပ်လာတဲ့တပ်မတော်အစိုးရတွေ တိုင်းပြည်ကြီးကို ဘယ်လိုကယ်တင်ခဲ့သလဲဆိုတာသိရအောင် လက်တွေ့ဖြစ်ရပ်များကို ကြည့်ရအောင်ပါ။

၃။ စစ်တပ်ရဲ့လုပ်ဆောင်ချက်များ။ စစ်အာဏာရှင်စနစ်-ခွေးသားရောင်းခြင်း။

၁၉၆၂ ခု အာဏာသိမ်းချိန်မှာ ဖယ်ဒရယ်မူကို တိုင်းရင်းသားတွေကတောင်းဆိုလို့ တိုင်းပြည်ပြိုကွဲမှာစိုးသတဲ့။ ကိုလိုနီစနစ်၏ အမွေဆိုးဖြစ်သော ပါလီမန်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကြီးသည် တစ်ခန်းရပ်၍ ချုပ်ငြိမ်းသွားရလေပြီလို့လည်း ကြွေးကြော်ခဲ့ပါတယ်။

၁၉၆၂ ဧပြီလမှာတော့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာခဲ့ပါတယ်။ ပြီးတော့ တနိုင်ငံလုံးကွမ်းယာဆိုင်ကအစ နိုင်ငံပိုင်သိမ်း ပါတယ်။

တကယ်တော့ ဗမာ့တပ်မတော်က အဲဒီခေတ်အဲဒီအခါကခေတ်စားနေတဲ့ ဆိုရှယ်လစ်-ဆိုတဲ့ဆိတ်ခေါင်းချိတ်ပြီး စစ်အာဏာရှင်စနစ် ခွေးသားကို စပြီးရောင်းခဲ့တာပါ။(တကယ် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသူများ ဘယ်သူဆိုတာအခုအခါ လယ်ပြင်မှာ ဆင်သွားသလိုရှင်းနေပါပြီ)

အဲဒီကာလက လက်ဝဲအမည်ခံ နိုင်ငံရေးသမားများကတောင် ဗိုလ်နေဝင်းကို ဗမာပြည်ကကက်စထရိုလို့ ကင်ပွန်းတပ်ခဲ့ပါသေးတယ်။

အဲသလို ပေါ်ပေါက်လာတဲ့ မဆလအစိုးရဟာ ၁၉၆၂-၁၉၈၈ ခုနှစ်အထိ ၂၆နှစ်ကြာ ဗမာပြည်ကြီးကို စိတ်တိုင်းကျအုပ်ချုပ်ခဲ့ပါတယ်။

နိုင်ငံရေးသမားတွေအသုံးမကျလို့၊ တိုင်းပြည်ရဲ့အခြေအနေအရပ်ရပ် ယိုယွင်းလာတယ်။ တိုင်းပြည်ငြိမ်းချမ်းရေးကိုလည်း (၁)နှစ်အတွင်းရယူပေးပါ့မယ်လို့ ကတိတွေပြုခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးများဟာ ဘယ်နိုင်ငံရေးသမားမှ မရဖူးတဲ့စည်းစိမ်တွေ ဆွေစဉ်မျိုးဆက် စားမကုန်အောင် အခွင့်အရေးတွေယူ တကမ္ဘာလုံးလှည့် ပျော်ပျော်ရွှင်ရွှင်ကြီး ဇိမ်ခံခဲ့ကြတာပါ။ (မှတ်ချက်။ ကြည်ဝင်းစိန်ရေး တော်လှန်ရေးကောင်စီလက်ထက်-ကျွန်တော်နှင့်ဗိုလ်ချုပ်ကြီးများနဲ့ ဗိုလ်ထွန်းကြည်ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ စာအုပ်များရှာဖတ်ကြည့်ပါ။)

အရင်ဖဆပလခေတ်မှာ တိုင်းရင်းသားထဲက ကရင်အမျိုးသားတွေရဲ့တော်လှန်ရေးတခုသာ ရှိခဲ့ပေမယ့် မဆလခေတ်မှာတော့ လူမျိုးစုထဲက လက်နက်ကိုင်တော်လှန်ရေး မလုပ်တဲ့လူမျိုးစုမရှိသလောက်ပါပဲ။ နိုင်ငံရေးအရ ညှဉ်းပန်းနှိပ်စက်မှုကလည်း အမျိုးမျိုးပါ။ တနိုင်ငံလုံးထောက်လှမ်းရေးကွန်ရက်ဖြန့်ပြီး ဘယ်သူမှမလှုပ်နိုင်အောင် လုပ်ထားခဲ့တာပါ။ ပြည်မကြီးက ထောင်များမှာသာမက ကိုးကိုးကျွန်းမှာတောင် ထောင်ဆောက်ပြီး နိုင်ငံရေးသမားများ(အထူးသဖြင့်လက်ဝဲသမားများ)ကိုပို့ခဲ့ပါသေးတယ်။

စစ်ဗိုလ်ချုပ်တွေ တိုင်းမှူးတွေ မကြုံစဖူး ကျိကျိတက်ချမ်းသာလာပေမယ့် တိုင်းပြည်ကြီးကတော့ နိုင်ငံခြားကြွေးမြီတွေ မဆပ်နိုင်တော့ဘဲ၁၉၈၀ ခုနှစ်များမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ ခံယူလိုက်ရပါတယ်။

ဒိနောက် ရှစ်လေးလုံးအပြီးတက်လာတဲ့နဝတ-နအဖကရော–

၁။ ချမ်းသာမှုက ဘယ်မဆလဗိုလ်ချုပ်မှမမီဘူး။

၂။ ပညာရေး၊ ကျန်းမာရေးအဆင့်အတန်း ရစရာမရှိအောင်ကျဆင်းသွား။

၃။ နိုင်ငံရေးအကျဉ်းသမားများအပေါ် ညှဉ်းပန်းနှိပ်စက်မှု မကြားရက်စရာ။

(ဒီဗွီဘီရဲ့ သာယာဝတီထောင်ရဲ့ သွေးစွန်းသောနေ့ရက်များသတင်းကား။ ဟံသာဝတီဦးဝင်းတင်ရဲ့ ထောင်တွင်းအတွေ့အကြုံစာအုပ်များ။)

၄။ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲ အထွတ်အထိပ်လို့ဆိုနိုင်တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဘုရားသားတော် သံဃာတော်များကို ရက်ရက်စက်စက်နှိပ်ကွပ်မှု။ ဒါတွေအားလုံးအပြီးမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံပေါ်လာပြီး ၂၀၁၀ မှာ စစ်ဗိုလ်ချုပ် တဖြစ်လဲ ဦးသိန်းစိန်အစိုးရပေါ်လာတယ်။ ဒီမိုကရေစီအကူးအပြောင်းတွေ ဖော်ဆောင်တယ်ဆိုပြီး သူတို့တတွေ အစိုးရသက်တမ်းကုန်ခါနီး တိုင်းပြည်ကိုအေးဓားပြတိုက်သွားတာ ကြည့်ပါ။(နိုင်ငံခြားထွက် ကျွန်ခံရတဲ့ လူဦးရေသန်းချီရှိလာတယ်။)

တလောက Mizzima TV (မဇ္စျိမ တီဗီ)ကဒုက္ခိတရဲဘော်များနဲ့ဗိုလ်ချုပ်ကြီးများ ဘဝကွာခြားချက်ဆိုတဲ့ သတင်းကားလေးကြည့်ပါ။

ဒါတွေအားလုံးက စစ်အာဏာရှင်စနစ်ဟာ ဗမာပြည်ကြီးကို ဘယ်လောက် နှိပ်စက်ညှဉ်းပန်းခဲ့တယ်ဆိုတာတွေကို ဘက်စုံကဖော်ပြနေတာပါ။

၄။ ပြည်သူလူထုရဲ့ပြတ်သားတဲ့သန္နိဋ္ဌာန်။

ဒီလောက် ပြည်သူတွေအပေါ် နှစ်ပေါင်း(၅၀)ကျော် နှိပ်စက်ခဲ့တဲ့ စစ်တပ်ကို ဗမာပြည်သူတွေက ဘယ်လိုသဘောထားခဲ့သလဲ။

အခွင့်ရရင်ရသလို နည်းသဏ္ဌာန်ပေါင်းစုံသုံးကာ ဗမာပြည်နိုင်ငံရေးဇာတ်ခုံပေါ်က ဖယ်ချပစ်ဖို့ ကြိုးစားနေတာပါ။။

(၁၉၆၀ ရွေးကောက်ပွဲ၊ ၁၉၈၈အရေးတော်ပုံ၊ ၂၀၁၅ ရွေးကောက်ပွဲ) စစ်တပ်နဲ့နီးစပ်တယ်လို့ယူဆရတဲ့ လူပုဂ္ဂိုလ်ကိုပဲဖြစ်ဖြစ်၊ ပါတီအဖွဲ့အစည်းကိုပဲဖြစ်ဖြစ် ဘယ်တော့မှ နေရာပေးမှာမဟုတ်ပါဘူး။

အခုလည်း စစ်တပ်နောက်ဆုတ်ပေးသလိုနဲ့ အခရာအားလုံးကိုချုပ်ကိုင်ထားပြီး စစ်အာဏာရှင်စနစ် နောက်ဆုံးခံတပ်အဖြစ် ချန်ထားတဲ့၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ရတဲ့နည်းနာပေါင်းစုံနဲ့ ဖျက်သိမ်းနိုင်ရေးကိုကြိုးစားနေကြပါတယ်။

စစ်အာဏာရှင်စနစ်ကို စတင်တည်ထောင်သူ ဗိုလ်နေဝင်းဟာဗ ိုလ်ချုပ်ကြီးတလှည့်လုပ်လိုက်-(ဦး)နာမည်ခံလိုက်နဲ့ ရာထူးအမျိုးမျိုးယူသွားတာ။ တခါ ဗိုလ်သန်းရွှေကလည်းအသက်(၇၀)ကျော် (၈၀)နီးပါးအထိ နိုင်ငံတော်အမြင့်ဆုံးခေါင်းဆောင်အဆင့်ကို ယူထားခဲ့တာ၊ဘယ်သူမှ ဘာမှပြောစရာမလို၊ ကိုယ့်စိတ်ကြိုက်လုပ်ဆောင်သွားနိုင်ခဲ့ကြတယ်။ သူတို့သာမက သူတို့နဲ့ခေတ်ပြိုင် မိုက်ဖော်ဆိုးဖက်ဗိုလ်ချုပ်ကြီးများပါ သားစဉ်မြေးဆက် စားမကုန်အောင်ချမ်းသာသွားကြတာ။

ဒီတော့ အခုလက်ရှိကာချုပ်ကြီးခမျာ သမ္မတလုပ်ချင်ရှာတာပေါ့။ ဒါမှရရှိထားတဲ့အခွင့်အရေးတွေကို ကာကွယ်နိုင်မယ်။ ဆက်လက်တိုးပွားအောင်လုပ်နိုင်မယ်။ ဒါပေမဲ့ သူသတိလစ်နေတာက နိုင်ငံတကာအခြေအနေ၊ ပြည်တွင်းအခြေအနေ၊ ပြည်သူတွေရဲ့စိတ်နေသဘောထားတွေ အများကြီးပြောင်းသွားပြီဆိုတာပါပဲ။

၁၉၅၈တုန်းကလို စစ်တပ်အနေနဲ့ ပြည်သူတွေကို အလွယ်တကူလိမ်လို့ မရတော့ပါဘူး။ အခုပဲကြည့်ပါ။ ကာချုပ် ပရမ်းပတာ ပြောသမျှတွေကို (သြဂုတ်လ(၁၉)ရက်နေ့ပင်လုံညီလာခံမိန့်ခွန်း) ပြန်ချေပပြောဆိုနေတာများ အားရစရာကြီး။ ကာချုပ်နဲ့သွားတွေ့တဲ့ ပါတီများကလည်း ဖြေရှင်းချက်အမျိုးမျိုးထုတ်နေရတာကလည်း တဒုက္ခ။

ဒါတွေအားလုံးက ပြဆိုနေတဲ့အချက်ကတော့—-

ဗမာပြည်သူတွေဟာ စစ်တပ်ကို သူ့နေရာမှန်ကို မဖြစ်မနေပြန်ပို့တော့မယ်ဆိုတဲ့အချက်ပါ။ ဗမာပြည်သူတွေအတွက် စွန့်လွှတ်ရမှာကနှောင်ကြိုးပဲဖြစ်ပြီး၊ ရနိုင်မှာက မိမိတို့အတွက် တကမ္ဘာလုံးရသလောက်ဖြစ်နိုင်တဲ့ ငြိမ်းချမ်းတဲ့ တိုးတက်ဖွံ့ဖြိုးတဲ့ စည်းလုံးညီညွတ်တဲ့ ဗမာပြည်သစ်ကြီးပါ။

ဒါကို အာဏာလောဘဇောမသတ်နိုင်သေးတဲ့ ကာချုပ်အပါအဝင် အဆင့်အသီးသီးက စစ်ဗိုလ်ချုပ်အဟောင်းအသစ်အားလုံးကို အရှင်ထွက် မထွက်ချင်ရင်တော့ဖြင့် အသေထွက် ထွက်ရလိမ့်မယ်ဖြစ်ကြောင်း လေးလေးနက်နက် သတိပေးလိုက်ပါရစေ။

လှကျော်ဇော။၂၃-၈-၂၀၂၀။

လူထုတိုက်ပွဲများကို နည်းပေါင်းစုံဖြင့် အားဖြည့်ရေးမှသည်(စိုးပိုင်)

လူထုတိုက်ပွဲများကို နည်းပေါင်းစုံဖြင့် အားဖြည့်ရေးမှသည်

(စိုးပိုင်)

အရေးတော်ပုံဂျာနယ် ၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

၂၀၀၈ အခြေခံဥပဒေဟာ စစ်အုပ်စုအာဏာ သက်ဇိုး(ဆိုး)ရှည်ဖို့အတွက် နအဖစစ် အုပ်စုက စိတ်ကြိုက်အချိန်ယူ ပြင်ဆင်ရေးဆွဲခဲ့တာဖြစ်တယ်။ ဒီ၂၀၀၈ အခြေခံဥပဒေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးအရ ရှေ့တန်းခံကတုတ်တခုပဲ။ နောက်ဆုံးအခိုင်အမာ ခံကတုတ်ကတော့ သူတို့ပြောနေတဲ့ “တပ်မတော်ဆိုတဲ့ ခါးပိုက်ဆောင်ကြေးစားစစ်တပ်ပဲ။

စစ်အုပ်စုကို “စစ်သုံးစစ်” (စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရစီ ယန္တရား)လို့ ပြောတာဟာ စစ်အုပ်စုရဲ့သရုပ်ကို ပေါ်လွင်စေဖို့ဖြစ်ပါတယ်။ ၂၀၁၅ရွေးကောက်ပွဲမှာ စစ်အုပ်စုကိုယ်စားပြု ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲရှုံးနိမ့်သွားပြီး ဒီချုပ်တောင်ပြိုကမ်းပြို အနိုင် ရကာ ရင်ကြားစေ့အစိုးရအဖြစ် အသွင်ပြောင်းသွားသော်လည်း၊ (စစ်အုပ်စုနှင့်အတူ) စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီယန္တရား(ကြေးစားတပ်အပါ)တို့ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။

ဒီရှေ့တန်းခံကတုတ်ကျလည်း နောက်ဆုံးခံကတုတ်ကိုအသုံးချပြီး သူတို့အာဏာကို အသေအလဲ ခုခံကာကွယ်ဦးမှာပဲဖြစ်တယ်။ ရှေ့တန်းခံကတုတ် ကျိုးပေါက်သွားရင် ပိုမိုစိတ်ချရအောင် တိုင်းပြည်နဲ့ပြည်သူလူထုဆီက လုယက်ရသမျှငွေတွေနဲ့ “ပြည်တွင်းရန်” ကိုချေမှုန်းဖို့ “စွမ်းအားပြည့်ဝတဲ့ ခေတ်မီတပ်မတော်ကြီး” ကိုတည်ဆောက်နေကြတာ အများမျက်မြင်ပဲ။

၂၀၀၈အခြေခံဥပဒေနဲ့အညီ “စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်” အရ“တရားဝင်”မှတ်ပုံတင်ကြရတဲ့ နိုင်ငံရေးပါတီတွေနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲတွေ၊ ပေါ်ပေါက်လာတဲ့အစိုးရတွေ၊ လွှတ်တော်တွေဟာ၊ အမှန်တကယ်တော့ စစ်အာဏာရှင်စနစ်ကို အထောက်အကူဖြစ်စေဖို့ တည်ဆောက်ထားတဲ့ အသုံးချယန္တရားတွေသာဖြစ်တယ်။

ဒီယန္တရားတွေထဲကတခုဖြစ်တဲ့ ရွေးကောက်ပွဲမှာ စစ်အုပ်စုကခြွင်းချန်ပေးထားတဲ့ အရေးမပါတဲ့ အာဏာအရိုးအရင်းအတွက် နိုင်ငံရေးပါတီတွေဟာ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲပြီး လူထုကိုမဲဆွယ်ကြရတယ်။ မိမိတို့ပါတီအနိုင်ရပြီး အစိုးရဖွဲ့နိုင်ရင် “တိုင်းပြည်ကို ဘယ်လိုပြောင်းလဲ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးမယ်”။ အမတ်လောင်းတဦးချင်းကလည်း မိမိမဲဆန္ဒနယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုဘာတွေ အကောင်အထည်ဖော်ပေးမယ် စတဲ့ စိတ်ကူးယဉ်ကြွေးကြော်သံတွေ ကတိတွေနဲ့မဲဆန္ဒရှင်တွေကို မဲဆွယ်ကြရတယ်။

လွန်ခဲ့တဲ့ ၁၀နှစ်တာကာလအတွင်းက လက်တွေ့ဖြစ်ရပ်ကိုပဲကြည့်ရင် တိုင်းပြည်အခြေအနေ၊ ပြည်သူလူထုတွေရဲ့ဘဝတွေ ဘယ်လောက်တိုးတက် ပြောင်းလဲခဲ့သလဲဆိုတာ မြင်သာလှပါတယ်။

၂၀၀၈အခြေခံဥပဒေ ပြဋ္ဌာန်းပြီးနောက် ၂၀၁၀ရွေးကောက်ပွဲမှာ အများကမျှော်လင့်ထားတဲ့အတိုင်း စစ်တပ်ကျောထောက်နောက်ခံ ကြံဖွံ့ပါတီက “အပြတ်အသတ်” အနိုင်ရသွားတယ်။ အစိုးရအဖြစ်တက်လာပြီး မကြာခင် စစ်ဗိုလ်လူထွက်သမ္မတက ” ပြုပြင်ပြောင်းလဲရေး”အပြောတွေ၊ ဟန်ပြအလုပ်တွေနဲ့ နိုင်ငံတကာနဲ့ပြည်သူလူထုကို ခဏတော့ လှည့်စားပြနိုင်ခဲ့တယ်။ နောက်ပိုင်းတော့ တိုင်းပြည်အခြေအနေနဲ့ ပြည်သူတွေရဲ့ဘဝကတော့ ဒုံရင်းပြန်ဆိုက်တာပါပဲ။

၂၀၁၅ ခုနှစ် ဒုတိယအကြိမ် ရွေးကောက်ပွဲမှာတော့ တချိန်ကအတိုက်အခံပါတီဒီချုပ်က “ပြောင်းလဲချိန်တန်ပြီ”ဆိုတဲ့ ကြွေးကြော်သံနဲ့ စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ရွံမုန်းနေတဲ့ ပြည်သူလူထုရဲ့ထောက်ခံမဲတွေနဲ့ “တောင်ပြိုကမ်းပြို” အနိုင်ရခဲ့တယ်။ အခု အစိုးရသက်တမ်း ငါးနှစ်နီးပါးသက်တမ်းအတွင်း ရွေးကောက်ပွဲတုန်းက ပေးခဲ့တဲ့ကတိတွေဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေကို လုံးဝအောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး။ အာဏာရှင်စနစ် နဲ့ ရင်ကြားစေ့ရေးဘက်ကို လှည့်သွား ခဲ့တယ်။

(ပထမအားဖြင့်) ရွှေဂုံတိုင်ရပ်တည်ချက်ကို ကျောခိုင်းကာ ၂၀၀၈အောက် ခေါင်းလျှိုခဲ့တဲ့ ဒီချုပ်ပါတီ ရွေးကောက်ပွဲဝင်ကတည်းက ၁၉၉၀ရွေးကောက်ပွဲ ရှုံးနိမ့်ပြီး နိုင်ငံရေးလက်ဦးမှုမဲ့နေတဲ့စစ်အုပ်စု အသက်ရှုပေါက်ရသွားစေတယ်။ ၈ လေးလုံးကာလတလျှောက်လုံး ဒီချုပ်ကိုဝိုင်းရံပေးလာတဲ့ ဒီမိုကရေစီအင်အားစုများ တိုင်းရင်းသားအင်အားစုများအဖို့ နိုင်ငံရေးအကျပ်အတည်း ဖြစ်စေတယ်။

(ဒုတိယအားဖြင့်) အာဏာတပိုင်းရ လစ်ဘရယ်အစိုးရအနေနဲ့ ဦးကိုနီအသက်ပေးပြီး အကြံပြုခဲ့သလို ၂၀၀၈ စစ်တပိုင်းလွှတ်တော်ကိုဖျက်သိမ်း၊ ပြည်သူ့ညီလာခံခေါ်ယူ၊ ၂၀၀၈ ခြေဥကို (လူထုအားနဲ့ဖျက်သိမ်းတာ) အသစ်ပြန်လည်ရေးဆွဲတာကို (လွှတ်တော်တွင်း လွှတ်တော်ပ ပေါင်းစပ်တိုက်ပွဲ မဝင်နိုင်ရုံတင်မက) – စစ်အုပ်စုနဲ့ရင်ကြားစေ့ပြီး အခြေခံလူတန်းစား အမျိုးသားပြည်သူများအပေါ် ရန်လိုနေတာကြောင့် ဝင်ပြင်လမ်း(လွှတ်တော်တွင်းလမ်း)ဟာ ပိတ်သွားသလိုဖြစ်နေတယ်။”အတွင်း” နဲ့ “အပြင်” ဟန်ချက်ညီ ပေါင်းစပ် ပြီး အာဏာရှင်စနစ် တိုက်ဖျက်ရေးစဉ်းစားပုံမှာ လူထုတိုက်ပွဲကို “ဖိအားပေးတဲ့ လက်နက်” အဖြစ်သာ သဘောထားပါတယ်။ လူထုတိုက်ပွဲကို အသုံးချအမြတ်ထုတ် ထုတ်တယ်၊ လူထုတိုက်ပွဲကို (နဂါးကြီးလိုပဲ) ကြောက်လည်းကြောက်တယ်၊ ဖြဲခြောက်စရာ လက်နက်အဖြစ်လည်း အသုံးချတယ်၊ “ပြုပြင်ရေး” အသေးစားလေးတွေ မလုပ်ရင် “ဝရုန်းသုန်းကားတွေ ဖြစ်လာပြီး ပြည်ပျက်လိမ့်မယ်”ဆိုတဲ့ စကားမျိုး ကို အများကြိုက် (ဓနရှင်အလွှာအမျိုးမျိုးအကြိုက်) စကားအဖြစ် သူတို့က ပြောရိုးပြောစဉ် စကားမျိုးလို ပြောတယ်။ ဒါပေမဲ့ လူထုက တကယ်တမ်းပေါက်ကွဲတော့မယ့်ပုံ ပေါက်တဲ့ အခါမျိုး ဆိုရင် သူတို့ကိုယ်တိုင်တောင် “လူထုတိုက်ပွဲ” စကား မဟရဲကြတော့ပါ။ လူထု ထိခိုက်နစ်နာမှာစိုးတယ်ဆိုတဲ့စကားနဲ့ လမ်းပေါ်လူထုတိုက်ပွဲတွေ မပေါ်ပေါက်အောင် ဟန့်တားထားတယ်။ ဒီနေ့ တိုင်းပြည်အများအပြားမှာ လမ်းပေါ်လူထုတိုက်ပွဲတွေ ခြိမ့်ခြိမ့်သဲ ပေါ်ထွက်လေလေ ကိုယ့်တိုင်းပြည်မှာ လူထုတိုက်ပွဲတွေ ပေါ်လာမှာ စိုးရိမ်လေလေ ဖြစ်နေကြပုံပဲ။

ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေအောက်မှာ ကျင်းပရတဲ့ရွေးကောက်ပွဲမှာ ဘယ်ပါတီက အမတ်နေရာအများစုနဲ့ပဲအနိုင်ရရ၊ အနည်းစုနဲ့ပဲအနိုင်ရရ၊ သူတို့က နိုင်ငံရေးအရတော့ အမှန်တကယ်အနိုင်ရတာ မဟုတ်ပါဘူး။ တကယ်အနိုင်ရတာက စစ်အုပ်စုပဲဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေဟာ စစ်အုပ်စုဖန်တီးထားတဲ့ နိုင်ငံရေးဇာတ်ခုံမှာ အသုံးတော်ခံနေကြရတဲ့အဖြစ်ကို ကျရောက်သွားတာပဲဖြစ်တယ်။

၈၈ ဒီမိုကရေစီရေး လူထုအုံကြွလှုပ်ရှားမှုကြီးအတွင်းက ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီရေး နိုင်ငံရေးအင်အားစုတွေအနေနဲ့၊ လွှတ်တော်တွင်းမှာ စစ်အုပ်စုက မသဒ္ဓါရေစာစွန့်ကြဲထားတဲ့ အခွင့်အာဏာအနည်းအကျဉ်းလောက်အတွက်၊ အချင်းချင်း ပြစ်တင်ဝေဖန်တိုက်ခိုက်ရင်း ဆက်လက်အသုံးတော်ခံနေကြရင် စစ်အာဏာဟာ ပိုပြီးခိုင်မာသည်ထက် ခိုင်မာနေဦးမှာပဲ။

အကယ်၍ စစ်အုပ်စုကဖန်တီးထားတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ဘဝတူ ဒီမိုကရေစီပါတီတွေအနေနဲ့  ၂၀၀၈ဖျက်ရေးနဲ့(စစ်သုံးစစ်) ချုပ်ငြိမ်းရေးကို ဘုံနိုင်ငံရေးရည်မှန်းချက်ထားကာ အပြန်အလှန်လေးစားပြီး ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်နိုင်ကြရင်တော့ သူတို့ပြောနေတဲ့ “လွှတ်တော်တွင်းတိုက်ပွဲ”ဆိုတာ တစုံတရာအဓိပ္ပာယ်ရှိမှာပါ။ ဒါတောင်မှ ကြီးမားတဲ့အကန့်အသတ်ဘောင်ထဲက ဒီလို လွှတ်တော်တွင်းတိုက်ပွဲမျိုး သက်သက်နဲ့တော့ ပြည်သူတွေအားလုံးလိုလားတဲ့ ၂၀၀၈ခြေဥဖျက်သိမ်းရေး စစ်သုံးစစ်အဆုံးသတ်ရေးကို ဆောင်ကြဉ်းနိုင်မှာမဟုတ်ပါဘူး။

ဥပဒေတွင်းဒီမိုကရေစီအင်အားစုတွေကိုယ်တိုင်က ပြည်သူလူထုကိုအခြေခံတဲ့ လွှတ်တော်ပ၊ဥပဒေပ လူ့အဖွဲ့အစည်းအတွင်း လူတန်းစားတိုက်ပွဲသဘာဝအရဖြစ်နေတဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ လူမှုအခွင့်အရေးအမျိုးမျိုး ရရှိရေး လူထု လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေကို ဥပဒေတွင်းလုပ်ဆောင်ချက်များနဲ့ အားဖြည့် ပေါင်းစပ်နိုင်မှသာ သူတို့ကိုယ်တိုင်ပိတ်မိနေတဲ့ နိုင်ငံရေးအကျပ်အတည်းကနေ ထွက်နိုင်တဲ့လမ်းစတခုကိုတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံရေးအင်အားစုတွေအနေနဲ့ ဒီလိုဆောင်ရွက်နိုင်ကြမှလည်း စစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်ကို ခါးခါးသီးသီးပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြတဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးရဲ့ ထိရောက်တဲ့ထောက်ခံမှုကို ရရှိကြမှာပါ။

စစ်အာဏာလွှမ်းမိုးနေဆဲ နိုင်ငံရေးအခြေအနေဆိုးကြီးကို ပြောင်းလဲနိုင်ဖို့ နဲ့စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရေးမှာ လွှတ်တော်ပြင်ပက လူထုလူတန်းစားအသီးသီးရဲ့ လှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးလက္ခဏာဆောင်တဲ့ တိုက်ပွဲတွေကသာ အဓိကအခရာကျပါတယ်။ ဒီလူထုလှုပ်ရှားမှုတွေ တိုက်ပွဲတွေကတဆင့် ပေါင်းစည်းပေါ်ပေါက်လာမယ့် တော်လှန်ရေးကြီးတရပ်ကသာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှာဖြစ်တယ်။ ဒီတော်လှန်ရေးကြီးပေါ်ပေါက်လာဖို့နဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ဆိုရင် တပါတီတအုပ်စုတည်းနဲ့ မဖြစ်နိုင်ပါဘူး။ ဗမာပြည် လွတ်လပ်ရေးတိုက်ပွဲကာလက ဖတပလ (နောင်ဖဆပလအဖွဲ့)လို ကျယ်ပြန့်ခိုင်မာတဲ့ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုကြီးတရပ် ဖွဲ့စည်းတည်ဆောက်ခဲ့သလိုမျိုး စစ်အုပ်စုကို အဓိကဘုံရန်သူအဖြစ်ဦးတည်ပြီး ၂၀၀၈ ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံတရပ်ပေါ်ပေါက်ရေး၊ ဘုံလုပ်ငန်းစဉ်တရပ်နှင့်အတူ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးရဲ့ ရှေ့တန်းရောက်နိုင်ငံရေးအင်အားစုတွေအားလုံး ကျယ်ကျယ်ပြန့်ပြန့်ပါဝင်တဲ့ (မူပေါ်အခြေခံတဲ့)ပြည်သူ့အင်အားစုစည်းမှုတရပ် လိုအပ်ပါတယ်။

ဒါမှသာ ဒီမိုကရေစီရေး ညီညွတ်ရေး ငြိမ်းချမ်းရေးအတွက် ၂၀၀၈ဖျက်သိမ်းရေး တရားတဲ့တိုက်ပွဲကို နိုင်ငံတကာက စာနာထောက်ခံမှု ပိုမိုရရှိနိုင်မှာဖြစ်တယ်။

ဒါမှသာ စစ်အုပ်စုရဲ့ ရှေ့တန်းနိုင်ငံရေးခံကတုတ်ဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကိုသာမက နောက်ဆုံးခံကတုတ်ဖြစ်တဲ့ တလက်ကိုင်ခါးပိုက်ဆောင်စစ်တပ်ကိုပါ ယိုင်နဲ့ပျက်စီးအောင် ဖျက်ဆီးချေမှုန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ခါးပိုက်ဆောင် ကြေးစားတပ်ကို ယိုင်နဲ့ပျက်စီးအောင်ချေမှုန်းရေးဆိုတာ စစ်တပ်ကိုအကြမ်းဖက် တွန်းလှန်တိုက်ခိုက်ရမှာသာမက နိုင်ငံရေးအရ စည်းရုံးဖြိုခွဲရေးလည်း ပါဝင်ရမှာဖြစ်ပါတယ်။

စိုးပိုင် ။၂၄ ၊ ၁၀ ၊၂၀၂၀

ဗမာပြည်ငြိမ်းချမ်းရေးနီးပြီလား(မောင်မိုးဦး)

ဗမာပြည်ငြိမ်းချမ်းရေးနီးပြီလား

(မောင်မိုးဦး)

အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

—–

ဗမာပြည်မှာ ဒီမိုကရေစီရေးကိစ္စကိုပြောရင် တန်းတူရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကိစ္စ၊ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးကိစ္စဟာ တွဲဆက်ပါလာပါတယ်။ ဒီကိစ္စ ၃ ခုဟာ တပေါင်းတစည်းတည်းဖြစ်သလို တခုချင်းကိစ္စတွေလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် တခုချင်းကိစ္စကိုကိုင်တွယ်တာနဲ့တပြိုင်တည်းမှာ တပေါင်းတည်းအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ ဒါမှ တပေါင်းတည်းအခြေအနေကိစ္စကိုကိုင်တွယ်တဲ့အခါမှာ တခုချင်းကိစ္စတွေနဲ့ ဟသဇာတဖြစ်ပြီး အောင်မြင်ချောမောတဲ့အခြေအနေကို ရရှိမှာဖြစ်ပါတယ်။

ဗမာပြည်ပြည်တွင်းစစ်ဟာ ရှည်ကြာခဲ့သလောက် ပြည်တွင်းစစ်ရပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးကြိုးပမ်းမှု၊ လိုလားတောင့်တမှုဟာလည်း ရှည်ကြာခဲ့ပြီးဖြစ်ပါတယ်။ ပြည်တွင်းစစ်စတင်ဖြစ်ပွားတာနဲ့ တချိန်တည်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သူမနာကိုယ်မနာ ငြိမ်းချမ်းရေးကိုလုပ်ဖို့ တောင်းဆိုကမ်းလှမ်းခဲ့တယ်။ ဆရာကြီးဆိုလိုတာက နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲကြပြီး တန်းတူရည်တူညှိနှိုင်းဆွေးနွေးကာ ပြဿနာအရပ်ရပ်ကို ဒီမိုကရေစီနည်းကျကျ ဖြေရှင်းကြဖို့ဖြစ်ပါတယ်။ အဲဒီလို (ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး) ဆိုတဲ့ နိုင်ငံရေးပြဿနာတခုချင်းကို အဆင်ပြေအောင်ကိုင်တွယ်ပြီး တပေါင်းတည်းဖြေရှင်းနိုင်တဲ့ အခြေအနေဖြစ်အောင် ဖန်တီးကြမယ်ဆိုရင် ဗမာပြည်ငြိမ်းချမ်းပြီး ဒီမိုကရေစီထွန်းကားတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ စည်းလုံးညီညွတ်တဲ့နိုင်ငံ ဖြစ်တာကြာလောက်ပါပြီ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ သူမနာကိုယ်မနာ ငြိမ်းချမ်းရေးမူကို တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေက လက်ခံကြတယ်။ အာဏာရအစိုးရအဆက်ဆက်က ငြင်းပယ်တယ်။ ငြင်းပယ်တဲ့ တကယ့်အကြောင်းရင်းက နယ်ချဲ့သြဇာကို မလွန်ဆန်နိုင်တာ အာဏာလက်မလွှတ်နိုင်တာ ဖြစ်ပါတယ်။ ဒါနဲ့ပဲ ဗမာပြည်ပြည်တွင်းစစ်ဟာ ဒီလောက်ရေရှည်လာတာဖြစ်တယ်။ အမျိုးသားပြိုကွဲမှုဟာ နက်ရှိုင်းသည်ထက် နက်ရှိုင်းသွားတယ်။ စစ်အာဏာရှစ်စနစ်ထွန်းကားပြီး ဗမာပြည်ဟာ အဆင်းရဲအမွဲတေဆုံးနိုင်ငံ၊ အမျိုးသားဂုဏ်သိက္ခာ ကျဆင်းနေတဲ့နိုင်ငံ၊ ကျရှုံးနိုင်ငံဖြစ်မယ့်အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့နိုင်ငံ ဖြစ်နေပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ သူမနာကိုယ်မနာ ငြိမ်းချမ်းရေးမူကို အုပ်စိုးသူဖဆပလအစိုးရက ငြင်းပယ်ပြီးနောက်မှာ တော်လှန်ရေးအင်အားစုတွေကို သောင်းကျန်းသူတွေ ရောင်စုံသူပုန်တွေဆိုပြီး သတ်မှတ်တယ်။ ကိုလိုနီခေတ်မတရားသင်းဥပဒေတွေနဲ့ မတရားသင်းတွေအဖြစ် ကြေညာတယ်။ အပြုတ်ချေမှုန်းပစ်ရေးပေါ်လစီ ချမှတ်ကျင့်သုံးတယ်။ လက်နက်ချရင် (အညံ့ခံရင်၊ အလင်းဝင်ရင်၊ လက်နက်နဲ့ဒီမိုကရေစီလဲရင်၊ ဥပဒေဘောင်ထဲဝင်ရင်၊ ပြည်သူ့စစ် Boarder guard လုပ်ရင်… ) လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတဲ့ ပေါ်လစီချမှတ်တယ်။ နယ်ချဲ့နိုင်ငံကြီးတွေအလိုကျ ကွန်မြူနစ်ဆန့်ကျင်ရေး အစွမ်းကုန်လုပ်တယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကလည်း လိုလိုလားလားနဲ့လက်နက်ချသူရှိသလို မတတ်သာဘဲလက်နက်ချသူတွေ ပေါ်ပေါက်လာတယ်။

ဒီလိုနဲ့ ပြည်တွင်းစစ်တလျှောက် လက်နက်ကိုင်အဖွဲ့အစည်းတချို့ ပျောက်သွားလိုက် နောက်တော့ ပြန်ပေါ်လာလိုက်နဲ့ ဖြစ်နေတယ်။ အဲဒါဟာ ကနေ့အထိဖြစ်နေတယ်။ အုပ်စိုးသူဘက်ကလည်း ကွဲလိုက်ပြဲလိုက်ဖြစ်ပြီးနောက် စစ်အုပ်စုဖွဲ့တည်လာကာ ဝန်ကြီးချုပ်ဦးနုရဲ့ ပထစအစိုးရကို ဗိုလ်နေဝင်းစစ်အုပ်စုက ဖြုတ်ချအာဏာသိမ်းခဲ့တယ်။ စစ်အာဏာရှင်စနစ်ကို ထူထောင်တယ်။ စစ်ဗျူရိုကရေစီယန္တရား ကြီးထွားလာတယ်။ စစ်အုပ်စုမင်းဆက်တိုင်းဟာ ပြည်တွင်းစစ်ကို အပြုတ်ချေမှုန်းရေးပေါ်လစီပဲ ဆက်လက်ကျင့်သုံးပြီး ဖက်ဆစ်နဲ့ ကိုလိုနီနယ်ချဲ့သမားကျင့်သုံးခဲ့တဲ့ ပြည်သူဆန့်ကျင်ရေး ဖြတ်လေးဖြတ်စနစ်နဲ့ စစ်ဆင်တာကနေ့အထိပဲ။ ၁၉၆၃ ခုနှစ်မှာ ဗိုလ်နေဝင်းစစ်အုပ်စုက ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ ဖြစ်တယ်ဆိုရုံလောက်ပဲလုပ်ပြီး တဖက်သတ် ဖျက်သိမ်းပစ်ခဲ့တယ်။

ဆရာမသေခင် ငြိမ်းချမ်းရေးရတာ တွေ့သွားချင်တယ်ဆိုတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလည်း တိုင်းပြည်အခြေအနေတော့ ရှေ့မှာပိုဆိုးတော့မှာပဲလို့ ညည်းညူရှာတယ်။ တကယ်လည်း တိုင်းပြည်အခြေအနေဟာ ဆိုးဆိုးရွားရွား ဆုတ်ယုတ်ကျဆင်းသွားတယ်။

စစ်အုပ်စုအစဉ်အဆက်ဟာ နိုင်ငံတော်အာဏာနဲ့ တိုင်းပြည်ဘဏ္ဍာကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ပြီး စစ်ဗျူရိုကရေစီယန္တရားကြီးနဲ့ တိုင်းပြည်အုပ်ချုပ်ခဲ့တာ ကနေ့အထိပဲ။ 

စစ်အုပ်စုက စစ်အာဏာသိမ်းမှုကို တရားဝင်ဖို့အတွက် မဆလပါတီထောင်တယ်၊ ၇၄ အခြေခံဥပဒေ ဇွတ်ရေးဆွဲအတည်ပြုပြီး မဆလပါတီ၊ ကောင်စီ၊ လွှတ်တော်၊ အစိုးရထူထောင်တယ်။ တိုင်းပြည်မှာ နိုင်ငံရေး၊စီးပွားရေး၊ ပညာရေး၊ကျန်းမာရေး၊လူမှုရေး အဘက်ဘက်မှာ ဆုတ်ယုတ်ပျက်ပြားလာတယ်။ မှောင်ခိုဈေးကွက်နဲ့စစ်ဗျူရိုကရေစီလူတန်းစား ကြီးထွားလာတယ်။ 

တပါတီစစ်အာဏာအောက်မှာ ၆၂ ခု ၇ ဇူလိုင်မှစလို့- ၆၇ဆန်ပြဿနာ၊ ၆၉၊ ၇၀၊ ၇၄-၇၅-၇၆ လူထုတိုက်ပွဲများ အလယ် – ၁၉၈၈ ခုနှစ်ရောက်တဲ့အခါ ရှစ်လေးလုံးလူထုအုံကြွမှု ဒီမိုကရေစီအရေးတော်ပုံကြီး ပေါက်ကွဲတော့တာပဲ။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကို စစ်အုပ်စုက အကြမ်းဖက်နှိမ်နင်းပြီးနောက် မဆလပါတီကို ဘေးချိတ်လိုက်ကာ နဝတ-နအဖစစ်အစိုးရကို ပုံဖော်တယ်။ နဝတ-နအဖစစ်အစိုးရက လက်နက်ကိုင်တပ်ဖွဲ့အချို့နဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်တယ်လို့ဆိုတယ်။ စစ်အုပ်စုရဲ့ ရည်ရွယ်ချက်က လက်နက်ကိုင်တပ်ဖွဲ့တချို့နဲ့ အပစ်အခတ်ရပ်စဲထားပြီး ဦးတည်ရန်သူ လက်နက်ကိုင်အဖွဲ့အစည်းကို အပြတ်ရှင်းပစ်ဖို့ပါပဲ။ လက်တွေ့မှာ အပစ်အခတ်ရပ်စဲတဲ့ အဖွဲ့အစည်းတွေနဲ့ ဘာနိုင်ငံရေးစကားမှ အပြောမခံဘဲ ဥပဒေပ/တရားမဝင် စီးပွားရေးလုပ်ငန်းတွေထဲ နွံနစ်အောင်လုပ်ပြီး အချင်းချင်းသွေးကွဲအောင် ဖန်တီးလိုက်တာဖြစ်တယ်။ ဦးတည်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တယ်။

မှောင်ခိုဈေးကွက်ကြီးဖြစ်တဲ့၊ နည်းလမ်းတကျမဟုတ်တဲ့ Informal စီးပွားရေးများဟာ ဗြောင်ပေါ်လာသလို စစ်အုပ်စုနဲ့ အမြီးစားဖက်ခေါင်းစားဖက် စီးပွားရေးသမား(ခရိုနီ)တွေလည်း သောင်းကျန်းလာတော့တယ်။ ဗမာပြည်ဟာ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ (LDC) ဘဝက မလွတ်ကျွတ်နိုင်ဖြစ်သွားတယ်။

ဗမာပြည်ဟာ မငြိမ်းချမ်းပါ။ နဝတ-နအဖအစိုးရလက်ထက်မှာ ပြည်ပနိုင်ငံတွေထွက် အလုပ်ကြမ်းမျိုးစုံလုပ်ရတဲ့လူတွေ၊ အိမ်နီးချင်းနိုင်ငံတွေရှိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံရသူတွေ၊ ပြည်တွင်းမှာပဲ စစ်ဘေးဒုက္ခသည်တွေ ဖြစ်သွားတဲ့သူတွေ၊ ပြည်တွင်းမှာပဲ မိသားစုလိုက်နေရပ်စွန့်ခွာ ကြုံရာကျပန်းအလုပ်လုပ်ရသူတွေ၊ ကလေးအလုပ်သမားတွေ စသည်ဖြင့် အမြောက်အမြား ထွက်ပေါ်လာတယ်။ လူမှောင်ခိုကူးတဲ့ ဒုစရိုက်မှုတွေလည်း ကြီးထွားလာတယ်။

၂၀၀၈ အခြေခံဥပဒေ အတည်ပြုပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာတော့ (ဗိုလ်ချုပ်ကြီးတဖြစ်လဲ) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ တက်လာတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းကာကွယ်ထားတဲ့ ဥပဒေဖြစ်တော့ သူ့ကိုယ်သူ ဒီမိုကရေစီအစိုးရလို့ မပြောရဲပါဘူး။ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို (အမျိုးသားနိုင်ငံရေးမှာ တပ်မတော်ရဲ့ ဦးဆောင်မှုအောက်က) ဖော်ဆောင်မယ်လို့ပဲ ပြောပါတယ်။ အရင်စစ်အစိုးရတွေလိုပဲ လက်နက်ကိုင်အင်အားစုတချို့နဲ့ အပစ်အခတ်ရပ်စဲပြီး လက်နက်ကိုင်အဖွဲ့အချို့ကို ဦးတည်တိုက်တဲ့ပေါ်လစီပဲ ခန့်ခွဲပါတယ်။ လက်နက်ကိုင်အဖွဲ့အချို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ပြီး NCA စာချုပ်ချုပ်တဲ့အထိ ဖြစ်လာပါတယ်။ ဒါပေမဲ့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ကာချုပ်မူ(၆)ချက်ကြောင့် အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အချို့ လက်မှတ်ထိုးဖို့ငြင်းဆိုပါတယ်။ တချို့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်တိုက်ပွဲပြန်ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်က လက်နက်ကိုင်အဖွဲ့အစည်းတွေ တနည်းနည်းနဲ့ လုံးပါးပါးပြီးပျက်စီးသွားဖို့ ချေမှုန်းပစ်ဖို့နဲ့ စစ်အာဏာရှင်စနစ် တည်မြဲဖို့ပဲဖြစ်တယ်ဆိုတာ ရှင်းပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီးမှာတော့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ ဒီချုပ်အစိုးရ တက်လာပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရတက်လာတဲ့အစိုးရဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဒီမိုကရေစီအစိုးရလို့ မကြေညာရဲပါဘူး။ ဒီမိုကရေစီအတွက် အပြောင်းအလဲလုပ်ပါမယ်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးကိစ္စမှာ သမ္မတဦး(ဗိုလ်) သိန်းစိန်အစိုးရ လုပ်ခဲ့တဲ့အဆက်ကိုပဲ ကိုင်တွယ်လိုက်တယ်။ ကာချုပ်မူ(၆)ချက်အရ လှုပ်ရှားရတယ်။ ၂၁ ရာစုပင်လုံညီလာခံ ဆိုတာတွေဆက်ကျင်းပ ဖို့တောင် မနည်းတာစူနေရပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမတိုင်မီ ချိုသာယဉ်ကျေး ပညာပေးစကားလုံးတွေနဲ့ ရုပ်ပြကောင်းအောင် မနည်းကြိုးစားပမ်းစား ကျင်းပနေရပါတယ်။ ငြိမ်းချမ်းရေးအတွက် လွန်းထိုးလှုပ်ရှားနေရတဲ့လူတွေလည်း မအားရ၊ မနားရပါ။ အဆင့်ဆင့်လည်း လုံးပန်းကြပါတယ်။ အခုတော့ငြိမ်းချမ်းရေးလုပ်ငန်းကို ၂၀၂၀ ရွေးကောက်ပွဲအပြီး နောက်တက်လာတဲ့ အစိုးရလက်ကိုလွှဲလိုက်တဲ့သဘောတောင် ပြောနေပါပြီ။

ဒီချုပ်အစိုးရဟာ စစ်အုပ်စုရဲ့ ပြည်တွင်းစစ်အပေါ်ထားတဲ့သဘောထားကို မလွန်ဆန်နိုင်ပါဘူး။ ဒါကြောင့် မတရားအသင်း ဥပဒေတွေလည်း မဖျက်သိမ်းနိုင်ခဲ့ပါ။ တပြည်လုံး ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲပြီး အားလုံးပါဝင်တဲ့ စေ့စပ်ဆွေးနွေးပွဲမျိုးလည်း မလုပ်နိုင်ခဲ့ပါ။ တဦးကိုတဦး မယုံမကြည်နဲ့ သတိကြီးကြီးထားတဲ့ သဘောတူညီချက်မျိုးကို အင်အားစုအချို့နဲ့ လက်မှတ်ထိုးတာပဲ လုပ်ဆောင်နိုင်ပါတယ်။ ပိုဆိုးတာက တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းအချို့ကို အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်လိုက်တာ မတရားသင်းအဖြစ်ကြေညာတာဟာ အပြုတ်တိုက်ဖို့လုံးပန်းတာပါပဲ။ ဒါက နိုင်ငံရေးအဖွဲ့အစည်းတရပ်ကို ချိုးနှိမ်ပစ်ချင်တာဖြစ်တယ်။

ဗမာပြည်မှာ ထူးခြားချက်က အုပ်စိုးသူအစိုးရအဆက်ဆက်ဟာ လက်နက်မကိုင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းကို မလေးစားတာနဲ့ လက်နက်ကိုင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းကို ရွံ့ကြောက်ကြီးဖြစ်နေတာပါပဲ။ အစိုးရအာဏာကို ချုပ်ကိုင်ထားသူတွေအနေနဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုအသီးသီးမှာ သဘာဝကျတဲ့လိုအင်ဆန္ဒတွေ ၊ တင်ပြတောင်းဆိုတာတွေ ရှိနေပါလားလို့ နားလည်လက်ခံကာ ပြေလည်စွာဖြေရှင်းလိုစိတ်နဲ့တန်းတူရည်တူသဘောထားမဆွေးနွေးနိုင်မချင်းပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဘယ်တော့မှအောင်မြင်ပြီးမြောက်မှာမဟုတ်ပါကြောင်း။ ။

မောင်မိုးဦး