ယူကရိန်းနဲ့ဗမာပြည် ထပ်တူမပြုကြနဲ့

By | April 26, 2022

ယူကရိန်းနဲ့ဗမာပြည် ထပ်တူမပြုကြနဲ့ (လတ်တလောအခြေအနေ သုံးသပ်ချက်) မြစမ်းအေးယူကရိန်းစစ်ပွဲက ရုရှားနဲ့ ယူကရိန်းဖြစ်တာ၊ ပြည်ပကဝင်ရောက် တိုက်ခိုက်တာ။ ဗမာပြည်မှာက ပြည်တွင်းစစ်။ နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်လာတဲ့ စစ်အစိုးရကို လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးက လက်နက်ကိုင်ဆန့်ကျင်လာတဲ့ နွေဦးတော်လှန်ရေး ဖြစ်တယ်။နောက်ခံအကြောင်းချင်း မတူဘူး။ ယူကရိန်းက ဆိုဗီယက်ပြိုကွဲပြီး ပေါ်ပေါက်လာတဲ့နိုင်ငံ။ အနောက်အုပ်စုက sponsor ပြု၊ ပံ့ပိုးထားတဲ့ အရောင်တော်လှန်ရေးနဲ့အတူ မင်းပြောင်းမင်းလွှဲ regime change ဖြစ်လာတဲ့နိုင်ငံ။ ဗမာပြည်က လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်သော်လည်း၊ နယ်ချဲ့ပေါင်းစုံကိုမှီခိုပြီး အချိန်အခါအလိုက် အရောင်ပြောင်းတတ်တဲ့ ဖက်ဆစ်စစ်အစိုးရ နှစ်ပေါင်း များစွာ ခြယ်လှယ်လွှမ်းမိုးလာတဲ့နိုင်ငံ ။ယူကရိန်းက စက်မှုအရင်းရှင်စနစ် ဖွံ့ဖြိုးတဲ့ အလယ်အလတ်ဆင့် ဥရောပနိုင်ငံ။ ဗမာပြည်က ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းဝင် ခေတ်နောက်ကျတဲ့ လယ်ယာစိုက်ပျိုးရေး အာရှနိုင်ငံ။ယူကရိန်းက NATO စစ်အုပ်စု အရှေ့ဘက်တိုးချဲ့ရင်း ရုရှားလုံခြုံရေးကို ခြိမ်းခြောက်လာမှုနဲ့အတူ အမေရိကန်-ရုရှား ထိပ်တိုက်တိုးရာက အနေမတတ်လို့ ဓားစာခံဖြစ်ရတဲ့ အခြေအနေ။ ဗမာပြည်မှာ အိမ်နီးချင်းနိုင်ငံတွေ ဘယ်သူ့ဘယ်သူမှ စစ်ဖြစ်နေတာမဟုတ်ဘူး။ နှစ်ပေါင်းများစွာ ဘန်ဒေါင်းမူအရ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်လာခဲ့တဲ့ နိုင်ငံတွေဖြစ်တယ်။ အရှေ့တောင်အာရှ အာဆီယံတွင်းမှာ ဗီယက်နမ်စစ်ပွဲနောက်ပိုင်း ဘာစစ်ပွဲမှ မရှိတော့ဘူး။ စစ်အေးခေတ်ကုန်ဆုံးတာလည်း ကြာပြီ။ အလယ်အာရှနဲ့ ယူရေးရှားမှာ အမေရိကန်က ရုရှားကို မတည်မငြိမ်ဖြစ်အောင် ပြဿနာရှာ နေသလို၊ အင်ဒိုပစိဖိတ်ဒေသမှာလည်း တရုတ်ကို မတည်မငြိမ်ဖြစ်အောင် ပြဿနာရှာရာမှာ – ဟောင်ကောင် ထိုင်ဝမ် တိဘက် စင်ကျန်းဝေဂါ နည်းတူ ဗမာပြည်ကိုလည်း ဆွဲထည့်နေတာကိုတော့ သတိပြုဖို့လိုတယ်။ စစ်အေးခေတ်ကုန်ဆုံးတာ မျိုးဆက်နှစ်ခုလောက်ရှိပြီ။ ကမ္ဘာ့စီးပွားရေး ထိုင်းမှိုင်းမှုနဲ့အတူ နီယိုလစ်ဘရယ်ဝါဒ ကပ်ဆိုက်နေတာလည်း ကြာပြီ။ ကမ္ဘာမှုစီးပွားရေး နည်းပညာတော်လှန်ရေး တွေပေါ်ပေါက်နေသော်လည်း ကိုဗစ်ကပ်၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ စစ်လက်နက်ပြိုင်ဆိုင်မှု ၊ ဆင်းရဲနွမ်းပါးမှု၊ ဒုက္ခသည်ပြဿနာနဲ့ကိုယ်စားပြုစစ်ပွဲ proxy war စတဲ့ မတည်မငြိမ်မှု တွေကတော့ ရှိနေဆဲပဲ။ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဘရစ်တန်ဝုစ် Bretton Wood သဘောတူညီချက် (၁၉၄၄)အရ ပေါ်ပေါက်လာတဲ့ WB, IMF, WTO စသည်တို့နှင့်အတူ ၁၉၈၀ခုနှစ်နောက်ပိုင်း ကျင့်သုံးလာတဲ့ ရီဂင်-သက်ချာခေတ် နီယိုလစ်ဘရယ် စီးပွားရေးပေါ်လစီ Neo-liberal economic policy , ဝါရှင်တန်ဘုံသဘောတူချက် Washington Consensus တို့အရ ဖြစ်တည်လာတဲ့ ကမ္ဘာ့စီးပွားရေး စည်းစနစ်ဟာ ကပ်ဆိုက်နေတာ ကြာပါပြီ။ ပြုပြင်ပြောင်းလဲရေးလည်း မလုပ်နိုင်၊ ကပ်ကိုလည်း မကျော်လွှားနိုင်၊ ပုံမှန်အနေအထားသစ် new normal လည်း မဖြစ်သေး၊ စည်းစနစ်သစ်လည်း မပေါ်ပေါက်သေးပါ။ ဒီလိုကသောင်းကနင်း ဖြစ်မှုဟာ အနောက်တိုင်း အရင်းရှင်နိုင်ငံတွေမှာ လူထုမငြိမ်မသက်မှုတွေ ပိုပြင်းထန်ပါတယ်။ Occupy Wall Street, Yellow Vest Movement, Black Lives Matter စတဲ့ လူထုတိုက်ပွဲတွေ ပေါ်ပေါက်သလို၊ ဘာသာရေးလူမျိုးရေး လက်ယာစွန်း အကြမ်းဖက်မှုတွေလည်း ထကြွနေပါတယ်။ ဒါပေမဲ့ အာရှပစိဖိတ်ဒေသဟာ နှိုင်းယှဉ်ခြင်းအားဖြင့် တည်ငြိမ်ပြီး စီးပွားရေးဖွံ့ဖြိုးမှု အလျင်မြန်ဆုံးဒေသ ဖြစ်လာပါတယ်။ ကျွန်တော်တို့ဟာ အပြောင်းအလဲမြန်တဲ့ ခေတ်ကာလတရပ်ကို ဖြတ်သန်းနေရတာပါ။ ဗမာပြည်တပြည်တည်း ချွန်ပြီး ပြည်တွင်းစစ်ဖြစ်နေတာတော့ မဟုတ်ဘူး။ အဓိကအားဖြင့် ဗမာပြည်ပြည်တွင်းစစ်က ဘယ်ပြည်ပနိုင်ငံများကြောင့်မှ မဟုတ်ဘူး။ စစ်အစိုးရကတဖက် အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူများကတဖက် ဖြစ်ပွားနေတဲ့ပဋိပက္ခ ရင့်မှည့်ပေါက်ကွဲလာတာပဲ ဖြစ်တယ်။တနှစ်ကျော်လာပြီ၊ တော်လှန်ရေးအင်အားစုတွေ ကြုံတွေ့နေတာက လက်နက်ခဲယမ်း အခက်အခဲပဲဖြစ်တယ်။ အရင်တုန်းက အင်ဒိုချိုင်းနားစစ်လက်ကျန် လက်နက်တွေဝယ်လို့ ရခဲ့ပေမယ့် အခုအတော်ရှားနေပြီ။ ဘယ်နိုင်ငံကမှ လက်နက်ကိုင်တိုက်ပွဲကို အားမပေးဘူး။ စစ်အုပ်စုနဲ့ ပြည်သူ one by one တယောက်ချင်းချဖို့ပဲ။ ဘေးပယောဂမပါနဲ့။ ဘာကြောက်စရာရှိသလဲ။ ဒါပေမဲ့ အထက်မှာ တင်ပြခဲ့သလို ကမ္ဘာကြီးဟာ မတည်ငြိမ်ဘူး၊ အပြောင်းအလဲများတယ်၊ တခုနဲ့တခုဆက်စပ်နေတယ်၊ တချို့အပူကွက်နေရာတွေမှာ ထိပ်တိုက်တိုးမှု ပြင်းထန်တယ်။ အဲဒီကြားထဲကနေပဲ ဗမာပြည်နွေဦးတော်လှန်ရေး ပေါ်ပေါက်လာတယ်။စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆိုတဲ့အတွေးအခေါ် လူထုထဲ ဆက်လက်ခိုင်မာနေဖို့လိုတယ်။AS ကို အနောက်ဆရာကြီးများက မကြိုက်ကြဘူး။ NUG ကိုလည်း တရုတ်ဆန့်ကျင်ရေး ဗြောင် မလုပ်ဘဲ ဆွေမျိုးပေါက်ဖော်မူ ကိုင်ထားတာကို မကြိုက်ဘူး။ ယူကရိန်းလို ဖြစ်စေချင်တယ်။ စကစက ခေါင်းမာဆဲ၊ လူထုကလည်း AS အတွေးအခေါ် ခိုင်မာဆဲဖြစ်လို့ နိုင်ငံတကာက စောင့်ကြည့်နေတာပါ။ အဖွဲ့အစည်းများအနေနဲ့ လွယ်လွယ်အောင်ပွဲရမယ်ထင်ပြီး ငါ့ဘက်က အနောက်အုပ်စု ရှိတယ်ဆိုပြီး အားကိုးမမှားကြဖို့လိုပါတယ်။ ဒါ့အပြင် အနောက်အုပ်စုအကြိုက် လက်နက်ကိုင်တော်လှန်ရေးကို ဆန့်ကျင်ရေး၊ ပြည်သူဆန့်ကျင်ရေး၊ ကွန်မြူနစ်ဆန့်ကျင်ရေးတွေ မလုပ်ကြဖို့ကိုလည်း သတိပြုစေချင်ပါတယ်။ CPB ရဲ့ နိုင်ငံရေးအဆင့်နေရာက သူများပေးမှ ရတာမဟုတ်ဘူး။ ဘယ်အခြေအနေမှာ ဖြစ်ဖြစ် ကွန်မြူနစ်များအနေနဲ့ ပါတီ တော်လှန်ရေးနဲ့လူထုကို ယုံကြည်မှု စွန့်လွှတ်ကြမှာ မဟုတ်တာကတော့ သေချာတယ်၊ ဆန္ဒစွဲကင်း၊ ဂိုဏ်းဂနကင်းပြီး အမှီအခိုကင်းစွာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး လမ်းကြောင်းအတိုင်း မဆုတ်မနစ်၊ ခိုင်ခိုင်ကျည်ကျည် ချီတက်သွားကြပါလိမ့်မယ်။တော်လှန်ရေးဆိုတာ ပန်းခင်းလမ်းမဟုတ်ဘူး။ အခက်အခဲကို တစည်တလုံးတည်းကျော်လွှားကာ အောင်ပွဲအရယူကြပါစို့။ မြစမ်းအေး (၁၁ မတ် ၂၀၂၂)

Leave a Reply

Your email address will not be published. Required fields are marked *