ဘယ်တော့မှ ဥဒါန်းမကျေပါဘူး (ရဲဘော်ဖိုးသံချောင်း)

By | November 26, 2020

ဘယ်တော့မှ ဥဒါန်းမကျေပါဘူး

(ရဲဘော်ဖိုးသံချောင်း)

အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

ကိုဌေးလှဟာ ၁၉၆၁ ခုနှစ်မှာ ကျွန်တော်နဲ့အတူတူ တက္ကသိုလ်ကိုရောက်တာပါ။ ဒါပေမဲ့ သူဟာ တက္ကသိုလ်မရောက်ခင်ကတည်းကပဲ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှု၊ လက်ဝဲအင်အားစုတွေနဲ့တွဲမိ၊ ဆက်မိနေပါပြီ။ သာမန်ဆက်မိရုံမဟုတ်ပဲ သူ့ညီတယောက်အပါ အပေါင်းအသင်းတွေ အုံနဲ့ကျင်းနဲ့ဆက်မိကြတာပါ။ ၁၉၆၆ ခုနှစ်မှာ သူနဲ့ကျွန်တော်အဖမ်းခံရတော့ အဲဒီအထဲကတချို့ လည်း အဖမ်းခံရပါတယ်။ အဲဒီတချို့ဟာ ကိုကိုးကျွန်းအထိပါလာပါတယ်။ ပါလာသူတွေထဲမှာ ကဗျာဆရာ ကိုလေးမောင်လည်း ပါတာပေါ့။ သူ့(ရဲဘော်ဌေးလှရဲ့) စိတ်ဓာတ်၊ သူ့ကျဆုံးမှုဟာ ကိုကိုးကျွန်း တိုက်ပွဲတွေအပေါ်ဂယက်ရိုက်၊ အကျိုးပြုတယ်လိုဆိုရင်မမှားဘူးထင်ပါတယ်။

(ကျွန်တော်တို့တတွေ ရက်လေးဆယ် အစာငတ်ခံတိုက်ပွဲ အောင်ပွဲရပြီးတဲ့နောက် အိမ်နဲ့အဆက်အသွယ်ရတဲ့အခါ သူ့ညီ ကိုဌေးမောင်မှာပေးလို့ အိမ်ကပို့ပေးတဲ့ သူ့ဓာတ်ပုံကို ၅၃ ရက်ကြာ အစာငတ်ခံတိုက်ပွဲဆင်နွှဲတော့ ပန်းချီဆွဲပြီး တိုက်ပွဲဆောင်(၁) နံရံမှာ ချိတ်ပြီး အားမာန်တက်ခဲ့ကြရပါတယ်။)

မန္တလေးတက္ကသိုလ်ကို ရောက်တယ်ဆိုရင်ပဲ သူနဲ့ကျွန်တော်ဟာ ဘဝ၊ ဘဝကရေစက်ပါသလို ကျောင်းသားညီညွှတ်ရေးတပ်ဦး၊ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂစတာတို့မှာ တွဲမိသွားကြပါတယ်။ အဲဒီတုန်းက ဒီလောကမှာ ကျွန်တော်ဟာ အငယ်ဆုံး လို့ဆိုရမလိုဖြစ်နေတော့ သူကကျွန်တော့် ကိုမင်းနဲ့ငါနဲ့ပြော၊ အားမနာတမ်းတောင်းဆို၊ ဝေဖန်ပါတယ်။ ကျွန်တော်ကတော့ သူ့ကို ခင်ဗျားကျွန်တော် နဲ့ပဲပြောပါတယ်။ သူစီနီယာကျတာကို အသိအမှတ်ပြုပါတယ်။ တိုက်ဆိုင်ချင်တော့ တက္ကသိုလ်ကို ကျွန်တော်တို့ရောက်တဲ့ ၁၉၆၁ ခုနှစ်ကစပြီး ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်း၊ ၇ ရက် ဇူလိုင်အရေးအခင်းဖြစ်ပေါ် စသဖြင့်တိုက်ပွဲတွေ တဝေဝေဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ကျွန်တော်တို့နှစ်ယောက် ပိုလက်တွဲမိ၊ ရင်းနှီးမိကြပါတယ်။ ဒီလိုနဲ့ ၁၉၆၃ ခုနှစ်အကုန်ပိုင်းမှာ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို စစ်အုပ်စုက တဖက်သတ်ဖျက်အပြီး တပြည်လုံးကို လူဖမ်းပွဲကြီးတွေလုပ်ပါတယ်။ 

နိုင်ငံရေးသမားတွေကို ဖမ်းတဲ့အပြင် ၁၉၆၂ ခုနှစ် ဂျူလိုင် ၇ ရက် လူသတ်ပွဲနဲ့ ရာဇမာန်တက်နေတဲ့စစ်တပ်ဟာ ရန်ကုန်တင်မက ဆန္ဒပြနေတဲ့ မန္တလေးတက္ကသိုလ်ဆန္ဒပြပွဲကို အပြတ်ဖြိုခွဲ ခေါင်းဆောင်ပိုင်းတွေကိုဆွဲတာ၊ ဖမ်းတာတွေလုပ်ပါတယ်။ ဒီအခါမှာ ကျွန်တော်တို့တတွေ ပြေးကြလွှားကြတော့ တကွဲတပြားဖြစ်ကုန်ကြပါတယ်။ ကျွန်တော်က ကိုအောင်သူ၊ ကိုကျော်ခင်၊ ကိုသောင်းရွှေတို့နဲ့ပြေး ပြီး ကိုဌေးလှကတော့ ဘယ်သူနဲ့ပြေးတယ်မသိပါ၊ မမှတ်မိပါ။ နောက်မှ သူပဲခူးရိုးမကိုရောက်သွားတယ် လို့ သိရပါတယ်။ 

အဲဒီနောက် ၁၉၆၅ ခုနှစ်လောက်မှာ သူဟာ ပါတီဗဟိုရဲ့တာဝန်ပေးချက်နဲ့ မန္တလေးကို ပြန်ရောက်လာပြီး ကျွန်တော်နဲ့ ပြန်အဆက်ရပါတယ်။ ကျွန်တော်က သူပေးတဲ့တာဝန်တွေကို လုပ်ရပါတယ်။ ဒီလိုနဲ့ ၆၆ ခုနှစ်၊ ဇူလိုင်လမှာ သူရော ကျွန်တော်ပါ အဖမ်းခံရပါတယ်။ ထောင်ထဲမှာ ကျွန်တော်က(၁)တိုက်၊ သူက(၂)တိုက်၊ တခြားစီနေရပါတယ်။ ဒါပေမဲ့ထောင်ထဲရောက်လို့မှ တနှစ်မရှိမီ ကိုဌေးလှတယောက် တောထဲကပါလာတဲ့ငှက်ဖျားရောဂါထပါတော့တယ်။ ဒါကိုဆေးရုံတာဝန်ရှိသူတွေက သူတို့တတ်သမျှပညာ၊ ရှိသမျှပစ္စည်းနဲ့ထောင်ထဲမှာပဲ ကြိတ်ကုပါတယ်။ နိုင်ငံရေးအကျဉ်းသားမို့ အပြင်ဆေးရုံကိုမပို့ပါဘူး။ ဒီလိုနဲ့ ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် ညနေစောင်းမှာ သူကျဆုံးသွားပါတယ်။ ထောင်အာဏာပိုင်တွေဟာ လက်ဝဲနိုင်ငံရေးသမားမို့ ပိုဖိနှိပ်ကန့်သတ်တယ်ဆိုတာ ရှင်းသွားပါတယ်။ အဲဒီသတင်းဟာ ချက်ချင်းလိုပဲ နိုင်ငံရေးအကျဉ်းသားတွေ (ဟိုတုန်းကတော့ ထိန်းသိမ်းခံလို့ ခေါ်တာပေါ့)၊ သာမန် အကျဉ်းသားတွေအကြား ပြန့်သွားပြီး ညချင်းပဲ ထောင်တွင်းမှာကြွေးကြော်သံတွေ ခြိမ့်ခြိမ့်ညံကြားရပါတော့တယ်။ 

မန္တလေးထောင်သမိုင်းမှာ မရှိဖူးလောက်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ ညမိုက် လို့လူခြေတိတ်တဲ့အချိန်မှာ ကြွေးကြော်ကြတဲ့ ဒီတိုက်ပွဲရဲ့ ထူးခြားချက်တခုက ထောင်ထဲရောက်နေတဲ့ ဗကပ၊ အလံနီ၊ ကျောင်းသား၊ ဖဆပလ၊ ပထစ စတာတွေအပြင် ရဟန်းသံဃာတွေနဲ့ သာမန်ရာဇဝတ်သားတွေပါ စည်းလုံးညီညွတ်စွာတိုက်ပွဲဝင်ကြပါတယ်။ ဒါ့အပြင် မန္တလေး(အမျိုးသား)ထောင်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့အမျိုးသမီးဆောင်ဆီကလည်း ကြွေးကြော်သံ အော်ဟစ်သံတွေကြားရပါတယ်။ သူတို့လည်း ပူးတွဲတိုက်နေကြပြီလို့ အောက်မေ့ ထားခဲ့တယ်။ တကယ်က တိုက်ပွဲတိုက်ဖို့ စလှုံ့ဆော်တာ အမျိုးသမီးထောင်ကလို့ နောင်မှ သိရတယ်။ (ကျွန်တော်ထောင်ကလွတ်တော့ အဲဒီတိုက်ပွဲတုန်းကဟစ်ကြွေးသံတွေကို ထောင်အပြင်၊ ကျုံးအပြင်ကတောင်ကြားရတယ်လို့ မန္တလေးကျုံး အနောက်မြောက်ထောင့် တဝိုက်ကလူတွေပြောပြကြတာကြားရပါတယ်။) ရဲဘော်(ကို)ဌေးလှဟာ မဆလကစခဲ့တဲ့ စစ်အစိုးရတွေ လက်ထက် ထောင်တွင်းမှာ အစောဆုံးကျဆုံးရတဲ့ထိန်းသိမ်းခံနိုင်ငံရေးအကျဉ်းသမားတွေထဲက တဦး ဖြစ်ပါတယ်။

ဘယ်တော့မှ ဥဒါန်းမကျေပါဘူး။

ရဲဘော်ဌေးလှသို့

၁၉၆၆ ခုနှစ် ဇူလိုင်လဆန်းမှာ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကိုဖမ်းပြီး မန္တလေးနန်းတွင်းထောင်ကိုပို့ပါတယ်။ ထောင်ထဲမှာ ဖိနှိပ်မှုအမျိုးမျိုးကိုအံတုရင်ဆိုင်ပြီး နည်းမျိုးစုံနဲ့တိုက်ပွဲဝင်နေတဲ့ မတကသကျောင်းသားများထဲမှ ရဲဘော်ဌေးလှဟာ ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၅ နာရီခန့်မှာ ကျဆုံးခဲ့ပါတယ်။ ဒီကဗျာဟာ မန္တလေးထောင်တွင်းမှာ ကျဆုံးသွားသူ ရဲဘော်ဌေးလှအတွက် စပ်ဆိုထားခြင်းဖြစ်ပါတယ်။ မူလက ”ရဲဘော်ဌေးလှသို့” ခေါင်းစဉ်တပ်ထားတာပါ။ ပြည်သူ့ကြယ်ဂျာနယ်(ဇွန် ၁၉၇၂) မှာ ”အာဇာနည်သို့” အမည်ဖြင့် ဖော်ပြခဲ့ပါတယ်။

အာဇာနည်သို့

ငါငိုမိသည်

ငါ့မျက်ရည်သည်

နီသည် နီသည် နီသည်။

ပန်းတစ်ပွင့်လို

နွမ်းရင့်ပျက်စီး သည်မြေကြီးမှ

ချည်းနှီးကွယ်ပျောက်သွားသည်မဟုတ်။

နှစ်ပေါင်းထောင်ရာ ကမ္ဘာဆယ်သက်

မပျက်မတိမ် မမှိန်မပြယ်

မကွယ်မပျောက် ပြောင်မြောက်သတ္တိ

နီဘိရဲရဲ သင့်အသည်းအား

ငါတို့ကြား၌

ထားလျှက် သင်ထွက်သွားသည်တကား။ ။

လေးမောင်(မြင်းခြံ)

ပြည်သူ့ကြယ်ဂျာနယ် (ဇွန် ၁၉၇၂)

Leave a Reply

Your email address will not be published. Required fields are marked *