ရဲဘော်စောထို မမျှော်လင့်ဘဲ ရုတ်တရက်ဆုံးပါးသွားခြင်းအတွက် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီအနေဖြင့် ရဲဘော်စောထို၏ မိသားစုနှင့်ထပ်တူ ရဲဘော်စောထို၏ ရဲဘော်ရဲဘက်များနှင့်အတူ ထပ်တူထပ်မျှ များစွာ ကြေကွဲဝမ်းနည်းမှု ဖြစ်ရပါကြောင်း ဦးစွာ ပြောကြားလိုပါသည်။
ရဲဘော်စောထိုသည် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုနဲ့ အရှေ့မြောက်စစ်ဒေသကြီးကို ပန်ဆန်းမှာ ကာလတခုတည်ငြိမ်အေးဆေးစွာအခြေစိုက်နိုင်အောင်အလွန်ကြီးမြတ်တဲ့ကောင်းမှုတွေပြုခဲ့သူ- သူရဲကောင်းရဲဘော်ကြီးတဦးဟု ရဲဘော်များ စိတ်ထဲ မှတ်ယူမိခဲ့ကြပါသည်။
ရဲဘော်စောထိုသည် ဗဟိုရဲ့ကြားဖြတ်ကြေးနန်းအဖွဲ့တာဝန်ခံပါ။
အရှေ့မြောက်စစ်ဒေသ စစ်ဆင်ရေးကြီးများမှာ သူရဲ့ကောင်းမှုပြုချက်တွေကြီးမားပါသည်။
၁၉၇၈-၇၉ –မင်းရန်အောင်ထိုးစစ်အတွင်း သူဦးဆောင်သော(သူကအဓိကပါ။) အဖွဲ့၏ကြိုးပမ်းအားထုတ်မှုများက ကြီးမားသော အခန်းမှ ပါဝင်ခဲ့သည်ဟု ပြောရပါမည်။(သူတို့အဖွဲ့အနေဖြင့် အမြဲသိုသိုသိပ်သိပ်နေရ၍့ စစ်ဆင်ရေးကြီးတွေအပြီးမှာကျင်းပလေ့ရှိသည့် ဂုဏ်ပြုပွဲတွေမှာ တက်တာမတွေ့ရသော်လည်း သူတို့ကိုဗဟိုခေါင်းဆောင်များက ကန့်လန့်ကာနောက်ကွယ်က အညတြသူရဲကောင်းများ ဆိုပြီးသီးခြားဂုဏ်ပြုလေ့ရှိပါသည်။)
သူကအလွန်ခေါင်းဆောင်ပီသပါသည်။သိပ်အရေးကြီးချိန်များမှာကျန်ရဲဘော်များကိုနားခိုင်းပြီးသူကတညလုံးနားထောင်ပေးသူ ဖြစ်သည်။သူကအဲဒီအလုပ်မှာအလွန်လည်း ကျွမ်းကျင်ထူးချွန်သဖြင့် ကျန်ရဲဘော်များကလည်း သူ့ကိုပဲအားကိုးကြရပါသည်။ဗဟိုခေါင်းဆောင်များကလည်း သူ့ကိုအလွန်တန်ဖိုးထားပါသည်။သူ့ကျန်းမာရေးနေထိုင်ရေးဘဝတွေကိုလည်းပါတီခေါင်းဆောင်များကဂရုတစိုက်ရှိပါသည်။ ရဲဘော်စောထိုအပါ ည ကြားဖြတ်တာဝန်ကျရဲဘော်များအတွက် အထူးရိက္ခာစီစဉ်ပေးတတ်ပါသည်။ အခြေအနေပေးသမျှထဲက အတတ်နိုင်ဆုံး ဂရုစိုက်ပေးခဲ့ပါသည်။
၁၉၈၂-၈၃ စစ်ဆင်ရေးကာလအလွန်အရေးကြီးလို့ တညလုံး ထိုင် ကြားဖြတ်နားထောင်ရာမှ မနက်မိုးလင်းချိန် ကုလားထိုင်ကအထ ဆီးတွေသွားရာမှာသွေးတွေချည်းပါလာပြီး သတိလစ်သွားပါတော့သည်။ကမန်းကတန်းကယ်ဆယ်ရပြီး သူအခြေအနေတည်ငြိမ်လာတော့ ဆက်လက်ဆေးစစ်ဖို့ တဖက်နိုင်ငံကဆေးရုံကိုပို့လိုက်ရပါသည်။တပတ် နှစ်ပတ်လောက်အကြာမှာ ဆေးရုံ ကလူနာအတွက် မျှော်လင့်ချက်သိပ်မရှိတဲ့ အကြောင်းကြားလာပါသည်။
သူအတွက်မျှော်လင့်ချက်မရှိတော့ဘူးဆိုလာတော့ ပြည်သူ့အသံတာဝန်ခံ ရဲဘော်ထွန်းက—သူကပါတီအတွက် အလွန်တန်ဖိုးကြီးတဲ့ သူရဲကောင်း ဒါကြောင့်သူ့ကိုအထူးဂုဏ်ပြုရမယ်။—ဆိုပြီး
သူ့အရိုးအိုးယူလာဖို့ ရဲဘော်နေနိုင်ကိုလွှတ်လိုက်ပါသည်။သို့ရာတွင် သူကတုံးကျော်ပြီး(သေတွင်းထဲက အံ့ဩဖွယ် ရုန်းထွက်လာပြီး) ရဲဘော်နေနိုင်နဲ့ အတူ ပန်းဆန်းပြန်ရောက်လာပါသည်။ကျန်းမာရေးကအလွန်ကျဆင်းသွားလို့ ကြားဖြတ်လုပ်ငန်းတွေကိုတာဝန်မယူနိုင်တော့ပေမယ့် သင်တန်းသားတွေကိုတော့ ဆက်လက်မွေးမြူပေးပါသည်။ဒါကလည်း ပါတီအတွက်အလွန်တန်ဖိုးရှိတဲ့လုပ်ငန်းတခု ဖြစ်ပါသည်။
စစ်ဆင်ရေးတွေအရေးကြီးလာရင်လဲဝင်ကူရတာတွေရှိပါသည်။
ရဲဘော်ထွန်းပြောသလို ရဲဘော်စောထိုဟာ ကျွန်တော်တို့ ပါတီအတွက် ကောင်းမှုများစွာ ပြုခဲ့သူ အလွန်တန်ဖိုးကြီးသူပါ။ ဤသဝဏ်လွှာဖြင့် သူ့အား ဂုဏ်ပြုနှုတ်ဆက်အပ်ပါသည်။
သွားနှင့်ပေတော့ ရဲဘော်ကြီးရေ….ရဲဘော်ကြီးကတော့ တာဝန်ကျေသွားပါပြီ။
ရဲဘော်ကြီး၏့ မပြီးဆုံးသေးတဲ့ တာဝန်များကို ရဲဘော်ကြီး၏စိတ်ဓာတ်ကိုလေ့လာပြီး ဆက်ထမ်းဆောင်ပါ့မည်ဟု ကတိပြုရင်း ဦးညွတ်လိုက်ပါသည်။
ရဲဘော်ကြီး အေးချမ်းစွာအနားယူပါတော့။
ဗဟိုစည်းရုံးရေးကော်မတီ
ဗမာပြည်ကွန်မြူနစ်ပါတီ
၁၄-၁၁-၂၀၂၄