ကျွန်မဆက်၍ရေးချင်သောဖေဖေ့အကြောင်းများ (လှကျော်ဇော)

By | December 12, 2020

ကျွန်မဆက်၍ရေးချင်သောဖေဖေ့အကြောင်းများ။

ဆောင်းပါးအမှတ်( ၅၄)။

ဖေဖေနဲ့ရဲဘော်တင်ရီ။

အရေးတော်ပုံဂျာနယ် အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး

—ဟာ –ဟာ -ခင်ဗျား ခင်ဗျား သခင်ဇင်နောက်ကပါလာတဲ့ ဝေါကပြည်သူ့စစ်ခေါင်းဆောင်မဟုတ်လား။—–

ကျွန်မတို့မိသားစု ၁၉၇၆ ခုနှစ် ဇူလိုင်လ ဗမာပြည်ကွန်မြူနစ်ပါတီကိုရောက်လာပြီးနောက် ဖေဖေနဲ့ကျွန်မကို ရဲဘော်ထွန်းက ဥက္ကဋ္ဌသခင်ဗသိန်းတင်နဲ့တွေ့ဖို့ ခေါ်သွားပါတယ်။ အဲဒီကာလက ဥက္ကဋ္ဌဦးစီးတဲ့ ပါတီကိုယ်စားလှယ်အဖွဲ့နဲ့ ကေ-အိုင်-အေအဖွဲ့ ခေါင်းဆောင်ဦးဘရန်ဆိုင်းဦးစီးတဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တပ်ပေါင်းစုဖွဲ့ရေးဆွေးနွေးနေတဲ့ကာလပါ။

အစည်းအဝေးရှိတဲ့နေ့တွေမှာဆိုရင် မနက်အစောစာ အားလုံးစားပြီးရင် ကျွန်မတို့သားအဖက ကိုယ့်အခန်းကိုယ်ပြန်လာပါတယ်။ ဖေဖေနဲ့(ဂျပန်ခေတ်ဘီဒီအေကာလကတည်းက) ရင်းနှီးတဲ့ မင်္ဂလာဒုံစစ်တက္ကသိုလ်ဆင်းတွေဖြစ်တဲ့ ရဲဘော်မျိုးမြင့်(ရဲဘော်အောင်-နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)နဲ့ဗိုလ်သန်းရွှေ(၇၅ ဗဟိုကော်မတီ) တို့နှစ်ယောက် တယောက်တလှည့် ကျွန်မတို့သားအဖအခန်းကိုလာပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ပါတီတွင်းအခြေအနေတွေကို မိတ်ဆက်ပေးပါတယ်။ 

တနေ့တော့ ဒီနေ့အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးမှူးရဲဘော်တင်ရီ(နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)ရောက်မယ်လို့ကြားထားပါတယ်။

နေ့လည်ထမင်းစားခန်းမှာ အားလုံးဆုံတော့ ဥက္ကဋ္ဌက ရဲဘော်တင်ရီနဲ့မိတ်ဆက်ပေးချိန်မှာ ဆောင်းပါးအစမှာ ဖော်ပြထားတဲ့အတိုင်း ဖေဖေကတအံ့တသြပြောလိုက်တာပါ။

ရဲဘော်တင်ရီကဘာမှပြန်မပြောဘဲ သူ့သင်္ကေတမချိုမချဉ်ပြုံးထေ့ထေ့နဲ့ ဖေဖေလက်ကိုအားရပါးရဆွဲ-နှုတ်ဆက်ပါတယ်။

ဖေဖေကလည်း မပြီးနိုင်မစီးနိုင်ဆက်ပြီး—

—-ခင်ဗျားတော်တော်ဆိုးတဲ့လူဗျာ။ ခင်ဗျားကြောင့်ကျုပ်တို့တတွေ သေမကုန်တယ်။ ကံကြီးပေလို့ပဲ။ —လို့မကျေမချမ်း ပြောလိုက်ပါသေးတယ်။

ပြီးမှ ဘေးကပါးစပ်အဟောင်းသားတွေနဲ့ဖြစ်နေတဲ့ ကျန်ခေါင်းဆောင်ရဲဘော်တွေကို အဖြစ်အပျက်အကြောင်းစုံကို ဇာတ်စုံခင်းပါတော့တယ်။

၁၉၄၅-မတ်လ(၂၇)ရက်ဂျပန်တော်လှန်ရေးစတော့ ပဲခူးဒေသမှာအခြေစိုက်တဲ့ တိုင်း(၄)ရဲ့တိုင်းမှူးဖေဖေက စစ်ဌာနချုပ်အခြေစိုက်မယ့်-မြစ်ကျိုးဒေသကိုတပ်ချီလာရာမှာ နောက်နေ့မနက်မစောကြီး ဝေါမြို့လေးကိုရောက်တော့ ဖေဖေတို့ကို ကြိုနေသူက အဲဒီက ပြည်သူ့စစ်ခေါင်းဆောင်က ရဲဘော်တင်ရီ(ပဲခူးနေဝင်း) ပါ။ သူ့ရဲ့ပြောပြချက်အရ ဝေါမြို့သူကြီးအိမ်မှာ ဂျပန်(၂)ယောက်ရောက်နေပြီး ဝေါဘူတာရုံမှာလည်း ဂျပန်(၃)ယောက်သာရှိကြောင်း သိရသတဲ့။

အဲဒီတော့ဖေဖေတို့က ပွဲဦးထွက်ဒီဂျပန်တွေကိုတိုက်ဖို့ စီစဉ်တာပေါ့။ ဖေဖေတို့ကလည်း တိုင်းရုံးအဖွဲ့ပဲဖြစ်တာကြောင့် လူက(၂၀) ကျော်လေးပဲပါတယ်။ သင့်တော်သူလောက်ပဲထုတ်ပြီး (၂)သုတ်ခွဲ တသုတ်ကို သူကြီးအိမ်လွှတ် အဲဒီကဂျပန်(၂)ယောက်ကိုသတ်ခိုင်းပြီး ကျန်ရဲဘော်(၃-၄)ယောက်နဲ့ဖေဖေက ဘူတာရုံကိုချီတက်လာပါတယ်။ ဘူတာရုံလဲရောက်ရော ဘူတာမှာကဂျပန်(၄-၅)ယောက် စတွေ့ပါတယ်။ကဲ- ရောက်မှတော့မထူးဘူး၊ ဆက်တိုက်ရမှာပဲလို့စဉ်းစားပြီး တိုက်ဖို့အသေးစိတ်စီစဉ်နေတုန်းမှာပဲ သူကြီးအိမ်ဘက်က သေနတ်သံထွက်လာပြီး ဘူတာရုံနားရပ်ထားတဲ့ကားတစီး (တကယ်တော့ဘတ်စ်ကားက(၃)စီး၊ ကားပေါ်မှာလည်း ဂျပန်စစ်သား တပ်ခွဲတခွဲစာလောက်ရှိ)ပေါ်က ဂျပန်အရာရှိတယောက်ဆင်းလာပြီး ဂျပန်စစ်အရာရှိဝတ်စုံနဲ့ပဲရှိနေသေးတဲ့ဖေဖေ့ကို သေနတ်သံ ထွက်တဲ့ဘက်လက်ညှိုးညွှန်ပီးဘာဖြစ်တာလဲလို့မေးသတဲ့။ (ဂျပန်တော်လှန်ရေးစကာစမှာ ဂျပန်တပ်အတော်များများ မသိပါဘူး။ ဒါကြောင့် နေရာအတော်များများမှာအငိုက်မိကြပါတယ်။) ဖေဖေကလည်းပါးစပ်ထဲရောက်လာတဲ့ဂျပန်စကား-ကြိုယင် (စစ်လေ့ကျင့်ခန်း)လို့ပြောလိုက်တော့မှာ အဲဒီဂျပန်စစ်ဗိုလ် ကားပေါ်ပြန်တက်သွားသတဲ့။ ဒီတော့မှ ဖေဖေတို့တတွေ အမြန် ဆုတ်ရပါတော့တယ်။ (ညပိုင်းကျမှ ဝေါဘူတာရုံကို ဂျပန်တပ်ခွဲ(၁)ခွဲရောက်လာတာ ဘယ်သူမှမသိလိုက်တာပါ။) (ဒီအဖြစ်အပျက် အသေးစိတ်ကို ဖေဖေကသူ့စာအုပ်-ကိုယ်တိုင်ရေးအထုပွတ္တိ-ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့(ယဉ်မျိုးစာပေထုတ်)နှာ၁၀၀-၁၀၁မှာ အပြည့်အစုံရေးထားပါတယ်။ ရဲဘော်တင်ရီကလည်း အရေးတော်ပုံစာစောင်မှာ ဆောင်းပါးရေးဖူးပါတယ်။)

အဲဒီကာလကစလို့ ရဲဘော်တင်ရီနဲ့(နောက်ပိုင်းသူ့မိသားစုနဲ့ပါ)ကျွန်မတို့မိသားစုတတွေ ခင်မင်ရင်းနှီးလာကြပါတယ်။

ကျွန်မတို့ပါတီက ခေါင်းဆောင်ရဲဘော် အများတကာ့အများစုကြီးဟာ အဆင့်အသီးသီးကရဲဘော်များနဲ့ တရင်းတနှီး ခင်ခင်မင်မင် နေတတ်လေ့ရှိပါတယ်။

ဒီအထဲမှာတော့ ရဲဘော်တင်ရီက အလွန့်ကို တသားတည်းနေထိုင်တတ်သူပါ။ အသက်အရွယ်မရွေးဘယ်သူ့ကိုမဆို သူငယ်ချင်းပေါင်းပေါင်းတာပါ။ စကားအကောင်း အတည်တွေပြောနေရာကနေ ဖောက်ချင်ဖောက်ပြီး ဟာသကနှောတတ်လေ့ရှိပါတယ်။ ဒါတွေကြောင့်လည်း ရင်းနှီးတဲ့ရဲဘော်များရဲ့ ဝေဖန်မှုတွေ ခံရတတ်ပါတယ်။ ဒါပေမဲ့ပြုပြင်တာလည်း မတွေ့ဖူးပါဘူး။

ကျွန်မကိုလည်း တခါမှကောင်းကောင်းကန်းကန်း မခေါ်ဖူးဘူး။ မိလှခေါ်လိုက် ခွေးမခေါ်လိုက်နဲ့။ ပန်ဆန်းရောက်ပြန်တော့ ဒေါက်တာပေါက်တူးဆိုတဲ့နာမည် ထပ်ရပြန်တယ်။

စကားစပ်လာမိတော့ ကျွန်မ ဒေါက်တာပေါက်တူးဘွဲ့ ရခဲ့တဲ့အကြောင်းလည်း ပြောပြရဦးမယ်။

ပန်းဆန်းမှာ (၁၉၈၅ခုနှစ်) ပါတီရဲ့တတိယကွန်ဂရက် ကျင်းပဖို့ပြင်ဆင်နေချိန်အတွင်း အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးဌာနကြီးရဲ့ဌာနမှူးရဲဘော်ကြည်ပြိုင်(၇၅ဗဟိုကော်မတီ-အရံဗဟိုကော်မတီဝင်) မကျန်းမမာဖြစ်ပါတယ်။ ဆေးလိပ်အလွန်ကြိုက်ပြီး တသက်လုံး သောက်လာသူဆိုတော့ အစောပိုင်းလေပြွန်ရောင်ရောဂါကနေ တဖြည်းဖြည်းအဆုပ်-နှလုံးရောဂါရလာပါတယ်။ ရောဂါပြင်းလာတော့ တဘက်နိုင်ငံပို့ဖို့စီစဉ်ပါတယ်။ သူကလက်မခံပါဘူး။ သေလည်း ဒီပန်ဆန်းမှာပဲသေမယ်တဲ့။

ဒီတော့ရဲဘော်တင်ရီက ကျွန်မနဲ့အရှေ့မြောက်စစ်ဒေသဆေးရုံက ဒုနိုင်ငံရေးမှူးဆရာမကြီးဒေါ်ငွေကိုခေါပြီး လူနာကိုအတတ်နိုင်ဆုံးစောင့်ရှောက်ကုသဖို့ တာဝန်ပေးပါတယ်။ လူနာကဆေးရုံလည်း မတက်ချင်ဘူးဆိုတော့(ရဲဘော်ကြည်ပြိုင်ဆိုတာကလည်း ဂျစ်တစ်တစ်၊ပေကပ်ကပ်ရယ်) အိမ်မှာပဲထားပြီး သူတို့ဌာနကဆေးမှူးလေးကို တာဝန်ပေးထားပြီး ကျွန်မတို့(၂)ယောက်က ညနေစောင်းမှ သွားသွားကြည့်။ နောက်နေ့အတွက် ညွှန်ကြားစရာရှိပြောခဲ့၊ ကျန်အချိန်တွေ လိုအပ်လာရင် ဆေးရုံ လှမ်းအကြောင်းကြားဆိုပြီး စီစဉ်ထားရပါတယ်။ လူနာကလည်း တနေ့ရွှေ-တနေ့ငွေ၊ တညနေ ကျွန်မတို့ရောက်တော့ ရဲဘော်တချို့ အရင်ရောက်နေကြပြီး တဝါးဝါးတဟားဟား စကားတွေဖောင်လောက်အောင် ဝိုင်းပြောနေကြတာတွေ့ရပါတယ်။ ဌာနအသီးသီးရောက်နေကြတဲ့ ဗမာရဲဘော်တွေက အလှည့်ကျလူနာဆီလာပြီးစိတ်ပြေလက်ပျောက်ပြောကြဆိုကြနဲ့ ညနေစောင်းဆို လူနာဆီမှာ စည်ကားနေတတ်ပါတယ်။ အဲဒီညနေမှာတော့ လူနာကိုယ်တိုင်က ပြုံးပြုံးရွှင်ရွှင်နဲ့ ဝင်နောက်ပြောင်ပြောဆိုနေတာပါ။ လူကလည်း လန်းလန်းဆန်းဆန်း။ လူနာကြည့်အပြီးအပြန်မှာ ထုံးစံအတိုင်း ရဲဘော်တင်ရီဆီဝင် နောက်ဆုံးအခြေအနေကိုအစီရင်ခံတဲ့အခါ ကျွန်မက

-အို…. ဒီနေ့အခြေအနေသိပ်ကောင်းတယ်။ အတော်လည်း လန်းဆန်းတယ်-လို့ဆိုတော့ –ရဲဘော်တင်ရီက—ဟုတ်ရဲ့လားဟဲ့။ ငါတို့ အရပ်တွေမှာတော့ အဲသလို ရောဂါသည်းနေတဲ့လူတွေ လန်းလာရင်ကြောက်ရတယ်—တဲ့။

—–ဟာ. ဦးလေးကလည်း (ကျွန်မကသူ့ကိုဦးလေးလို့ခေါ်ပါတယ်။)-အရေးထဲ-အယူတွေသီးနေပြန်ပါပီ။ ကျွန်မစစ်ဆေးလာခဲ့ပါပြီ။ အကုန်ပုံမှန်ပါ။—–လို့ရဲရဲဝံ့ဝံ့ကြီးကို အာမခံလိုက်ပါတယ်။ (တကယ်တော့ ကိုယ်မှာပါတာကလဲ နားကြပ်နဲ့သွေးဖိအားတိုင်း ကိရိယာလေးတခုရယ်။ လူနာကလည်း နှလုံးရောအဆုပ်ရော တဖြည်းဖြည်းနဲ့စွမ်းအင်ကျနေပါပြီ။)

နောက်နေ့မနက်အစော လင်းအားကြီးမှာရဲဘော်ကြည်ပြိုင်ကွယ်လွန်ပါတယ်။ အဲဒီကစလို့ ကျွန်မကိုရဲဘော်တင်ရီက ဒေါက်တာပေါက်တူးလို့ ခေါ်တတ်လာပါတယ်။

ရဲဘော်တင်ရီရဲ့ အပြောင်အနောက်အမျိုးမျိုးကို ဘယ်သူမှမလွတ်ပါဘူး။ ဖေဖေကိုနောက်လွန်းလို့ သူ့ကိုဥက္ကဋ္ဌကတောင် ဝေဖန်ဖူးတယ်လို့သူကိုယ်တိုင်ပြန်ပြောပြဖူးပါတယ်။ ဥက္ကဋ္ဌသခင်ဗသိန်းတင်က—

–ကိုတင်ရီရယ်။ ဦးတင်(ဖေဖေတောတွင်းအမည်)ကို သိပ်မနောက်ပါနဲ့ဗျာ။ အားနာစရာကြီး။ ဒီလူကြီးက သူ့နောက်လို့ နောက်မှန်းသိတာလည်း မဟုတ်၊ ပြန်လဲမနောက်တတ်နဲ့။—-လို့ဝေဖန်ဖူးတယ်။—တဲ့။

(မှတ်ချက်။ ၁၉၈၅ တတိယကွန်ဂရက်အပြီး ဌာနတွေပြန်ဖွဲ့စည်းရာမှာ ဗဟိုစစ်ဦးစီးဌာနဖွဲ့စည်းလိုက်ပြီး စစ်ဦးစီးမှူးက ရဲဘော် တင်ရီဖြစ်ပြီး ဒု-ဦးစီးမှူးကဖေဖေဖြစ်လာပါတယ်။ ဒီတော့ ဖေဖေက နေ့တိုင်းဗဟိုရုံးကနေ စစ်ဦးစီးရုံးကိုလာရုံးတက်ရပါတယ်။)

ဖေဖေက သူ့ကိုပြန်မနောက်တတ်ပေမယ့် သူရဲ့အားနည်းချက်များကိုတော့ သူတို့ရဲ့ဗဟိုစစ်ဦးစီးဌာန ကလာပ်စီးအစည်းဝေးတွေမှာ ထောက်ပြတတ်တဲ့အကြောင်း ရဲဘော်စိုးချစ်(ထိုစဉ်ကဗဟိုစစ်ဦးစီးအဖွဲ့ရုံး ကလာပ်စည်းအတွင်းရေးမှူး) က ဖေဖေ့အတွက် အမှတ်တရရေးပေးတဲ့ဆောင်းပါးတစောင်မှာ-ဒီလိုရေးထားတာတွေ့ရပါတယ်။

—-ဥပမာတခုပြောပါမယ်။ ပီဘီဖြစ်တဲ့ရဲဘော်တင်ရီက အလုပ်ကများများ၊ အားကစား၊ စိုက်ပျိုးရေး၊ ပျော်ပွဲရွှင်ပွဲ၊ တီဗွီကြည့်တာကအစ ဝါသနာပါတာကများများဆိုတော့ အမြဲအချိန်မလောက်ဖြစ်နေသူ။ ဒီတော့ လစ်ဟင်းမှုတွေ မကြာခဏဖြစ်တတ်တယ်။ ဒီတော့ရဲဘော်ဦးတင်က —-ရဲဘော်တင်ရီ… ခင်ဗျားဟာ ဗဟိုကော်မတီအစည်းအဝေးတွေမှာဖြစ်ဖြစ်၊ ကလာပ်စည်းထဲမှာဖြစ်ဖြစ် စကားပြောတဲ့အခါပြင်ပြင်ဆင်ဆင်လုပ်ထားရင် သိပ်နားထောင်လို့ကောင်းတယ်။ အကျိုးရှိတယ်။ ဒါပေမဲ့–။ ပြီးစလွယ်လုပ်တာတွေက များတယ်။ –လို့ထောက်ပြဝေဖန်ဖူးတယ်။——

(ကျွန်တော်တို့ရင်တွင်းက ရဲဘော်ဦးတင်(ရဲဘော်စိုးချစ်။) သူတို့ရင်ထဲကဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊(ရဲဘော်ဦးတင်)ကွယ်လွန်ခြင်းတနှစ်ပြည့်အမှတ်တရအတွဲ (၁) ဖြိုးမောက်သာစာပေ) ၂၀၁၃ခုနှစ်ထုတ်နှာ၁၇၃)

ဒီလိုနဲ့ ကျွန်မတို့တတွေ ၁၉၈၉ ဇာတ်ခေါင်းကွဲပြီးတယောက်တနယ်စီဖြစ်ကုန်ကြပါတယ်။ ရဲဘော်တင်ရီက သူ့မိသားစုရှိရာ စစ်ချွမ်ပြည်နယ်က ချင်တူးရောက်သွားပါတယ်။ အစောပိုင်း ကာလတပိုင်း အဆက်အသွယ်ပြတ်သွားပေမယ့် နောက်ပိုင်း ပြန်ဆက်သွယ်မိပြီးသာရေးနာရေး ပြောဟယ်ဆိုဟယ် နောက်ဟယ်ပြောင်ဟယ်နေလာလိုက်ကြတာ နောက်ဆုံး ၂၀၁၈-၁၀–၂၈ရက်၊ အသက်(၉၇)နှစ်မှာကွယ်လွန်သွားပါတော့တယ်။ ဘာရောဂါမှမရှိဘဲ ဘာဝေဒနာမှလည်း မခံစားရဘဲ မီးဇာကုန်ဆီခန်းသွားရတာပါ။

လူကသာ တနယ်တကျေးမှာနေရပေမယ့် နယ်စပ်မှာကျန်ခဲ့ရှာတဲ့ရဲဘော်များအတွက် အမြဲပူပန်သောကရောက်နေတတ်ပြီး အဲဒီရဲဘော်များရဲ့ကျန်းမာရေး၊ ကလေးများပညာသင်ကြားရေး၊ တခြားလူမှုရေးအမျိူးမျိုးအတွက် အမြဲတစေ သူတတ်နိုင်သမျှ ထောက်ပံ့ကူညီခဲ့တာပါ။

ကျွန်မတို့မိသားစုအတွက်ကတော့ သူ့ကိုဘယ်တော့မှမမေ့နိုင်ဘဲ အမြဲထာဝရ ကျေးဇူးတင်နေရမဲ့အကြောင်း(၂)ရပ်ရှိပါတယ်။

၁၉၈၂ခုနှစ် ဖေဖေပန်ဆန်းမှာ ကျွန်မကျွေးတဲ့ဆေးတွေစားပြီး အစာအိမ်ပေါက်သွေးသွန်ပါတယ်။ သွေးဖိအား(၀)ထိ ကျသွားလို့ သွေးဖိအားတိုင်းစက် တပ်ထားတဲ့လက်တဖက်ပဲချန်ပြီး ကျန်(၃)ဖက်(၃)တန်(လက်တဖက်နဲ့ခြေ(၂)ဖက်စလုံး) သွေးရည်ကြည်တွေ ဓာတ်ဆားရည်တွေ၊ ဂလူးကို့စ်တွေ အမြန်သွင်းပြီး တဘက်နိုင်ငံဆေးရုံကိုပို့ဖို့ လုပ်ရပါတယ်။ ဖေဖေနဲ့အတူထည့်လိုက်ဖို့ ကျွန်မဆေးကျောင်းသားထဲက ဗမာစကားရော တရုတ်စကားရောတတ်တဲ့သူ ကျောင်းသားတယောက်ရှာဖို့ ဥက္ကဋ္ဌကပြောပါတယ်။ ဒီတင်အနုားရှိနေတဲ့ရဲဘော်တင်ရီက–တခြားလူရှာစရာဘာလိုလဲ၊ သူ့သမီးပဲထည့်လိုက်ပေါ့။ သူလည်း တရုတ်လိုပေါက်သားပဲ။—တဲ့။

ကျွန်မဖြင့် ထိုင်တောင်ဦးချလိုက်ချင်တာ။ ကျွန်မမှာ ဖေဖေနောက်လိုက်ချင်တာ တပိုင်းသေနေတာ။ ကိုယ်ရေးကိုယ်တာကိစ္စ မတောင်းဆိုသင့်လို့သာ အသာငြိမ်နေတာ။

ပြီးတော့ ကျွန်မဘက်လှည့်ပြီး–ဟိုရောက်ရင်ဟိုကလူတွေနဲ့ သွားရန်ဖြစ်မနေနဲ့ဦး။-တဲ့။

တကယ်လည်း ကျွန်မပါသွားပေလို့ ဖေဖေအသက်ရှင်တာ။ ကျွန်မက ဖေဖေဘေးမှာတချိန်လုံးထိုင်နေပြီး ဖေဖေ နှလုံးခုန်မြန်လာတာနဲ့၊သွေးဖိအားလေး နည်းနည်းကျတာနဲ့ (အတွင်းမှာသွေးယိုစီးတဲ့လက္ခဏာ) တာဝန်ကျဆရာဝန်ပြောပြီး သွေးသွင်းဖို့ သတိပေးရပါတယ်။ ဒီလိုနည်းနဲ့ အချိန်ဆွဲထားရပြီး (၂)ရက် (၃)ရက်အကြာမှာ ကူမင်းစစ်ဆေးရုံကြီးက ဆေးအဖွဲ့ ရဟတ်ယာဉ်နဲ့ရောက်လာပြီး အသက်ကယ်လိုက်နိုင်လို့ ဖေဖေက နောက်အနှစ်(၃၀) (၂၀၁၂အထိ) အသက်ရှင်နေထိုင်သွားနိုင်တာပါ။ (ဒီဖြစ်စဉ်အသေးစိတ်ကို အလျင်းသင့်ရင်ရေးပါဦးမယ်။)

နောက်ကျေးဇူးတင်ရမယ့်အချက်ကတော့—

၁၉၈၉ ဧပြီလ(၁၉)ရက်နေ့ ပန်ဆန်းဒေသတခုလုံး လူမျိုးစုတပ်များရဲ့အာဏာသိမ်းခြင်းကို ခံလိုက်ရပြီးနောက်မနက်ခင်း ဗဟိုရုံးက ရဲဘော်တွေအားလုံး တဘက်ကမ်းနိုင်ငံကို ရောက်သွားပါတယ်။ ဖေဖေ၊ မေမေနဲ့ကျွန်မတို့မောင်အငယ်ဆုံး ရဲဘော်ထွန်းမြတ်တို့(၃)ဦး အဲဒီဘက်ရောက်သွားပြီး အရှေ့မြောက်စစ်ဒေသမှာရှိနေတဲ့ ကျွန်မနဲ့မောင်အကြီး(၂)ယောက်က ဒီဘက်ကမ်းပန်ဆန်းမှာ ကျန်ခဲ့ပါတယ်။ ဒီတော့ မေမေက တငိုငိုတရီရီ ဖြစ်လာပါတယ်။ ဗဟိုရုံးကခေါင်းဆောင်တွေကိုရော၊ ကျန်မိသားစု ဝင်များနဲ့ရဲဘော်များကိုရော ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တာဝန်ခံလုပ်ဆောင်နေရတဲ့ရဲဘော်တင်ရီက ရဲဘော်ထွန်းမြတ်ကို တခြားအလုပ်တွေက ကျန်ရဲဘော်တွေ လုပ်လို့ရတယ်။ ခင်ဗျားက ခင်ဗျားအမေကြီးနားမှာပဲနေပြီး၊ ဂရုစိုက်ချေလို့ တာဝန်ပေးထားပြီး နေ့လည်လောက် ရောက်တော့ လုံခြုံရေးအတွက် ဗဟိုခေါင်းဆောင်တွေကို နေရာရွှေ့ဖို့စီစဉ်ရတော့လည်း ဖေဖေတို့နဲ့အတူ ကိုထွန်းမြတ်ကို ထည့်ခေါ်သွားခဲ့ပါတယ်။

ကိုထွန်းမြတ်အနားရှိနေလို့လည်း မေမေက တစုံတရာစိတ်သက်သာသွားရတာပါ။ ဒါတွေကြောင့်ပဲ ကျွန်မတို့မိသားစုက ရဲဘော်တင်ရီကို အမြဲကျေးဇူးတင်နေမိတာပါ။

အခုတော့ ရဲဘော်တင်ရီကွယ်လွန်တာ(၂)နှစ်ကျော်သွားပါပြီ။

ကျန်ခဲ့သူများကတော့— နွေလည်းနွေမို့ မိုးလည်းမိုးမို့ ဆောင်းလည်းဆောင်းမို့– ဝမ်းနည်းတာ၊ လွမ်းဆွတ်တာ၊အတူတူချည့်ပါပဲ။

(မှတ်ချက်။ မေမေ့အတွက်ရေးပေးတဲ့ ဖိုးသံ(လူထု)ရဲ့ကျွန်တော်တို့ဒေါ်ဒေါ် ဆိုတဲ့ကဗျာကတစိတ်တပိုင်းကို ယူသုံးလိုက်ပါတယ်။)

လှကျော်ဇော။၅-၁၂-၂၀၂၀။

Leave a Reply

Your email address will not be published. Required fields are marked *