ယနေ့ဖြစ်ပေါ်နေသည့် လူထုအုံကြွမှုကြီးနှင့်ပတ်သက်သောဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံရေးကော်မီတီ၏ထုတ်ပြန်ကြေညာချက်

By | February 22, 2021

ယနေ့ဖြစ်ပေါ်နေသည့် လူထုအုံကြွမှုကြီးနှင့်ပတ်သက်သောဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံရေးကော်မီတီ၏ထုတ်ပြန်ကြေညာချက်၂/၂၀၂၁၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်။

ဗမာပြည်တွင် ဖြစ်ပေါ်လျက်ရှိသော ပြည်သူ့အုံကြွမှုကြီးမှာ အချိန်အားဖြင့် လဝက်ပင် ကျော်သွားလေပြီ။ ဤမျှရှည်ကြာစွာ တိုက်ပွဲဝင်နေကြသော ဗမာပြည် ပြည်သူလူထုကြီးကို အလေး အနက် ချီးကျူးဂုဏ်ပြု အားပေးထောက်ခံသွားရမည် ဖြစ်ပေသည်။ ဤတိုက်ပွဲကြီးတွင် ပါဝင်နေသူများအနက် မနည်းလှသောရာခိုင်နှုန်းမှာ တနေ့လုပ်မှ တနေ့စားရသူများဖြစ်ပြီး သူတို့သည် အလုပ်ပျက်ခံ၊ အအိပ်ပျက်အစားပျက်ခံပြီး တိုက်ပွဲဝင်နေကြဆဲလည်း ဖြစ်သည်။ သူတို့မဲထည့်ရွေးချယ်ပေးလိုက်သော ရွေးကောက်ပွဲရလဒ်ကို ချေဖျက်ဖို့ ကြိုးစားရာက အာဏာသိမ်းမှုပြုလိုက်သော စစ်အုပ်စုကို ပြည်သူလူထုကြီးက လွန်စွာရွံရှာမုန်းတီးပြီး ပြတ်ပြတ်သားသား ဆန့်ကျင်လာကြသည်။ ဤသည်ကိုလည်း အသိအမှတ်ပြုရပေမည်။

တိုက်ပွဲမည်သို့အဆုံးသတ်မည်ကို အသေအချာမပြောနိုင်သေးသော်လည်း တိုက်ပွဲ မည်သို့ စတင်ခဲ့သည်ကိုတော့ တကမ္ဘာလုံးက မှန်ကန်တိကျစွာသိနေကြသည်။ ဗမာပြည် သမိုင်းမှာ ပေါ်ပေါက်ခဲ့သောယခင့်ယခင်က လူထုတိုက်ပွဲကြီးများနည်းတူ၊ အုပ်စိုး သူများ/ စစ်အာဏာရှင်များဘက်က စတင်ဖန်တီးခဲ့ခြင်းကြောင့် လူထုများ လမ်းပေါ်သို့ ရောက်ရှိ လာကြခြင်းဖြစ်သည်ဆိုသောအချက်ကိုမည်သူမျှမငြင်းကွယ်နိုင်ပေ။

စစ်အာဏာရှင်များသည် အာဏာကို လုယူရရှိထားသူများ ဖြစ်သည့်အလျောက် သူတို့၏ အခွင့်အာဏာကို အသုံးပြုကာ သတင်းစာရှင်းလင်းပွဲများဖြင့် မုသားသတင်းများ လှည့်ထုတ်နေသည်။ တကယ့်အဖြစ်မှန်များကို ဖုံးကွယ်ခြင်း၊ လိမ်ညာခြင်းများဖြင့် အစားထိုးနေသည်။ တပါတည်းတွင် သူတို့ဘက်ကအဖြေပေးရမည့်အချက်များကို အချိန်ဆွဲနိုင်သလောက်ဆွဲ၊ လှီးလွှဲပြီး တဖက်သားအား အပြစ်ပုံချနိုင်မည့် အချက်အလက်များကို ဖန်တီးရှာဖွေနေကြသည်။

ဗိုလ်မင်းအောင်လှိုင်၏ မိန့်ခွန်းနှစ်ခုဆိုလျှင် ဗမာပြည်တွင် လူထုတွေလမ်းပေါ်တက် ဆန္ဒပြခြင်း လုံးဝမရှိ လေသယောင် နည်းနည်းမျှပင်မညွှန်း၊ မပြော ဘဲနေခဲ့သည်။ နောက်ဆုံး စစ်တပ်ပြော ရေးဆိုခွင့်ရှိသူဆိုသူကပြောတော့မှ သူတို့အချိန်ဆွဲ ရှာဖွေစုဆောင်ထားသည့် အချက်များနှင့် ပြည်သူလူထုအပေါ် အပြစ်တွေပုံချကာ လူထု တိုက်ပွဲကြီးကို အိုးမည်းသုတ်တော့သည်။ တပါတည်းတွင် အကြမ်းဖက်နှိမ်နင်းခြင်းများ တဆထက်တဆတိုး လုပ်ကိုင်လာနေသည်။ ဖေ ၂၀ ရက် မန္တလေး လူသတ်ပွဲကြီးက သူတို့တတွေ ထွက်ပေါက် ပိတ်နေခြင်းကို ပြသည်။ စစ်အုပ်စုလုပ်နေကျအတိုင်း လိမ် မရ၊ ညာမရတော့သည့်အခါ အကျပ်ကိုင် ခြောက်လှန့်ပြီး သတ်ပြလိုက်ခြင်း ဖြစ်သည်။ သို့သော် ပြည်သူလူထုကြီးတရပ်လုံးသည် ဒီအရေးတော်ပုံက နောက်ဆုတ်သွားကြမည် မဟုတ်။

စစ်အာဏာရှင်များ၏ အပေါ်လွင်ဆုံးအားနည်းချက်တခုမှာ ဗမာပြည်ပြည်သူများ၏ နိုင်ငံရေးအတွေ့အကြုံနှင့် နိုင်ငံရေးအသိတို့ကိုလျှော့တွက်ခြင်းပင်ဖြစ်လေသည်။ နိုင်ငံရေး အသိဆိုရာတွင် စစ်အာဏာရှင်များ၏လိမ်ညာချက်များအပေါ် နားမယောင်ခြင်းနှင့် မိမိတို့ကိုယ်သာ မိမိတို့ယုံကြည်ရမည်၊ ဇွဲရှိမှအောင်နိုင် မည်ဟူသောအသိများရှိခြင်းလည်း ပါဝင်သည်။ ဤအုံကြွမှုကြီးအတွက် ယခုအချိန်တွင်လိုအပ်နေသည်မှာ တနိုင်ငံလုံးတွင် ပြန့်ကျဲနေသောတိုက်ပွဲများကိုစုစည်းပြီး ဟန်ချက်ညီစွာရေရှည်တိုက်ကြနိုင်ရေးပင်ဖြစ်သည်။

ဆိုလိုသည်မှာ ဒေသအလိုက်၊ သို့မဟုတ် လုပ်ငန်းအလိုက်၊ ခေါင်းဆောင်မှုအဖွဲ့အစည်း(အမှု ဆောင်အဖွဲ့) များထူထောင်ပြီး အထက်ဆုံးအဆင့် တွင်စုစည်းချုပ်ကိုင်မှုများဖော်ထုတ်ရန်လိုအပ် နေသည်။ တောင်းဆိုချက်၊ ကြွေးကြော်သံများမှာလည်းတသားတည်းဖြစ်ရန်လိုနေသည်။ တဗိုလ်ကျတဗိုလ်တက်ဆင်နွှဲနိုင်ရန်ပြင်ဆင်ထားကြရမည်။ မတူညီသော နိုင်ငံရေးလမ်းစဉ် အခြေခံရှိသည့် အဖွဲ့အစည်းများပင်လျှင် ဘုံရန်သူဆန့်ကျင်ရေးအတွက် ထိန်းညှိ လုပ်ဆောင်နိုင်ဖို့ ၊ စစ်အုပ်စု၏ အကြမ်းဖက် ဖြိုခွဲခံရပြီး လက်ဦးမှုမမဲ့ဖို့ သတိထားရပါမည်။

သေနင်္ဂဗျူဟာအရ ကိုယ့်မူကိုယ် ဆုပ်ကိုင်ထားရမည်ဖြစ်သော်လည်း နည်းပရိယာယ်အရ ပျော့ပျောင်းမှု ရှိဖို့လည်း လိုပါသည်။ တောင်းဆိုချက်များတွင် အများလက်ခံသဘောတူသည်များ- ဥပမာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ဖျက်သွားရေး၊ စစ်မှန်သော၊ ပြည်သူလူထုအားအကျိုးပြုသည့် (စစ် အာဏာရှင်များကို အကျိုးမပြုသည့်) ဒီမိုကရေစီရရှိရေး၊ ယခင်ကဖမ်းဆီးထားသူများနှင့် အာဏာသိမ်းကာလအတွင်း ဖမ်းဆီးထားသူများအပါ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ပြည်သူလူထု၏စီးပွားရေး တိုးတက်ကောင်းမွန်ရေး၊ စစ်အာဏာရှင်များက ရေးဆွဲ အတည်ပြုထားသော ၂ဝဝ၈ခုနှစ် ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေဖျက်သိမ်းရေး- စသည်တို့ကို ဗဟိုပြုအဓိကထား သင့်သည်။

တိုက်ပွဲသဏ္ဌာန်မှာ အားလုံးအတွက် တမျိုးတည်းဖြစ်နိုင်ကောင်းမှ ဖြစ်နိုင်မည်မှန်သော်လည်း တိုက်ပွဲအားလုံး၏ ဦးတည်ချက်မှာ တခုတည်းသာဖြစ်ရပေမည်။ ယင်းမှာ လက်ရှိ လူထုတိုက်ပွဲကြီးအောင်ပွဲခံနိုင်ရေးပင်ဖြစ်သည်။ မိမိတို့အနေနှင့် ဒီအရေးတော်ပုံကြီးမှာ ပွဲဖျက်သူ မဖြစ်စေရ၊ ပွဲဖြစ်အောင် လျှော့တန်တာလျှော့ပြီး ပါဝင်နေကြခြင်းဖြစ်သည်။

စစ်အုပ်စုဘက်က ဖိနှိပ်မှုပုံသဏ္ဌာန်ပြောင်းတိုင်း မိမိတို့ဘက်ကလည်း တိုက်ပွဲပုံသဏ္ဌာန် ပြောင်းလဲဆင်နွှဲဖို့ ဝန်လေးမည် မဟုတ်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ဤသို့သော လူထုတိုက်ပွဲပေါင်းစုံကို တလျှောက်လုံး ထောက်ခံပူးပေါင်းပါဝင်ခဲ့သလို ယခုတိုက်ပွဲကြီးတွင်လည်း မိမိတို့တတ်နိုင်သည့်အခန်းမှ တတ်နိုင်သည့်နည်းနာဖြင့် ပါဝင်ဆဲ၊ ပါဝင်နေမည်သာဖြစ်ကြောင်း ကြေညာလိုက်ပါသည်။

ဗဟိုစည်းရုံးရေးကော်မီတီဗမာပြည်ကွန်မြူနစ်ပါတီ

Leave a Reply

Your email address will not be published. Required fields are marked *