ကျန်းမာရေးစောင့်ရှောက်မှုသည် ရောင်းကုန်မဟုတ်

By | October 22, 2016

ကျန်းမာရေးစောင့်ရှောက်မှုသည် ရောင်းကုန်မဟုတ်

ကျော်ဇင်မင်း

အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇

အညာကိုမရောက်တာကြာပြီဖြစ်သော ကျွန်တော့်အတွက် ညောင်ပြာသာဒ်ကြီးကို တွေ့လိုက်ရသည်နှင့် ခံစားချက်တို့ ထက်မြက်နိုးကြား လာလေသည်။
ညောင်ပြာသာဒ်ပင်ကြီးကား ခန်းနားကြီးကျယ်လှသည်။ အုံ့အုံ့ဆိုင်းဆိုင်းရှိလှသည်။ အံ့ဘနန်း ထူးခြားဆန်းကြယ်လှသည်။ ညောင် ပင်ကြီးမှသည် ကြီးမားထယ်ဝါသော အကိုင်းကြီးတွေ အဖက်ဖက်သို့ ဖြာထွက်နေသည်။ ထိုဖြာထွက်နေသောအကိုင်းကြီးတွေမှသည် ညောင်မုတ်ဆိတ်တွေ မြေသို့ တွဲရရွဲကျဆင်းနေကြသည်။ ညောင်မုတ်ဆိတ်တို့သည် အမြစ်မှသည် ပင်စည်အဖြစ်သို့ ကြီးထွား သန်မာ လာပြန်သောအခါ ညောင်ပင်ကြီး အောက်တွင် ညောင်ပင်တွေ အများကြီးပေါက်နေသလို ဖြစ်နေသည်။ ညောင်မုတ်ဆိတ်တွေက ဘယ်တပင်ညာတပင် ပေါက်နေရာ တံခါးပေါက်တွေလို ဖြစ်နေကြသဖြင့် ထိုအပေါက်တွေကို ညောင်တံခါးတွေဟုလည်း ခေါ်ကြသည်။ ညောင်ပြာသာဒ်ပင်ကြီးသည် နန်းတော်ကြီးနှင့်ပင်တူနေသေး တော့သည်။

ညောင်တံခါးပေါက်တခု၏ အလည်တွင် ကျောက်ရေအိုးစင်တခုကို တွေ့ရသည်။ ရေအိုးအသစ်လေးတွေက ရေတွေ စိမ့်ဖြာ စိုရွှဲနေသည်။ ရေအိုးဘေးခင်းထားသောသဲပေါ်တွင် မြက်ပင်လေးတွေနှင့် စိမ်းစိမ်းစိုစိုဖြစ်နေသည်။ ရေကုသိုလ်ပြုသူ၏စေတနာကို စိမ်းစို နေသော မြက်ပင်ကလေး များပေါ်တွင် တွေ့မြင်နေရသည်။ ငယ်ငယ်က အလယ်တန်းစကားပြေတွင် သင်ခဲ့ရဖူးသော ဆရာဇော်ဂျီ၏ ဆောင်း ပါးကို သတိရမိသည်။ ရေချမ်းစင်ကလေးများသည် နွေဦးပေါက်တွင် ပုန်းနေရာမှာ ထွက်ပေါ်လာကြသော နွေဦးကျက်သရေပင်ဖြစ်သည်ဟု ဆရာဇော်ဂျီကဆိုသည်။

သို့သော် ထိုနွေဦးကျက်သရေသည် တနေ့ထက်တနေ့ ပိုမိုခက်ခဲကြမ်းတမ်းလာသော ကျွန်တော်တို့ ခေတ်ကြီးနှင့် ဆီလျော်ပါသေး၏လောဟု ကျွန်တော် တွေးတောမိလေသည်။ ရေကို ခွက်ဖြင့်ခပ်သောက်ပြီးး ခပ်သောက်ထားသောခွက်ကို ရေထဲပြန်နှစ်ခပ်ကာ နောက်တယောက်က သောက်သောစနစ်သည် ရောဂါဘယ ထူပြောလှသော ဒီနေ့ခေတ်ကြီးတွင် အန္တရာယ်ကို ဖိတ်ခေါ်နေသလိုများ ဖြစ်နေ လေမည်လားဟု တွေးမိလေသည်။ ယနေ့ခေတ် ဆင်းရဲသားလူတန်းစားအကြားတွင် ရောဂါဘယများသည် လွန်စွာထူပြော များပြားလာ သောကြောင့် ထိုသို့တွေးမိခြင်းဖြစ်သည်။ ရောဂါတွေပေါများလိုက်ပုံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက်များ ထိုရောဂါတွေကို ဖြန့်ထား သလားဟု ထင်ရလောက်သည်။

မတွေ့ရတာကြာပြီ ဖြစ်သော အညာက မိတ်ဆွေတယောက်သည် ကူးစက်တတ်သော အသည်းရောင် အသားဝါရောဂါကြောင့် ဆေးရုံ တက်နေရသည်ကို မနေ့ကပဲ ကျွန်တော်သိခဲ့ရသည်။ ကျွန်တော့်ထက် အသက်ငယ်သော နှမဝမ်းကွဲတယောက်သည်လည်း တီဘီရောဂါကြောင့် ကွယ်လွန်ခဲ့လေပြီ။ ဘီပိုး၊ စီပိုး၊ တီဘီပိုးတွေသည် ဆင်းရဲသားတွေကို ရက်ရက်စက်စက် နှိပ်စက်ကလူမင်းမူနေလေသည်။ ကျွန်တော် မေးမြန်းစုံစမ်းကြည့်သောအခါ ဟိုတယောက်လည်း ဘီပိုးကြောင့်၊ ဒီတယောက်လည်း စီပိုးကြောင့်၊ နောက်တယောက်လည်း တီဘီကြောင့် ဟုဆိုကာ အသက်ဆုံးပါးကွယ်လွန်သွားကြသူ တော်တော်များများအကြောင်းကို ကြားလာရသည်။ ဆင်းရဲသားများအတွက်တော့ ထိုရောဂါများ သည် အေအိုင်ဒီအက်စ် ထက် ပိုဆိုးသည်ဟု ကျွန်တော် ထင်သည်။ ဘီပိုး၊ စီပိုး၊ တီဘီပိုးတို့သည် ဆင်းရဲသားတို့၏ သေမင်းတမန်များ ဖြစ်နေကြလေပြီ။

ဆေးဝါးကုသစရိတ်တို့မှာ မျက်လုံးပြူးစရာ ထိတ်လန့်ချောက်ချားစရာကောင်းလောက်အောင် ခေါင်ခိုက်နေလေသည်။ ဆင်းရဲ သားများ အတွက်ဆိုလျှင် ဘီပိုး၊စီပိုး၊ တီဘီပိုးတို့မှာ ကုမရနိုင်သော ရောဂါများပင် ဖြစ်သည်။ ချမ်းသာသူတွေက ဘန်ကောက်သွားကုကြပြီး ရောဂါပျောက် ကင်းသူတွေ ရှိကြသည်။ ဆင်းရဲသားများမှာ အိပ်မက်ပင် မမက်နိုင်ကြ။ ဘန်ကောက်သွားပြီး ဆေးကုသရသည့် ကုန်ကျစရိတ်မှာ ဆင်းရဲသားတွေ ဘာမှမစားဘဲ တသက်လုံး ရသမျှဝင်ငွေကို စုထားလျှင်ပင် လုံလောက်နိုင်လိမ့်မည် မထင်။ အထူးကုဆေးရုံကြီးများ၏ ကုန်ကျ စရိတ်မှာလည်း ဆင်းရဲသားတွေအတွက်တော့ အိမ်တွေခြံတွေချရောင်းမှ တတ်နိုင်လောက်ကြမည့် ကုန်ကျစရိတ်မျိုးဖြစ်သည်။ လူအချို့ ကျိကျိတက်ချမ်းသာနေချိန်တွင် လူအချို့ စုတ်ပြတ်သတ်နေအောင် ဆင်းရဲမွဲတေနေကြလေပြီ။ ဆင်းရဲချမ်းသာကွာဟမှုသည် မိုးနှင့်မြေလို အလှမ်းကွာနေလေပြီ။ လူအချင်းချင်း အဆင့်အတန်း ကွဲပြားကွာဟခြားနားမှုမှာ စိတ်နာစရာကောင်းသည်။ စက်ဆုပ် ရွံရှာစရာလည်း ကောင်း လှသည်။

အဆိုးချင်း နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မဆလခေတ်ကမှ အခမဲ့ဆေးကုသခွင့် ရှိခဲ့သေးသည်။ ခုတော့ ပြည်သူ့ဆေးရုံမှာလည်း အား လုံးကိုယ်တိုင်ဝယ်ရသည်။ အားလုံးကိုယ်တိုင် ကျခံကြရသည်။ ဒီနေ့ခေတ်ကြီးတွင် ဘာကိုမှ အလကားမရတော့ပေ။ ပိုက်ဆံဆင်းရဲသူများမှာ ဆေးရုံပေါ်တွင် အလွန်မျက်နှာငယ်ကြရသည်။ ပိုက်ဆံမပေးနိုင်လျှင် အစောင့်ကလည်း ငေါက်သည်။ အလုပ်သမားကလည်း ငေါက်သည်။ သူနာပြုနှင့် ဆရာဝန်များကား ဆိုဖွယ်မရှိတော့။ ဆရာဝန်များကား မိုးပေါ်က ကျလာသော လူတန်းစားတရပ်နှင့်တူသည်။ ဆရာဝန်ထဲက ၉၀ ရာနှုန်းသည် သူတို့ကိုယ်သူတို့ အထူးပုဂ္ဂိုလ်များ၊ သူတပါးထက် အစစအရာရာသာလွန်သူများဟု အထင်ရှိတတ်ကြသည်။ ဆင်းရဲသားများကို ကျန်းမာရေး နားမလည်ရကောင်းလား၊ ပညာဗဟုသုတနည်းရကောင်းလားဟု အထင်အမြင်သေးကြသည်။ လူမြင်လျှင် ငေါက်ချင်နေသော ဆရာဝန်တွေက ခပ်များများဖြစ်သည်။ ဆင်းရဲသားများကလည်း ဆရာဝန်များ သူနာပြုများကို ကယ်တင်ရှင်များဟု သဘောထားကာ ဘာပြောပြော ဆရာ၊ ဆရာ ခေါ်ပြီး မျက်နှာငယ်လေးတွေနှင့် ငုံ့ခံကြရသည်။ ရန်ကုန်ဆေးရုံကြီးတွင် ဆေးရုံဝန်ထမ်းများ အကောင်းဘက်သို့ ပြုပြင်လာသည်ကြားလိုက်ရ သော်လည်း တခုလုံးလက္ခဏာနှင့် ရေရှည်လက္ခဏာ မဆောင်သေးပါ။

ဆေးမကုနိုင်၍သေသောသူများမှာ ဒီနေ့ခေတ်တွင် အလွန်ပင်များပြားလာနေသည်။ ဘယ်သူမှ သေသေချာချာ စာရင်းကောက်ယူ လေ့ လာထားတာမျိုး မတွေ့ရ။ အကယ်၍များ လက်တွေ့ကျကျ စာရင်းကောက်ယူ သုတေသနပြုကြည့်လျှင် အလွန်ကြောက်စရာကောင်းသည့် ရလဒ်မျိုးထွက်ပေါ်လာမည်မှာ သေချာလှပါသည်။

ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကြီးကား ဆိုးဆိုးဝါးဝါး ပျက်စီးနေလေပြီ။

အထူးကုဆရာဝန်များမှာ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများမှာသာ ပေါပေါများများ ရှိကြသည်။ အထူးကုဆရာဝန် နည်းနည်းပါးပါး ရှိသော မြို့မှာလည်း တနိုင်ငံလုံးတွင် ဆယ်မြို့ထက်ပိုလိမ့်မည်မထင်။ ကျန်မြို့များမှာ သာမန် ဆရာဝန်များလောက်သာ ရှိကြသည်။ သာမန်ဆရာဝန် တော်တော်များများမှာလည်း အားမကိုးရ။ သာမန်ဆရာဝန်များထဲတွင် အလွန်ပင် မယုံကြည်ထိုက်သော ဆရာဝန်များစွာကို ယနေ့ခေတ်တွင် တွေ့မြင်နေရလေသည်။ ရံဖန်ရံခါတွင် ကျန်းမာရေးလိုက်စားသော သာမန်ပညာတတ်တယောက်ပင် နားလည်နိုင်လောက်သော အရာမျိုးကို ရိုးရိုးဘွဲ့ရဆရာဝန်များက နားမလည်ကြသည်ကို စိတ်ပျက်လောက်စရာကြုံတွေ့ကြရသည်။ ဆရာဝန်အဆုံးဖြတ်မှားပြီး သေဆုံးကြသော လူနာများကို ယနေ့ခေတ်တွင် တွေ့မြင်နေရသည်မှာလည်း မနည်းလှတော့လေပြီ။ ဤကား ပညာရေးစနစ်ပျက်စီးလာခြင်း၏ နောက်ဆက်တွဲ အကျိုးရလဒ် ဖြစ်သည်။ ၈၈ အရေးအခင်းမတိုင်ခင်က ဘွဲ့ရသော ဆရာဝန်များမှာ သိပ်မဆိုးလှသေး။ ၈၈ နောက်ပိုင်းဘွဲ့ရသော ဆရာဝန်များမှာ မယုံကြည်ထိုက်သောသူများ အများအပြားပေါ်ပေါက်လာသည်မှာ လူတိုင်းအသိပင် ဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်များတွင် ဆက်လက်ပညာသင်မည်ဆိုလျှင်လည်း ထို ၈၈ နောက်ပိုင်း ဘွဲ့ရဆရာဝန်များကို နိုင်ငံတကာက အသိအမှတ်ပြုလက်ခံခြင်း မရှိကြတော့။ ဆက်လက်ပညာသင်လိုလျှင် အနိမ့်ဆုံးအဆင့် စာမေးပွဲ တခုခု ထပ်မံဖြေဆိုပြီးမှသာ ဆက်လက်ပညာသင်ခွင့်ရကြသည်။

ဆင်းရဲသားတို့သည် ရောဂါတခုခုကျရောက်မှာကို စိုးရိမ်ပူပန်နေကြရသည်။ ရောဂါကြီး တခုခု ကျရောက်သည်နှင့် မွဲလျှင်မွဲ၊ မမွဲလျှင်သေ ဖို့သာ ရှိတော့သည်။ တခါတရံမွဲလည်းမွဲ သေလည်းသေကြရသည်။

ဆင်းရဲသားများသည် ဆင်းရဲလွန်းသောကြောင့် သူတို့ပတ်ဝန်းကျင်သည်လည်း အန္တရာယ်ထူပြောသော ပတ်ဝန်းကျင်များ ဖြစ်နေလေသည်။ သူတို့ကို အန္တရာယ်ရှိသော အရာများစွာက ဝန်းရံစုပြုံနေကြလေသည်။ သူတို့နေထိုင်သော ပတ်ဝန်းကျင်သည်လည်း အန္တရာယ် ဖြစ်သည်။ သူတို့စားသော အစားအသောက်သည်လည်း အန္တရာယ်ဖြစ်သည်။

သူတို့ရပ်ကွက်များတွင် အများဆုံးတွေ့ရလေ့ရှိသော ရေချမ်းစင်များသည်လည်း အခုအခါ နွေဦးကျက်သရေ ဟုတ်နိုင်ပါဦးတော့ မည်လားဟု ကျွန်တော် အတွေးပေါ်မိသည်။

စင်စစ်တွင်ကား ဆင်းရဲခြင်းကိုယ်၌သည်ပင်လည်း ရောဂါတခုဖြစ်နေလေသည်တကား။

Leave a Reply

Your email address will not be published. Required fields are marked *