
“အမှာ”
“ဗြိတိသျှလက်အောက် ရခိုင်ပြည်” ဆိုတဲ့ ဒီစာအုပ်ကို ဦးဘတင်ရေးပြီး ဦးကျော်မြ ဘာသာပြန်တယ်။
၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တို့ကို ရခိုင်ပြည်နယ်နဲ့ ဗမာပြည်တဝန်းမှ တိုက်ထုတ်အပြီး ဗမာပြည်တွင်း ပြန်လည် ဝင်ရောက်လာတဲ့ နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ ရခိုင်ပြည်သူများအပေါ် ရက်ရက်စက်စက် ဖိနှိပ်မှုကို ထင်ထင်လင်းလင်း မြင်သာအောင် ဒီစာအုပ်ထဲမှာ ခိုင်မာတဲ့အချက်အလက်များနဲ့ အသေးစိတ် ဖော်ပြထားတယ်။
ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်တို့ရဲ့ ဖိနှိပ်မှုအောက်မှာ ဒုက္ခဆင်းရဲမျိုးစုံကို ခံစားခဲ့ကြရတဲ့ ရခိုင်ပြည်သူတွေရဲ့ ဘဝဟာအလွန်ကြေကွဲစရာ ကောင်းတယ်။ ဖတ်ရှုသူရဲ့ ရင်ကို အလွန် ဝမ်းနည်းထိခိုက်စေတဲ့ ဖြစ်ရပ်တွေပဲ။
ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ ကိုလိုနီနယ်ချဲ့စနစ်တော်လှန်ရေး၊ သူ့ကျွန်မခံရေးနဲ့ ပြည်သူ့ဘဝလွတ်မြောက်ရေးအတွက် ရခိုင်တော်လှန်ရေးသမားများစွာရဲ့ သူရဲကောင်းပီသတဲ့ ဘာမထီစိတ်ဓာတ်ကို ဒီစာအုပ်ကနေ လေ့လာသင်ယူနိုင်ကြပါလိမ့်မယ်။
ကိုလိုနီနယ်ချဲ့သမားတွေဟာလည်း ပြည်သူလူထုကို ဖိနှိပ်ရာမှာ ဖက်ဆစ်နည်းတွေ ကျင့်သုံးကြတာ ဒီစာအုပ်ထဲမှာ ပေါ်လွင်တယ်။ နယ်ချဲ့စနစ်ရဲ့ ဖောက်ပြန်မှု လိမ်ညာလှည့်ဖြားမှုတို့ရဲ့ အခြေခံဗီဇကို ဒီစာအုပ်ထဲမှာ ဖွင့်လှစ်ပြသထားတယ်။ ဒီလို ဖိနှိပ်မှုတွေကြောင့် ဗမာပြည်က လူမျိုးပေါင်းစုံ ပြည်သူတွေနဲ့ ရခိုင်ပြည်သူတွေဟာ နယ်ချဲ့စနစ်နဲ့ သူ့နောက်လိုက်တွေကို ဆန့်ကျင်တိုက်ပွဲဝင်ရေးစိတ်ဓာတ်ရှိကြတယ်။ ဒါကြောင့် ရခိုင်ပြည်သူတွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွေ ပေါ်ပေါက်ခဲ့တယ်။ ဗမာပြည် အဖိနှိပ်ခံပြည်သူတွေ ရဲ့ ၁၉၄၆ ခုနှစ် အထွေထွေသပိတ်ကြီးလိုမျိုး ပြည်သူ့အုံကြွမှုတွေ ပေါ်ခဲ့တယ်။ ဒါနဲ့အတူ ရခိုင်ပြည်သူတွေအပါအဝင် ဗမာပြည်ကလူမျိုးပေါင်းစုံပြည်သူတွေရဲ့ “ရရင်ရ- မရရင်ချ”ဆိုတဲ့ ဆိုတဲ့ ခိုင်မာပြတ်သားတဲ့ သန္နိဋ္ဌာန် ပေါ်လာခဲ့တာပဲ။ နယ်ချဲ့သမားက လွတ်လပ်ရေးမပေးရင် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲသွားဖို့ ပြည်သူတွေ ပိုင်းဖြတ်ထားကြောင်း ပေါ်လွင်တယ်။ လူမျိုးပေါင်းစုံ ဗမာပြည်သူတွေရဲ့ ဒီလိုအင်အားကြီးမားတဲ့ လှုပ်ရှားမှုတွေဟာ နယ်ချဲ့နဲ့ နောက်လိုက်တွေကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့တယ်။
နောက်ပိုင်းမှာ နယ်ချဲ့သမားကို မှီခိုတဲ့ ဖောက်ပြန်တဲ့ ဖဆပလအစိုးရကို ဗမာပြည်ကွန်မြူနစ်ပါတီက ၁၉၄၈ မတ် ၂၈ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးနဲ့ တွန်းလှန်ခဲ့တယ်။ ဦးစိန္တာတော်လှန်ရေးအဖွဲ့လို တော်လှန်ရေးအဖွဲ့တွေ ရခိုင်ပြည်မှာ ပေါ်ခဲ့တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဦးကျော်မြခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်က တော်လှန်ရေးတိုက်ပွဲတွေ ပေါ်လာခဲ့တယ်။ ဒီလိုဖြစ်ပေါ်စေမှုကို မြစ်ဖျားခံတဲ့ ရခိုင်ပြည် ပြည်သူလူထုရဲ့ နယ်ချဲ့နဲ့ ဖောက်ပြန်ရေးအပေါ် နာကြည်းမုန်းတီးမှုတွေကို ဒီစာအုပ်ထဲမှာ မီးမောင်းထိုး ပြသထားပါတယ်။
(အရေးတော်ပုံဂျာနယ်)
မူရင်းစာအုပ်သည် ရှားပါးစာအုပ်ဖြစ်သည့်အတွက် လက်ရှိတွင် မိတ္တူကိုသာ ရရှိနိုင်ပါတော့သည်။ ထိုအတွက်ကြောင့် ကိုလိုနီခေတ် ရခိုင်ပြည်နယ်အခြေအနေများအား လေ့လာလိုသူများအတွက် ရည်ရွယ်ပြီး စာပြန်လည်ရိုက်နှိပ်၍ Ebook အဖြစ် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
Ebook အား အောက်ပါ လင့်ဒ်မှ တဆင့် ရယူနိုင်ပါသည်။https://drive.google.com/file/d/1EDONzpmBhqlSfd6mO1XTS7YcK4zPPAed/edit?fbclid=IwY2xjawIgMzFleHRuA2FlbQIxMAABHf0UP02pY_oNKDoas24UNhDQvWuou6s4iZPvSAMUm9nun3OMeSTDoQR_Zw_aem_pJx7jynmvF55RDBO_NyKuA