ရွှေပြည်မသာနိုင်သေးတဲ့ ဗမာပြည်က ရွှေပြည်သာ အလုပ်သမားသပိတ်

By | February 23, 2015

ယနေ့ ရွှေပြည်သာစက်မှုဇုန်နယ်မြေမှ အလုပ်သမားသပိတ်များမှာ အလုပ်သမားများ၏ ဘဝအခြေအနေက ပြဌာန်းလိုက်သဖြင့် ဖြစ်ပေါ်လာသော သပိတ်တိုက်ပွဲများ ဖြစ်သည်။ အလုပ်သမားများကို တိုက်ပွဲဝင်စေဖို့ နောက်ကွယ်က ကြိုးကိုင်သူကို အထူးရှာစရာမလို။ သူတို့၏ ဝမ်းပိုက်ပြဿနာက သူတို့ကို ကြိုးကိုင်ထားသည်။ ယနေ့ ဗမာပြည်တွင် ဖြစ်ပေါ်လာနေသော အလုပ်သမားသပိတ်တိုက်ပွဲများ၊ လယ်သမားသပိတ်တိုက်ပွဲများသည် ဗမာပြည်၏ စီးပွားရေးရုပ်ဘဝ ပြဌာန်းမှုကြောင့် ပေါ်ထွက်လာသော ရလဒ်များသာ ဖြစ်သည်ဟု ဆိုနိုင်သည်။

ယနေ့ တိုက်ပွဲဝင်နေကြသော အလုပ်သမားများ၏ လစာငွေမှာ တလ ကျပ်ငွေ လေးသောင်းမှ ရှစ်သောင်းသာသာလောက်ရသော အလုပ်သမားများက အများစု ဖြစ်နေသည်။ အထည်ချုပ်အလုပ်သမားများသည် မနက် ၈ နာရီမှ ၄ နာရီ ၄၀ မိနစ်အထိ အလုပ်လုပ်ရသည်။ ညနေ ၄ နာရီ ၄၀ မိနစ်မှ ၇ နာရီခွဲအထိ အချိန်ပို အလုပ်ဆင်းရသည်။ အချိန်ပို လုပ်ခကြေးမှာ တနာရီကို သုံးရာသုံဆယ့်ခုနှစ်ကျပ် ဖြစ်သည်။ စုစုပေါင်း အလုပ်လစာမှာ အချိန်ပိုမဆင်းနိုင်ပါက လေးသောင်းငါးရာသာရ၍ အချိန်ပိုဆင်းပါမှ ခုနှစ်သောင်း ပတ်ဝန်းကျင် ရရှိသည်။

လက်တွေ့တွင် အလုပ်သမားများ တကယ်ရရှိသော ပျမ်းမျှလစာငွေမှာ တရက် လခငွေက ၁၃၅၀ ကျပ် ပတ်ဝန်းကျင်သာ ရှိသည်။ လုပ်ခ လစာ အလွန်သေးငယ်နည်းပါးလှသော်လည်း အလုပ်သမားနှင့် ပြည်သူတွေ ရင်ဆိုင်နေရသော ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာကြီးက တနေ့တခြား ပိုမိုကြီးမားလာနေသည်။ ကန်စွန်းရွက်တစည်း ၂၀၀ ကျပ်။ အလုပ်သမားတွေက မစားလောက်သဖြင့် အနည်းငယ်မျှ တိုးတောင်ခြင်းသာ ဖြစ်သည်။ တနေ့ ငွေ၂၀၀၀ ကျပ်ဆိုလျှင် လောက်ငပါသည်ဟု သိန်းဆယ်ဂဏန်းအထက် လခရပြီး သိန်းပေါင်းများစွာ ချမ်းသာကာ စည်းစိမ်ယစ်မူးနေသော အစိုးရအာဏာပိုင်ကြီးက လူဆင်းရဲများသုံးစွဲသင့်သော တနေ့တာ အသုံးစရိတ်နှင့် အလုပ်သမားများအတွက် တနေ့စာ လုပ်ခကို သူက ဈေးဖြတ်ပြီး နှပ်ကြောင်းပေး ပြောဆိုခဲ့သည်မဟုတ်လား။ ထမင်းမဝလို့ ထပ်တောင်းတာ တိုးမပေးသည့်အပြင် လျှော့စားခိုင်းနေခြင်း ဖြစ်သည်။
အလုပ်သမားသပိတ်ရဲ့ တောင်းဆိုချက်ဟာ မမြင့်မားပါ။ လိုအပ်ချက်သာ တောင်းဆိုတာပါ။ ဘာပယောဂပါတယ် ညာပရောဂပါတယ်ဟု စွပ်စွဲစရာ အကြောင်းလည်း မရှိပါ။ တနေ့ ကျပ်တထောင်လောက် တိုးပေးဖို့ တောင်းဆိုသည်။ ပုံမှန် အလုပ်ချိန် သတ်မှတ်ပေးဖို့ တောင်းဆိုသည်။ အလုပ်သမားဘဝ မြှင့်တင်ပေးဖို့ တောင်းဆိုသည်။ အနိမ့်ဆုံးလစာ သတ်မှတ်ပေးဖို့ တောင်းဆိုသည်။ အနိမ့်ဆုံးလစာကို သတ်မှတ်ပြဌာန်းဖို့ အစိုးရက အချိန်ဆွဲနေခြင်းသည်လည်း ယခု အလုပ်သမားသပိတ်များ ပေါ်ပေါက်လာခြင်း၏ အကြောင်းအချက်တခုပါ။

အလုပ်သမအမျိုးသမီးငယ်များပါမကျန် အလုပ်သမားများအား ရိုက်နှက်ဖြိုခွဲခြင်းနှင့် ပတ်သက်၍ အလုပ်ရှင်က အမှုဖွင့်လို့ အလုပ်သမားတွေကို ဖမ်းရပါတယ်၊ ဥပဒေနဲ့ မညီလို့ တားဆီးရပါတယ်ဟု အစိုးရက ဆင်ခြေပေးသော်လည်း မိုးကြိုးပစ်ရာ ထန်းလက်ကာသည့် ဆင်ခြေများပါ။ သူတို့ အလုပ်ရှင်ဘက်က ပင်းနေသည်မှာ သိသာလှသည်။

သူတို့က (အရေးယူမည်။ ဖမ်းဆီးဝရမ်းထုတ်သည်။ အလုပ် ပြန်ဆင်းရမည်။ ပြဿနာများကို နောက်ကျမှ ရှင်းပေးမည်။ အာဆီယံနှုန်း လုပ်ခလစာ မပေးနိုင်။ အလုပ်သမားများ တောင်းဆိုသော တနေ့လုပ်ခ တထောင်ကျပ် မရနိုင်) ဆိုသည့် အလုပ်သမားခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းပွဲတွင် သူတို့ပြောကြားသော အဖြေစကားများကြည့်လျှင် အလုပ်ရှင်ဘက်က ရပ်သော သူတို့သဘောထား ရှင်းရှင်းကြီး တွေ့မြင်နိုင်သည်။

ထမင်းမဝ၍ နည်းနည်း တိုးတောင်းသော အိုလီဗာတွစ် အရိုက်ခံရသလို ထမင်းမဝလို့ တိုးတောင်းသော ဗမာအလုပ်သမားနှင့် အလုပ်သမလေးတွေ ရက်ရက်စက်စက် အရိုက်ခံနေရသည်။ အလုပ်ပိုင်ရှင်ဘက်က ရပ်တည်သော အစိုးရသည် ကျွန်ရိုက်သော ကြာပွတ်၏ အခန်းကဏ္ဍမှ ပါဝင်ကပြနေခြင်းသာ ဖြစ်သည်။ ကျွန်အမှတ်အသားကို ဖျက်သောလက် အဖြတ်ခံရမည်ဟူသော ဟမ္ဗူရာဘီဘုရင်၏ ခြိမ်းခြောက်မှုမျိုးနှင့်အလားတူ နည်းနည်းလည်း တိုးမတောင်းနဲ့-များများလည်း တိုးမတောင်းနဲ့ဆိုသော သဘောထားဖြင့် အလုပ်သမားသပိတ်ကို အကြမ်းဖက် ဖိနှက်ဖြိုခွဲနေခြင်း ဖြစ်သည်။-

အစက စကားကိုပဲ ပြန်ကောက်ပါမည်။ ရွှေပြည်သာအလုပ်သမားသပိတ်များမှာ အလုပ်သမားများ၏ ဘဝအခြေအနေက ပြဌာန်းလိုက်သဖြင့် ဖြစ်ပေါ်လာသော သပိတ်တိုက်ပွဲများ ဖြစ်သည်။ ထို့ကြောင့် အစိုးရက ဖိနှိပ်ဖြိုခွဲမှု အမျိုးမျိုးလုပ်သော်လည်း သပိတ်မလှန် အလံမလှဲ ဇွဲနဘဲနှင့် ဆက်လက်တိုက်ပွဲဝင်နေကြဆဲ ဖြစ်သည်။ လက်တွေ့ဘဝ၏ ပြဌာန်းပေးမှုကြောင့် ငတ်ရင်းမသေလိုသဖြင့် တိုက်ပွဲလမ်းကြောင်းကို သူတို့ ရွေးချယ်လာကြခြင်း ဖြစ်သည်။

အစိုးရက မိုက်မဲစွာ ဖိနှိပ်မှုများကို ကျင့်သုံးခြင်းသည် အလုပ်သမားများအပေါ် အလုပ်ရှင်၏ နှောင်ကြိုးသာမက အစိုးရ၏နှောင်ကြိုးဖြင့်ပါ တုတ်နှောင်လိုက်သည့် သဘော ဖြစ်သည်။ အစိုးရကသာ ဤဖိနှိပ်မှုများ တဆင့်တိုး ပြုလုပ်လာမည်ဆိုပါလျှင် ဘဝအခြေအနေက ပြဌာန်းပေးသဖြင့် တိုက်ပွဲဝင်လာကြသော အလုပ်သမားများသည် အစိုးရက ပြဌာန်းပေးလိုက်သော အခြေအနေအရ နှောင်ကြိုးများကို အပိုင်းပိုင်း ဖြတ်တောက်ဖို့ လိုအပ်သည်ဟူသော အသိစိတ်ဓာတ်များ ဖြစ်ပေါ်လာကြပေလိမ့်မည်။
ဤအသိစိတ်ဓာတ်သည် ပိုင်းဖြတ်ချက်နှင့် သန္နိဋ္ဌာန်အဖြစ် ဖြစ်ပေါ်တိုးပွားလာမည်ဆိုပါက……

Leave a Reply

Your email address will not be published. Required fields are marked *