လေ့လာရေး အုပ်စုမှ မြေအောက်တော်လှန်ရေး အဖွဲ့သို့
ရဲဘော်မောင်မောင်လတ်
(ဗမာပြည် ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ်အဖြစ်ထုတ်မယ့် အရေးတော်ပုံဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး)
နိုင်ငံရေးကို တကယ်လေးနက်တဲ့စိတ်နဲ့လေ့လာတဲ့အခါ နားမလည်တဲ့အချက်များကြောင့် အားမလိုအား မရ ဖြစ်မိပါတယ်။ ကျွန်တော်အလယ်တန်း၊ အထက်တန်းကျောင်းသားဘဝကတည်းက နိုင်ငံရေးစာအုပ်တချို့ကို ဖတ်ဖူးခဲ့ပါတယ်။ ကြုံကြိုက်လို့ပဲဖြစ်ဖြစ်၊ ကျောင်သားကြီးတယောက်ရဲ့ တိုက်တွန်းမှုကြောင့်ပဲဖြစ်ဖြစ် ဖတ်ဖူးခဲ့တာ ဖြစ်ပါတယ်။ မှတ်မိသလောက် သာဓကအနေနဲ့ပြောရရင် အနုပဋိလောမရုပ်ဝါဒ၊ ဦးအောင်သန်းရေး- ဆယ့်ခြောက်နှစ်ခရီး၊ ဗိုလ်မှူး ချစ်ကောင်းရေး- အနှစ်နှစ်ဆယ်၊ သခင်မြသန်းရေး- စာပေနှင့် လူမှုလက်တွေ့၊ လက်ယာ ဆိုရှယ်ဒီမိုကရက်များ သခင်ချစ်မောင်ရေး- ကမ္ဘာလှည့်သခင်ကိုယ်တော်မှိုင်း၊ ကြေးမုံဝင်းတင် ရေး- ကမ္ဘာနီတွင် တဒင်္ဂ အစရှိတာတွေဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခြောက်ဆယ့်လေးလမ်းစဉ်ကိုတောင် ဖတ်ဖူးခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ဘဝအတွေ့အကြုံနုနယ်သေးပြီး၊ ၆၂ ခုနှစ် ဇူလိုင် (၇)ရက် နေ့ ကျောင်းသားတွေအသတ်ခံရလို့ ကျောင်းသားငယ်တယောက်အနေနဲ့ ကျောင်းသားစိတ်ကြောင့် မခံမရပ်နိုင်ဖြစ်မိတာကလွဲလို့ လူတန်းစားပဋိပက္ခနဲ့ လူတန်းစားတိုက်တိုက်ပွဲမှာ နက်နက်ရှိုင်းရှိုင်းပါဝင်ခဲ့ရသေးတာ မဟုတ်ပါဘူး။ ဒီတော့ နိုင်ငံရေးစာအုပ်တွေဖတ်မိတဲ့အခါမှာလည်း လေးနက်တဲ့သဘောနဲ့ဖတ်ခဲ့တာမဟုတ်ခဲ့ပါ။ နားမလည်တာရှိရင်လည်း သိပ်စိတ် ပင်ပန်းခံပြီး၊ မစဉ်းစားခဲ့၊ နားလည်အောင်မကြိုးစားခဲ့ ရိုးအမှန်ပါ။ ရှင်းပြသူက ရှင်းပြတဲ့အခါမှာတောင် ရှင်းပြသူကိုယ်တိုင်က ရှင်းရှင်းလင်းလင်း မသိတာကြောင့်လားတော့ မသိပါ။ ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပါ။ ကိုယ်တိုင်က မလေးနက်တာကြောင့်လို့ပဲ ထင်ပါတယ်။
ကျွန်တော့်မိဘတွေက လယ်သမားတွေပါ။ ပြည်တွင်းစစ်ကြောင့် ရွာပျက်ပြီး၊ မြို့ပေါ်ကို အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာရပြီး၊ မြို့ပေါ်မှာ ခက်ခက်ခဲခဲ ဘဝရပ်တည်နေရသူတွေပါ။ ကျွန်တော့်ဆွေမျိုးတချို့ကတော့ မြို့ အနီးအနားဝန်းကျင်မှာ လယ်လုပ်ငန်းကို ဆက်လုပ်နေကြတုန်းပါ။ တခါတလေ ကျောင်းအားရက်တွေမှာ ဆွေမျိုးတွေရဲ့လယ်တောကို သူငယ်ချင်းတွေနဲ့အတူ ကျွန်တော် သွားလည်ပြီး၊ ဆော့ကစားလေ့ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော့်မှာ လယ်သမားလူတန်းစားရဲ့လူတန်းစားစိတ်ဓာတ် တစုံတရာရှိနေခဲ့တယ်လို့ ထင်ပါတယ်။
အရွယ်ရောက်လာလို့ လူတန်းစားပဋိပက္ခကို ပိုလို့ ကြုံတွေ့ခံစားလာရတဲ့အခါ၊ လယ်သမားတွေကို ကြည့်ပါတယ်။ အဲဒီအချိန်တုန်းက ပညာတတ်တချို့က ဗိုလ်နေဝင်းတို့အာဏာသိမ်းစစ်တပ်ရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာကို စိတ်ကူးယဉ်ကြပေမယ့်၊ လယ်ဧက ဆယ်ဂဏန်းချီပိုင်တဲ့လယ်သမားတွေက အစ လယ်သမားတွေဟာ စစ်အစိုးရ ဘာပြောပြော အကောင်းမမြင်ကြပါဘူး။ လယ်သမားတွေရဲ့ပြောပြချက်အရ စစ်အစိုးရတက်လာပြီးမကြာခင်မှာ သူတို့ရဲ့ စားဝတ်နေရေးအခြေအနေက ပိုဆိုးလာခဲ့တာ အမှန်ပါ။ နေ့စဉ် ထမင်းစားရာမှာ ငါးပိရည်နဲ့တို့စရာကိုသာ အားထားနေရတဲ့ဘဝမှာ ငါးပိရည်ထဲ ငရုတ်သီးမှုန့်တောင် နိုင်နိုင်ထည့်မစားနိုင်တော့တာ၊ ရေနွေးထဲမှာ လက်ဖက် ခြောက် ခပ်မသောက်နိုင်တော့တာ၊ ဖျားနာတဲ့အခါ ထန်းလျက်ခဲလေးတောင် မစားနိုင်တော့တာတွေ ပြောပြကြပါ တယ်။ လယ်သမားတွေက အုပ်စိုးသူလူတန်းစား (မဆလ စစ်အစိုးရ)ဆီက ဘာကောင်းကျိုးမှ မမျှော်လင့်ကြောင်းတွေ့ရတဲ့အခါ ကျွန်တော်လည်း မဆလ အစိုးရဆီက မျှော်လင့်စရာမရှိမှန်း သိလာခဲ့ပါတယ်။ စစ်အစိုးရ ဝါဒဖြန့်နေတဲ့ ဆိုရှယ်လစ်ဝါဒဆိုတာကို အယုံအကြည်မရှိတော့ပါ။၊ မဆလ စစ်အစိုးရဟာ ရန်သူဖြစ်တယ်လို့ သဘောပေါက်နားလည်လာခဲ့ပါတယ်။ ဘယ်သူ့ကိုအားကိုးပြီး (ဘယ်သူ့ဦးဆောင်မှုနဲ့) တိုက်ရမလဲလို့ရှာကြည့်လိုက်တော့ ဗမာပြည်ကွန်မြူနစ်ပါတီကလွဲလို့ တခြားအဖွဲ့အစည်းကို မမြင်ပါ။ ကျွန်တော်တို့မြို့နယ်က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အခြေခံဒေသတခုမဟုတ်တော့ ကွန်မြူနစ်ပါတီအကြောင်းလည်း ရေရေရာရာမသိပါ။
ဘာပဲဖြစ်ဖြစ် ပါတီအကြောင်းကို တချိန်ချိန်မှာသိလာရမယ်လို့ယုံကြည်ပါတယ်။ ပါတီအကြောင်းကို တောပြန် ပါတီရဲဘော်ဟောင်းကြီးတွေ(သစ္စာဖေါက်တွေမဟုတ်)ဆီမှာ မေးမြန်းကြည့်ပါတယ်။ ပါတီနဲ့ပတ်သက်တဲ့ ရနိုင်သမျှ စာအုပ်စာတမ်း၊ အချက်အလက်တွေကို လေ့လာပါတယ်။ ပါတီသစ္စာဖေါက်တွေရေးတဲ့ သခင်သန်းထွန်း နောက်ဆုံးနေ့များစာအုပ်ကအစ ဖတ်ပါတယ်။ အဲဒီစာအုပ်မှာ ပါတီကိုစိတ်ပျက်အောင်၊ အယုံအကြည်မဲ့အောင်၊ ကြောက်ရွံ့ရွှံရှာအောင် အမျိုးမျိုးရေးပြထားပေမယ့် ပါတီနဲ့ပတ်သက်လို့ ဒီသစ္စာဖေါက်အုပ်စုဖြစ်စေချင်သလို ကျွန်တော့်စိတ်မှာ ဖြစ်မလာခဲ့ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ပြည်သူတွေ အဖိနှိပ်ခံဘဝကလွတ်မြောက်ဖို့ ပါတီမရှိလို့မဖြစ်ဘူးလို့ ကျွန်တော် မြင်မိပါတယ်။ တနေ့မှာ ကျွန်တော်ဟာ ကွန်မြူနစ်ပါတီရဲ့ ရဲဘော်တယောက်၊ တော်လှန်ရေးသမားတယောက် ဖြစ်လာရမယ်လို့ယုံကြည်မိပါတယ်။ ဒီတော့ ခုကတည်းက နိုင်ငံရေးလေ့လာရမယ်၊ မာ့က်စ်ဝါဒလေ့လာရမယ်လို့ စိတ်ပိုင်းဖြတ်ပြီး၊ ကျွန်တော်လေ့လာရေးလုပ်ပါတယ်။
တကိုယ်တည်းလေ့လာရာမှာ နားမလည်တဲ့အချက်တွေ၊ ဆွေးနွေးစရာအချက်တွေ အတော်များများတွေ့ရပါတယ်။ ဒီတော့ ကျွန်တော့်အဖို့ ဦးဆောင်ဆွေးနွေးပြမယ့်သူနဲ့ ဆွေးနွေးဖော်ဆွေးနွေးဖက်တွေလိုပါတယ်။ အပြန်အလှန် အားပေးကူညီမယ့် အဖော်တွေလိုပါတယ်။ တနည်းအားဖြင့် လေ့လာရေးအုပ်စုတစု ရှိဖို့လိုပါတယ်။
ကျွန်တော်တို့ မြို့လေးမှာ လက်ဝဲအုပ်စုလို့ လူပြောသူပြောများတဲ့ လူငယ်အုပ်စုတစုရှိပါတယ်။ သူတို့က တအိမ် တည်းနေသူနှစ်ယောက်နဲ့ အိမ်နီးချင်းနှစ်ယောက်ရယ်၊ တခြားရပ်ကွက်မှာနေတဲ့ တယောက်ရယ်၊ အားလုံးပေါင်း လူ ငါးယောက်ပါတဲ့ အုပ်စုလေးတစုဖြစ်ပါတယ်။ အားလုံးက သူငယ်ချင်းတွေဖြစ်နေကြတော့ ပထမနှစ်ယောက်ရဲ့အိမ်မှာ နေ့တိုင်းလိုလို ညနေကျရင်ဆုံကြပါတယ်။ ဆုံကြတဲ့အခါ စာအကြောင်း၊ ပေအကြောင်းတွေကို တယောက် တပေါက်စီ ကြုံရာကျပန်းပြောကြတာလောက်ပဲရှိပါတယ်။ လေ့လာရေးကို စနစ်တကျ သတ်သတ်မှတ်မှတ် လုပ်ကြတာမဟုတ်ပါ။ သူတို့ကို ကျွန်တော် အားမရပါ။
ကျွန်တော်က အုပ်စုလေ့လာရေးကို စနစ်တကျလုပ်လိုပါတယ်။ တော်လှန်ရေးသမားတယောက်ဖြစ်လာတဲ့အခါ တော်လှန်ရေးတာဝန်တွေနဲ့အလုပ်များနေမှာမို့လို့ လေ့လာရေးအတွက် အချိန်သိပ်ပေးနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်စဉ်းစားမိပါတယ်။ ဒါ့ကြောင့် ခုကတည်းက လေ့လာရေးကို အချိန်ရတုန်း ဖိဖိစီးစီးလုပ်ထားဖို့လို ကြောင်း၊ လေ့လာရမယ့်စာအုပ်၊ လေ့လာရမယ့်အချိန်တာ၊ ဆွေးနွေးရမယ့်အချိန်တွေကို သတ်မှတ်ပြီး၊ အုပ်စုလေ့လာရေးကို တိတိကျကျလုပ်သင့်ကြောင်း အုပ်စုဝင်တွေကို ကျွန်တော်အကြံပေးပါတယ်။ သူတို့က အသက်အစိတ် ပတ်ဝန်းကျင် အရွယ်တွေဖြစ်ပြီး၊ သူတို့ထက် အသက် ငါးနှစ်၊ ခြောက်နှစ်ငယ်တဲ့အရွယ် တမြို့တည်းသားဖြစ်သူ ကျွန်တော့်ကို ချာတိတ်လေးတယောက်လို့သာ သဘောထားကြဟန်တူပါတယ်။ ကျွန်တော်ပြောတာကို အရေးမစိုက်ပါ။
ဒီအုပ်စုနဲ့ စနစ်ကျတဲ့လေ့လာရေး လုပ်လို့မရတော့တဲ့နောက်မှာ လေ့လာရေးအုပ်စုတစုဖွဲ့ဖို့ ရွယ်တူသူငယ်ချင်းတွေ ထဲမှာ လိုက်စည်းရုံးကြည့်ပါတယ်။ နိုင်ငံရေးစိတ်ဝင်စားပြီး၊ စာဖတ်အလေ့အကျင့်ရှိတဲ့ သူငယ်ချင်းနှစ်ယောက်လောက် ရှာတွေ့ပါတယ်။ သူတို့လည်း လေ့လာရေးအုပ်စုတစုအနေနဲ့ စည်းကမ်းသတ်မှတ်ပြီး လေ့လာဖို့လောက်အထိ စိတ်အားထက်သန်မှု မရှိပါ။ လေ့လာရေးကို ပေါ့ပေါ့တန်တန် သဘောထားကြတာတွေ့ရပါတယ်။ လေ့လာရေးကို အလေးအနက်သဘောထားပြီး လုပ်ဖို့ သူတို့ကို ဘယ်လို အားပေးတိုက်တွန်းလို့မှမရပါ။ နောက်ဆုံးတော့ ကျွန်တော်လက်လျှော့ပြီး၊ လေ့လာရေးနဲ့ပတ်သက်လို့ တကိုယ်တည်းအထီးကျန် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဖြစ်စေချင်တဲ့ လေ့လာရေးအုပ်စုဖွဲ့ရေးကို လက်လျှော့လိုက်ရပါတော့တယ်။ မိမိရဲ့လေ့လာရေးကိုတော့ စိုက်လိုက် မတ်တတ် ဆက်လုပ်ပါတယ်။
၁၉၇၄ ခုနှစ်၊ ဇွန်လမှာ အလုပ်သမား သပိတ်၊ ၁၉၇၄-၇၅မှာ ဦးသန့်ဈာပနကိုအကြောင်းပြုပြီးဖြစ်ပွားတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကျောင်းသားနဲ့ မြို့နေ လူထုလှုပ်ရှားမှုနဲ့၊ ၁၉၇၅ ခုနှစ် ရွှေတိဂုံအရေးအခင်းလို့ခေါ်တဲ့ ကျောင်းသားလှုပ်ရှားမှု ဖြစ်ပွားလာခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေကြောင့် ကျွန်တော်တို့မြို့က လူငယ်တချို့လည်း စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ဖို့ နိုးကြားလာခဲ့တာ တွေ့ရပါတယ်။ ဒီအချိန်မှာ ကျွန်တော့်ထက် အသက်တနှစ်ငယ် သို့မဟုတ် ကျောင်းနေစဉ်က အတန်းတတန်းငယ်တဲ့ သူငယ်ချင်း (၄)ယောက်ရယ်၊ အတန်းတူနေခဲ့ဖူးပြီး၊ ကျွန်တော်ထက် အသက် နှစ်နှစ်ကြီးတဲ့ သူငယ်ချင်းတယောက်ရယ်၊ အားလုံးပေါင်း (၅)ယောက် က ကျွန်တော်မျှော်လင့်မထားတဲ့သဘောထားနဲ့ ကျွန်တော့်ကိုချဉ်းကပ်လာကြပါတယ်။ သူတို့ နိုင်ငံရေး လေ့လာလိုကြောင်း၊ သူတို့ နိုင်ငံရေးလေ့လာဖို့ အကူအညီပေးစေလိုကြောင်း ပြောလာပါတယ်။
လေ့လာရေးအုပ်စုဖွဲ့ဖို့ အခွင့်အလမ်းကြီးကို မမျှော်လင့်ဘဲရလိုက်လို့ ကျွန်တော် အတော်အားတက်မိပါတယ်။ သူတို့ အများစုက ကျွန်တော်ထက်ငယ်သူတွေလည်းဖြစ်၊ သူတို့ကိုယ်တိုင်က လိုလိုလားလားတောင်းဆိုတာလည်း ဖြစ်တာကြောင့် လေ့လာရေးအုပ်စုဖွဲ့ရေး၊ စည်းကမ်းသတ်မှတ်ရေးအတွက် ကျွန်တော့်မှာ ပြောအားရှိပါတယ်။ စည်းကမ်းနဲ့ပတ်သက်လို့ ထူးထူးခြားခြား တိတိကျကျ ချမှတ်ခြင်းမရှိပါဘူး။ ကျွန်တော်တို့အားလုံးဟာ လူမှုရေးအရ၊ ယဉ်ကျေးမှုအရပြောရရင် အပြစ်အနာအဆာကင်းသူတွေ ဖြစ်ကြပါတယ်။ ပါတီကောင်စီ အာဏာပိုင်တွေ မျက်စိမကျအောင် လေ့လာတာတွေ၊ ဆွေးနွေးတာတွေကို သိုသိုသိပ်သိပ်လုပ်ကြဖို့နဲ့၊ သတ်မှတ်ထားတဲ့ လေ့လာစရာ စာအုပ်စာတမ်းကိုလေ့လာပြီး၊ ဆွေးနွေးဝိုင်းကို သတ်မှတ်ရက်၊ သတ်မှတ်ချိန်တွေမှာ မပျက်မကွက်တက်ရောက်ကြဖို့ သဘောတူဆုံးဖြတ်ကြပါတယ်။ ဆွေးနွေးတဲ့နေရာကိုတော့ ပုံသေသတ်မှတ်ထားတာမရှိဘဲ၊ လူမနေတဲ့ အိမ်တွေရှာပြီး၊ ဆွေးနွေးကြပါတယ်။
ပထမတော့ စာအုပ်တအုပ်၊ စာစောင်တစောင်ချင်းကို လေ့လာကြပါတယ်။ သာဓကအားဖြင့်၊ မော်စီတုန်းရဲ့ ပြည်သူ့ အကျိုးဆောင်ကြ၊ ဒီမိုကရေစီသစ်တို့ ဖြစ်ပါတယ်။ သူငယ်ချင်းတွေအားလုံး စိတ်ထက်ထက်သန်သန် လေ့လာပြီး၊ တက်တက်ကြွကြွဆွေးနွေးကြတာတွေ့ရလို့ ကျွန်တော့်ရည်မှန်းချက်တခု အောင်မြင်တယ်လို့ ဆိုရပါမယ်။
နောက်ပိုင်းမှာ စာတအုပ်၊ စာတစောင်ချင်း လေ့လာရာကနေ ဘာသာရပ် (သို့မဟုတ်) အကြောင်းအရာတခုခုကို လေ့လာတဲ့အဆင့်ဆီ ကျွန်တော်တို့ တက်လှမ်းခဲ့ပါတယ်။ သာဓကအားဖြင့်၊ လူတန်းစားဆိုတဲ့အကြောင်းအရာကို လေ့လာဖို့သတ်မှတ်ပြီး၊ မော်စီတုန်းရဲ့ တရုပ်ပြည်လူ့အဖွဲ့ အစည်းမှ လူတန်းစားများကို ခွဲခြမ်းစိတ်ဖြာချက်၊ ကျေးလက်လူတန်းစားများကို ဘယ်လိုခွဲခြားမလဲ၊ တရုပ်ပြည်တော်လှန်ရေးနှင့် တရုပ်ပြည်ကွန်မြူနစ်ပါတီ၊ The Peasant War in Germany (Frederick Engels)စာအုပ်ရဲ့ အမှာစာပါ ဂျာမဏီပြည်ရဲ့ လူတန်းစားခွဲခြမ်းစိတ်ဖြာချက်တို့ကို ကိုးကားပါတယ်။
ဒီလိုအုပ်စုဖွဲ့ လေ့လာခြင်းအားဖြင့် အုပ်စုဝင်တွေဟာ လေ့လာသင့်တယ်လို့ အများသဘောတူသတ်မှတ်ထားတဲ့ စာအုပ်စာတမ်းတွေကို မပျက်မကွက်လေ့လာဖြစ်တယ်။ နိုင်ငံရေးအသိအမြင်တိုးလာတယ်။ တော်လှန်ရေးသမားတယောက်ဖြစ်ဖို့ အတွေးအခေါ်အရနီးစပ်လာတယ်။
အုပ်စုဝင်အချင်းချင်း အပြန်အလှန်ဆွေးနွေးခြင်းအားဖြင့် တဦးချင်းအနေနဲ့ နားမလည်တဲ့အချက်တွေကို နားလည်အောင် ကြိုးစားနိုင်တယ်။
တဦးချင်းရဲ့စိတ်မှာ ငါ့မှာ အုပ်စုရှိတယ်ဆိုတဲ့အသိကြောင့် လူတန်းစားရန်သူတွေနဲ့ဆက်ဆံရာမှာ စိတ်ဓါတ်အင်အား ရှိလာတယ်။ သတ္တိပိုရှိလာတယ်။
အဲဒီအချိန်တုန်းက ပါတီရဲ့ မြို့ပြမြေအောက်တော်လှန်ရေးလုပ်ငန်း ရပ်ထားတာကြာပြီလို့ကျွန်တော်တို့ ကြားထားပါတယ်။ ဒါပေမယ့် လေ့လာစရာရှိတာကို လေ့လာထားရမယ်ဆိုတဲ့အသိနဲ့ ကျွန်တော်တို့တတွေ အုပ်စုလေ့လာရေးကို တက်တက်ကြွကြွ ဆက်လုပ်ကြပါတယ်။ ဗမာပြည်ကွန်ပါတီမဟုတ်တဲ့ တခြားအဖွဲ့ အစည်းတချို့နဲ့ဆက်သွယ်ဖို့ အခွင့်အရေးရပေမယ့် ကျွန်တော်တို့မဆက်သွယ်ခဲ့ပါ။ (ကွန်မြူနစ်ပါတီ အသစ်တည်ထောင်မယ်ဆိုတဲ့ အုပ်စုတစုကိုတောင် ကျွန်တော်အဆက်အသွယ်ရခဲ့ဖူးပါတယ်။) ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဦးဆောင်မှုကလွဲလို့ တခြား ဘယ်အဖွဲ့အစည်းကိုမှ ကျွန်တော်တို့မယုံကြည်ပါ။
ကံကောင်းချင် တော့၊ တနှစ်လောက်အကြာမှာ ပြန်လည်တည်ထောင်စပါတီရဲ့ ရန်သူ့ဒေသ မြေအောက်တော်လှန်ရေးအဖွဲ့နဲ့ ကျွန်တော် အဆက်အသွယ်ရခဲ့ပါတယ်။ ပါတီရဲ့တာဝန်ရှိရဲဘော်ကို ကျွန်တော့် အုပ်စု အကြောင်း အစီရင်ခံတင်ပြပါတယ်။ ပါတီရဲဘော်အဖြစ် ကျွန်တော်တဦးချင်းအနေနဲ့ အသိအမှတ်ပြုခံရပြီးတဲ့နောက်မှာ ကျွန်တော်က ကျွန်တော့်အုပ်စုရဲ့လေ့လာရေးကို ဦးဆောင်ရင်း၊ သူတို့ကို မြေအောက်တော်လှန်ရေး လုပ်ငန်းလုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုလုပ် ပေးပါတယ်။
တနှစ်လောက်အကြာမှာ ကျွန်တော်တို့ လေ့လာရေး အုပ်စုဝင်အားလုံး ပါတီရဲ့မြေအောက်တော်လှန်ရေးလှုပ်ရှားမှု လုပ်ငန်းနယ်ပယ်အသီးသီးမှာ ပါဝင်လာနိုင်ခဲ့ပါတယ်။
ရဲဘော် မောင်မောင်လတ်
၂၁-၆-၂၀၂၄