ကမ္ဘာ့အလုပ်သမားတိုက်ပွဲသတင်း

By | January 14, 2014

ဗီယက်နမ် ဆမ်ဆောင်းကုမ္ပဏီက အဓိကရုဏ်း

ဇန်နဝါရီလ ၉ ရက်နေ့မှာ ဗီယက်နမ် ယင်ဘန် စက်မှုဇုံရှိ ဆမ်ဆောင်း မိုလ်ဘိုင်းဖုန်းစက်ရုံမှာ အဓိကရုဏ်း တစ်ခု ဖြစ်ပွားခဲ့တယ်။ ဟနွိုင်းမြို့ မြောက်ဖက် ၆၀ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ အဲ့ဒီစက်ရုံမှာ ဖုန်းတပ်ဆင်သူနဲ့ ထုတ်လုပ်သူ အလုပ်သမား တစ်သောင်းကျော် အလုပ်လုပ်ပါတယ်။ လုံခြုံရေးအစောင့်တွေက အလုပ်သမားတချို့ကို စက်ရုံထဲကို အစားအသောက်မယူဖို့ ပြောရာကနေ ရန်ဖြစ်ကြတာလို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြကြတယ်။ မျက်မြင်တွေ ပြောတာကတော့ အစောင့်တစ်ယောက်က အလုပ်သမားတစ်ယောက်ကို သတိမေ့တဲ့အထိ ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအဓိကရုဏ်းမှာ အလုပ်သမား ၁၁ ဦး ထိခိုက်ဒဏ်ရာရပြီး ၅ ဦးက စိုးရိမ်ရပါတယ်။ အစောင့်တွေရဲ့ မော်တော်ဆိုင်ကယ် ၁၀ စီး နဲ့ ကွန်တိန်နာ ၃ စီး မီးရှို့ဖျက်ဆီးခံရပါတယ်။
ထိုင်ငုယင် မြို့နယ်ပြည်သူ့ကော်မတီဥက္ကဌ ဒွန်နောက်လောင်က အဓိကရုဏ်းမှာပါဝင်တဲ့သူတွေကို ဥပဒေအရ အရေးယူမယ်၊ နောင်မှာ အလားတူအဖြစ်မျိုး မဖြစ်အောင် ကာကွယ်သွားမယ်လို့ ကြေညာသွားပါတယ်။ မျက်မြင်သက်သေ အင်ဂျင်နီယာ တစ်ဦးက နှစ်လအတွင်း အစောင့်တွေနဲ့ အလုပ်သမားတွေ ခိုက်ရန်ဖြစ်ပွားတာ အနည်းဆုံး ၅ ခါလောက်ရှိတယ်၊ အစောင့်တွေက အလုပ်သမားမှတ်ပုံတင်ကဒ် မေ့ကျန်တဲ့ အလုပ်သမားတွေကို အတင်းအကျပ် အိမ်ပြန်ယူခိုင်းတာတွေ လုပ်တယ်လို့ ထန်နိယန် သတင်းစာကို ပြောခဲ့တယ်။
ဗီယက်နမ်အစိုးရရဲ့ အလျော့ပေးလိုက်လျောတဲ့ အစီအမံတွေ နဲ့ လုပ်ခဈေးချိုတာကြောင့် ဆမ်ဆောင်း၊ အင်တဲလ်၊ နိုကီယာစတဲ့ အဆင့်မြင့်နည်းပညာကုမ္ပဏီတွေက ဗီယက်နမ်သို့လာရောက်ပြီး ပြောင်းရွှေ့ထုတ်လုပ်မှု လုပ်လာတာ ဖြစ်ပါတယ်။

တောင်ကိုးရီးယား ကိုရေးလ် မီးရထား အလုပ်သမားသပိတ်

တောင်ကိုးရီးယား မီးရထားအလုပ်သမားသမဂ္ဂ (KRWU) နဲ့ ကိုးရီးယား သမဂ္ဂများအဖွဲ့ချုပ်(KCTU) တို့ ဦးဆောင်ပြီး ကိုရေးလ်မီးရထားအလုပ်သမား ၈၀၀၀ ကျော်ဟာ ကိုရေးလ်မီးရထားလုပ်ငန်းကို ပုဂ္ဂလိကပိုင် မပြုလုပ်ရန် ၂၀၁၃ ဒီဇင်ဘာ ၉ ရက်မှာ ရုတ်ချည်း သပိတ်မှောက်ခဲ့ကြတယ်။ ၉ ရက်ကနေ ၃၀ ရက်ထိ ၂၂ ရက်ကြာတယ်။ ဒီတပတ်အတွင်းမှာ (KRWU) ခေါင်းဆောင် ၁၆ ဦး ရဲစခန်းသို့ သွားရောက်အဖမ်းခံခဲ့ပါတယ်။ ကျန် အဓိကခေါင်းဆောင် ၁၃ ဦးကတော့ ပုန်းနေဆဲပါ။ သမဂ္ဂ ခေါင်းဆောင်တွေကို ဥပဒေနဲ့မညီတဲ့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့အတွက် တရားရုံးက ဝရမ်းထုတ်ထားပါတယ်။

ကိုရေးလ်က ဆိုးလ်ကို ဖြတ်ပြီး ဆူဆော့ နဲ့ ဘူစန်ကို ကျည်ဆန်ရထားပြေးဆွဲရေး အစီအစဉ်ကို သီးခြားကုမ္ပဏီတစ်ခုကို လုပ်ခွင့်ပေးလိုက်တာနဲ့ ပတ်သက်ပြီး သပိတ်စတင် ဖြစ်ပွားခဲ့တာပါ။ အလုပ်သမားတွေက ဒါကို ပုဂ္ဂလိကပိုင်လုပ်ဖို့ ကြိုးစားတာလို့ ဝေဖန်ပါတယ်။ ပုဂ္ဂလိကပိုင်ဖြစ်သွားရင် ၀န်ဆောင်မှုတွေ ညံ့ဖျင်းမယ်၊ ရထားခတွေ ဈေးတက်ပြီး အလုပ်ပြုတ်တာတွေ များလာမယ်လို့ အလုပ်သမားတွေက စိုးရိမ်ကြတာ ဖြစ်ပါတယ်။

(KRWU) နဲ့ (KCTU) တို့ ဦးဆောင်ပြီး ရုတ်တရက်သပိတ်မှောက်မှုက ဘာမှဖြစ်မလာပါဘူး။ ကိုရေးလ်က သူ့ရဲ့အစီအစဉ်ကို မရုပ်သိမ်းတဲ့အပြင် သပိတ်ကြောင့် နစ်နာကြေးအဖြစ် အလုပ်သမား သမဂ္ဂတွေကို ဒေါ်လာ ၁၄ မီလီယံ လျော်ကြေးရလိုမှုနဲ့ တရားပြန်စွဲဆိုဖို့ စီစဉ်နေပါတယ်။ သပိတ်မှာ ပါဝင်တဲ့ အလုပ်သမား ၇၇၉၀ ကို အပြစ်ပေးအရေးယူမယ်လို့လည်း စီမံအုပ်ချုပ်သူတွေက ဆိုပါတယ်။

တောင်ကိုရီးယား လက်လီဆိုင်မှာ နာရီဝက်လုပ်ခ ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ ဘူဆန်၊ ဆွန်ချီယွန်၊ အင်ချီယွန်မြို့တွေမှာရှိတဲ့ ဟုမ်းပလပ်စ် ဆူပါမားကက်ရဲ့ အချိန်ပိုင်း အလုပ်သမားတွေဟာ တရားဝင် အလုပ်ချိန် နာရီဝက် တိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုနေကြပါတယ်။

ကိုရီးယား အလုပ်သမား ဥပဒေသတ်မှတ်ချက်အရ အလုပ်ဆိုင်း တခုရဲ့ အလုပ်ချိန်ဟာ ၈ နာရီ ဖြစ်ပါတယ်။ အဲဒီ ဂ နာရီ အလုပ်ဆိုင်းအတွက် အလုပ်သမားခံစားခွင့်တွေလည်း သတ်မှတ်ထားပါတယ်။

အဲဒီခံစားခွင့်တွေ မပေးချင်တဲ့ ဟုမ်းပလပ်စ်ကတော့ သူ့ရဲ့ အရောင်းဝန်ထမ်းတွေ၊ ငွေကိုင်တွေကို အလုပ်ချိန် ၇ နာရီခွဲသာ သတ်မှတ်ပေးပြီး ထမင်းစားချိန် တနာရီနားခွင့်နဲ့ တခြားအခွင့်အရေးတွေကိုလည်း ငြင်းဆန်နေတဲ့အတွက် အခုလို ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ကမ္ဗောဒီးယား ဆရာများသပိတ်မှောက်၊ သမဂ္ဂခေါင်းဆောင်ကို အစိုးရကဖမ်း

ဖနွမ်းပင်နဲ့ အနီးနဲ့ အနီးနားမြို့တွေမှာ ဆရာတွေ သပိတ်မှောက်ခဲ့ပြီးနောက် လွတ်လပ်သော ကမ္ဗောဒီးယား ဆရာများ အစည်းအရုံးရဲ့ ဥက္ကဌ ရွန်ချွန်းကို အာဏာပိုင်တွေက ဇန်နဝါရီလ ၆ ရက်နေ့က ဖမ်းဆီးထားခဲ့ရာမှာ အခုထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပါတယ်။

ဆရာတွေရဲ့ လစာကို တလ ၇၅ ဒေါ်လာကနေ တလ ၂၅၀ ဒေါ်လာအထိ လစာတိုးမြှင့်ပေးဖို့ သပိတ်မှောက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
လွတ်လပ်သော ကမ္ဗောဒီးယား ဆရာများ အစည်းအရုံး CITA မှာ အဖွဲ့ဝင် တသောင်းရှိပါတယ်။ ဆရာများ အစည်းအရုံး ဥက္ကဌ ရွန်ချွန်းဟာ ကမ္ဗောဒီးယား သမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ဥက္ကဌလည်းဖြစ်ပြီး ဇန်နဝါရီလ ၂ ရက်နေ့က အထည်ချုပ်အလုပ်သမား သပိတ်ကို အာဏာပိုင်တွေက ဖြိုခွဲနှိမ်နင်းခဲ့ရာမှာ အလုပ်သမား လေးယောက်သေဆုံးခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး သူ့ကို ဖနွမ်းပင် တရားရုံးမှာ လာရောက်အမှုရင်ဆိုင်ဖို့ တရားရုံးက ဆင့်ခေါ်ခံထားရသူလည်း ဖြစ်ပါတယ်။

ကမ္ဗောဒီးယား အထည်ချုပ်အလုပ်သမား သပိတ်မှာ စက်ရုံပေါင်း ၅၀၀ ကျော်က အလုပ်သမား ၃ သိန်းပါဝင်ခဲ့ပြီး လစာတိုးမြှင့်ရရှိရေးအတွက် ၁၅ ရက်ကြာ သပိတ်မှောက်ခဲ့တာဖြစ်ပါတယ်။
အခု အလုပ်သမားသပိတ်က သပိတ်လှန်သွားပါပြီ။ ဆရာများသပိတ်ကတော့ ရွန်ချွန်းကို ဖမ်းဆီးထားတဲ့ အတွက် ရက်အကန့်အသတ်မရှိ ဆက်လက် သပိတ်မှောက်နေပါတယ်။

အမေရိကန်မှာ စားသောက်ကုန် အလုပ်သမားတွေ သပိတ်မှောက်

အမေရိကန်ပြည်ထောင်စု မက်ဒေါ်နယ် ဘာဂါ၊ ကေအက်ဖ်စီ ကြက်ကြော် အပါအဝင် အသင့်စား အစားအသောက်ဆိုင်တွေမှာ အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေက မြို့ကြီးတွေမှာ ဆန္ဒပြပွဲတရာ စည်းရုံးပြုလုပ်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၅ ရက် ကြာသပတေးနေ့မှာ တပြိုင်တည်း ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ကြသူ အများစုဟာ သားသမီး မိသားစုတွေရှိကြတဲ့ လူကြီးတွေဖြစ်ကြပြီး သူတို့ရတဲ့ လစာကတော့ ပျမ်းမျှ တနာရီ ၉ ဒေါ်လာသာ ဖြစ်တဲ့အတွက် ရတဲ့ လစာဟာ သူတို့ဝမ်းစာအတွက် ဘယ်လိုမှ မလုံလောက်ကြပါဘူး။ သူတို့ဟာ အစိုးရကပေးတဲ့ လူမှုဖူလုံရေး ထောက်ပံ့ကြေးအပေါ်မှီခိုပြီး အသက်ရှင်ကြရပါတယ်။
အခုသတ်မှတ်ထားတဲ့ အနိမ့်ဆုံးလစာ တနာရီ ၇ ဒေါ်လာနဲ့ ၂၅ ဆင့်ကို တနာရီ ၁၅ ဒေါ်လာအထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတာ လပေါင်း အတန်ကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါတယ်။ဒါပေမဲ့ အခုချိန်ထိ လိုက်လျောမှု မရှိသေးသလို ညှိနှိုင်းပြေလည်မှုလည်း မရှိသေးပါဘူး။

အမေရိကန် သတ္တုဗူးကုမ္ပဏီ အလုပ်သမား ၁၀၀ သပိတ်မှောက်

ကယ်လီဖိုးနီးယားပြည်နယ် မိုဒက်စ်တိုမှာရှိတဲ့ ဆေလ်ဂန် သတ္တုဗူး ကော်ပိုရေးရှင်းပိုင် စက်ရုံမှာ အလုပ်သမား ၁၀၀ လောက်က စက်ရုံထဲက မထွက်ဘဲ သော့ခတ်ဆန္ဒပြခဲ့ကြပါတယ်။ ၂ နှစ်ကျော်ကြာ လစာ မတိုးမြှင့်ပဲထားတဲ့ စီမံခန့်ခွဲသူတွေရဲ့ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ ခရစ္စမတ်အကုန်မှာ ပြင်ဆင် မပေးခဲ့တဲ့ အတွက် အခုလို သပိတ်မှောက်ခဲ့ကြတာ ဖြစ်ပါတယ်။အလုပ်သမားတွေက လစာ ၁ ရာနှုန်း တိုးမြှင့်ပေးဖို့ တောင်းဆိုကြပါတယ်။

ကုမ္ပဏီဟာ ကျနော်တို့ဆီကနေ အလုပ်ချိန်ပိုတွေခိုင်းပြီး အမျိုးမျိုးညှစ်ယူနေတာ များလှပြီလို့ အလုပ်သမား ရောဘတ် ဟယ်ရီဆန်က ပြောပါတယ်။ ကျနော်တို့အနေနဲ့ နောက်ပြန်ဆုတ်မှာ မဟုတ်ဘူးဆိုတာကို ဆေလ်ဂန် ကုမ္ပဏီကို အသိပေးချင်ပါတယ်လို့ သူက ဆက်ပြောပါတယ်။

မိုဒက်စ်တိုမှာ ဆေလ်ဂန်ပိုင် စက်ရုံ ၃ ရုံရှိပြီး ရေးဗားဘဏ်မှာ နောက်တရုံ ရှိပါတယ်။ တခြားစက်ရုံတွေက အလုပ်သမားတွေဟာ သူတို့ထက် တနာရီ လုပ်ခ ၂ ဒေါ်လာ ပိုရကြပါတယ်။
ဆေလ်ဂန် သတ္တုဗူးစက်ရုံဟာ မြောက်အမေရိကမှာ အကြီးဆုံး သတ္တုဗူး စက်ရုံဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ အမြင့်ဆုံး အမြတ်အစွန်း စံချိန်တင်နိုင်ခဲ့ပါတယ်။

2 thoughts on “ကမ္ဘာ့အလုပ်သမားတိုက်ပွဲသတင်း

  1. thurein aung

ံဝက်ဆိုဒ်ကတော့ လုပ်နေတုံးမို့ လို့ မပေးသေးပါဘူး။
    ကျွန်တော်တို့ က မြန်မာပြည်တွင်းမှာ Action Labor Rights အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများ အမည်နဲ့ လုပ်ဆောင်
    နေတဲ့ အဖွဲ့ အစည်းတခုဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ အစည်းဟာ လေဘာအမည်နဲ့  အလုပ်သမားများနဲ့ ပတ်သတ်တဲ့သ
    တင်းများကိုသာ စုစည်းပြီး တလတကြိမ်ထုတ်ဝေနေပါတယ်။ အဲဒီစာစောင်ထဲမှာ နိုင်ငံတကာအလုပ်သမားရေးရာ ကဏ္ဍပါပါ
    တယ်။ အခုဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဝက်ဆိုဒ်မှာ နိုင်ငံတကာအလုပ်သမားလှုပ်ရှားမှုများကို ဖော်ပြထားတာတွေ့ လို့  ကျွန်
    တော်တို့ ရဲ့ စာစောင်ထဲမှာ ထည့်သွင်းဖော်ပြမယ်ဆိုရင် ဘယ်လိုသဘောရှိသလဲဆိုတာသိချင်ပါတယ်။ ကျွန်တော်တို့ စာ
    စောင်ဟာ အလုပ်သမားအဖွဲ့ အစည်းများကို အခမဲ့ဖြန့် ဝေသည့် စာစောင်ဖြစ်ပါတယ်။ စီးပွားဖြစ်မဟုတ်ပါဘူး။

    Thurein Aung
    Action Labor Rights
    09425306037
    Email:thureinaung.alr@gmail.com
    http://www.facebook/actionlaborrights

    Reply
    1. admin Post author

      ကျနော်တို့ website ကို လာရောက်အားပေး ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်တို့တင်ထားတာတွေကို ကူးယူဖော်ပြနိုင်ပါတယ်။ from cpb website ဆိုတာတော့ ထည့်ပေးဖို့ လိုပါမယ်။

      Reply

Leave a Reply to admin Cancel reply

Your email address will not be published. Required fields are marked *