၂၁ ရာစု ကမ္ဘာနဲ့ ဗမာပြည်နွေဦးတော်လှန်ရေး

By | October 1, 2022

၂၁ ရာစု ကမ္ဘာနဲ့ ဗမာပြည်နွေဦးတော်လှန်ရေး ညီဌေးကျော်

စစ်ကောင်စီဟာ အာဏာကိုလွယ်လွယ်သိမ်းခဲ့ပေမယ့် ဗမာပြည်သူလူထုကြီးရဲ့ ခုခံဆန့်ကျင်တော်လှန်မှုက ကြာလေကြီးမားပြင်းထန်လေဖြစ်လာတာကြောင့် အကျပ်အတည်း ကြီးသထက်ကြီးကာ အရူးမီးဝိုင်းဖြစ်နေပါတယ်။ မင်းအောင်လှိုင်ရုရှားမသွားခင် (၂၁ ဇွန်) ပြောခဲ့တဲ့ ကြည်းရေလေစစ်ဆင်ရေး လေးလပတ် အစည်းအဝေး (ပေါက်ကြားလာတဲ့)မိန့်ခွန်းမှာ – ကြေးစားတပ် ထိခိုက်ကျဆုံးများကြောင်း၊ တပ်နေရာ ချထားမှု ချီတက်ရှင်းလင်းမှု တပ်တည်-လိမ်လည်တင်ပြမှု မမှန်ကန်မှုများကြောင့်ဖြစ်ပြီး၊ တိုက်ပွဲမှာ ဦးဆောင်သည့်ခေါင်းဆောင်များရဲ့ အားနည်းချက် အများကြီးတွေ့ရကြောင်း၊ လုပ်ရဲကိုင်ရဲ သတ္တိမရှိဘဲကြောက်ရွံ့ကာ အမိန့်နာခံမှုမရှိသည့် ဖြစ်စဉ်များ တွေ့နေရကြောင်း စသဖြင့် ပြောသွားပါတယ်။ ဒါဟာ ကြေးစားတပ် အထိနာနေတာဖြစ်ကြောင်း ဝန်ခံရတာဖြစ်သလို အောက်ခြေ တပ်မှူးတပ်သားတွေကို လူကြောက်တွေဆိုပြီး အပြစ်ဖို့သွားတာဖြစ်ပါတယ်။

ဒါပေမဲ့ မင်းအောင်လှိုင် အာဏာသိမ်းစစ်ကောင်စီဟာ ပြည်တွင်းစစ်ကိုရပ်ဖို့၊ (လုသတ်ရှို့) ဖြတ်လေးဖြတ်ပေါ်လစီကို စွန့်လွှတ်ဖို့၊ ဆင်းရဲတွင်းနက်နေတဲ့ စစ်ဘေးသင့်ပြည်သူတွေကို ငဲ့ကွက်ဖို့၊ ဂုဏ်သိက္ခာကျဆင်းနေတဲ့ တိုင်းပြည်ကို တညီတညွတ်တည်း ပြန်လည်တည်ဆောက်ဖို့ ဆိုတာတွေကို – စဉ်းစားချက်မရှိ တဲ့အပြင် စစ်မင်းဆက်တည်တံ့ရေးအတွက် ပြည်တွင်းစစ်ကို ဘက်စုံတိုးချဲ့ကာ၊ စစ်အုပ်စု- စစ်အစိုးရ -စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်)တည်တံ့ရေးအတွက်သာ လုပ်ဆောင်နေပါတယ်။ အောက်ခြေတပ်သားတွေကိုစတေးပြီး ဗိုလ်ချုပ်ကြီးများ အာဏာဆက်လက်ဆုပ်ကိုင်သွားတော့မှာဖြစ်ပါတယ်။ တိုင်းပြည်ကို သေနတ်နဲ့အမိန့်ပေး အုပ်ချုပ်နေသော်လည်း စီးပွားရေးနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားမှုနဲ့၊ စစ်အုပ်စုကို ခါးခါးသည်းသည်း မုန်းတီး မှုများပြဿနာများကို ဖြေရှင်းဖို့အတွက်တော့ သေနတ်က အမိန့်မပေးနိုင်ပါဘူး။ ငွေပို့ငွေလွှဲမှု ငွေလဲနှုန်း မှတ်ပုံတင် ဗီဇာ အင်တာနက် ဖုန်းဆင်းကဒ် သတင်းစီးဆင်းမှု (တစ်ကျပ်ပဲလှူလှူ Like တစ်ချက်ပဲနှိပ်နှိပ် – ထောင်နှစ်ရှည်ကျမယ်ဆိုတဲ့ ခြိမ်းခြောက်မှု) စတဲ့ ၂၁ရာစု ကမ္ဘာမှု ကွင်းဆက်တွေအပေါ် အမိန့်နဲ့ချုပ်ကိုင်ဖို့ ကြိုးစားခြင်းဟာလည်း အောင်မြင်မှာမဟုတ်သလို စစ်ကောင် စီကို အကျပ်အတည်းက လွတ်မြောက်အောင် ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။ စစ်အုပ်စုဟာ ကြိုးစင်ကိုတက်ရတက်ရ အာဏာကို(အလွယ်တကူ) စွန့်လွတ်မှာ မဟုတ်ဘူး။ ဒါကြောင့် အာဏာရှင်ဟာ ဘယ်တော့မှ အရှင်မထွက်ဘူး။ အသေထွက်ထွက်မှာလို့ လူထုဒေါ်အမာက ပြောခဲ့တာပါ။ သူတို့ဟာ လူမိုက်လမ်းဆုံးကို ရောက်နေပါပြီ။ စစ်ဖက်ဆစ် ဇာတိရုပ်ဟာ မင်းအောင်လှိုင်လက်ထက်မှာ ဝတ်လစ်စလစ် ပွင့်ကျသွားပါပြီ။ လိမ်လို့မရတော့ပါဘူး။ သူတို့ဟာ လုယက်ယူငင်ထားတဲ့ အာဏာ စည်းစိမ်ဥစ္စာနဲ့ ရေပေါ်ဆီအခွင့်ထူးကို ဆက်လက်ထိန်း သိမ်းဖို့ အကြမ်းဖက်တဲ့နည်းပဲ ရှိပါတော့တယ်။ လူထုက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရုံတင်မက ၂၀၀၈ ခြေဥကိုပါ ဆန့်ကျင်တာပါ။ စစ်အုပ်စုကျင်းပမယ့် ဘာရွေးကောက်ပွဲကိုမှ လက်ခံမှာမဟုတ်ပါဘူး။

၂၀၀၈ ခြေဥက (စစ်တပ်ရဲ့ဦးဆောင်မှု၊ တမတ်သားနဲ့ကာလုံ၊ နောက်ကြောင်းပြန်အရေးမယူရ) ဆိုတဲ့ စစ်သုံးစစ်ရဲ့ အခွင့်ထူးခံမှုကို (လိုရင်းကိုပြောတာပါ) တရားဝင်အောင် လုပ်ပေးထားတာပါ။ စစ်မင်းဆက်အဆက်ဆက် တိုင်းပြည်ဘဏ္ဍာ ခိုးဝှက်ရာမှာ ရှေ့မျိုးဆက်တွေထက် နောက်မျိုးဆက် (မင်းအောင်လှိုင်စတုတ္ထမျိုးဆက်)က သာပါတယ်။ ပိုဗြောင်ကျသလို ပိုလက်ယဉ်ပါတယ်။

ဗမာပြည်တော်လှန်ရေးမှာ ဂရုပြုအလေးထားသင့်တဲ့ အချက်နှစ်ရပ်ရှိပါတယ်။ ပထမအချက်က – ချင်းတွင်း ဧရာ စစ်တောင်း မြစ်ဝှမ်းမှာ လူထုကိုယ်တိုင် နိုးနိုးကြားကြား စွန့်လွှတ်စွန့်စား လက်နက်ကိုင်တိုက်လာကြတာ ဖြစ်ပါတယ်။ ဒီဒေသကြီးဟာ ဗမာပြည်ရဲ့ နှလုံးသားနယ်မြေ Heart Land ပါ။ ဒီဒေသကို မစိုးမိုးနိုင်ရင် ဗမာပြည်ကို မစိုးမိုးနိုင်ဘူး။ ဒုတိယအချက်က – စစ်အုပ်စုဟာ လစ်ဘရယ်အတိုက်အခံများကို ၂၀၀၈ စစ်ခြေဥအောက်မှာပင် ရပ်တည်ခွင့်မပေးတော့ပါဘူး။ လစ်ဘရယ်အမာဂိုဏ်းက (ရန်-ငါ စည်းပြတ်တဲ့)ရယ်ဒီကယ်လမ်းကိုမလျှောက်ရင် ဒူးထောက်အညံ့ခံဖို့ပဲ ရှိပါတော့တယ်။ ဒေါ်စုနဲ့ ဒီချုပ်ခေါင်းဆောင်များကို အငြိုးတကြီး နှစ်ရှည်ပြစ်ဒဏ်တွေ ချနေတာကိုကြည့်ပါ။ သေဒဏ်ကို ပွဲထုတ်လာတာကိုကြည့်ပါ။ ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာကို မျက်နှာပြောင်တိုက် လိမ်လည်နေတာ ရန်ထောင်နေတာကိုကြည့်ပါ။ စစ်အုပ်စုဟာ ဒေါ်စုဆိုတဲ့ လစ်ဘရယ်ဖဲချပ် ကိုင်ကစားလိမ့်မယ်လို့ မျှော်လင့်နေလို့ မဖြစ်ဘူး။ ရှင်ပြုတုန်း ရွှေထီးဆောင်းခဲ့ရတာကို ပြန်တမ်းတပြီး လမ်းဟောင်းပြန်လျှောက်ချင်လို့ မဖြစ်ဘူး။ အနောက်ဆရာကြီးများက ကယ်တင်လိမ့်မယ်လို့ မျှော်လင့်ပြီး တပွဲထိုးကမ်ပိန်းတွေ မလုပ်သင့်ဘူး။ နိုင်ငံတကာပြည်သူများနဲ့ သက်ဆိုင်ရာအစိုးရများရဲ့ ထောက်ခံစာနာမှုရအောင်သာ ကြိုးစားသင့်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဟာ အမြင့်ဆုံးတိုက်ပွဲသဏ္ဌာန်ဖြစ်တဲ့အလျောက် တော်လှန်တဲ့ အတွေးအခေါ်လက်နက် တပ်ဆင်ရပါမယ်။ အရှုံးပေးအညံ့ခံတဲ့ အတွေးအခေါ်၊ ရင်ကြားစေ့ အတွေးအခေါ်၊ တဝက်တပျက်နဲ့ရပ်ချင်တဲ့ အတွေးအခေါ်၊ အားကိုးရှာ အမှီအခိုရှာတဲ့ အတွေးအခေါ်၊ အရှေ့မျှော် အနောက်မျှော် အတွေးအခေါ်၊ ဆင်းရဲပင်ပန်းမှာ ကြောက်တဲ့အတွေးအခေါ် စတဲ့ တော်လှန်ရေးမဆန်တဲ့ အချောင်သမား အတွေးအခေါ်အမျိုးမျိုးကို ဆန့်ကျင်တိုက်ချွတ်ကြရပါမယ်။ (သန္နိဋ္ဌာန်ချ အသက်စွန့်ရန်မကြောက် အခက်အခဲကျော်လွှား အောင်ပွဲအရယူရေး) စိတ်ဓာတ်ကို စိုက်ထူရပါမယ်။ (တော်လှန်ရေးအတွေးအခေါ် မရှိရင် တော်လှန်ရေးလှုပ်ရှားမှုလည်း မရှိနိုင်) ဆိုတဲ့ အဆိုရှိတယ် မဟုတ်ပါလား။

လွတ်လပ်ရေးရပြီးနောက် ဗမာပြည်အနီးခေတ်သမိုင်းဟာ လစ်ဘရယ်ဓနရှင်နဲ့ စစ်ဗျူရိုကရက်ဓနရှင်တို့ အာဏာလုကြတဲ့သမိုင်းလို့လည်း ပြောနိုင်ပါတယ်။ ကုလားချင်းအတူတူ ဓားပါတဲ့ကုလား စားသွားသလို စစ်တပ်က အကြိမ်ကြိမ်( ၃ကြိမ်ရှိပြီ) အာဏာသိမ်းတဲ့သမိုင်းလည်း ရှိပါတယ်။ ဒါပေမဲ့ စစ်အေးခေတ်နဲ့ စစ်အေးလွန်ခေတ်တလျောက် (အနောက်ဆရာကြီးများ အလိုကျ) ရယ်ဒီကယ်လက်ဝဲလိုင်းကို ဆန့်ကျင်ရာမှာလည်း သူတို့ဟာ လူတန်းစားအကျိုးစီးပွား တူကြပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တော်လှန်တဲ့သမိုင်းကို ပုံဖျက်ချင်ဖျောက်ဖျက်ချင် တာလည်း တူကြပါတယ်။ ကွန်မြူနစ်ဝါဒကို မဆန့်ကျင်ဘူး၊ ဗမာပြည်ကွန်မြူနစ်ပါတီကိုတော့ ဆန့်ကျင်တယ်လို့ (ဦးနုကော ဗိုလ်နေဝင်းပါ ပြောခဲ့တာပါ)။

ဗမာပြည်ဟာ အီရတ် လစ်ဗျား ဆီးရီးယား မဟုတ်ဘူး။ သူတို့က အမေရိကန်ဝင်စွက်တဲ့ မင်းပြောင်းမင်လွှဲ Regime change နဲ့ ကိုယ်စားပြုစစ်ပွဲ Proxy war (ကိုယ်တိုင်မတိုက်ဘူး တပည့်မွေးတိုက်တာ) ဖြစ်တယ်။ ဗမာပြည်မှာက လူထုကိုယ်တိုင် ကိုယ့်အားကိုယ်ကိုးတိုက်တဲ့ တော်လှန်စစ်ဖြစ်တယ်။ ဗမာပြည်ဟာ ယူကရိန်းမဟုတ်ဘူး။ ယူကရိန်းလို ဖြစ်ချင်နေတယ်ဆိုရင် (ညှာညှာတာတာ ပြောရရင်) ဗဟုသုတခေါင်းပါးရာကျပါတယ်။ ယူကရိန်းစစ်က နေတိုးအရှေ့ဘက်တိုးချဲ့ရေး ရည်ရွယ်ချက်နဲ့ အမေရိကန်မွှေးတဲ့မီးပါ။ စစ်ပွဲကမပြီးသေးဘူး။ ဘယ်ပုံဘယ်နည်း အဆုံးသတ်မလဲ စောင့်ကြည့်ဖို့လိုပါတယ်။ ယူကရိန်းစစ်ကို အမေရိကန်က စစ်ရေးအရ တိုက်ရိုက်ပတ်သက်တာထင်ရှားပေမယ့် သူတို့ကိုယ်တိုင် သေနတ်ကိုင်တိုက်နေတာ မဟုတ်ဘူး။ ဒေါ်လာနဲ့တိုက်နေတာ ဖြစ်တယ်။ အမေရိကန် စစ်လက်နက်ကုမ္ပဏီကြီးတွေကို ဒေါ်လာဘီလီယံများစွာ ပုံအောပေးပြီး၊ ယူကရိန်းကို စစ်လက်နက်ပစ္စည်း တင်ပို့ကာ၊ ကိုယ်စားပြုစစ်ပွဲအဖြစ် တိုက်နေတာဖြစ်တယ်။ ဒါ့အပြင် ဒေါ်လာကို လက်နက်သဖွယ် အသုံးချကာ ရုရှားရူဘယ်ငွေကို ပိတ်ဆို့ထားတာဖြစ်တယ်။ ဒေါ်လာက ပြည်ပမှာမာနေပြီး အမေရိကန်ပြည်တွင်းမှာ ဖောင်းပွနေတာကလည်း ထူးခြားတယ်။ ရူဘယ်ကို ယွမ် ရူပီးတို့နဲ့ ချိတ်ပြီး ကုန်သွယ်မှုလုပ်လာတာကလည်း ထူးခြားတယ်။ တလောကကျင်းပပြီးစီးသွာတဲ့ ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ထိပ်သီးအစည်းအဝေးမှာ အီရန်က အဖွဲ့ဝင်နိုင်ငံသစ်ဖြစ်လာပြီး တူရကီ အီဂျစ် ဆော်ဒီ စတဲ့ ထွန်းသစ်စနိုင်ငံတွေ ဆွေးနွေးဖက်နိုင်ငံအဖြစ် အဖွဲ့ဝင်လျောက်ထားလာတာလည်း ထူးခြားတယ်။

မကြာခင်ဆောင်းဝင်တော့မယ်။ ဥရောပသမဂ္ဂလည်း ရေခဲခေတ် ပြန်ရောက်တော့မယ်။ ဗမာပြည် နွေဦးလက်နက်ကိုင်တော်လှန်ရေးက တနှစ်ကျော်ပဲရှိပါသေးတယ်။ ဒီကာလမှာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ အပြောင်းအလဲတွေများပါတယ်။ စူပါပါဝါနှစ်ခုအားပြိုင်တဲ့ စစ်အေးခေတ်ကို ပြန်သွားမှာမဟုတ်သလို၊ ပြိုင်ဘက်ကင်း အမေရိကန်စူပါပါဝါတခုတည်းရှိတဲ့ စစ်အေးလွန်ခေတ် ဝင်ရိုးတခုတည်းကမ္ဘာစနစ်ကလည်း ယိုင်နဲ့နေပြီဖြစ်တယ်။ ထွန်းသစ်စနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ စုစည်းညီညွတ်လာတဲ့ ဝင်ရိုးစုံကမ္ဘာနဲ့ ဘက်မလိုက်လှုပ်ရှားမှု ပြန်လည်အားကောင်းလာတာ မြင်တွေ့နေရပါတယ်။ ကမ္ဘာကြီးဟာ အပြောင်းအလဲတွေ အဆက်မပြတ် ဖြစ်ပေါ်မှုနဲ့အတူ စစ်နဲ့ငြိမ်းချမ်းရေး ဒွန်တွဲလွန်ဆွဲနေတဲ့ လမ်းဆုံလမ်းခွမှာ ရောက်နေတယ်လို့ ဆိုကြတယ်။ ဗမာပြည်တော်လှန်ရေး အင်အားစုတွေ သတိပြုဖို့က ကမ္ဘာ့အခြေအနေဟာ ဗမာပြည်ကိုအမှီပြုပြီး (ကိုယ်ဖြစ်စေချင်သလို) ပြောင်းလဲမှာမဟုတ်ဘူး။ ဗမာပြည်ကသာ ကမ္ဘာ့အခြေအနေကိုအမှီပြုပြီး အပြောင်းအလဲအတွက် အခွင့်သာမှုကို ရှာကြံရတာဖြစ်ပါတယ်။ ဖြစ်ချင်တာက ဆန္ဒပိုင်းဖြစ်ပြီး၊ ဖြစ်နေတာက ပကတိပိုင်းဖြစ်ပါတယ်။ ကော်ပိုရိတ်မီဒီယာများရဲ့ ဘက်လိုက်တဲ့ သတင်းတုသတင်းယောင်များကိုလည်း သတိထား သုံးသပ်ဖို့လိုပါတယ်။ ဗမာပြည် တော်လှန်ရေးအင်အားစုများအနေနဲ့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူများ အရေးနဲ့ တိုင်းပြည်အရေးကို အဓိကထားတဲ့ ပြည်ချစ်ဝါဒနှင့်အတူ နိုင်ငံတကာပြည်သူများ သွေးစည်းညီညွတ်ရေး နိုင်ငံတကာဝါဒကို ကိုင်စွဲထားဖို့လိုပါတယ်။ ဗမာပြည်သမိုင်းသစ်ကို အဖိနှိပ်ခံပြည်သူတွေကိုယ်တိုင် ဖန်တီးမှာပါ။ ညီဌေးကျော် (၂၅ စက်တင်ဘာ ၂၀၂၁)

Leave a Reply

Your email address will not be published. Required fields are marked *