အိုနာကျိုးကန်းသီအိုရီများ

By | August 15, 2024

အိုနာကျိုးကန်းသီအိုရီများ

(ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး)

တော်လှန်ရေးရဲ့ဒီနေ့အခြေအနေက အရှိန်အဟုန်ရော၊ အရှိန်အဝါရောသိပ်ကြီးတယ်။ တော်လှန်ရေးကိုထိပ်တိုက်ရင်ဆိုင်ပြီး ပြောင်ပြောင်ဆန့်ကျင်ရဲသူနည်းတယ်။ လုပ်ရပ်နဲ့မဆန့်ကျင်ရဲတော့ အသံနဲ့မကြားတကြားပြောကြတယ်။

လက်တွေ့ကို စေ့စေ့မကြည့်ရဲတဲ့အခါ အချောင်သမားသဘောတရားတွေကို ဆွဲထုတ်လာကြတယ်။ တချို့ကလက်ယာဘက်က ဆွဲထုတ်လာ၊ တချို့က လက်ဝဲဘက်ဆွဲထုတ်လာ… အနှစ်သာရကတော့ အတူတူပဲ၊ ဘာမှမထူးကြဘူး။ ဘယ်ဘက်ကပဲ လှည့်ပြောပြော နောက်ဆုံးရောက်ကြတဲ့နိဂုံးကတော့ “တော်လှန်စစ်ကိုရပ်ကြပါ၊ စစ်အုပ်စုကိုဖယ်ထုတ်ဖို့ မကြိုးစားပါနဲ့” ဆိုတာပဲ။ ဝေါဟာရအမျိုးမျိုးသုံးတယ်၊ သီအိုရီအမျိုးမျိုးသုံးတယ်၊ ကျမ်းကိုးအမျိုးမျိုးသုံးတယ်၊ သူတို့ပြောနေတဲ့စကားလုံးတွေနောက်ကိုသာ ဆန်စဉ်ရာကျည်ပွေ့လိုက်နေရင် မျက်စိလည်လို့ဆုံးမှာ မဟုတ်ဘူး။ အဲဒီတော့ ဘယ်နည်းနဲ့ ဘယ်လိုတွေလှည့်ပတ်ပြောပြော၊ ဘယ်ရပ်တည်ချက်နဲ့ပြောပြီး ဘယ်လို နိဂုံးဘယ်လိုချုပ်တယ်ဆိုတာကို သတိထားလေ့လာကြပါ။ အဲဒါဟာသူတို့ရဲ့ဆိုလိုရင်းပါပဲ။ အဲဒါဟာ သူတို့ဘယ်လိုလူတွေဆိုတာ ဖော်ပြတဲ့အချက်ပါပဲ။

စစ်ဘောင်နဲ့ ဒီမိုကရေစီဘောင်

ဆရာကြီးလေသံနဲ့ အထက်စီးကပြောတတ်တာကတော့ “စစ်နဲ့ဒီမိုကရေစီဆိုတာ မွေးရာပါဗီဇကိုက ရန်ဘက်ပဲ”တဲ့။ “စစ်ဘောင်ကျယ်ရင် ဒီမိုကရေစီဘောင်ကျဉ်းတယ်။ ဒီမိုကရေစီဘောင်ကျယ်ရင် စစ်ဘောင်ကျဉ်းတယ်”တဲ့။ အဲဒီသဘောတရားရဲ့နိဂုံးချုပ်ချက်ကတော့ “စစ်မတိုက်ကြပါနဲ့။ ရွေးကောက်ပွဲလုပ်ကြပါ” ဆိုတာပါပဲ။ သူတို့ပြောတဲ့ ရွေးကောက်ပွဲလုပ်ချင်ရင် ၂၀၀၈ ခြေဥကို လက်ခံရတော့မယ်၊ ၂၀၀၈ ခြေဥကိုလက်ခံရင် စစ်သားတမတ်သား ဝင်ထိုင်တာကို လက်ခံရတော့မယ်၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးဆိုတဲ့ စစ်ဘက်အုပ်ချုပ်ရေးမှန်သမျှ စစ်တပ်လက်ထဲ ဝကွက်အပ်ထားရမယ်၊ ကြိုက်တဲ့အချိန်မှာကြိုက်သလို အာဏာသိမ်း (သူတို့အခေါ်အာဏာထိန်း) တာကိုလည်း လက်ခံရတော့မယ်။ အဲဒါတွေအတွက် ဖြေရှင်းချက်နည်းလမ်းတခုမှ မပြောဘူး။ “စစ်မတိုက်နဲ့ စစ်တိုက်ရင် အဲဒါဒီမိုကရေစီမဟုတ်ဘူး၊ စစ်မတိုက်နဲ့စစ်တပ်ကိုမဖြိုနဲ့၊ စစ်တပ်လုပ်ပေးတဲ့ရွေးကောက်ပွဲဝင်ကြ၊ စည်းကမ်းပြည့်ဝသော ၂၀၀၈ ဒီမိုကရေစီကို လက်ခံကြ၊ ဆွေးနွေးတဲ့နည်းနဲ့ဖြေရှင်းကြ”ဆိုတာကိုပဲ တစာစာအော်ဟစ်နေတယ်။ အခုသူတို့ပြောနေတာတွေအားလုံးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အကုန်စမ်းသပ်ပြီးပြီ။ အစွမ်းကုန်အလျှော့ပေးကြည့်ပြီးပြီ။ အလျှော့ပေးလေ ရောင့်တက်လေဖြစ်လာတဲ့အပြင် ရက်ရက်စက်စက်တ်ဖြ သတ်ညှဉ်းဆဲလို့သာ ဒီနေရာကိုရောက်လာတယ်ဆိုတာ အရှင်းကြီး။ ဒါကို နောက်ကြောင်းပြန်လှည့်ခိုင်းနေတာဟာ ဘာရည်ရွယ်ချက်လဲဆိုတာလည်း ရှင်းတယ်။ သူတို့ပြောနေတာက “စစ်မတိုက်နဲ့၊ စစ်တိုက်တာ သီအိုရီနဲ့မညီဘူး”တဲ့။ အဲဒါဆို စစ်အုပ်စုရမ်းကားနေတာဘယ်လိုလုပ်မလဲ၊ အဲဒါကတော့ ခံပေါ့ဆိုတာမျိုးဖြစ်နေတယ်။

စစ်နိုင်တဲ့သူနဲ့စစ်ရှုံးသူရဲ့ဒီမိုကရေစီ

နောက်ထပ်သီအိုရီတခုက “စစ်ကိုနိုင်အောင်တိုက်ပြီးမှ ဒီမိုကရေစီတည်ဆောက်လို့မရဘူးတဲ့။ စစ်ရှုံးတဲ့သူနဲ့ စစ်နိုင်တဲ့သူ ဒီမိုကရေစီပူးပေါင်းတည်ဆောက်လို့မရဘူး”တဲ့။ နိဂုံးချုပ်ချက်က အတူတူပဲ။ “စစ်အုပ်စုကို ပြုတ်အောင်တိုက်ပြီးမှ သူတို့ပါဝင်တဲ့ဒီမိုကရေစီတည်ဆောက်ချင်လို့မရဘူး” လို့ဆိုနေတယ်။ “ရှုံးတဲ့သူက မတတ်သာလို့ အလျှော့ပေးသဘောတူရတာမျိုးဟာ တန်းတူညီမျှမှုမရှိလို့ ဒီမိုကရေစီမဖြစ်နိုင်ဘူး” လို့ သူတို့သဘောတရားကဆိုတယ်။ အဲဒါကြောင့် “စစ်အုပ်စုကို နိုင်အောင်တိုက်ဖို့ ပြုတ်အောင်တိုက်ဖို့ကြိုးစားမနေနဲ့။ ဆွေးနွေးပြီး ဒီမိုကရေစီတည်ဆောက်ပါ” လို့ အဲဒီပညာကျော်တွေက ဆိုကြတယ်။

စစ်အုပ်စုကို အပြုတ်မဖြုတ်ဘဲ ရှင်သန်ကြီးထွားခွင့်ပေးထားတော့ရော တန်းတူညီမျှရဲ့လားဆိုတဲ့အချက်ကို သူတို့ဘယ်တော့မှ မပြောကြဘူး။ စစ်အုပ်စုကို ရှင်သန်ကြီးထွားခွင့်ပေးထားခဲ့တာကြာပြီ။ သူတို့လက်ထဲမှာ လက်နက်အပြည့်နဲ့ ပြည်သူတွေလက်ထဲမှာ လက်နက်မဲ့ဖြစ်နေလို့ တန်းတူညီမျှမှုမရှိဘဲ တဖက်သတ်အလွန်ကျတဲ့ဆွေးနွေးပွဲတွေကို စစ်အုပ်စုက အထက်စီးနဲ့ ကျင်းပလာတာကြာပြီ။ အဲဒါကိုမေ့ထားပြီး “စစ်နိုင်စစ်ရှုံးပူးပေါင်းပြီး ဒီမိုကရေစီစနစ်ထူထောင်လို့မရဘူး၊ အဲဒါကြောင့် စစ်မတိုက်နဲ့”ဆိုတာကိုပဲ ငယ်သံပါအောင်အော်နေကြပြန်တယ်။

မှန်တယ်။ စစ်နိုင်နဲ့စစ်ရှုံးပူးပေါင်းပြီး ဒီမိုကရေစီ အတူတကွတည်ဆောက်လို့မရဘူး။ ဒါပေမဲ့ စစ်အုပ်စုနဲ့ ဒီမိုကရေစီစနစ် ပူးတွဲတည်ထောင်မယ်လို့ ကျနော်တို့ဘယ်တုန်းကမှမပြောဘူး။ စစ်အုပ်စုမပါတဲ့ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ ဒီတော်လှန်ရေးကြီးကို ဆင်နွှဲနေတာပဲ။ ဒီမိုကရေစီစနစ်နဲ့ တန်းတူညီမျှရေးကိုသွားဖို့ကြိုးစားနေတာနှစ်ပေါင်းများစွာ ကြာနေပြီ။ အဲသလိုနှစ်ပေါင်းများစွာ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားသွားကြည့်ပြီးတဲ့နောက်မှာ ဒီမိုကရေစီလမ်းကြောင်း၊ တန်းတူညီမျှရေးလမ်းကြောင်းကို ရှေ့ကနေပိတ်ဆို့ဟန့်တားနေတာဟာ စစ်အုပ်စုဆိုတာကို ပြည်သူလူထုကြီးတရပ်လုံးက အထင်အရှားသိမြင်လာလို့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေတာဖြစ်တယ်။ သူတို့မပါမှ ဒီမိုကရေစီရမယ်။ စစ်အုပ်စုမပါတဲ့ဒီမိုကရေစီစနစ်ကို တည်ထောင်ကြမယ်။ စစ်အုပ်စုပါရင် ဒီမိုကရေစီမရနိုင်ဘူး။ တန်းတူညီမျှမှုမရနိုင်ဘူး။ လူတစုက လက်နက်ကိုင်ပြီး စကားပြောနေသမျှမှာ ကျန်တဲ့လက်နက်မဲ့တွေရဲ့စကားဟာ ဘယ်တော့မှအရာမထင်ဘူး။ အဲဒါကြောင့် စစ်အာဏာရှင်ကိုအရင်ဖြိုရမယ်။ အဲဒါမှသာ ဒီမိုကရေစီတည်ဆောက်လို့ရမယ်။ အဲဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးကို မလွှဲသာမရှောင်သာ ဆင်နွှဲနေရတာဖြစ်တယ်။

အားလုံးပါမှဒီမိုကရေစီတဲ့

စစ်အုပ်စုမပါတဲ့ဒီမိုကရေစီထူထောင်ရမယ်လို့ပြောတော့ နောက်ထပ်တမျိုးစောဒကတက်ပြန်တယ်။ အားလုံးပါရမယ်တဲ့။ All inclusive တဲ့။ ဟိုလူမပါရဘူး၊ ဒီလူမပါရဘူးဆိုရင် ဒီမိုကရေစီမဟုတ်ဘူးတဲ့။ လူနည်းစုက လက်နက်အင်အားအပြည့်နဲ့စိုးမိုးထားပြီး သူတို့ကို ရာသက်ပန်အာဏာပေးရမယ်လို့ ဥပဒေပြဋ္ဌာန်းအကျပ်ကိုင်နေချိန်မှာ ကျန်တဲ့လူများစုက အဲဒီဥပဒေကို နည်းနည်းလျှော့ပါဦး၊ ပြင်လို့ရအောင်လုပ်ပေးပါဦးလို့ တောင်းပန်နေရပြီဆိုရင် အဲသလိုအခြေအနေမျိုးကြုံနေရပြီဆိုရင် အဲဒီ အားလုံးပါတဲ့ All inclusive ဟာ အလုပ်မဖြစ်တော့ဘူး။ အားလုံးပါပေမဲ့ တန်းတူညီမျှရေးဟာ ပျက်စီးနေပြီ။ စစ်အုပ်စု၊ စစ်အာဏာရှင်ပါနေသမျှ ဒီမိုကရေစီနဲ့ တန်းတူညီမျှရေးမဖြစ်နိုင်ဘူးဆိုတာ သိပ်ရှင်းနေပြီ။ ဒါကိုပြည်သူတရပ်လုံးသိနေပြီ။ လက်တွေ့ကျကျ သိနေပြီးပြီ။ လွယ်လွယ်နဲ့သိခဲ့ရတာမဟုတ်ဘူး။ အများကြီးရင်းနှီးပြီး ဘဝနဲ့သိရတဲ့အသိ။ နဖူးမှာ ကျည်ဆန်အဖောက်ခံပြီးမှသိရတဲ့အသိ။ အခုလက်နက်ကိုင်တော်လှန်ရေးဟာ နဖူးကိုကျည်ဆန်အဖောက်ခံပြီးမှရလာတဲ့ လက်နက်ကိုင်တော်လှန်ရေးပဲ။ အဲဒီအဖိုးတန်တော်လှန်ရေး၊ အများကြီးရင်းနှီးထားရတဲ့တော်လှန်ရေးကို သီအိုရီမျိုးစုံသုံးပြီး နောက်ပြန်ဆုတ်ခိုင်းနေတာသာ ဖြစ်တယ်။ အားလုံးပါမှဒီမိုကရေစီဆိုတာ ပြည်သူလူထုအတန်းအစား၊ အမျိုးအစားအားလုံးပါမှလို့ ဆိုလိုတာဖြစ်တယ်။ ဖက်ဆစ်တွေပါမှ All inclusive ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူး။ ဒုတိယကမ္ဘာစစ်ကာလမှာဟစ်တလာနဲ့ All inclusive လုပ်ဖို့ကြိုးစားကြတာလည်း မအောင်မြင်လို့ နောက်ဆုံးမှာ တိုက်ထုတ်ခဲ့ရဖူးပြီ။

All inclusive ဆိုတာ လူမျိုးစုအားလုံးပါဝင်ရမယ်၊ လူတန်းစားအားလုံးပါဝင်ရမယ်လို့ ဆိုလိုတာသာဖြစ်တယ်။ ဖက်ဆစ်တွေပါ ပါရမယ်လို့ဆိုလိုတာမဟုတ်ဘူး။

ပေးထားချက်

အလွန်ဆိုးဝါးတဲ့သီအိုရီတခုကတော့ “စစ်တပ်ဟာ ပေးထားချက်” ဆိုတဲ့သီအိုရီပဲ။ စစ်တပ်က မတရားတွေထောက်ပြတဲ့အခါတိုင်းမှာ စစ်တပ်က ဒီမိုကရေစီလမ်းကြောင်းမှာ အဟန့်အတားလုပ်နေတာတွေကို ထောက်ပြတဲ့အခါတိုင်းမှာ “စစ်တပ်ဟာ ပေးထားချက်” ဆိုတာ လက်ခံရမယ်လို့ဆိုတယ်။ စစ်တပ်ရှိနေတာကို အရင်လက်ခံထားပြီးမှ ကျန်တာတွေကို အဲဒါနဲ့ကိုက်ညီအောင်လိုက်ညှိပေးရမယ်လို့ ပြောနေတဲ့သဘောဖြစ်တယ်။ ဘာ့ကြောင့် “စစ်တပ်ကိုပေးထားချက်” အဖြစ်လက်ခံသင့်ကြောင်း ပြောဆိုထားတာမရှိဘူး။ အကြောင်းပြထားတာမရှိဘူး။ ဘယ်ရှိမလဲ။ ကျိုးကြောင်းဘယ်လိုမှ မဆီလျော်တဲ့စကားဖြစ်နေတာကိုး။ နိုင်ငံရေးမှာ ဘယ်သူဘယ်ဝါကတော့ ပေးထားချက်ဆိုတာမျိုးဘယ်တော့မှမရှိဘူး။ ဘယ်သူဘယ်ဝါဟာ ပေးထားချက်ပါလို့ပြောလာပြီဆိုရင် အဲသလိုပြောတဲ့သူဟာ အလွန်တဖက်စောင်းနင်းကျတဲ့ ဘက်တဘက်ရဲ့ ဘက်တော်သားမျှသာဖြစ်တယ်။ တခြား ဘာမှမဖြစ်နိုင်တော့ဘူး။

ဇီးရိုးဆမ်းဂိမ်း၊ ရယ်ဒီကယ်ထောင်ခြောက်

“တဖက်ဖက်က အပြတ်အနိုင်ရမှဆိုတဲ့ အတွေးအခေါ်ဟာ ခေတ်မမီတော့ဘူး” တဲ့။ ဒါလည်း စောစောက “ပေးထားချက်” လိုပဲ။ ဘာ့ကြောင့် ခေတ်မမီကြောင်း ရှင်းလင်းချက်မရှိဘူး။ “ငါတို့မကြိုက်လို့ ခေတ်မမီဘူးပြောတာ” ဆိုတဲ့သဘောပဲ။ ဇီးရိုးဆမ်းဂိမ်း လမ်းကြောင်းကို ရွေးခြင်းမရွေးခြင်းဆိုတာဟာ ခေတ်မီခြင်း မမီခြင်းနဲ့လည်း မဆိုင်ဘူး။ မိမိအလိုရှိခြင်း မရှိခြင်းနဲ့လည်း မဆိုင်ဘူး။ ပဋိပက္ခအတိုင်းအတာကြီးမားခြင်း မကြီးမားခြင်းနဲ့သာဆိုင်တယ်။ ပဋိပက္ခအဆင့်အတန်းဟာ အတူတကွယှဉ်တွဲသွားလာဖို့မဖြစ်တော့တဲ့ အဆင့်ကိုရောက်လာပြီဆိုရင် ဇီးရိုးဆမ်းဂိမ်းအဆင့်ဟာ သူ့အလိုလိုရောက်လာတာပဲ။ မရွေးချင်လည်းရွေးကြရတာပဲ။ ဇီးရိုးဆမ်းဂိမ်းမလုပ်ကြပါနဲ့လို့ ပြောကြတဲ့သူတွေဟာ နဖူးကိုသေနတ်နဲ့မပစ်ကြပါနဲ့လို့တော့ တားရဲကြတဲ့သူတွေမဟုတ်ကြဘူး။ ရှင်းရှင်းပဲပြောရလိမ့်မယ်။ နဖူးကိုသေနတ်နဲ့မပစ်ခဲ့ရင် ဇီးရိုးဆမ်းဂိမ်းကို ရွေးရတဲ့အဖြစ်ရောက်မလာဘူး။

ရက်ဒီကယ်ထောင်ခြောက်ဆိုတဲ့အတွေးအခေါ်ဟာလည်း အဲဒီဇီးရိုးဆမ်းဂိမ်းအတွေးအခေါ်နဲ့ တဆက်တစပ်တည်းပဲ။ ရက်ဒီကယ်အတွေးအခေါ်လို့ သူတို့ပြောနေတာဟာ အပြတ်တိုက်ရေးအပြုတ်တိုက်ရေးအတွေးအခေါ်ကိုဆိုလိုတာပဲ။ “အာဏာရှင်စစ်တပ်အမြစ်ဖြတ်”၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” ဆိုတာ ရက်ဒီကယ်အတွေးအခေါ်ပဲ။ အဲဒီအတွေးအခေါ်ဟာ ဒီနေ့ခေတ်ပြည်သူလူထုရဲ့ အတွေးအခေါ်ပဲ။ ဒီနေ့ခေတ်ပြည်သူလူထုရဲ့ကြွေးကြော်သံပဲ။ အဲဒီအတွေးအခေါ်ကို ကြောက်လန့်သူတွေက “ရက်ဒီကယ်အတွေးအခေါ်ဟာ တိုင်းပြည်ကို ချောက်ထဲကျအောင်ဆွဲခေါ်နေပါပြီ”လို့ ထိတ်လန့်တကြား အော်ဟစ်ကြတာပဲ။ စစ်အုပ်စုပြောတဲ့ “တိုင်းပြည်ချောက်ထဲကျရန်လက်နှစ်လုံးအလို” ဆိုတာကိုစကားတမျိုးပြောင်းပြီးပြောတာပဲ။ “စစ်အုပ်စုကို မတော်လှန်ကြနဲ့” “လိုချင်တာရှိရင် အေးအေးဆေးဆေးတောင်းယူ၊ တိုက်မယူနဲ့၊ ပေးနိုင်သလောက်ပေးမယ်။” လို့ပြောနေတာပဲ။ ပြည်သူဟာ စစ်အုပ်စုပေးမှရမဲ့ဘဝမှာ အေးအေးနေကြပါလို့ပြောတဲ့ အတွေးအခေါ်ပဲ။ ပြည်သူဟာ စစ်အုပ်စုသဒ္ဓါသလောက်ပဲရမယ်လို့ ပြောနေတာပဲ။

အလုပ်သမားလူတန်းစားအဆင်သင့်မဖြစ်သေးဘူးတဲ့

“အလုပ်သမားလူတန်းစားက အဆင်သင့်မဖြစ်သေးလို့ တော်လှန်ရေးလုပ်လို့မရသေးဘူး” လို့ပြောတဲ့စကားကတော့ မာ့က်စ်ဝါဒီအယောင်ဆောင်ထားတဲ့ ထရော်စကီဝါဒီတွေပြောတဲ့စကားပဲ။ “အလုပ်သမားလူတန်းစားတဦးချင်းပါဝင်တဲ့ တော်လှန်ရေးဟာ အလုပ်သမားတော်လှန်ရေးမဟုတ်သေး၊ အလုပ်သမားလူတန်းစားအမြင် ခံယူသူတွေဦးဆောင်တဲ့တော်လှန်ရေးဟာလည်း အလုပ်သမားတော်လှန်ရေးမဟုတ်သေး၊ အလုပ်သမားထုကြီးကိုယ်တိုင်လှုပ်ရှားပါဝင်မှသာ အလုပ်သမားတော်လှန်ရေးဖြစ်မယ်” လို့ သူတို့ကဆိုနေတယ်။ ဗမာပြည်မှာ အလုပ်သမားလူတန်းစားဟာ အဆင်သင့်မဖြစ်သေးလို့ တော်လှန်ရေးမလုပ်ရသေးဘူးလို့ ထရော်စကီတွေက ပြောနေကြတယ်။ ထရော်စကီတွေရဲ့အပြောက “တရုတ်တော်လှန်ရေးဟာ လယ်သမားတော်လှန်ရေးမို့လို့ အဲဒါကွန်မြူနစ်မဟုတ်၊ ဗီယက်နမ်တော်လှန်ရေးဟာ လယ်သမားတော်လှန်ရေးမို့ အဲဒါကွန်မြူနစ်မဟုတ်၊ ကျူးဘားတော်လှန်ရေးဟာ ဓနရှင်ပေါက်စတော်လှန်ရေးမို့ အဲဒါကွန်မြူနစ်မဟုတ် အဲဒါတွေအားလုံးဟာ စတာလင်နစ်တွေ” လို့ဆိုနေတယ်။ အဲဒါဆိုရင် ထရော်စကီတွေ လွတ်မြောက်အောင်လုပ်ပေးထားတဲ့နိုင်ငံက ဘယ်နိုင်ငံလဲဆိုတော့လည်း ပြစရာမရှိ။ “ရုရှားတော်လှန်ရေးကိုပဲ ထရော်စကီတွေရဲ့တော်လှန်ရေး၊ တခုတည်းသော စစ်မှန်တဲ့တော်လှန်ရေး”လို့ သူတို့ကဆိုတယ်။ သူတို့ကိုယ်သူတို့ လီနင်ဝါဒီ၊ ထရော်စကီဝါဒီလို့ဆိုတယ်။ လီနင်ကိုယ်တိုင်က ထရော်စကီရဲ့ ဖောက်ပြန်သွေဖည်မှုတွေကို အကြိမ်ကြိမ်ထောက်ပြဝေဖန်ခဲ့တာကိုတော့ မသိကျိုးကျွံပြုနေကြတယ်။

အခုဗမာပြည်မှာဖြစ်နေတဲ့ လက်နက်ကိုင်စစ်ပွဲဟာလည်း အနီနဲ့အစိမ်းရဲ့စစ်ပွဲမို့အလုပ်သမား၊ လယ်သမားတွေ ပါဝင်စရာမလိုဘူးလို့လည်း သူတို့ကဆိုကြပြန်တယ်။

မျက်စိရှေ့မှာ ပြည်သူတွေကို နဖူးတည့်တည့် သေနတ်နဲ့ပစ်နေတာမြင်ပါလျက်နဲ့ သီအိုရီနဲ့ မညီသေးလို့ မတော်လှန်နဲ့ဦးလို့ပြောနေတာဟာ ထရော်စကီဝါဒီ ပီသလှပါပေတယ်။ မျက်စိရှေ့မှာရွာတွေကို မီးရှို့နေတာကိုမြင်ပါလျက်နဲ့ သီအိုရီနဲ့မညီသေးလို့ မတော်လှန်ပါနဲ့ဦးလို့ပြောနေတာဟာ ထရော်စကီဝါဒီ ပီသလှပါပေတယ်။ တော်လှန်ရေးသဘောတရားက အဆင်သင့်မဖြစ်သေးလို့ တော်လှန်ရေးမလုပ်ပါနဲ့ဦးလို့ တားနေတာ၊ သဘောတရားအရင်တည်ဆောက်ဦးမယ်လို့ပြောနေတာကလည်း ထရော်စကီအတွေးအခေါ်ပါပဲ။

သိပ်များများရှင်းစရာမလိုပါဘူး။ ဖိနှိပ်မှု သိပ်ကြီးမားပြင်းထန်နေချိန်မှာ တော်လှန်သင့်မတော်လှန်သင့် စာအုပ်လှန်ပြီးချင့်ချိန်နေတာဟာ တော်လှန်ရေးကိုကြောက်လို့ဆင်ခြေပေးတဲ့ အချောင်သမားဝါဒပါပဲ။

နိဂုံးချုပ်ပါမယ်။ အခု လက်နက်ကိုင်တော်လှန်ရေးဟာ လူတဦးချင်းစီကိုရော၊ အဖွဲ့အစည်းတခုချင်းစီကိုပါ မှတ်ကျောက်တင် စမ်းသပ်နေတဲ့တော်လှန်ရေးပါပဲ။ ဒီကာလမှာ သင်ဘာလုပ်နေသလဲ ၊ သင့်အဖွဲ့ဘာလုပ်နေသလဲဆိုတာဟာ သင်တို့ရဲ့ သမိုင်းပါပဲ။ အခုသင်ဘာလုပ်နေသလဲဆိုတာဟာ သင့်သမိုင်းကိုသင်ရေးနေတာပဲဖြစ်ပါတယ်။

တော်လှန်ရေးဆိုတာ အဖိနှိပ်ခံလူတန်းစားများရဲ့ ပွဲတော်လို့ လီနင်က တင်စားပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *