အလုပ်သမားသပိတ်အရေး ပြည်သူသို့အစီရင်ခံစာ အပိုင်း(၂)

By | May 31, 2016

ခုံသမာဓိကောင်စီဆုံးဖြတ်ချက်

အလုပ်သမားများကို အပြစ်တင်ကြသော အချက်များအနက် အပြင်းထန်ဆုံးထိုးနှက်ကြသည့် အချက်မှာ ခုံသမာဓိကောင်စီခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို မနာခံရကောင်းလားဟူသောအချက် ဖြစ်သည်။ ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်သည်သာ အဖြေမှန်ဟု အုပ်ချုပ်သူတွေကရော၊ လွှတ်တော်အမတ်တွေကရော၊ ဤဖြစ်စဉ်ကို ကွင်းဆက်မိအောင် ပြည့်ပြည့်စုံစုံမသိသူ တချို့ကပါ ယူဆကြပုံရသည်။ ထိုသို့ယူဆပြီး အလုပ်သမားများကို ပြစ်တင်ဝေဖန်ကြသူများသည် ခုံသမာဓိကောင်စီ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များ ၃၅ မျက်နှာကို အစအဆုံး ဖတ်ခဲ့ကြဖူးပါသလား။ အကယ်၍ ဖတ်ခဲ့ဖူးလျှင် ထို ၃၅ မျက်နှာပါ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များကို မည်သည့် ထွက်ဆိုချက်များ အပေါ်တွင် အခြေခံပြုစုခဲ့သည်ဟူသော အချက်ကို သိကြပါသလား။

ပထမဆုံးသတိပြုရမည့် အချက်မှာ ခုံသမာဓိကောင်စီခုံအဖွဲ့ ဆုံးဖြတ်ချက်သည် အလုပ်သမားဘက်ကို မကြားနာဘဲအလုပ်ရှင်ဘက်က ထွက်ဆိုချက်အပေါ်တွင်သာ မူတည်သုံးသပ်ပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟူသော အချက်ပင်။ ဒုတိယသတိပြုရမည့် အချက်မှာ ခုံသမာဓိကောင်စီခုံအဖွဲ့သည် ဥပဒေက သတ်မှတ်ထားသော ရက်အတွင်းတွင် ဆုံးဖြတ်ချက်ပြီးစီးအောင် မချမှတ်နိုင်ဘဲ ရက်အများအပြား ကျော်လွန်ခဲ့သည်ဟူသော အချက်ဖြစ်သည်။ ဥပဒေက သတ်မှတ်သောရက်အတွင်း ပြီးပြတ်အောင် မလုပ်ခြင်းသည် ဥပဒေချိုးဖောက် ပျက်ကွက်ခြင်း ဖြစ်သည်။ ခုံသမာဓိကောင်စီခုံအဖွဲ့သည် ၎င်းတို့ ထိုသို့ပျက်ကွက်ခဲ့ကြောင်းကို သုံးသပ်၊ ဆုံးဖြတ်ချက် ၃၅ မျက်နှာ စာတမ်းထဲတွင် လုံးဝ မဖော်ပြခဲ့။ အဘယ်ကြောင့် နှောင့်နှေးခဲ့ရပြီး ဥပဒေချိုးဖောက်ခဲ့ရကြောင်းကိုလည်း တလုံးတပါဒမျှ ရှင်းလင်းချက် မပေးခဲ့။

အလုပ်သမားများက ခုံသမာဓိကောင်စီသည် အချိန်မီဆုံးဖြတ်ချက်မချဘဲ တမင်အချိန်ဆွဲခဲ့သည်ဟု သံသယရှိကြောင်းကို အတိအလင်းပင် စွပ်စွဲထုတ်ဖော်ခဲ့သည်။ ခုံသမာဓိကောင်စီခုံအဖွဲ့သည် အလုပ်သမား အလုပ်ရှင် တွေ့ဆုံညှိနှိုင်းရမည့်ရက်တွင် အလုပ်သမားဘက်ကတင်သော ကိုယ်စားလှယ်မှာ ကိုယ်စားလှယ် လွှဲပုံ လွှဲနည်း လုပ်ထုံးလုပ်နည်းနှင့်မညီဟူသော အကြောင်းပြချက်ဖြင့် ထပ်မံရက်ရွှေ့ဆိုင်းခဲ့သည်။ အလုပ်သမားဘက်က တင်သွင်းသော ကိုယ်စားလှယ် ကိုနှင်းအောင်မှာအလုပ်သမားမဟုတ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ဖြစ်သည်ဟုသာ ခုံသမာဓိကောင်စီခုံအဖွဲ့ဝင်များက ထင်ထားခဲ့ပုံရသည်။ ကိုနှင်းအောင်သည် မတော်တဆထိခိုက်ဒဏ်ရာရပြီးနောက် ထိုစက်ရုံမှ များမကြာမီကမှ ထွက်ခဲ့ရသော အလုပ်သမားဟောင်း တယောက်ဖြစ်သည်ဆိုသော အချက်ကိုမူ သိပင်သိခဲ့ပုံမရ။ သိလျှင်လည်း ထည့်သွင်း စဉ်းစားခဲ့ပုံမရ။ အလုပ်သမားများက ခုံသမာဓိကောင်စီအပေါ်တွင် ယုံကြည်မှုမရှိတော့။ တိုင်းခုံသမာဓိ ကောင်စီ ဆုံးဖြတ်ချက်များသည် အဂတိလိုက်စားခဲ့သည်ဟု အလုပ်သမားများက ယူဆထားသည်။ ယခု ဗဟိုခုံသမာဓိကောင်စီကလည်း ဆုံးဖြတ်ချက်ကို ဥပဒေပြဋ္ဌာန်းချက်အတိုင်း သတ်မှတ်ရက်အတွင်းတွင် မချသည့်အပြင် အလုပ်သမားဘက်က ကိုယ်စားလှယ်ကို ထပ်မံပြောင်းလဲခိုင်းခြင်းမှာ မရိုးသားသော လုပ်ရပ်ဟု ယူဆသည်။ ခုံသမာဓိကောင်စီ ဆုံးဖြတ်ဖြေရှင်းမှုဖြင့် ပြဿနာ ပြေလည်နိုင်မှာ မဟုတ်တော့ဟု အလုပ်သမားများက ယူဆသောကြောင့် ခုံသမာဓိကောင်စီသို့ လာရောက်ထွက်ဆိုခြင်း မပြုခဲ့ကြတော့။

အလုပ်သမားများဘက်က ကိုယ်စားလှယ်မလာသောကြောင့် အလုပ်သမားများဘက်က ထွက်ဆိုချက် မပါဘဲ အလုပ်ရှင်ဘက်က ထွက်ဆိုချက်သက်သက် အပေါ်တွင် အခြေခံကာ ခုံသမာဓိကောင်စီခုံအဖွဲ့က ဆုံးဖြတ်ချက်ချခဲ့သည်။ အလုပ်သမားကိုယ်စားလှယ် မလာလျှင် အလုပ်သမားကိုယ်စားလှယ်မပါဘဲ ဆုံးဖြတ်ခွင့်ရှိသည်ဟူသော ဥပဒေက ခွင့်ပြုထားသည့် အခွင့်အရေးကို အသုံးပြုပြီး ခုံသမာဓိကောင်စီက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ လုပ်ခွင့်ရှိပါသည်။ သို့သော် အလုပ်သမားမလာခြင်းကို အခွင့်ကောင်းယူပြီး အလုပ်သမားကို ဖိနှိပ်ချိုးနှိမ်ဆုံးဖြတ်ခြင်းမျိုးမှာကား မဖြစ်သင့်။ အလုပ်သမား မလာသောကြောင့် အလုပ်ရှင်ပြောတာ အားလုံးအမှန်ဟုယူဆပြီး ဆုံးဖြတ်လိုက်သည် ဆိုခြင်းမျိုးမှာကား မဖြစ်သင့်။ အလုပ်သမားမလာခြင်းသည် တရားမျှတမှု တိမ်းစောင်းခြင်းအတွက် လုံလောက်သော အကြောင်းပြချက် မဖြစ်သင့်ချေ။ အလုပ်သမားမလာသည့်တိုင်အောင် တရားမျှတမှုရှိအောင် တတ်နိုင်သမျှ ကြိုးစားစွမ်းဆောင် ရမည်သာဖြစ်သည်။

ယခု ခုံသမာဓိကောင်စီ ခုံအဖွဲ့ဆုံးဖြတ်ချက်မှာမူ အလုပ်ရှင်ပြောသမျှနှင့် ဥပဒေများကို လှန်လှောဖတ်ရှုထားသမျှအားလုံးစုပေါင်းပြီး အလုပ်သမားများကို အစွမ်းကုန်အပြစ်တင်ထားသည့် ဆုံးဖြတ်ချက်သာ ဖြစ်သည်။

ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက် တခုလုံးကိုကြည့်လျှင် အလုပ်ရှင်၏ အပြစ်ဟူ၍ နှမ်းစေ့လောက်မျှပင် ဖော်ပြထားခြင်းမရှိ။ အလုပ်သမားများ၏ အပြစ်များမှာမူ ပြောမဆုံးပေါင်၊ တောသုံးတောင်။ ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်သက်သက်ကိုသာ ကြည့်လျှင် ရဟန္တာ သူတော်စင်တမျှ မြင့်မြတ်စင်ကြယ်လှသော အလုပ်ရှင်ကို သူခိုးဂျပိုးလူရမ်းကား အလုပ်သမားများက ဝိုင်းဝန်းဒုက္ခပေးနေကြသည့်ပမာ ဖြစ်နေပေတော့သည်။

တိုင်ကြေးများနှင့်ပတ်သက်၍ ခုံသမာဓိကောင်စီခုံအဖွဲ့ ဆုံးဖြတ်ချက်

တိုင်ကြေးပြဿနာသည် ယခုအလုပ်သမား အငြင်းပွားမှုပဋိပက္ခ၏ အဓိကကျသော အငြင်းပွားချက် တခုဖြစ်သည်။ ခုံသမာဓိကောင်စီ ခုံအဖွဲ့သည် အလုပ်သမားအငြင်းပွားမှုနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ဖြေရှင်းပေးနိုင်သော အဆင့်များအနက်တွင် အဆင့်အမြင့်ဆုံး ယန္တရားဖြစ်သည်။ သူ့အထက်တွင် စာချွန်လွှာတက်ရန်သာ ရှိတော့သည်။ ထိုကဲ့သို့သော အဆင့်မြင့်ဆုံး ယန္တရားကြီးကို မည်မျှ အားကိုးအားထား ပြုထိုက်ပါသနည်း။ သူပေးသော ဆုံးဖြတ်ချက်ကိုကြည့်၍ စဉ်းစားကြပါကုန်။ သူပေးသော ဆုံးဖြတ်ချက်မှာကား ခုံသမာဓိကောင်စီ ခုံအဖွဲ့၏ လုပ်ပိုင်ခွင့် မူဘောင်အတွင်း အကျုံးမဝင်၍ ပလပ်လိုက်သည် ဟူသတည်း။ ထိုသို့ လုပ်ပိုင်ခွင့် ပေးမထားသော အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်သည် နောက်ဆုံး ဆုံးဖြတ်ချက် ဖြစ်သင့်ပါသလား။ အခြား ဥပဒေနည်းလမ်းများဖြင့် ဆက်လက်ဆောင်ရွက်ရန် ခုံသမာဓိကောင်စီအနေဖြင့် လမ်းမညွှန်သင့် ပေဘူးလား။ လွှဲပြောင်းမပေးသင့်ပေဘူးလား။ ဆုံးဖြတ်ခွင့်မရှိ၍ ပလပ်လိုက်သည်ဆိုသည့် ဆုံးဖြတ်ချက်မျိုးမှာ နောက်ဆုံးဆုံးဖြတ်ချက် မဖြစ်သင့်ပါ။

ခုံသမာဓိကောင်စီ အနေနှင့် တိုင်ကြေးပေးသင့်မပေးသင့် သူတို့ဆုံးဖြတ်ခွင့်မရှိ၍ ပလပ်လိုက်သည်ဟု နိဂုံးချုပ် ဆုံးဖြတ်ချက်ပေးသော်ငြားလည်း “တိုင်ကြေးပေးပါမည်ဟု မြို့နယ်ညှိနှိုင်းရေး အဖွဲ့ရှေ့မှောက်တွင် အလုပ်ရှင်က စာချုပ်ချုပ်ဆိုခြင်းမှာ မလိုက်နာလျှင်လည်း ရကြောင်း”ကိုတော့ ထည့်သွင်းရေးသားထားပြန်သည်။ ဘာ့ကြောင့် မလိုက်နာလျှင်လည်း ရသည်ဟု ခုံသမာဓိကောင်စီက ယူဆသနည်းဆိုသော် “အနိမ့်ဆုံး လုပ်ခကြေးငွေ ဥပဒေတွင် တိုင်ကြေးများ သပ်သပ်ထပ်ပေးရမည်ဟု ပြဋ္ဌာန်းမထားသောကြောင့် ဥပဒေကြောင်းအရ လိုက်နာရန်တာဝန်မရှိ” ဟု ဖော်ပြထားလေသည်။ ခုံသမာဓိကောင်စီသည် အလုပ်ရှင် အကျိုးရှိရန်အတွက် ဥပဒေရှာပြီး အကာအကွယ် ပေးနေသည်နှင့် တူလှပါပေသည်။ အနိမ့်ဆုံး လုပ်ခကြေးငွေဥပဒေတွင် တိုင်ကြေးသပ်သပ်ပေးရမည်ဟု ပြဋ္ဌာန်းမထားသောကြောင့် ပေးရန်မလိုဟူသည်မှာ အနိမ့်ဆုံးလုပ်ခကြေးငွေ ဥပဒေတခုတည်းကိုသာ ကြည့်လျှင် ဟုတ်သယောင်ယောင်ရှိသည်။ သို့သော် အနိမ့်ဆုံးလုပ်ခကြေးငွေဥပဒေတွင် ပေးရမည်ဟု ဖော်ပြမထားသော်ငြားလည်း ပဋိညာဉ်ဥပဒေအရ အလုပ်ရှင်က မြို့နယ်ညှိနှိုင်းရေးအဖွဲ့ရှေ့မှောက်၌ လူသိရှင်ကြား သူပဋိညာဉ်ပြုထားသောအရာကို ဆောင်ရွက်ပေးရန် ဥပဒေကြောင်းအရ တာဝန်ရှိသည် ဆိုသောအချက်ကိုမူ ခုံသမာဓိ ကောင်စီက မေ့လျော့ချန်လှပ်ထားခဲ့လေသည်။ သို့မဟုတ် မမေ့လျော့ဘဲ တမင်ချန်လှပ်ထားခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ ထို့အပြင် အလုပ်ရှင်ကို ထိုကဲ့သို့ သူတို့ကာကွယ် ပြောဆိုလိုက်သည့်အတွက် သူတို့၏မြို့နယ်ဖျန်ဖြေညှိနှိုင်းရေးအဖွဲ့ဟူသည်မှာ အကျိုးသက်ရောက်မှု မရှိနိုင်သော အလကားစာချုပ်များကို ချုပ်ဆိုပြီး အလုပ်သမားများကို လိမ်ညာလှည့်ဖြားသည့် အဖွဲ့အစည်းသဖွယ်မျှသာ ဖြစ်သွားရလေသည်။

ထို့အပြင် ခုံသမာဓိကောင်စီသည် တိုင်ကြေးနှင့်ပတ်သက်၍ ဆုံးဖြတ်ခွင့်မရှိဟု ဆိုသည်။ ဆုံးဖြတ်ခွင့် မရှိလျှင် အလုပ်သမားများ ရပိုင်ခွင့်မရှိဟု ဘာ့ကြောင့်မှတ်ချက်ပေးပါသနည်း။ ဆုံးဖြတ်ခွင့်မရှိလျှင် သုံးသပ်ခွင့် လည်းမရှိ၊ မှတ်ချက်ပေးရန်လည်း မလိုပေ။ သူတို့ ဘာမျှမဆုံးဖြတ်နိုင်ဘဲ အာချောင်ပြီး မှတ်ချက်ပေးနေသည့် သဘောမှာ အလုပ်သမားများကို ဖိနှိပ်လိုသောသဘော ထိုးနှက်တိုက်ခိုက်လိုသော သဘောကြောင့်မှတပါး အခြား ဘာမှ ဖြစ်နိုင်ဖွယ်မရှိတော့ချေ။ ခုံသမာဓိကောင်စီသည် အခွင့်အာဏာကို အလွဲသုံးစားလုပ်ကာ အလုပ်သမားများကို ထိုးနှက်တိုက်ခိုက်ခဲ့လေသည်။

အလုပ်သမားများ မရသင့်မရထိုက်ဟု လုပ်ပိုင်ခွင့်မရှိပါဘဲလျှက် မဆီမဆိုင် အာချောင်သုံးသပ်ခဲ့ရုံသာမက အလုပ်ရှင်ဘက်က ကမ်းလှမ်းချက်မှာ ဥပဒေနှင့်ညီညွတ်သော ကမ်းလှမ်းချက်ဟု စေတနာပိုကာ အမှတ်ပေးသုံးသပ်လိုက်ပြန်သည်။အလုပ်ရှင်ဘက်က စုစုပေါင်း တိုင်ကြေး ကျပ်တသောင်း ( ၁၀၀၀၀) ပေးမည်ဟူသော ကမ်းလှမ်းချက်သည် ဥပဒေနှင့်ညီညွတ်သော ကမ်းလှမ်းချက်ဖြစ်ကြောင်း ခုံအဖွဲ့ကပေးသော မှတ်ချက်မှာ တော်တော်ပင် အံ့သြစရာကောင်းသည်။ အလုပ်ရှင်ကကျပ်တသောင်းပေးမည် ဟု ကမ်းလှမ်းရာတွင် ဥပဒေနှင့်ဆန့်ကျင်သော “နိုင်ငံခြားသား အလုပ်ကြပ်ခန့်ခွင့်ပြုမှ”ဟူသည့် အချက်ပါနေသည် ကိုသိပါလျက်နှင့် ဥပဒေနှင့် ညီညွတ်သောကမ်းလှမ်းချက်ဟု သုံးနှုန်းသည်မှာ အမှန်ပင် အံ့သြစရာဖြစ်သည်။ “ဥပဒေနှင့်မညီသော ကမ်းလှမ်းချက်မှာ ဥပဒေနှင့်ညီညွတ်ပါသည်”ဟု ပြောလိုက်သည်နှင့် ဘာများခြားနားပါသေး သနည်း။

နိုင်ငံခြားသား အလုပ်ကြပ်များခန့်ထားခြင်းနှင့် ပတ်သက်သော ခုံအဖွဲ့ဆုံးဖြတ်ချက်

နိုင်ငံခြားသား အလုပ်ကြပ်များခန့်ထားခြင်းမှာ ဥပဒေနှင့် မညီသောကြောင့် ဗမာလူမျိုးခန့်ထားရန် အလုပ်သမားများ၏ တောင်းဆိုချက်နှင့်ပတ်သက်၍ ခုံသမာဓိကောင်စီခုံအဖွဲ့၏ ဆုံးဖြတ်ချက်မှာလည်း ထိုကိစ္စကို မိမိတို့ ဆုံးဖြတ်ခွင့်မရှိပါဟုပင် ဖြစ်နေပြန်သည်။ အလုပ်ရှင်အနေဖြင့် မည်သူ့ကိုခန့်ပါ၊ မည်သူ့ကို မခန့်ပါနှင့်ဟု မိမိတို့ ခုံသမာဓိအဖွဲ့က စွက်ဖက်ခွင့်မရှိပါဟု ဆိုထားပါသည်။ “မိမိတို့အနေဖြင့် ဥပဒေနှင့် မညီသည်ကို သိသော်လည်း မိမိတို့ ဘာမျှ မတတ်နိုင်ပါ။ သို့သော်လည်း မိမိတို့၏ မဆုံးဖြတ်လိုက်သော ဆုံးဖြတ်ချက်ကိုသာ နောက်ဆုံးဆုံးဖြတ်ချက်ဟုမှတ်ယူကာ လိုက်နာသွားရမည်” ဟုပြောသောသဘောပင်ဖြစ်သည်။

ဘာသာစကားနားမလည်သောကြောင့် အလုပ်သမားတယောက် သေလုမျောပါးဖြစ်ခဲ့ရကြောင်း ရာသက်ပန် အလုပ်ကြမ်းမလုပ်နိုင်လောက်အောင် မသန်မစွမ်းဖြစ်ခဲ့ရကြောင်းကိုမူ ခုံသမာဓိကောင်စီ ခုံအဖွဲ့က ထည့်သွင်းစဉ်းစားခဲ့ပုံမရ။ ခုံသမာဓိကောင်စီခုံအဖွဲ့က သိလည်းသိခဲ့ပုံမရ။ သိအောင်လည်း ကြိုးစားစုံစမ်းခဲ့ပုံမရချေ။

သမဂ္ဂဖြိုခွဲမှု စွဲချက်အပေါ် ခုံသမာဓိ အဖွဲ့ ဆုံးဖြတ်ချက်

သမဂ္ဂကို ဖြိုခွဲခဲ့ပါသည်ဟူသော အလုပ်သမားများဘက်က စွပ်စွဲချက်နှင့် ပတ်သက်၍ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်မှာ မိမိတို့တွင် လုပ်ပိုင်ခွင့်မရှိဟူသော စိတ်ပျက်စရာ ဆုံးဖြတ်ခွင့်ပင် ဖြစ်နေပြန်သည်။ ထိုဘာမျှ လုပ်ပိုင်ခွင့် မည်မည်ရရမရှိသော အဖွဲ့ကြီး၏ ဆုံးဖြတ်ချက်များကို နာခံပြီး အလုပ်သမားများ သပိတ်လှန် အိမ်ပြန်ကြပါဟူသော သပိတ်မလိုလားသူများ၏ တိုက်တွန်းချက်များသည် ဘယ်လောက်မတရားသော တိုက်တွန်းမှုမျိုး ဖြစ်သနည်းဆိုသည်ကို ပြည်သူအများ စဉ်းစားဝေဖန်ကြပါကုန်။

ဗဟိုခုံသမာဓိကောင်စီက သူတို့တွင် ဆုံးဖြတ်ပိုင်ခွင့်မရှိဟု ငြင်းခဲ့သည့်တိုင် တိုင်းခုံသမာဓိကောင်စီကတော့ အလုပ်ရှင်ကို အနိုင်ပေးဆုံးဖြတ်ခဲ့သေးသည်။ သမဂ္ဂ အမှုဆောင်များဖြစ်သော ကိုအေးချမ်း၊ ကိုခိုင်မင်းတို့ကို ၂၀၁၅ ခုနှစ်ထဲတွင် အကြောင်းမခိုင်လုံဘဲ အလုပ်ဖြုတ်ခဲ့ဖူးကြောင်းကို တိုင်းခုံသမာဓိကောင်စီက သိသည်။ သိသောကြောင့်လည်း တိုင်းခုံသမာဓိကောင်စီနှင့် မြို့နယ်ဖျန်ဖြေညှိနှိုင်းရေးတို့က ပြန်ခန့်ပေးခဲ့ဖူးသည်။ နောက်ဆုံးအလုပ်ဖြုတ်သော အသုတ်တွင်လည်း စက်ရုံတွင်းရှိ အလုပ်သမားသမဂ္ဂနှစ်ခုစလုံး၏ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ အားလုံး အလုပ်ဖြုတ်ခံရသည့်အထဲတွင် ပါဝင်ကြောင်း အလုပ်သမားများဘက်က တိုင်ကြားခဲ့သည်ကိုလည်း တိုင်းခုံသမာဓိ အဖွဲ့က သိသည်။ ထိုအချက်များအားလုံးသိသော်ငြားလည်း “အလုပ်သမားအဖွဲ့အစည်းကို ဖြိုခွဲရန်ကြံစည်သည့် အထောက်အထားမတွေ့ရ” ဟုဆုံးဖြတ်ခဲ့သည်။

အလုပ်သမား ၁၂၈ ယောက်ကို ခုံသမာဓိက ဖြုတ်စေမီးစိမ်းပြခဲ့သည်

ခုံသမာဓိကောင်စီသည် အလုပ်ရှင်၏ တဘက်သတ်တင်ပြချက်များကို သုံးသပ်ချက်အနေဖြင့် စုစည်းဖော်ပြပြီး ဥပဒေပါ အချက်အလက်များကို ရှာဖွေကိုးကားကာ အလုပ်သမား ၁၂၈ ယောက်ကို အလုပ်ဖြုတ်စေဟု စီရင်ချက်ချခဲ့သည်။ အလုပ်သမား ၁၂၈ ယောက် ကိစ္စကိုသာ ဆုံးဖြတ်ခဲ့သည်၊ နောက် ၃၃ ယောက်နှင့် ပတ်သက်၍ မသိဟု ဆိုသည်။ နောက် ၃၃ ယောက်နှင့် ပတ်သက်၍ မည်သူကမျှ ယခုအထိ ကိုင်တွယ် ဖြေရှင်းခြင်းမရှိသေး။

ခုံသမာဓိကောင်စီ သုံးသပ်ချက်များ၏ အဓိကအားနည်းချက်မှာ အလုပ်သမားများဘက်က ပျက်ကွက်မှုများကို တန်းစီဖော်ပြသောအခါတွင် ထိုပျက်ကွက်မှုများ မတိုင်ခင်က ဘာဖြစ်ခဲ့သနည်းဟူသော အချက်ကို ခုံသမာဓိကောင်စီက လုံးဝမစုံစမ်းခဲ့သည့်အချက် ဖြစ်သည်။ အကယ်၍ စုံစမ်းခဲ့လျှင်လည်း ခြွင်းချန်ထားခဲ့လေသည်။ အလုပ်သမားများက ထိုသို့မလုပ်ခင်အချိန်တွင် အလုပ်ရှင်က ဘာတွေလုပ်ခဲ့သည်ဆိုသော အချက်ကို ခုံသမာဓိကောင်စီက လုံးဝ မဖော်ပြခဲ့။ ခုံသမာဓိကောင်စီက အလုပ်သမားများ၏ ပျက်ကွက်မှုများကို အလုပ်ရှင်တင်ပြသည့်အတိုင်း တန်းစီပြီး တမေ့တမောရေးသားထားချိန်တွင် အလုပ်ရှင်ဘက်က ချို့ယွင်းချက်များကိုမူ အံ့သြစရာကောင်းလောက်အောင် ရှောင်ရှားရေးသားခဲ့သည်မှာ သတိမပြုမိဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရသည်။ ဥပမာတချို့ ဖော်ပြရလျှင် အလုပ်သမားတွေက အလုပ်ရှင်ကို ဥပဒေနှင့်အညီ ကြိုတင် အသိမပေးဘဲ သပိတ်မှောက်သည်ဟု အပြစ်တင်ထားသည်။ သို့သော် ထိုအချိန်တွင် အလုပ်သမားများနှင့် အလုပ်ရှင်ကြား အငြင်းပွားမှု အထွဋ်အထိပ်ရောက်နေပြီဆိုသောအချက်ကိုမူ လုံးဝ မဖော်ပြ။ ထိုအချိန်တွင် အလုပ်ရှင်က ကတိဖောက်ဖျက်ပြီး တိုင်ကြေးမပေးဘဲ ပျက်ကွက်ခဲ့သည်ဆိုသော အချက်ကိုလည်း လုံးဝ မဖော်ပြ။ အလုပ်သမားများ စည်းကမ်းမလိုက်နာသောကြောင့် နို့တစ်စာ ခြောက်ကြိမ်ထုတ်ခဲ့သည်ဟု ဖော်ပြသည်။ သို့သော် ထိုကာလအတွင်း နို့တစ် စာမထုတ်ရန် ခံဝန်ချက်မထိုးခိုင်းရန် မြို့နယ်ညှိနှိုင်းရေးအဖွဲ့ရှေ့မှောက်၌ အလုပ်ရှင်က သဘောတူထားကြောင်းကိုမူ တလုံးတပါဒမျှ မဖော်ပြ။ အလုပ်သမားများ ညဆိုင်းအလုပ်မလုပ်သည်ကို အုပ်ချုပ်သူ၏ စကားမနာခံမှု၊ ခွင့်မဲ့ပျက်ကွက်မှု အနေဖြင့် ဖော်ပြသည်။ သို့သော် တိုင်ကြေးပေးရန် ကတိကို အလုပ်ရှင်က ဖောက်ဖျက်ခဲ့ရုံသာမက ဆွေးနွေးရန်ကိုလည်း အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့သောကြောင့်သာ အလုပ်သမားများက ထိုသို့ ပြုမူခဲ့ခြင်းဖြစ်သည် ဆိုသောအချက်ကိုမူ လုံးဝမဖော်ပြပြန်။ အလုပ်သမားများက ညဆိုင်းအတွက် အခွင့်အရေးများမရသည်ကို မကျေနပ်သောကြောင့် ညဘက် အလုပ်မဆင်းဘဲ နေ့ဘက်ပေါင်းဆင်းသည် ဟူသော အချက်ကိုမူ လုံးဝမဖော်ပြ။ အလုပ်သမားများက အလုပ်မလုပ်ဘဲ ကုန်ထုတ်လုပ်မှု ပျက်ပြားအောင် လုပ်သည်ဟု ဖော်ပြသည်။ သို့သော် ညမနက် အလုပ်ဆိုင်းနှစ်ဆိုင်း ပေါင်းလုပ်ခြင်းကို အလုပ်ရှင်က မကြိုက်သည့်အတွက် အလုပ်ရှင်ကိုယ်တိုင်က အလုပ်လုပ်ခွင့်မပေးဘဲ တားမြစ်ထားသည့် အချက်ကိုမူ လုံးဝ မဖော်ပြဘဲ ခြွင်းချန်ထားခဲ့ပြန်သည်။ အလုပ်သမားများ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းများ၊ တဌာနနှင့်တဌာန ကူးသန်းသွားလာခြင်းများကို အလုပ်ခွင် စည်းကမ်းချိုးဖောက်ချက်များ အဖြစ်နှင့် ဖော်ပြခဲ့သည်။ သို့သော် ထိုစည်းကမ်းချက်များမှာ အငြင်းပွားချက်များ ဖြစ်ပေါ်လာပြီးနောက်မှ အထူးချုပ်ချယ်ဖိနှိပ်ရန် အလို့ငှာ အသစ်ပြဋ္ဌာန်းခဲ့သော စည်းကမ်းချက်များ ဖြစ်ကြောင်းကိုမူ လုံးဝမဖော်ပြ။ အမျိုးသမီးများ အိမ်သာတက်သည်ကအစ အိန္ဒိယနိုင်ငံသား အလုပ်ကြပ်က အိမ်သာရှေ့စောင့်ပြီး မှတ်တမ်းတင်ခြင်းမျိုးကိုလည်း လုံးဝမဖော်ပြချေ။

အလုပ်သမားသပိတ်များ ဥပဒေနှင့်မညီကြောင်း ခုံသမာဓိကောင်စီက စွပ်စွဲဖော်ပြရာတွင် စာမျက်နှာ ၂၂ တွင် နံပါတ်စဉ် (၂) ထိုးဖော်ပြထားသည့် အချက်တချက်မှာလည်း စိတ်ဝင်စားစရာ ကောင်းသည်။ “အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့်အညီ သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ ခွင့်ပြုချက်မရဘဲ သပိတ်မမှောက်ရ”ဟု ဆိုထားပါလျက် သပိတ်မှောက်ခဲ့သည့်အတွက် ဥပဒေနှင့်ဆန့်ကျင်သော သပိတ်မှောက်ခြင်းဟု စွပ်စွဲထားသည့် အချက်ဖြစ်သည်။ အလုပ်သမား အဖွဲ့အစည်းဥပဒေက ဖော်ပြထားသော သက်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ဆိုသည်မှာ အမျိုးအစားတူလုပ်ငန်းများ၏ သမဂ္ဂများ ပူးပေါင်း၍သာ ဖွဲ့စည်းခွင့်ရှိသည်။ သစ်လုပ်ငန်းသမဂ္ဂများ၏ အဖွဲ့ချုပ်သည် သစ်လုပ်ငန်းသမဂ္ဂများ အဖွဲ့ချုပ်ဖြစ်ရမည်။ အထည်ချုပ်လုပ်ငန်း သမဂ္ဂများ၏ အဖွဲ့ချုပ်မှာ အထည်ချုပ်လုပ်ငန်းသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်ရမည်။ ထိုဥပဒေအရဆိုလျှင် သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများသည် သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်၏ ခွင့်ပြုချက်ရမှသာ သပိတ်မှောက်ခွင့်ရမည့်သဘော ဖြစ်သည်။ သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်ဟူ၍ ဗမာပြည်တွင် လုံးဝမရှိပေ။ သို့ဖြစ်ရာ သစ်လုပ်ငန်းအခြေခံ အလုပ်သမား သမဂ္ဂများမှာ လုံးဝသပိတ်မှောက်ခွင့် မရှိတော့သကဲ့သို့ ဖြစ်မနေပေဘူးလား။ အတော်ပင် အူကြောင်ကြောင်နိုင်လှသော ဥပဒေပါပေ။ ထိုဥပဒေကို ခုံသမာဓိကောင်စီခုံအဖွဲ့က ကိုးကားပြီးသကာလ ယခုအလုပ်သမားသပိတ်သည် ဥပဒေနှင့်မညီဟု ပြောထားလေရာ ပို၍ပင် အူကြောင်ကြောင်နိုင်လှသည်။

နို့တစ်စာအများစုသည် အလုပ်သမားများကိုယ်တိုင်က မှားပါကြောင်း ဝန်ခံကတိပြုမထားသည့် စာတွေကသာ အများစုဖြစ်သည်။ သို့သော် ဝန်ခံလက်မှတ် မပါသော်ငြားလည်း နို့တစ်စာ ၃ ကြိမ် ထုတ်ရုံမျှနှင့် အီးစီစာချုပ်အရ အလုပ်သမားများကို အလုပ်ထုတ်၍ ရနေသည်။ ဤသို့ဆိုလျှင် သိပ်လွယ်နေပါကလား။ အလုပ်သမားတယောက်ကို အလုပ်က ဖြုတ်ဖို့ရန်မှာ စာရွက် သုံးရွက်သာ လိုပေတော့သည်။ ထိုအချက်မျိုးကို ရေးသားထားသော အီးစီစာချုပ်သည် စာချုပ်ချုပ်ဆိုသည့် ဘက်နှစ်ဘက်အကြားတွင် အဖိုးစားနားညီမညီ၊ ပဋိညာဉ်မြောက်မမြောက်ကို ခုံသမာဓိက မစဉ်းစားခဲ့ပါကလား။ အကယ်စင်စစ် ဤသို့သော သဘောတူညီချက်မျိုးသည် ဘာနှင့်တူသနည်းဆိုသော် “ဤနေရာတွင် ရှူးရှူးမပေါက်ရ၊ ပေါက်လျှင် မအားကို လေးဂွနှင့်ပစ်မည်”ဟု ရေးထားသော သီရိမင်္ဂလာဈေး အုတ်တံတိုင်းပေါ်က စာတန်းမျိုးနှင့်သာ တူပေသည်။

ထို့အပြင် အလုပ်ရှင်က ကတိဖျက်ပြီး အလုပ်သမားများကို နို့တစ်စာထုတ်နေကြောင်း မြို့နယ်ဖျန်ဖြေညှိနှိုင်းရေးကိုတိုင်ကြားသည့်အခါ ဖျန်ဖြေရေးမှူးက စာထုတ်တာပဲကွာ အသားပဲ့ပါသွားတာမှတ်လို့ဟု ပြောခဲ့သည်ကို မှတ်မိကြပါလိမ့်ဦးမည်။ တကယ်တန်း ခုံသမာဓိကောင်စီ သုံးသပ်ချက်ထဲတွင် အလုပ်သမားများကို အလုပ်ဖြုတ်သော အလုပ်ရှင်၏ လုပ်ရပ်မှန်ကန်သည်ဟု ဆုံးဖြတ်ခဲ့ခြင်းမှာ နို့တစ်စာ ၃ ကြိမ်ထုတ်ထားသည့် အချက်ကို အလေးအနက်ထားပြီး ဆုံးဖြတ်ခဲ့ကြောင်း သူတို့သုံးသပ်ဆုံးဖြတ်ချက်များထဲတွင် ရေးသားဖော်ပြထားခဲ့သည်။

ခုံသမာဓိကောင်စီခုံအဖွဲ့သည် အလုပ်သမားများ၏ ပြစ်ချက်များကို စုပေါင်းရေးသားပြီးသကာလ အလုပ်သမားများကို အလုပ်ထုတ်သင့်ကြောင်း အလုပ်ရှင်ဘက်မှ ထောက်ခံဆုံးဖြတ်ပေးခဲ့သည်။

သို့သော် ခုံသမာဓိကောင်စီအဖွဲ့သည် ၎င်းတို့၏ ဖြူစင်သောစေတနာကို ဖော်ပြရန်ကိုမူကား မမေ့ချေ။ ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက် စာမျက်နှာ ၂၉ တွင် ဖော်ပြထားသည်မှာ ယခုအလုပ်ထုတ်ခံရသည့် အလုပ်သမားများသည် လျော်ကြေးတလစာမျှပင် ရပိုင်ခွင့်မရှိကြတော့သော်လည်း ခုံသမာဓိကောင်စီက အလုပ်သမားများကို အပြုသဘောဆောင်သည့် စေတနာထားပြီး လုပ်ခလဝက်စာလျော်ကြေးနှင့် အလုပ်ထုတ် နို့တစ်ကြိုမပေးသည့်အတွက် တလစာလျော်ကြေး စုစုပေါင်းတလခွဲစာ လျော်ကြေးပေးရန် ဆုံးဖြတ်သည်ဟု ရေးသားထားသည်။ အလုပ်သမားများ မတရားအလုပ်ဖြုတ်ခံရခြင်းကို အလုပ်ရှင်ဘက်က တင်ပြချက် သက်သက်ကိုကြည့်၍ ဘက်လိုက်ထောက်ခံဆုံးဖြတ်ပြီးကာမှ အလုပ်သမားများကို စေတနာထားပြီး လျော်ကြေးတလခွဲစာရအောင် တောင်းပေးထားပါသည်ဟု မဏ္ဍပ်တိုင်တက်ပြထားသည်ကို တွေ့ရသည့်အခါ ခုံသမာဓိကောင်စီသည် ဥပဒေကြောင်းဆိုင်ရာ ရေးသားချက်များထဲမှာပင် ဟာသပါအောင်ရေးတတ်ပါကလား ဟု ချီးမွမ်းရမလို ဖြစ်နေပေတော့သည်။

ဗျူရိုကရေစီယန္တရားအချင်းချင်း အထက်အောက် သဟဇာတမဖြစ်

မြို့နယ်ညှိနှိုင်းရေးအဖွဲ့ရှေ့တွင် ယခုအငြင်းပွားမှုများကို အကြောင်းပြုပြီး အလုပ်ထုတ်ခြင်းမပြုပါဟု အလုပ်ရှင်က ကတိပြုခဲ့သည်။ သို့သော်အလုပ်ရှင်က သူ့ကတိကိုဖျက်ပြီး အလုပ်သမား ၁၆၁ ယောက်အထိ ထုပ်ပစ်လိုက်သည်။ ဗဟိုခုံသမာဓိကောင်စီရှေ့ ရောက်သောအခါ သုံးခါနို့တစ်ပေးပြီးသားဖြစ်သည့်အတွက် အလုပ်ထုတ်ခြင်းမှာ ဥပဒေနှင့်အညီ ထုတ်ခြင်းဖြစ်သည်ဟု အလုပ်ရှင်ကို အနိုင်ပေးလိုက်သည်။ အလုပ်သမားများ မည်သူ့ကို ယုံရမည်နည်း။ မြို့နယ်ညှိနှိုင်းရေးအဖွဲ့ရှေ့တွင် တိုင်ကြေးတွေကို ညှိနှိုင်းပြီး ပေးပါမည်ဟု အလုပ်ရှင်က စာချုပ်ချုပ်ဆို ကတိပြုခဲ့သည်။ ထိုတိုင်ကြေးများ ပေးမည့်အချိန် မရောက်ခင်ကြားကာလတွင် အလုပ်သမားများဘက်က ကုန်ထုတ်လုပ်မှု တိုးတက်အောင် လုပ်ပေးရမည်ဟု ကတိတောင်းစာချုပ်ချုပ်ထားခဲ့သည်။ အလုပ်သမားများက အမှန်တကယ် ကုန်ထုတ်တိုးတက်အောင် ကြိုးစားလုပ်ကိုင်ပြခဲ့သည်။ သို့သော် တကယ်တန်း ကတိပြုထားချိန် ကျရောက်လာသော အခါတွင်မူ အလုပ်ရှင်သည် တိုင်ကြေးများ မပေးခဲ့။ အလုပ်ရှင်သည် လုပ်အားကို လိမ်ညာခိုင်းစေ ရယူသွားခဲ့သည်။ ထိုအကြောင်းကို ဗဟိုခုံသမာဓိကောင်စီက ဆုံးဖြတ်သောအခါ အဲဒါ ငါတို့ လုပ်ပိုင်ခွင့်မရှိဘူးဟု ငြင်းလိုက်ကြသည်။ ထိုတိုင်ကြေးများမှာ မပေးလျှင်လည်း ဖြစ်သည်။ ဥပဒေကြောင်းအရ စည်းနှောင်မှုမရှိပင် ဆိုလိုက်ပြန်သည်။ အောက်အဖွဲ့က ချုပ်ပေးလိုက်သော စာချုပ်သည် အထက်အဖွဲ့ရှေ့ ရောက်သောအခါ စက္ကူစုတ်ဖြစ်သွားသည်။ မည်သူ့ကို ယုံရမည်နည်း။ အောက်အဖွဲ့ စာချုပ်ချုပ် အထက်အဖွဲ့တွင် တရားမဝင်ဖြစ်ရသည်။ အောက်အဖွဲ့က အရေးမကြီးဟုပြောသော နို့တစ်စာကြောင့် အထက်အဖွဲ့ရောက်သောအခါတွင် ဒုက္ခတွေ့ရသည်။ သူတို့ဗျူရိုကရေစီယန္တရားအချင်းချင်း သဟဇာတဖြစ် ညီညွတ်မှု မရှိသောကြောင့် အလုပ်သမားများက အစိုးရအဖွဲ့အစည်းများကို ယုံကြည်မှုမရှိတော့သည်မှာ အဆန်းမဟုတ်ချေ။

ခုံသမာဓိကောင်စီများလာဘ်စားခဲ့ကြသလား

ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်များမှာ အလုပ်ရှင်ကို တဖက်သတ်ကာကွယ် ဘက်လိုက်ခဲ့ကြသည်ကို အထင်အရှားတွေ့မြင်ရသောကြောင့် အလုပ်သမားများက ခုံသမာဓိကောင်စီကို အလုပ်ရှင်က လာဘ်ကောင်းကောင်း ထိုးထားခဲ့သည်ဟု ယုံကြည်နေသည်။ ထိုကိစ္စမှန်မမှန် စုံစမ်းစစ်ဆေးမှု လုပ်သင့်သည်။

ကောလာဟလများနှင့် နိုင်ငံရေး ထိုးနှက်ချက်များ

အလုပ်သမားသပိတ် ချီတက်ခဲ့စဉ်ကာလ တလျှောက်တွင် ကောလာဟလထုတ်လွှင့်ခြင်း နိုင်ငံရေး ထိုးနှက်ခြင်း အမျိုးမျိုးကို အုပ်စုအမျိုးမျိုးက လုပ်ခဲ့ကြောင်းတွေ့ရသည်။ ကောလာဟလမှာ အမျိုးမျိုးဖြစ်သည်။ အလုပ်သမားခေါင်းဆောင်ကို အပုပ်ချစွပ်စွဲသော ကောလာဟလများလည်း ပါသည်။ အလုပ်သမားသမဂ္ဂကို အပုပ်ချသော ကောလာဟလမျိုးလည်း ပါသည်။ ဟိုပါတီနှင့် ပတ်သက်သည်၊ ဟိုအဖွဲ့နှင့်ပတ်သက်သည်၊ ဟိုလူနှင့် ပတ်သက်သည်ဆိုသော စွပ်စွဲချက်မျိုးများလည်း မနည်းမနော။ ထိုကောလာဟလများကိုလည်း သေသေချာချာလေ့လာခဲ့ပါသည်။ ထိုကောလာဟလများမှာ တခုမျှ သက်သေအထောက်အထား မခိုင်မာ။ ပြန်လည် တုန့်ပြန်ချေပလောက်အောင်ပင် အလေးအနက်မထားသင့်သော ကောလာဟလများဟု သုံးသပ်မိသည့်အတွက် ၎င်းတို့နှင့် ပတ်သက်၍ မဖော်ပြတော့ပါ။

(ဆက်လက်ဖော်ပြပါမည်။)

(အရေးတော်ပုံဂျာနယ် အတွဲ ၂ အမှတ် ၅ တွင် ဖော်ပြမည့် ရဲဘော်တဦး၏ အစီရင်ခံစာ ဖြစ်ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *