ထွန်းမြတ်ကျော်
(၁)
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတွေရဲ့ ဝှက်စာစက် အင်နက်ဂမာ ကပေးပို့တဲ့ စစ်သတင်းကြေးနန်းများကို ဗြိတိသျှ စစ်ထောက်လှမ်းရေးအဖွဲ့က ဖော်ထုတ်နိုင် ခဲ့ပါတယ်။ အဲဒီအကျိုးဆက်ကြောင့် ဒုတိယကမ္ဘာစစ်ဟာ ၂နှစ် စောပြီး ပြီး ဆုံးခဲ့သလို လူဦးရေ (၁၄) သန်းရဲ့ အသက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခက်အခဲအမျိုးမျိုးကြားထဲက ၂ နှစ်အကြာ ကြိုးစားလုံးပန်းခဲ့ရာမှာ နာဇီဂျာမနီရဲ့ အင်နက်ဂမာ စက်ထဲက စစ်သတင်းတွေကို ကြားဖြတ် ဖော်ထုတ် နိုင်ခဲ့တဲ့ သင်္ချာပညာရှင်ကတော့ အလန်ကျူရင်း (Alan Turing)ဆိုသူပဲ ဖြစ် ပါတယ်။
(၂)
ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်တော့ရန်သူ့ကြေးနန်းသတင်းများကိုစက်ထဲကတဆင့်ကြားဖြတ်ဖမ်းယူရာတွင်ကီးကျွမ်းကျင်ဖို့ လိုပါတယ်။ ရရှိတဲ့ ဝှက်စာ များကို ဖော်ယူဖို့ သင်္ချာဉာဏ်အခြေခံနဲ့တီထွင်ကြံဆချက်တွေ ရှိရပါမယ်။ တစုံတရာ အတွေ့အကြုံနဲ့ ဇွဲလုံ့လဝိရိယရှိရပါမယ်။ အချက်တချက်အနေနဲ့ ကတော့ ပါတီအတွက် စစ်ရေးအရ လိုအပ်ချက် ဖြည့်ဆည်းမယ်ဆိုတဲ့သန္နိဋ္ဌာန် ရှိရပါမယ်။
ကိုစောထိုက အထက်ဖော်ပြပါအချက်တွေနဲ့ ပြည့်စုံကျော်လွန်တဲ့ ကျွန်တော်တို့ ဗဟိုကြားဖြတ်အဖွဲ့ရဲ့ အဖွဲ့မှူး ဖြစ်ပါတယ်။ ကျွန်တော်တို့က ကိုစောထိုကို (ကစထ)လို့နာမည်ပြောင်ခေါ်ပါတယ်။ ကာကွယ်ရေး စစ်ဦးစီးဌာနချုပ်ကို (ကစထ) လို့အတိုကောက်သုံးလို့ပါ။ သူ့ကို ကစထ မှူးလို့ခေါ်လည်း လုံလောက်ပါပေတယ်။
အင်နက်ဂမာ စက် အခန်းထဲက ပညာရှင်တွေကို ဦးစီးတဲ့ ဗိုလ်မှူးက “မင်းတို့ ငါတို့ အခုလုပ်နေတဲ့ အခန်းဟာ ဂျာမနီတွေရဲ့ စစ်ဦးစီးဌာနချုပ်ဆိုလဲ မမှားဘူးကွ “ ပြောစမှတ်ပြုပါတယ်။
(၃)
ရန်သူ့တိုင်း၊ တပ်မ၊ နဗဟ၊ စဗဟ၊ တပ်ရင်း…အထက်အောက်အပြန်အလှန်ဆက် သွယ်တဲ့ ကြေးနန်းအရေအတွက်မှာ တရက် ကို ရာချီရှိတတ်ပါတယ်။
ဦး၊ ရေး၊ ထောက်၊ ဆေး စသဖြင့် ခေါင်းစဉ်များလည်း အများအပြားပါ။ အားလုံးနီးပါးလောက်ကို လူ ၆ ယောက်ခန့်ဖြင့် ဖမ်းယူကြရပါတယ်။ ရရှိကြေးနန်းများ ကို ကြည်ရှုသုံးသပ်ပြီး ဝှက်စာပြုစုရတာက ဆရာကိုစောထိုပဲ ဖြစ်ပါတယ်။
သူကိုယ်တိုင်လည်း ဖမ်း-ဖော် လုပ်တတ်ပါတယ်။ အရှေ့မြောက်နဲ့ ရင်ဆိုင်ထားရတဲ့ ရန်သူ့ စစ်တိုင်းဟာ ရမခ ပါ ။ရမခ ထဲမှာမှ အဓိက ရင်ဆိုင်ထားရတဲ့ တပ်က တမခ ၇၇ ဖြစ်ပါတယ်။၇၇ ကီးလက်သံ ဟာတမိနစ်ကို ၇၅ ရှိတာမို့ တော်ရုံ မဖမ်းနိုင်ကြသေးပါ။ ကိုစောထိုက ဖမ်းနိုင်တဲ့အပြင် တပ်မ ၇၇ လက်သံကို တူအောင် ရိုက်တတ်ပါသေးတယ်။ တခါတရံ ပို့-ဖမ်းစက် ရှိတဲ့ နေရာတွေမှာ တပ်မ ၇၇ စက်ထဲဝင်ပြီး သူတို့လက်အောက်ခံ တပ်ရင်းစက် အသွင်ယူကာ လိုချင်တဲ့ လှိုင်းနှုန်း အချက်အလက်တွေ ဝင်ယူတတ်ပါတယ်တဲ့။
ဝှက်စာဖော်ရမယ့် သော့ချက်မရရင် ရထားတဲ့ကြေးနန်းများဟာ ဘာမှ အဓိပ္ပာယ် မရှိပါ။ တနေ့တာ ကြေးနန်းများ အသုံးမဝင်ပါ။ ဘာအကြောင်း ပြောထား မှန်းလည်း မသိ ။ တချို့ အရေးကြီး ကြေးနန်းမှန်းသိသော်လည်း အကြောင်းအရာ ဘာမှန်းမသိတော့ အနေခက်ရပါတယ်။
ဗဟိုရုံးက မီးစက်က ပေးတဲ့ မီးက သိပ်အားမများတော့ ဖလ်မီးသီး မှိန်ဖျော့ဖျော့မို့ ခရမ်းချဉ်သီးလောက်တောင်မနီဘူးလို့ ပြောစမှတ်ပြုရတာပါ။
ည၈နာရီလောက်အထိပဲရပါတယ်။ ကျန်အချိန်တွေမှာတော့ ဖယောင်းတိုင် မီး နဲ့ နှစ်ပါးသွားရတော့တာပါပဲ။
ဝါးနဲ့လုပ်ထားတဲ့ ထိုင်ခုံမှာ ဒူးတဖက်ထောင်ရင်း ရန်သူ့ ကြေးနန်းတွေကို ဖြန့်ခင်းပြီး ခဲတံနဲ့ ဟိုခြစ်ဒီခြစ် လုပ်တတ်သူက ကျွန်တော်တို့ ဆရာ ကိုစောထိုပါ။ လက်ထဲက ဝှက်စာပြားကိုလည်း ဖဲချပ်များ ကစားသလို ယပ်တောင်ပုံလုပ်လိုက် ဖဲဝေသလို ဖဲချိုးသလို လုပ်လိုက်နဲ့ ဗျာများ နေတာပါပဲ။ ကျွန်တော်တို့ သင်တန်းသားတသိုက်ကတော့ ကြေးနန်း ဖမ်းပေးရုံကလွဲ လို့ ဘာမှ မတတ်သေးတာမို့ အသိုက်ထဲက ဗိုက်ဆာလို့ တစာစာ အော်နေတဲ့ ငှက်ပေါက်စလေးတွေပမာ ငှက်မကြီး သူ့ကို ဝိုင်းအုံ ကြည့်နေရုံကလွဲ လို့ ဘာမျှမတတ်နိုင်ရှာ။
ဝှက်စာသော့ချက်ရပြီ ဆိုရင်တော့ ထမင်းမေ့ ဟင်းမေ့ ကြေးနန်းတွေကို ဝါးစားတော့မယ့်အလား အားလုံး ဝိုင်းအုံဖော်ယူတတ်ကြပါတယ်။
ဖော်ပြီးကြေးနန်းတွေကို အချောကူးပြီး အရေးကြီး စီမံချက်တွေဆိုရင် ဗဟိုစစ် ကော်မရှင်ကို အမြန် ပို့ ကြရပါတယ်။
ရန်သူ့ဆီက ရတဲ့ စီမံချက်၊ သတင်း။တွေကို ဗဟိုစစ်ကော်မရှင်က ပါးနပ်စွာ အသုံး ချတာပါ။ ကျွန်တော်တို့ ပြောပြောနေကျ အစိမ်းလိုက် အသုံးချတာ မဟုတ်ပါ။ မလိုအပ်ဘဲ မသက်ဆိုင်သူများကို ချမပြပါ။ ရရှိသော စီမံချက်ကို တန်ပြန် စစ်ဗျူဟာနဲ့ တိုက်စစ်ဆင်တတ်ပါတယ်။ မိမိက လက်ဦးမှုရယူ တတ်ပါ တယ်။ တခါတရံ ရန်သူက သူတို့စီမံချက် အတိုင်းမလုပ်ဘဲ ပြောင်းလဲ လုပ်ဆောင် တာတွေလုပ်ပါတယ်။ ရန်သူ့တပ်တွေဟာ ဗကပရဲ့ ဖြတ်တိုက်တာ ခံရဖန်များ တော့ အထက်ကို တင်ပြတော့ တမျိုး သူတို့ချီတက်တော့ လမ်းကြောင်းတမျိုး ပြောင်းတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ် မူတည်ပြီး စစ်မြေပြင်မှာ စစ်နည်း ဗျူဟာ ချက်ခြင်းပြောင်း လဲရပါတော့တယ်။
ဒါမှလည်း ရန်သူချေမှုန်းရေးလုပ်နိုင်မှာပါ။ ကျွန်တော်တို့အဖွဲရဲ့ပါတီအပေါ် အကောင်းဆုံး အကျိုးပြုခြင်းပါ။ ဒါကြောင့်လည်း အရှေ့မြောက်စစ်ဒေသ တိုက်ပွဲ အတော်များများဟာ ကြားဖြတ်သတင်းများကို အရန်အဖြစ်ထားပြီး မိမိ စစ်နည်း ဗျူဟာမြောက် ပေါင်းစပ်ကျင့်သုံးခြင်းကြောင့် မိမိ အကျအဆုံးနည်းနည်းနဲ့ ရန်သူများများကို ချေမှုန်းနိုင်ခြင်းပဲဖြစ်ပါတယ်။
ရန်သူ ခြေမှုန်းနိုင်ခြင်း ဟာ မိမိအင်အား ထိန်းသိန်း နိုင်ခြင်းပဲမဟုတ်ပါလား
(ကျွန်တော်ကဘုရားသခင်လား မဟုတ်ဘူး ဘာကြောင့်ဆို ဘုရားသခင်က စစ်ပွဲကို မနိုင်ခဲ့ဘူး ကျွန်တော်တို့က နိုင်ခဲ့တယ်။) (အလန်ကျူရင်း )
(၄)
ကိုစောထို က နည်း(၃)နည်း(နဲ ၃ နဲ) သမားပါ။ စကားနည်း(နဲ)။ အစားနည်း (နဲ)။အအိပ်နည်း(နဲ) သူပါ။
သူ့စိတ်ထဲမှာ အလုပ်ကလွဲလို့ဘာမှရှိပုံမရပါ။ အလုပ်မရှိ မနေတတ်သူလည်း ဖြစ်ပါတယ်။ စခန်းကပျက်တဲ့ ကြားဖြတ်စက်တွေ သူပဲ ပြင်တာပါ။ တပည့်တွေကို ကီး ရိုက်သင်ပေးတာ။ ဝှက်စာပြုစုရတာတွေက သူ့အတွက် နေ့စဉ်အလုပ်တွေပဲ ဖြစ်ပါတယ်။
တခါတရံ ညဉ့်နက်ရင် ဗဟိုရုံးနဲ့အတန်ငယ်ဝေးတဲ့ သူ့အိမ်ပြည်သူ့အသံ ကုန်းကို မပြန်တော့ပါ။ ကျွန်တော့်အခန်း လာပြီး အိပ်ပါတယ်။ ည ဖက်အလုပ်နဲ့ ပတ်သက်လို့ တစုံတခု သတိရရင် ဝါး ကုတင်ပေါ်က လွှားကနဲ ဆင်းပြီး ဘေးက အလုပ်ခန်းကို သွားတတ်ပါတယ်။
ကိုစောထို အိပ်ရာက နိုးတာနဲ့ မီးဖိုထဲက ပြာနဲ့ဖြစ်ဖြစ် သူ့ဆေးလိပ်ပြာခွက်ထဲက ပြာနဲ့ဖြစ်ဖြစ်သွားတိုက်တတ်ပါတယ်။ (ကျွန်တော်တို့စခန်းက တရုတ်ဆားအခဲ အတုံးကြီးတွေမို့ ဓားနဲ့ခြစ်ပြီးမှ အမှုန့်ထွက်ပါတယ် ။ ဆားအသင့်မရှိပါ။) လက်ထဲ ရေဆွတ်၊ မျက်နာသစ်၊ ပိုတဲ့ရေ နဲ့ ခေါင်းသပ်ချလိုက်တာနဲ့ ကိုစောထို မျက်နှာသစ်တာပြီးပါတယ်။
မင်းရန်အောင် ထိုးစစ် (၂)အပြီး ကိုစောထို ကျန်းမာရေးမကောင်းလို့တရုတ်ပြည် ဆေးကုသွားရပါတယ်။ ဆေးကုနေတုန်း နောက်ဆုံး အခြေအနေရောက် နေတယ် ဆိုလို့ ရဲဘော်ထွန်းက အရိုးပြာယူဖို့ ရဲဘော်နေနိုင်ကို စေလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ ကိုစောထိုဟာ အကောင်းပကတိ ပြန်လာခဲ့လို့ အားလုံး ဝမ်းသာကြ ရပါတယ်။ အဲဒီနောက်ပိုင်း ကိုစောထိုကို အထူးရိက္ခာငွေပေးအပ်ပြီး အလုပ်က အနားယူခိုင်းရပါတယ်။ ကျွန်တော်အပါအဝင် သူတပည့် အများစု ကလည်း အတောင်အလက်စုံလင် လုပ်ငန်း ခွင်သို့ ကောင်းစွာ ဝင် နိုင်ကြပြီ မဟုတ်ပါလား။
(၅)
နှစ်ပေါင်း (၃၅)နှစ်ကျော် ကြာမြင့်ပြီ မှ ထိုင်းနယ်စပ်တနေရာကို ဆေးကုသဖို့ ရောက်နေတဲ့ ကိုစောထိုနဲ့ မမျှော်လင့်ဘဲ VIDEO CALL နဲ့ စကားပြောခွင့် ရခဲ့ပါတယ်။ သူ့ရဲ့ မပျောက်မပျက် အမြဲတန်းရယ်နေတဲ့ မျက်လုံး ကိုတွေ့မြင်ခွင့်ရခဲ့ပါတယ်။ ကိုစောထိုကအရယ်လည်း ချွေတာတတ်သူပါ။ သဘောကျရင် လေချွန်သလို နှုတ်ခမ်းလေးစုပြီး ပြုံးတတ်ပါတယ်။ နောက်တဆင့် သိပ်သဘောကျမှ သွားပေါ်အောင် ရယ်တတ်ပါတယ်။ အဲဒီအရယ်ဟာ သူ့မေးရိုးကား ကြီး ပေါ် ချိတ်တက်သွားမယောင်ပေါ့။
သူနဲ့မိနစ်အချို့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း အပျော်တွေအလွမ်းတွေ ကူးစက်ခံစား ရပါတယ်။ မှတ်မှတ်ရရ သူနဲ့ တခုပြောဖြစ်တယ်။
တခါသား ပန်ဆန်းဗဟိုရုံးကို မရောက်တာကြပြီဖြစ်တဲ့ ကိုစောထိုရောက်လာပြီး အလုပ်ကိစ္စတွေ ဆွေးနွေး ကြပါတယ်။ ညနေရောက်တော့ ထမင်းစားပြီး မှ ပြန်ဖို့ တောင်း ဆိုလိုက်ပါတယ်။ ကျွန်တော်က ထမင်းပွဲကို အလုပ်ခန်းအပြင်ဖက် ဝါး စားပွဲ မှာ ပြင်ဆင်ရပါတယ်။ ပြင်ဆင်တယ်ဆိုပေမယ့် ကျွန်တော်တို့ ရိက္ခာရုံ က ဘုံ စားမို့ ဟင်းညံ့ပါတယ်။ ဇလုံ အကြီးကြီးထဲမှာ ကျောက်ဖရုံသီး သုံး-လေးဖတ်ပါ အရည်များများမှန်ရောင် ဟင်းရည် သာဖြစ်ပါတယ်။ ထမင်းစားဖို့ ရဲဘော်တွေနဲ့ ရှေ့ဆုံးက ထွက်လာတဲ့ ကိုစောထိုဟာ ဟင်းရည်ဇလုံကို လက်ဆေး ရည် ထင်ပြီး လက်နှစ်ဆေး ချလိုက်ပါတယ်။အားလုံးက ဟာ ဟင် ဖြစ်သွား ကြလေရော။ ငိုအားထက် ရယ်အားသန် အရန်ထားတဲ့ပဲပုပ်လေးထောင်းပြီး ဧည့်ခံလိုက်ရပါတော့တယ်။
အဲဒီအကြောင်းပြန်ပြောင်းပြောပြတော့ ကိုစောထိုက မေးရိုးကားကြီးချိတ်အောင် ရယ်လိုက်ပုံများ ခုထိ မျက်စိထဲက မထွက်တော့ပါ။
“ပြန်တွေ့ကြမယ်၊ သိပ်မဝေးတော့ဘူး ။ နီးနေပြီ ” ။ ဒါက သူ နောက်ဆုံးပြောသွားတဲ့ စကား ပါ။
ကိုစောထို ကသိပ်မဝေးတော့ဘူး ပြောပြီး ထွက်သွားလိုက်တဲ့ ခရီးက တခါမှ ပြန် မတွေ့ဆုံနိုင် မယ့် အဝေးဆုံးခရီးရှည်ကြီး။
မည်သို့ဆိုစေ ကို စောထို ကျွန်တော်တို့နဲ့ အနီးဆုံးနေရာမှာ ထာဝရ ရှိနေမှာပါ။
ကောင်းမွန်စွာ အနားယူပါဆရာ − ရဲဘော် −ကိုစောထို
ကိုးကား။ the Imitation Game ရုပ်ရှင်