ရေသောက်မြစ်

By | November 12, 2014

ကိုပါကြီးအမှုကို ရေဝေးမှာတင် ပြည်ဖုံးကားမချဘဲ  အမှုမှန်ပေါ်ပေါက်အောင် ရေဆုံးရေဖျားလိုက်ဖို့ ပြည်သူထဲမှ တောင်းဆိုသံများ ပေါ်ထွက်လာပါတယ်။

 

ဒါနဲ့တချိန်တည်း စစ်အာဏာပိုင်တွေနဲ့ စစ်အစိုးရက ဒီအမှုမှာ စစ်တပ်ဘက်က မီးကုန်ယမ်းကုန် ကာကွယ်မယ်ဆိုတဲ့သဘောနဲ့ သက်သေခံမယ့်သူတွေ၊ ရှေ့နေတွေကအစ ဖိအားပေးခြိမ်းခြောက်တာတွေ ဆက်တိုက်လုပ်နေပါတယ်။

 

ပြည်သူများဘက်က စစ်တပ်နဲ့ စစ်အစိုးရ သတ်ဖြတ်လုပ်ကြံတာ ကိုပါကြီးတယောက်တည်းမက ကချင်ပြည်နယ်က မဆွန်လွတ်ရွယ်ဂျာကအစ ၊ ရှမ်းပြည်နယ်၊ပလောင်ဒေသ၊ မန္တလေးမြို့ပေါ်မှာ၊ ရန်ကုန်မြို့ပေါ်မှာ စသဖြင့် ဗမာပြည်အနှံ့အပြားက စာရင်းတွေ တက်လာနေပါတယ်။ ဒါဟာ ပြည်တွင်းစစ်အတွင်း စစ်တပ်က အရပ်သားပြည်သူတွေကို မုဒိမ်းကျင့်တာ၊ သတ်ဖြတ်တာ၊ ပြည်သူ့အိုးအိမ်ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးရမ်းကားတာတွေ စာရင်းမတင်သေးဘဲ တဦးချင်းအသတ်ခံရတဲ့ ကိစ္စများကိုသာ ပြောကြားနေကြတာ ဖြစ်ပါတယ်။ သတ်တဲ့အထဲမှာ ရဲတပ်ဖွဲ့လည်း ပါပါတယ်။

 

စစ်တပ်ကိုသာ လူသတ်ခွင့် ပေးထားတာ မဟုတ်ပါ။ လူသတ်လိုင်စင်ကို ချုပ်ကိုင်ထားတဲ့ စစ်အုပ်စုနဲ့ စစ်အစိုးရက စစ်တပ်ကိုသာမက ရဲတပ်ဖွဲ့ရော၊ စွမ်းအားရှင်တွေရော၊ သူတို့က လူသတ်ဓားတွေ၊ လူသတ်လက်နက်တွေနဲ့ သတ်စေအမိန့်တွေ၊ ပြည်သူ့အိုးအိမ်ဖျက်ဆီးမိန့်တွေ၊ မီးတိုက်ခွင့်တွေ ကြိုတင်ခွင့်ပြုချက်နဲ့ပေးထားတာကို ဗမာပြည်က အရေးအခင်းတွေ၊ အဓိကရုဏ်း ဖန်တီးမှုတွေကိုကြည့်ရင် အရှင်းသား မြင်နိုင်ပါတယ်။

 

အခုမှ သတ်တာ မဟုတ်ပါ။ စစ်အာဏာရှင်အဆက်ဆက် သတ်လာတာကို ပြန်တွေးကြည့်ကြပါ။ ခရစ္စတီးကျွန်းမှာ အစိတ်သားတောင်မချန်ဘဲ သတ်ဖို့ ဗိုလ်သန်းရွှေအမိန့်ပေးခဲ့တာ မမေ့ကြပါနဲ့။ ရှစ်လေးလုံးအရေးတော်ပုံနဲ့ ရဟန်းရှင်လူပြည်သူများရဲ့ ရွှေဝါရောင် တော်လှန်ရေးအရေးအခင်းတုန်းက ရက်ရက်စက်စက် သတ်ဖြတ်ဖိနှိပ်ခဲ့တာတွေကို မမေ့ကြပါနဲ့။

 

စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ဟာ လူသတ်လိုင်စင်သာမက ပြည်ဖျက်လိုင်စင်ကိုပါ အပိုင်ကိုင်ထားတာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာ တိုင်းပြည်ကို စနစ်တကျဖျက်ဆီးပြီး စစ်အုပ်စုကောင်းစားရေးသာလုပ်တဲ့ ပြည်ဖျက်ခွင့်လိုင်စင်ပါပဲ။ ဒီ ပြည်ဖျက်ခွင့်လိုင်စင်ဆိုတာဟာ အထိပါးမခံတဲ့ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို ကာကွယ်ပေးနေတဲ့ တရားဝင်လက်မှတ်လည်း ဖြစ်ပါတယ်။

 

၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို မထိပါးနဲ့။

 

ဦးပိုင်ကို မထိပါးနဲ့။

 

စစ်အုပ်စုနဲ့ အပေါင်းပါ အနွယ်ဝင်တွေကို မထိပါးနဲ့။ အခု ဦးအောင်သောင်းကို မထိပါးဖို့ လွှတ်တော်က ဆုံးဖြတ်တဲ့အထိ လုပ်လာပါတယ်။

 

စစ်တပ်ကို အထိမခံတာက စစ်မှုထမ်းအချင်းချင်းတောင် ထိပါးမိတဲ့စကားတခွန်းတလေ ပြောထွက်ရင် လက်မခံတဲ့အတွက် တရားဝင် ဝန်ချတောင်းပန်ရတာ မြင်တွေ့ခဲ့ရပါပြီ။ ပြည်တွင်းစစ်အတွင်း စစ်တပ်တွေ မုဒိမ်းမှုကျူးလွန်တာ၊ လူသတ်တာ၊ ပြည်သူ့အိုးအိမ်စည်းစိမ်ဖျက်ဆီးတာ စစ်အာဏာရှင်ခေတ်အဆက်ဆက် ဒီနေ့အထိ တည်ရှိနေတာ သူတို့ခွင့်ပြုထားလို့ ဖြစ်ပါတယ်။ ပြည်တွင်းစစ် မဟုတ်တဲ့ ဒေသတွေမှာလည်း စစ်တပ်တွေက လယ်သိမ်း၊ မြေသိမ်း၊ ကိုယ်ကျိုးစီးပွားရှာတဲ့ကိစ္စတွေ ဖြစ်နေတာဟာ ဒေသအလိုက် စစ်ပဒေသရာဇ်လေးတွေကို ထင်ရာစိုင်းခွင့် ပေးထားလို့ပါ။ ဒါပေမဲ့ လေတပ်ဆိုင်ရာ စစ်အမှုထမ်းတယောက်က စစ်တပ်ရဲ့အတွင်းပိုင်းကိစ္စ အပြင်ပေါက်ကြားတာမျိုးတော့ သူတို့ ပြင်းပြင်းထန်ထန် ကိုင်တွယ်ပါတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လက်မှတ်သွားထိုးမိတဲ့ စစ်အမှုထမ်းမျိုးကို ပြင်းပြင်းထန်ထန် အရေးယူပါတယ်။ ကိုယ့်ခံစားချက်ကို စာရေးဖွင့်ဟမိတဲ့ စီအိုင်ဒီက ဒု-ရဲအုပ် ပိုင်ရှားအောင်ကို ချုပ်နှောင်ထားပါတယ်။ ဒါတွေအားလုံးဟာ စစ်တပ်အကျိုးစီးပွား အထိပါးမခံတာကို ပြနေတာပါ။ စစ်တပ်အကျိုးစီးပွားဟာ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ရဲ့ အကျိုးစီးပွားရဲ့ လက်အောက်ခံမို့ အထိပါးမခံနိုင်တာ ဖြစ်ပါတယ်။

 

ကိုပါကြီးကိစ္စမှာ အမှုမှန်ကို ဖော်ထုတ်ရေးဘက်က ရပ်တည်တဲ့ သက်သေနဲ့ ရှေ့နေတို့ကို ဖိအားပေးခြိမ်းခြောက်နေတာဟာ စစ်တပ်ရဲ့ မတရားတဲ့ လုပ်ရပ်ကို မျက်စိမှိတ်ကာကွယ်မယ်ဆိုတဲ့ သူတို့ရဲ့ မိုက်ကန်းတဲ့ သဘောထားကို အတင်းအလင်းဖော်ပြလိုက်တာ ဖြစ်သလို စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားနဲ့ ဆိုတဲ့ ဗိုလ်အောင်ကြီးရဲ့စကားလို စစ်တပ်က မှားမှားမှန်မှန်၊ စစ်တပ်ကို နည်းနည်းမှ မထိပါးနဲ့ဆိုတဲ့ သတင်းစကား ပေးလိုက်တာလည်း ဖြစ်ပါတယ်။

 

ကိုပါကြီးအမှုအတွက် အမှုမှန် ပေါ်ပေါက်အောင် ဆက်လက်လုပ်ဆောင်သွားဖို့ မုချလိုအပ်ပါတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲတခုတည်း ရေဆုံးရေဖျားလိုက်ရုံနဲ့လည်း မပြီးသေးပါ။ ပြည်သူကို ရန်သူလို သဘောထားပြီး သတ်ဖြတ်ဖိနှိပ်မှုတွေ ရှေ့မှာလည်း များစွာ များစွာ ဆက်လက်ပေါ်ထွက်နေဦးမှာပါ။ တဦးချင်း အသတ်ခံရမှုရော၊ အစုလိုက်အပြုံလိုက် အသတ်ခံရမှုတွေရော ရှေ့မှာ ပေါ်ပေါက်လာဦးမှာပါ။

 

ကိုပါကြီး အမှုကိစ္စဟာ ပြည်သူတွေရဲ့ အသက်နဲ့ဘဝလုံခြုံရေးအတွက် သတိပေးခေါင်းလောင်း ထိုးလိုက်တာလည်း ဖြစ်ပါတယ်။ ဗမာပြည်က လူတိုင်းလူတိုင်း ကိုပါကြီးတွေ ဖြစ်ကြတယ်လို့ ပြည်သူ့ဘက်က တင်ပြတဲ့စကားဟာ တကယ့်ကို မှန်ကန်ပါတယ်။ ဗမာပြည် ပြည်သူတွေရဲ့ အသက်တွေ ဘဝတွေကို စစ်အစိုးရနဲ့ စစ်အာဏာရှင်စနစ်က အချိန်မရွေး ဖျက်ဆီးပစ်နိုင်တယ်ဆိုတာ ထင်ရှားသထက် ထင်ရှားလာနေပါတယ်။

 

တိုက်ပွဲတခုတည်း ရေဆုံးရေဖျားလိုက်ရုံသာမဟုတ်၊ လူသတ်ပွဲတွေ အဆက်မပြတ် ဖန်တီးနေတဲ့ စစ်အာဏာရှင်စနစ်ဆိုတဲ့ ရေသောက်မြစ်ကို ကုန်စင်အောင် ခုတ်ထွင်ရှင်းလင်း သုတ်သင်ဖို့ ဗမာပြည်သူလူထုတရပ်လုံး ရေရှည်ဇွဲနဘဲနဲ့ အင်အားစုစည်းပြီး တိုက်ပွဲဝင်သွားနိုင်ရေးအတွက် အမြော်အမြင်ရှိတဲ့ ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်နေပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *