ရဲဘော်မောင်လေးသို့ အမှတ်တရ (ရဲဘော်ကြင်မောင်)

By | March 26, 2014

(၁)

၁၉၄၈ ခု မတ်လ ၂၈ ရက်နေ့မှာ ဖဆပလ အစိုးရက လက်နက်အားကိုးနဲ့ ရန်ကုန်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်ကို ၀ိုင်းဝန်းချေမှုန်းဖို့ လုပ်ခဲ့တယ်။ ဒါဟာ ပြည်တွင်းစစ်ကို စတင်မီးမွေးလိုက်တာပဲ ဖြစ်တယ်။

အထက်ဗမာပြည်ဘက်မှာ ပါတီအနေနဲ့ ပြန်ပြီးလက်နက်ကိုင်တိုက်မတိုက် ဆုံးဖြတ်ဖို့ အစည်းအဝေးတခု လုပ်ခဲ့ရတယ်။ နေရာက စစ်ကိုင်းတိုင်း မိုးစပ်တောင်ခြေရှိ ဘုန်းကြီးကျောင်းတကျောင်းမှာပါ။ ပြန်တိုက်ဖို့ ဆုံးဖြတ်ချက်ကျသွားတယ်။ အဲဒီမှာ ပထမဆုံး စာရင်းပေးတဲ့ တပ်သားက ၁၃ နှစ်အရွယ်ရှိ ဘုန်းကြီးကျောင်းသား ရဲဘော်မောင်လေး ( နောင် ရဲဘော်မောင်ကို) ပဲ။

(၂)

ရဲဘော်မောင်လေးက စူးစူးစိုက်စိုက် လုပ်တတ်တယ်။ လေ့လာရေးကောင်းတယ်။ မန္တလေးတက္ကသိုလ်မှာ ကိုစိုးဝင်းတို့နဲ့ ဆက်စပ်မိသွားပြီး သင့်သလို အဆောင်တွေ လှည့်နေထိုင်ရင်း လုပ်ငန်းတွေ လုပ်ခဲ့တယ်။ လေ့လာရေးကောင်းတဲ့သူဖြစ်လို့ ဘုန်းကြီးကျောင်းသား ဖြစ်ပေမယ့် ပညာရပ်ဆိုင်ရာတွေမှာ ပြောနိုင်ဆိုနိုင်ဆွေးနွေးနိုင်တဲ့အဆင့် ရောက်သွားခဲ့တယ်။

(၃)

၁၉၈၇ ခုနှစ်မှာ သူအရှေ့မြောက်တက်လာတယ်။ ၁၉၈၈ ခုနှစ်မှာ လူထုအုံကြွမှုကြီးဖြစ်လာတော့ ပြည်တွင်းလုပ်ငန်းတွေလုပ်ဖို့ မိမိတို့ ၂ ယောက်လုံး ပြည်တွင်းဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။ သူက ကြိုပြီးဆင်းရာမှာ ကျွန်တော်နေထိုင်စရာ ပြင်ထားဖို့ တချက်ပါတယ်။

လုပ်ငန်းလုပ်ရင်း မိသွားခဲ့လျှင်

“ငါတို့ ကွန်မြူနစ်တွေ ဖြစ်တယ်။ ငါတို့ရဲဘော်တွေကို ငါတို့ ဖော်ထုတ်မပြောနိုင်ဘူး။ ကြိုက်သလို လုပ်နိုင်တယ်”
…… လို့ ရပ်တည်ဖို့ သဘောတူကြတယ်။

ဒါပေမဲ့ သူဆင်းသွားပြီး ဘာမှမကြာဘူး ဒီဘက်မှာ ပုန်ကန်မှုတွေ ဖြစ်တယ်။ နောက်ဆက်တွဲ ပြဿနာတွေ လိုက်ဖြေရှင်းရင်း အချိန်ကုန်သွားတယ်။ မဆင်းဖြစ်တာမှာ သတင်းပေါက်သွားတာလည်း ပါတယ်။

ဘာပဲဖြစ်ဖြစ် ပြောတဲ့အတိုင်းလုပ်ပြီး အသက်စွန့်သွားတဲ့ ရဲဘော်မောင်လေးရဲ့ ရပ်တည်ချက်ဟာ ဂုဏ်ရောင်ပြောင်ပါတယ်။ ကွန်မြူနစ်ကောင်း ပီသတယ်။

ရဲဘော်မောင်လေးစိတ်ဓာတ် အဖွဲ့အစည်းအတွင်း စိမ့်ဝင်ပျံ့နှံ့ပါစေ။

ရဲဘော်ကြင်မောင်
(၂၆၊ ၃၊ ၂၀၁၄)

Leave a Reply

Your email address will not be published. Required fields are marked *