လက်ရှိဗမာနိုင်ငံရေးအခြေအနေနှင့် ပတ်သတ်ပြီးတော့ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ် မေးမြန်းတဲ့အခါမှာ ခါတိုင်းဖြေနေကျ ရဲဘော်ဖိုးသံချောင်းအစား ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နံပါတ်(၂) ရဲဘော်မင်းနိုင်က ဖြေဆိုပေးထားပါတယ်။
TM Media – ဟုတ်ကဲ့ ရဲဘော်မင်းနိုင်ခင်ဗျ … ပထမဆုံးအနေနဲ့ မေးချင်တာကတော့ ရဲဘော်မင်းနိုင်အကြောင်းပါ။ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်တွေက တော်တော်လျှို့ဝှက်ကြတယ်ဆိုတော့ ရဲဘော်မင်းနိုင်ကို သိသူနည်းပါလိမ့်မယ်။ ကျနော်လည်း သိချင်သလို အများပြည်သူတွေကလည်း ရဲဘော်မင်းနိုင်အကြောင်းကို သိချင်မှာပါ။ ဒီတော့ပြောနိုင်သလောက်
ပြောပြပေးပါခင်ဗျ။
ရဲဘော်မင်းနိုင် ။ ။ ကျနော်က ၇၄/၇၅/၇၆ကျောင်းသားမျိုးဆက်ဟောင်းတယောက်ပါ။အဲဒီကာလမှာ အခြားကျောင်းသားတွေ လိုပဲကျနော်တို့ လည်း လှုပ်ရှားမှုတွေမှာ ဝင်ပါကြတယ်။ ဝင် လှုပ်ရှားကြတယ်။ အဲလိုလုပ်ရင်းကနေပြီးတော့ ပါတီနဲ့ အဆက်ရခဲ့တာပေါ့ ၊အဲဒီကနေမှ နောက်ပိုင်းတော့ ပါတီကိုရောက်လာတာပေါ့။ လောလောဆယ်တော့ ခုလောက်ပဲ ပြောလို့ရဦးမယ်။ အတိုချုံးပေါ့။
TM Media ။ ။ ကျနော်တို့ သတင်းသမားတွေကတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဆိုလို့ရှိရင် ရဲဘော်ဖိုးသံချောင်းလို့ သိထားတာ နှစ်ပေါင်း ၂၀လောက်ရှိပါပြီ။ ခုလည်း ရဲဘော်ဖိုးသံချောင်းနဲ့ မေးရလိမ့်မယ်လို့ အစကထင်ထားတာပါ။အခု ပြောခွင့်ရသူ နံပါတ်(၂) ဆိုပြီးတော့ရဲဘော်မင်းနိုင်နဲ့ ပြောခွင့်ရတာလည်း ဝမ်းသာပါတယ်။ သိချင်တာတခုကတော့ ခုလို ပြောခွင့်ရသူ နံပါတ်(၂) ဆိုပြီးတော့ တိုးချဲ့ခန့်ထားလိုက်တာက ဘာကြောင့်ပါလဲ ခင်ဗျ။
ရဲဘော်မင်းနိုင် ။ ။ ကျနော်တို့ ရဲဘော်ကြီးကအင်တာဗျူးတခုမှာ ပြောခဲ့တာနဲ့ ပတ်သတ်ပြီးတော့ မရှင်းမလင်း ဖြစ်ပြီးတော့ ဂယက်လေး နည်းနည်းဖြစ်သွားတာပေါ့။ သူ့မှာကလည်း သူ့အသက်အရွယ်ကော ၊ သူ့ကျန်းမာရေးကော နောက်ပြီးတော့ သူ့အလုပ်တာဝန်တွေလည်း များတဲ့အတွက်ကြောင့်မို့လို့ ကျနော်က ဝင်ပြီးအားဖြည့်ပေးဖို့ဒီတာဝန်ကို ယူခဲ့တာပါ။
TM Media ။ ။ ဆရာဖြေသွားတဲ့အထဲမှာကျနော်စိတ်ဝင်စားတာ နှစ်ခုကို ပြန်မေးချင်ပါတယ်။ ပထမ တခုကတော့ အခုတကြိမ်စစ်တပ်အာဏာသိမ်းမှုနောက်မှာ ၊ PLA လည်း ပြန်လည်ဖွဲ့စည်းပြီးတဲ့နောက်မှာဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အပြောင်းအလဲတွေကို ကြားလာရပါတယ်။ PLA ရဲဘော်တွေရဲ့ အင်တာဗျူးတွေကိုလည်း ကြားလာရပါတယ်။ အခု ပြောရေးဆိုခွင့်ရှိသူ (၂) အနေနဲ့ဖြေတာမျိုးလည်း ကြားလာရပါတယ်။ ဒီတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ နောက်မျိုးဆက်ကို လက်ဆင့်ကမ်းဖို့ ကြိုးစားနေပါပြီလား။
ရဲဘော်မင်းနိုင် ။ ။ ကျနော်တို့ ပါတီက စထောင်ပြီးကတည်းကတော့ မျိုးဆက်တဆက်ပြီး တောက်လျှောက်လက်ဆင့်ကမ်းခဲ့တာပါပဲ။ ဒါကြောင့်လည်း ခုချိန် ၈၅ နှစ်ထိသက်တမ်းရှည်ခဲ့တာပေါ့။ ခုလည်း ကျနော်တို့က နောက်မျိုးဆက်ကို ထပ်ပြီးတော့ပေါ်လစီအပ်ပြီး လုပ်ပိုင်ခွင့်တွေလည်း ပေးထားတယ်ဗျ။ အရှိန်တောင် တော်တော် လေးကောင်းနေပါပြီ။ ကျနော်တို့ ပါတီဗဟိုအနေနဲ့ကျတော့ တခုလုံးနဲ့ ပတ်သတ်တဲ့ လမ်းညွှန်တာကိုပဲ ကိုင်ထားတာပေါ့။ အခြေခံကတော့ကျနော်တို့ ပါတီတတိယကွန်ဂရက်က ချခဲ့တဲ့လမ်းစဉ်အတိုင်း ခေတ်ကာလနဲ့ ကိုက်အောင်အကောင်အထည်ဖော်နေတာပေါ့။ ပါတီအနေနဲ့ လူငယ်မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းတာဝန်လွှဲအပ်နေတာတော့ အခု PLA ကိုကြည့်လိုက်ရင် … PLA မှာဆိုလို့ရှိရင် ကျနော်တို့ လူငယ်မျိုးဆက်သစ်ရဲဘော်တွေ ဆက်ပြီးတော့ တာဝန်ယူနေကြတာပေါ့။ သူတို့ကို ကြည့်လိုက်ရင် သိသာတာပေါ့။
TM Media ။ ။ ကျနော်စိတ်ဝင်စားတဲ့ဒုတိယမေးခွန်းကိုဆက်ပါ့မယ်။ စောစောတုန်းက ပြောသွားတဲ့အထဲ မှာ ရဲဘော်ဖိုးသံချောင်း အင်တာဗျူးမှာ မရှင်းမရှင်းဖြစ်သွားတယ်ဆိုတဲ့ ကိစ္စပါ။ အဲဒါက နောက်ဆုံးထုတ်လိုက် တဲ့ အင်တာဗျူးထင်ပါတယ်။အဲဒီအင်တာဗျူးမှာ PLA အနေနဲ့ ကိုးကန့်လိုအရင်ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လူဟောင်းတွေဆီကနေ ဘာအကူအညီမှ မရသလို ပြောလိုက်တဲ့အတွက် မကျေနပ်သံတချို့ ထွက်ပေါ်လာတယ်လို့ ကြားမိပါတယ်။ အဲဒီကိစ္စဟုတ်ပါသလား ခင်ဗျ။
ရဲဘော်မင်းနိုင် ။ ။ အော်ဟုတ်ကဲ့ မှန်ပါတယ်။ အဲဒီလိုဖြစ်သွားတာကတော့ ကျနော်တို့ဘက်ကတော့ ချို့ယွင်းသွားတာပေါ့။တကယ်ကတော့ ကျနော်တို့လည်း တာဝန်ယူရမယ့် ကိစ္စပေါ့ ။ ကျနော်တို့ အဲ့လို ချွတ်ချော်သွားတဲ့ အတွက်လည်း တောင်းပန်ရမှာပေါ့။တကယ်ကတော့ ကျနော်တို့ PLA ကို စထူထောင်တဲ့ ကာလမှာဆိုရင် သူတို့ဆီကနေပြီးတော့ ကျနော်တို့က အကူညီတွေအများကြီးရပါတယ်။ အဲဒီ ရုပ်ဝတ္ထုပစ္စည်း တွေရောဘာရောပေါ့။ အဲဒီအတွက်လည်း ကျနော်တို့က ကျေးဇူးတင်ပါတယ်။ ရဲဘော်ကြီး ဖိုးသံချောင်းပြောတဲ့အချိန်မှာ အဲဒါနဲ့ ပတ်သတ်ပြီး ချို့ယွင်းသွားတာပေါ့။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး နောက်ကျန်တဲ့တချက်ကတော့ ခွဲထွက်တဲ့ကိစ္စနဲ့ ၈၉ နယ်စပ်ဒေသတွေနဲ့ ပတ်သတ်ပြီးသူပြောခဲ့တဲ့ စကားတခုလည်း ရှိသေးတာပေါ့။ အဲဒါနဲ့ ပတ်သတ်ပြီး ကျနော်တို့ကအပြီးရှင်းဖို့ လိုတာပေါ့။ အဲဒီ ၁၉၈၉/၉၀ပေါ့ကျနော်တို့ ပါတီက အင်အားစုတွေ ခွဲထွက်တဲ့ကာလမှာ အဲဒီကိစ္စမြစ်ဖျားခံခဲ့တာပေါ့။ အဲဒါနဲ့ ပတ်သတ်လို့ ရှိရင် ကျနော်တို့ ပထမဆုံးခွဲထွက်မှုဖြစ်တော့ ရဲဘော်ထွန်းက အဲဒီအဖွဲ့နဲ့ခပ်မြန်မြန်ပဲ တွေ့ပြီး စေ့စပ်ပြီးဆွေးနွေးအဖြေရှာချင်တာပေါ့။ ဒါပေမယ့်အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်လိုက်ဘူးပေါ့ဗျာ။ နောက်ပြီး အဲဒါတွေနဲ့ ပတ်သက်ပြီးဆိုရင် ရဲဘော်ကြင်မောင်ပြောလေ့ပြောထရှိတဲ့ စကားလည်း ရှိတယ်ဗျ။ လူပုဂ္ဂိုလ်ချင်းမသင့်မြတ်လို့ လမ်းခွဲလိုက်ရတာဆိုရင်ပြဿနာက မကြီးဘူး။ ဒါပေမယ့် ပါတီအဖွဲ့အစည်းပဲ ဖြစ်ဖြစ် ၊ အုပ်စုချင်းပဲ ဖြစ်ဖြစ်ပြဿနာဖြစ်လို့ လမ်းခွဲရမယ်ဆိုရင် ကျနော်တို့ လက်ဆွဲ နှုတ်ဆက်ခဲ့ဖို့တော့ လိုမှာပေါ့။အဲဒါ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ တချိန်ချိန်မှာ သူတို့နဲ့ ကျနော်တို့က ပြန်လက်မတွဲရဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးတဲ့။ အဲဒါ သူ ပြောခဲ့တာပေါ့။ အဲဒီသူ့အမြင်အတွေးတွေကို ပါတီထဲမှာ သူက ကျနော်တို့ကို မကြာမကြာ ပြောဖူးတယ်။ အဓိကကတော့ အဓိကရန်သူမပျောက်စေချင်တဲ့သဘောပေါ့။ အဲဒီအတွေးအခေါ်နဲ့ ကျနော်တို့ဆက်ကျင့်သုံးလာတာပေါ့။ ဒါက ဒီနေ့ကာလမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ ကျနော်တို့ပါတီတပ် PLA ဆက်ဆံရေးကို ကြည့်လိုက်ရင် ဒီအတွေးအခေါ်တိုင်း လုပ်နေတယ်ဆိုတာသိနိုင်တာပေါ့။ ခုဆိုရင် ကျနော်တို့ဟာကတုတ်ကျင်းတခုထဲမှာပဲ အတူလက်တွဲတိုက်နေကြရတာပါ။
TM Media ။ ။ ဒါဆိုရင် ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ လူမျိုးစု အဖွဲ့တွေနဲ့ ကွဲသွားပြီးတဲ့ နောက်ပိုင်းကာလမှာ ပြန်ပြီးတော့စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားခဲ့တာကော ရှိခဲ့ပါသလား။ ခွဲထွက်သွားတဲ့ လူမျိုးစုတွေအပေါ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သဘောထားကို သိချင်ပါတယ် ခင်ဗျ။
ရဲဘော်မင်းနိုင် ။ ။ ကျနော်တို့ကတတော့ ပြန်ပြီးတော့ ရင်ကြားစေ့ဖို့ဆိုတာကတော့တောက်လျှောက်အဆက်မပြတ်လုပ်ခဲ့တာပါ။ နောက်ပြီးတော့ ဒီကိစ္စပေါ်လာတာနဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့ တာဝန်လည်း ရဲရဲဝံ့ဝံ့ယူခဲ့တာပါ။ ကျနော်တို့ ကကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးလုပ်တယ်။ ဖြစ်သွားခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး နိဂုံးချုပ်လုပ်တယ်။ အဲဒါတွေနဲ့ ပတ်သတ်ပြီး ၁၉၈၉ ခုနစ် နယ်စပ်ဒေသ ပေါ်ပေါက်ခဲ့တဲ့ အရေးနိမ့်မှုကြီးနဲ့ ပတ်သတ်တဲ့ နိဂုံးချုပ်တစောင်လည်း ပြုစုခဲ့တယ်။ အဲဒီစာတမ်းက ဘယ်လိုအစပြုပေါ်လာသလဲဆိုတော့ … PB တယောက်က၁၉၈၉ မှာ အဲဒီပထမ မူကြမ်းကို ရေးပြီးတော့ဗဟိုကော်မတီအတွင်းမှာ ဖြန့်တယ်။ ပြီးတော့တခါ ဒုတိယမူကြမ်းကို ရေးဖို့ဆိုပြီးတော့ပါတီဗဟိုကနေ နိဂုံးချုပ်ကော်မရှင်ကို ထပ်ဖွဲ့ပေးတာပေါ့။ အဲဒီကော်မရှင်က ပါတီဝင်ရဲဘော်တွေ အားလုံးဆီက သဘောထားအမြင်တွေတောင်းခံတယ်။ ဗဟိုကော်မတီအပါအဝင်ပေါ့။ ရဲဘော်တွေအားလုံးကကော်မရှင်ကို ကိုယ့်အမြင်တွေကို ရေးပြီးတင်ကြ ၊ အဲဒါဟာတွေကိုမှ ပြန်စုစည်းပြီးတော့မှသူတို့က စာတမ်းတစောင် ပြုစုတာပေါ့။၁၉၉၂ စက်တင်ဘာမှာ အဲဒီစာတမ်းက ပြီးစီးသွားတယ်။ အဲဒီဟာကို ဗဟိုကော်မတီကို ပြန်တင်ရတာပေါ့။ ဗဟိုကော်မတီကနေပြီးတော့၁၉၉၂ အောက်တိုဘာလမှာ ဒီစာတမ်းကိုအတည်ပြုခဲ့တယ်ပေါ့။ လောလောဆယ်တော့ ဒီစာတမ်းဟာ ပါတီအတွင်းပိုင်းမှာပဲ ကန့်သတ်အနေနဲ့ ထားလိုက်ရတာပေါ့ဗျာ။
TM Media ။ ။ ပါတီတွင်း ကန့်သတ်အနေနဲ့ပဲ ထုတ်ခဲ့တာဆိုတာဗျာ ကျနော်တို့တော့ မဖတ်ဖူးဘူးပေါ့လေ ၊ အများပြည်သူကလည်းသိကြမှာ မဟုတ်ဘူးပေါ့။ စောစောက ဆရာပြောသွားတဲ့အထဲမှာ ရဲဘော်ထွန်းလို့ တမျိုး၊ရဲဘော်ကြင်မောင်ဆိုပြီးတော့ တမျိုးပြောသွားတာက လူပုဂ္ဂိုလ်တဦးတည်းလို့ပဲ သိထားပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အရင် အတွင်းရေးမှူးဟောင်းလို့ သိထားပါတယ်။ ရဲဘော်ထွန်းကရော နိဂုံးချုပ်စာချုပ်အပြင်မှာ သူရဲ့သဘောထားကို ထုတ်ပြန်ပြောဆိုတာတို့ ၊ ရေးသားတာတို့ အဲဒါမျိုးတွေ ရှိပါသလားခင်ဗျ။
ရဲဘော်မင်းနိုင် ။ ။ ဟုတ်ကဲ့ ။ ရှိပါတယ်။သူက ဒီကိစ္စနဲ့ ပတ်သတ်ရင် အလျဉ်းသင့်ရင်သင့်သလို ရေးတာ ပြုတာတွေလည်းရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ရင် သူ ယုံကြည်ချက်ကလည်း ခိုင်ခိုင်မာမာရှိပါတယ်။ အဲဒီသူရေးထားတဲ့အထဲထဲကနေ တခုဟာဆိုလို့ရှိရင်၂၀၀၉ ခုနစ် သြဂုတ်လမှာ သူရေးသားချက်တခုကို ခုလိုတွေ့ရမှာပါ။ အဲဒီမှာ ဘယ်လိုရေးထားလည်းဆိုတော့ သူတို့တတွေဟာ ခွဲထွက်တော့လည်း သူတို့ဟာ ဗမာစစ်အုပ်စုနဲ့ကြာကြာပေါင်းလို့မရဘူးဆိုတာ တွက်ကြည့်ပြီးသားပါ။ ဒါကြောင့်ပဲ သူတို့ကိုရဲဘော်(ဟောင်း) ၊မိတ်ဆွေများကဲ့သို့ပဲသဘောထားခဲ့ပါတယ်။ အကြံပေးစရာရှိရင်ပေးပါမယ်။ ပေးတဲ့ အကြံကို လိုက် လုပ် မလုပ်ကတော့ သူတို့ သဘောပေါ့ ၊ ဒါကြောင့်ကြိုက်ရင် လုပ် ၊ မကြိုက်ရင် ပယ်ပါလို့ ပြောရင်း အကြံပေးတာပါတဲ့။ အဲဒါ သူသဘောထားပါ။
TM Media ။ ။ သူရဲ့ဆောင်းပါးတွေကိုပြည်တွင်းမှာ စာအုပ်ထုတ်လိုက်တာ တွေ့လိုက်ပါတယ်။ အဲဒီစာအုပ်ထဲမှာ ခု ဆရာပြောတာတွေ ပါတာလားခင်ဗျာ။ ထည့်ရေးထား တာလားခင်ဗျ။
ရဲဘော်မင်းနိုင် ။ ။ ဟုတ်ပါတယ်။ အဲဒီဆောင်းပါးတွေထဲမှာပါ ပါတယ်။
TM Media ။ ။ အခုဆိုရင် PLA တပ်အချို့ဟာ ကိုးကန့်နဲ့ တိုက်နေတာ။ နောက်ပြီးတော့ TNLA နဲ့ တွဲပြီးတော့ တိုက်နေတာတွေကို တွေ့ရသလို စစ်ကိုင်းတိုင်း မကွေးတိုင်းဘက်မှာလည်း PLA အဖွဲ့အချို့က တိုက်နေတဲ့ သတင်းတွေကို ကြားနေရပါတယ်။ မတူတဲ့နေရာတွေမှာ အဲ့လို ရှိနေတဲ့ PLAအဖွဲ့အားလုံးဟာ အတူတူပဲလား။ သူတို့အားလုံးဟာ စစ်ရေးအမိန့် ညွှန်ကြားမှုခေါင်းဆောင်မှု တခုတည်းအောက်မှာပဲအလုပ်လုပ်နေကြတာပဲလား။ ဘယ်လိုစီမံခန့်ခွဲနေလဲဆိုတာကို ပြောလို့ရလို့ရှိရင် သိပါရစေခင်ဗျ။
ရဲဘော်မင်းနိုင် ။ ။ PLA ဆိုတာကတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တပ်ပါပဲ။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တိုက်ရိုက်နဲ့ အကြွင်းမဲ့ခေါင်းဆောင်မှုအောက်မှာပဲ PLA က ရှိတယ်။ဒါကြောင့် PLA တခုလုံးဟာ ပါတီရဲ့ တခုတည်းသော အမိန့်ပေးညွှန်ကြားမှုအောက်မှာရှိတာပေါ့။ နောက် ခုနက အပေါ်မှာ ကျနော်ပြောခဲ့သလိုပေါ့ ကေဒါတွေကိုလည်းပေါ်လစီအပ်ပြီး ရဲရဲလုပ်ကြဖို့ လုပ်ပိုင်ခွင့်ပေးထားတာတွေလည်း ရှိပါတယ်။
TM Media ။ ။ နောက်ဆုံးမေးခွန်းလေးတခုမေးပါရစေခင်ဗျ။ ဒီမေးခွန်းက နည်းနည်းအရေးကြီးပါတယ်။ ခုကာလမှာ တော်တော်ဂယက်ရိုက် လှုပ်ရှားနေတဲ့ ကိစ္စတခုရှိပါတယ်။TNLA ကို တရုတ်က စစ်မတိုက်ဖို့ဖိအားပေး အကျပ်ကိုင်နေတာကို ကြားရပါတယ်။ အဲဒီတော့ TNLA နဲ့ လက်တွဲပြီးတော့တိုက်နေတဲ့ PLA အနေနဲ့ကော အကျပ်အတည်းရှိပါသလား။ PLA ရဲ့ သဘောထားကကော ဘယ်လို ရှိပါသလဲ။ ဘာလုပ်မလဲဆိုတာ သိပါရစေ။
ရဲဘော်မင်းနိုင် ။ ။ ဟုတ်ကဲ့ .. အတူတွဲပြီးတိုက်နေရတဲ့ အဖွဲ့တွေမှာ လုပ်ရကိုင်ရ ခက်လာပြီဆို ကျနော်တို့ PLA ကိုလည်း တစုံတရာတော့ ထိခိုက်တာ ရှိပါတယ်။ ဒါပေမယ့်ကျနော်တို့ကတော့ ကိုယ့်ဖာသာကိုယ်ဖန်တီးပြီးတော့ နည်းနာရှာပြီးတော့ ထိုးဖောက်ဝင်လုပ်သွားလို့ ရနိုင်တာတွေလည်း ရှိပါတယ်။အဲဒီကိစ္စတွေကိုလည်း စဉ်းစားထားတာတွေတော့ ရှိပါတယ်။
TM Media ။ ။ ပိုပြီးတော့ ရှင်းလင်းအောင် ပွင့်ပွင့်လင်းလင်းပဲ ထပ်မေးပါရစေခင်ဗျ။ PLA ဆက်တိုက်မှာပါလား။
ရဲဘော်မင်းနိုင် ။ ။ ကျနော်တို့ကတော့ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနည်းနဲ့ပဲ ဖြေရှင်းချင်တာပါ။ ဒါပေမယ့် ကျနော်တို့က အဲလို သဘောထားရှိပေမယ့် စစ်အုပ်စုဘက်ကတော့ အကြမ်းဖက်နှိပ်ကွပ်တဲ့ နည်းလမ်းကိုပဲ သုံးနေတာကိုး။ သူတို့က အဲဒီလိုနည်းလမ်းကိုပဲ သုံးနေမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း အခြားရွေးစရာ လမ်းကတော့ မရှိဘူးလေ။ ကျနော်တို့ ပါတီမှာလည်းနောက်ပိုင်းမှာ အခြေခံမူကြီး (၃)ချက်ဆိုပြီးချမှတ်ထားတာ ရှိတယ်။ အဲဒီထဲမှာ ပါတဲ့ တချက်က ဘာလဲဆိုရင် အုပ်စိုးသူလူတန်းစားဘက်ကနေပြီး အကြမ်းဖက်ပြီး နှိပ်ကွပ်လာလို့ရှိရင် ကျနော်တို့ အဖိနှိပ်ခံပြည်သူဘက်ကလည်း အကြမ်းဖက်ပြီး ခုခံကာကွယ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ အခြေခံမူကြီးတခုပေါ့။ အဲဒီသုံးခုထဲမှာ တခုက အဲဒါ ။ အဲဒါကြောင့်မလို့ သူတို့က အကြမ်းဖက်တိုက်ခိုက်နေသရွေ့ ကျနော်တို့ကလည်း အခြားနည်းလမ်းမရှိဘူး။လက်နက်ကိုင်ပြီး ပြန်လည်ခုခံတိုက်ပွဲဆင်တဲ့လမ်းပဲ လိုက်ရမှာပေါ့။ အဲဒါကတော့ ကျနော်တို့ ဆုံးဖြတ်တာမဟုတ်ဘူး။ အုပ်စိုးသူလူတန်းစားက ဆုံးဖြတ်တဲ့ ကိစ္စပါပဲ။