“တော်လှန်တဲ့အကောင်းမြင်ဝါဒ ကိုင်စွဲကြ”

By | July 18, 2024

“တော်လှန်တဲ့အကောင်းမြင်ဝါဒ ကိုင်စွဲကြ”

အခက်အခဲနဲ့ကြုံတွေ့ရတဲ့အခါမှာ..အောင်မြင်ချက်ကိုလှမ်းမြင်နိုင်တာ….သိပ်သည်းတဲ့အမှောင်ထုထဲကျရောက်နေရချိန်မှာ..တောက်ပတဲ့အလင်းရောင်ကိုတွေ့အောင်ရှာနိုင်တာ….

ပြင်းထန်တဲ့စိန်ခေါ်ချက်တွေနဲ့ရင်ဆိုင်ရချိန်မှာ…ဖောက်ထွက်ဖို့အခွင့်အလမ်းကို ညွှန်ပြနိုင်တာ….

ဒါတွေဟာ တော်လှန်တဲ့အကောင်းမြင်ဝါဒရဲ့  အတွင်းသဘောတွေပဲဖြစ်ပါတယ်။

တော်လှန်ရေးဟာ ဖိနှိပ်သွေးစုပ်တဲ့စနစ်ဟောင်းကိုဖြိုချတာဖြစ်လို့ လူ့သမိုင်းမှာအကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံးအရေးတော်ပုံကြီးဖြစ် ပါတယ်။ ဖေါက်ပြန်တဲ့ဖိနှိပ်သူလူတန်းစားကလည်း ခေါင်းမာမာနဲ့ မီးကုန်ယမ်းကုန်ခုခံမှာဖြစ်လို့ ပြင်းထန်သည်းသန်တဲ့ ရန်ငါပဋိပက္ခတိုက်ပွဲအတွင်းမှာ မိမိဖက်ကလည်း ကြီးမားတဲ့ပေးဆပ်ရမှုတွေ စွန့်လွှတ်ရတာတွေ မုချရှိပေလိမ့်မယ်။ ကြိုတင်မျှော်လင့်မထားတဲ့ ဆုံးရှုံးမှုတွေ တွေ့ကြုံရနိုင်တယ်။ အတက်အဆင်းအကွေ့အကောက်တွေများတဲ့ ရေရှည်ခရီးကြမ်း ဖြစ်လို့ သားစဉ်မြေးဆက် တဗိုလ်ကျတဗိုလ်တက် တိုက်ပွဲဆင်သွားကြရမှာဖြစ်တယ်။ 

တော်လှန်ရေးခရီးကြမ်းကြီးမှာ တည်တည်ငြိမ်ငြိမ် ကြံ့ကြံ့ခိုင်ခိုင်နဲ့ နောက်ဆုံးအောင်ပွဲရတဲ့အထိ ချီတက်သွားနိုင်ဖို့ မလွဲသာမရှောင်သာ ရင်ဆိုင်ရမယ့်စိန်ခေါ်ချက်တွေကို တော်လှန်တဲ့ အကောင်းမြင်ဝါဒနဲ့ ကျော်လွှားသွားကြရမှာဖြစ်တယ်။

(၁)  တော်လှန်တဲ့အကောင်းမြင်ဝါဒကို ကိုင်စွဲဖို့အတွက်ဘာတွေလိုအပ်သလဲ…….

၁။  ခိုင်မာပြတ်သားတဲ့သန္နိဋ္ဌာန်နဲ့ပိုင်းဖြတ်ချက်ရှိရမယ်။ တော်လှန်ရေးအတွက် အရာရာကို စွန့်လွှတ်မယ်ဆိုတဲ့ပိုင်းဖြတ်ချက်ရှိရမယ်။

၂။ ပါတီစိတ်ဓာတ်ခိုင်မာရမယ်။ ပါတီဗဟိုဝန်းရံရေးစိတ်ဓာတ်နဲ့အတူ ပါတီရဲ့အနာဂတ်ကို လေးလေးနက်နက် ယုံကြည်ရမယ်။ ပါတီကိုယုံကြည်ရမယ်။ ပြည်သူကိုယုံကြည်ရမယ်။ အရင်းခံမူနှစ်ရပ်ကိုယုံကြည်မှုမှတဆင့်  တော်လှန်ရေးကိုယုံကြည်မှာဖြစ်တယ်။

၃။ မာ့ကစ်ဝါဒအဘိဓမ္မာကို လမ်းညွှန်သဘောတရားအဖြစ်ကိုင်စွဲရမယ်။ အနုပဋိလောမရုပ်ဝါဒ သမိုင်းရေးရုပ်ဝါဒတို့နဲ့ ပြဿနာအရပ်ရပ်ကို ချဉ်းကပ်အဖြေရှာရမယ်။ (ဆိုလိုတာက လက်တွေ့က အစချီတာ၊ဘက်ပေါင်းစုံကြည့်မြင်တာ၊ ဆန္ဒစွဲကင်းတာ၊ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို သတိထားတာ၊ တော်လှန်ပြောင်းလဲနေတဲ့အတွင်းသဘောနဲ့ကြည့်တာ၊ အရေအတွက်ပြောင်းလဲခြင်းနဲ့ အရည်အချင်း ပြောင်းလဲမှု၊ ဆန့်ကျင်ဘက်တွေရဲ့ ဒွန်တွဲနေမှုနဲ့အတိုက်အခံဖြစ်မှုမှတဆင့် တိုးတက်ဖြစ်ထွန်းလာမှု စတဲ့အချက်တွေကိုအလေးထားပြီး စဉ်းစားတွေးခေါ် ဖို့ဖြစ်ပါတယ်) ချုပ်ပြောရရင် တွေးခေါ်ရာမှာ (ရပ်တည်မှု အမြင် နည်းနာ)ဆိုတဲ့ သော့ချက်သုံးရပ်ကို ကိုင်စွဲသွားကြရမှာဖြစ်တယ်။ 

၃၊ မာ့က်စ်ဝါဒအဘိဓမ္မာကို လမ်းညွှန်သဘောတရားအဖြစ်ကိုင်စွဲရမယ်။ အနုပဋိလောမရုပ်ဝါဒ သမိုင်းရေးရုပ်ဝါဒတို့နဲ့ ပြဿနာအရပ်ရပ်ကိုချဉ်းကပ်အဖြေရှာရမယ်။

(၂) တဖက်သတ်အကောင်းမြင်မှုဆိုတဲ့အမှား မဖြစ်အောင်လည်း သတိထားရမယ်။ ဒီမှားယွင်းတဲ့ တွေးခေါ်နည်းရဲ့ဇစ်မြစ်က ဆန္ဒစွဲကျမှု  တဖက်သတ်ကြည့်မြင်မှုတို့ပဲဖြစ်တယ်။ ပြဿနာကို ကြည့်မြင်ရာမှာ ကောင်းတဲ့ဖက်တွေကိုချည်းပဲမြင်ပြီး သုံးသပ်တာ၊ အကောင်းနဲ့အဆိုး ဒွန်တွဲ နေတယ်ဆိုတာကို လျစ်လျူရှုတာတွေကြောင့်လက်တွေ့ဘဝနဲ့ကင်းကွာပြီး   အကဲဖြတ်ချက်တွေ တလွဲတချော်ဖြစ်ပြီး၊ လက်တွေ့ကျင့်သုံးရာမှာ  လက်ဝဲအမှားတွေကျူးလွန်မိပြီး ဆုံးရှုံးမှုတွေနဲ့ကြုံ တွေ့ရ တယ်။

(၃) အဆိုးမြင်ဝါဒကို ပြတ်ပြတ်သားသားဆန့်ကျင်ရမယ်။ အဆိုးမြင်ဝါဒရဲ့အဓိက အတွေးအခေါ် ဇစ်မြစ်ကတော့ ခိုင်မာပြတ်သားတဲ့ သန္နိဋ္ဌာန်နဲ့ပိုင်းဖြတ်ချက်မရှိတဲ့ ဓနရှင်ကိုယ်ကျိုးကြည့် အတွေးအခေါ်ဖြစ်တယ်။ ဒီကတဆင့် ပါတီစိတ်ဓာတ်မရှိတာ ပါတီနဲ့တော်လှန်ရေးရဲအနာဂတ်ကို ယုံကြည်မှုကင်းမဲ့လာပြီးတော်လှန်ရေးနဲ့ဆန့်ကျင်ဘက်ကို ရောက်သွားကြတယ်။ 

အဆိုးမြင်ဝါဒသမားတွေဟာ ပြဿနာတွေကို ဘက်ပေါင်းစုံမကြည့်ဘဲ အဆိုးဘက် ဒါမှမဟုတ် မိမိအတွက်ချည့်နဲ့ချက်ကိုပဲ တဖက်သတ်ကြည့်တယ်။ အဆိုးတွေကို အကောင်းဘက်ရောက်အောင် တော်လှန်ပြောင်းလဲတဲ့အမြင် မစိုက်ထူနိုင်ဘူး။ စွန့်လွှတ်ရမယ် စွန့်စားရမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်လည်းမရှိကြတော့ နောက်ဆုံး အရှုံးပေးရေးဘက်ကိုပဲဦးတည်သွားပြီး ပါတီနဲ့ ကင်းကွာသွားကြတယ်။ ပါတီနဲ့တော်လှန်ရေးရဲ့သမိုင်းထဲက အလှည့်အပြောင်းကာလတချို့မှာ ဒီလို အဆိုးမြင်ဝါဒသမားတွေရဲ့ ပါတီဆန့်ကျင်တဲ့လုပ်ရပ်တွေ ရှိခဲ့ဖူးတယ်။

(၄) ပါတီရဲ့ သမိုင်းကို  တော်လှန်တဲ့အကောင်းမြင်ဝါဒနဲ့ ဘယ်လိုကြည့်မြင်မလဲ။

ပါတီဟာ ဗမာပြည်ပစ္စည်းမဲ့လူတန်းစားရဲလှုပ်ရှားမှုနဲ့ တော်လှန်တဲ့အဘိဓမ္မာဖြစ်တဲ့ မာ့ကစ်ဝါဒတို့ ပေါင်းစပ်မှုမှမွေးဖွားလာတဲ့ သမိုင်းရဲ့ ရတနာဖြစ်တယ်။ သမိုင်းဖြစ်ပေါ်တိုးမှု မုချတရားအရ ပေါ်ပေါက်လာတဲ့နိုင်ငံရေးအဖွဲအစည်းဖြစ်တယ်။ (လူတဦးတယောက် ဒါမှမဟုတ် လူတချို့ရဲ့ စိတ်ကူးကြောင့်၊ တီထွင်ဖန်တီးမှုကြောင့်ရှောင်တခင် ပေါ်လာတာလုံးဝမဟုတ်ဘူး။  ဗမာပြည်လူ့အဖွဲ့အစည်းရဲ့လိုအပ်ချက်အရ ပေါ်လာတာဖြစ်တယ်ဆိုတဲ့အချက်တွေကိုမြင်ရမယ်။

ပါတီဟာ ဗမာပြည်ပစ္စည်းမဲ့လူတန်းစားရဲ့တပ်ဦးဖြစ်တယ်။ မာ့က်စ်ဝါဒ လီနင်ဝါဒ မော်စီတုန်း အတွေးအခေါ်ကို လမ်းညွှန်သဘောတရားအဖြစ်ကိုင်စွဲတယ်။ ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုကို သံမဏိ စည်းရုံးရေးစည်းကမ်းအဖြစ် တင်းတင်းကျပ်ကျပ်လိုက်နာဖို့ သတ်မှတ်ထားတယ်။ ပြည်သူ့အကျိုးကို ထာဝရဦးထိပ်ထားတယ်။ ဦးတည်ရန်သူ ဘယ်တော့မှမပျောက်ခဲ့ဘူးဆိုတဲ့အချက်တွေကိုမြင်ရမယ်။

ပါတီနဲ့တော်လှန်ရေးရဲ့သမိုင်းမှာ အတက်အကျတွေ အကွေ့အကောက်တွေရှိခဲ့ပေမယ့် သမိုင်းက ပေးအပ်လာတဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ သမိုင်းအစဉ်အလာကြီးမားတဲ့ပါတီ ဖြစ်တယ်။ ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရးတိုက်ပွဲနဲ့ ပြည်တွင်းက ဖေါက်ပြန်တဲ့အစိုးရအဆက်ဆက်ကို တော်လှန်ခုခံတဲ့တိုက်ပွဲတွေဟာ ပါတီကစိုက်ထူခဲ့တဲ့ သမိုင်းမှတ်တိုင်တွေပဲဖြစ်တယ်။ ပါတီသမိုင်းမှာ လမ်းစဉ်အမှားတချို့ ချမှတ်ကျင့်သုံးခဲ့လို့ တော်လှန်ရေးအတွက် ထိခိုက်ဆုံးရှုံးရတာတွေရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပါတီအနေနဲ့ အမှားကို မြင်နိုင်အောင်ကြိုးစားပြီး ပြုပြင်ခဲ့တယ်ဆိုတဲ့အချက်တွေကိုမြင်ရမယ်။ အဆိုးမြင်သမားတွေက ပါတီရဲသမိုင်းကို အမှားတွေရဲ့သမိုင်းအဖြစ်သမုတ်တယ်။ (တော်လှန်တဲ့အကောင်းမြင်ဝါဒ ကတော့ ပါတီသမိုင်းဟာ အမှားနဲ့အမှန်ရဲ့တိုက်ပွဲသမိုင်း၊ အမှန်က အမှားကို တိုက်ခိုက် အောင်မြင်ခဲ့တဲ့ သမိုင်းအဖြစ်သဘောထားပါတယ်။) 

(၅) အဆိုးဆုံးအခြေအနေကို တော်လှန်တဲ့အကောင်းမြင်ဝါဒနဲ့ကျော်ဖြတ်ပြီး  ပြန်လည်ရှင်သန်ခဲ့တဲ့ ပါတီသမိုင်းထဲကမှတ်တိုင်တခု။

၁၉၈၉ခုနှစ်ကကြုံတွေ့ခဲ့ရတဲ့ ပါတီတွင်းပုန်ကန်မှုအရေးအခင်းဟာ ပါတီသမိုင်းမှာအကြီးမားဆုံးနဲ့ အနက်ရှိုင်းဆုံး အထိနာမှုကြီးဖြစ်ပါတယ်။ သေလောက်တဲ့ဒါဏ်ရာလို့ တချို့က မှတ်ချက် ပေးကြပါတယ်။ တပ်ရဲ့အဓိကခေါင်းဆောင်တွေက ဦးဆောင်ပြီးပုန်ကန်တာဖြစ်လို့ ပါတီဗဟိုဟာ တပ်မရှိ ဒေသမရှိတော့တဲ့ဘဝရောက်ခဲ့ရတယ်။ 

အရင်းလဲတော့အဖျားထင်းဖြစ်ဆိုသလို အစွန်အဖျားဒေသရှိ မိမိအင်အားတွေလည်း ဖရိုဖရဲဖြစ်ပြီး ပျက်သုဉ်းသွားကြတယ်။ ဗဟိုခေါင်းဆောင်တချို့နဲ့ ပါတီစိတ်ဓါတ်ခိုင်မာတဲ့ လူငယ်ရဲဘော် အနည်းစုသာကျန်တော့တဲ့လက်တွေ့အခြေအနေမှာ ပါတီဟာဆက်လက်ရှင်သန်ရေး၊ ပါတီအလံ မလှဲရေးအတွက် သေရေးရှင်ရေးတမျှအရေးကြီးတဲ့စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။

အဲ့ဒီကာလ နိုင်ငံတကာအခင်းအကျင်းမှာတော့ စစ်အေးခေတ်ကုန်ဆုံးတာနဲ့တချိန်ထည်း အမေရိကန်နယ်ချဲ့ရဲ့ ကမ္ဘာတခုလုံးလက်ဝါးကြီးအုပ်ချုပ်ကိုင်ရေး ဗိုလ်ကျစိုးမိုးရေးခြေလှမ်း တွေနဲ့အတူ (အမေရိကကိုဗဟိုပြုတဲ့ဝင်ရိုးတခုတည်းကမ္ဘာ) ဆိုတဲ့အသံက ကျယ်လောင်လာတယ်။ လက်တံတွေရှည်လာတယ်။ ပိုပြီး လက်ရဲဇက်ရဲလုပ်လာတယ်။

ဆိုဗီယက်ယူနီယံကျရှုံးပြိုကွဲသွားတာ ဆိုရှယ်လစ်နိုင်ငံတွေ အသွေးအရောင် ပြောင်းသွား ကြတာတွေကြောင့် ဆိုရှယ်လစ်စနစ် ပျက်သုဉ်းသွားပြီ။ ကွန်မြူနစ်ဝါဒ ပြိုလဲသွားပြီ၊ အရင်းရှင်ဝါဒက အောင်ပွဲခံလိုက်ပြီ။ သမိုင်းနိဂုံးချုပ်သွားပြီဆိုတဲ့သဘောတရားကို အကျယ်အပြန့် ဝါဒဖြန့် လာကြတယ်။ ဒီဂယက်တွေဟာ ပြည်တွင်းမှာလည်းထိုးဝင် ရိုက်ခတ်လာတယ်။

ပြည်တွင်းအခြေအနေမှာတော့ ပါတီရဲ့အတ္တဘာဝအင်အားဟာ အတော်ချည့်နဲ့သွားပြီး။ လက်တွေ့အရ တစ်ကပြန်စရမဲ့ဘဝ။ ယခင်က လက်တွဲခဲ့တဲ့မဟာမိတ်ဆိုသူများ တချို့လည်း သူစိမ်းဆန်ကုန်ကြပြီဖြစ်တယ်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ လစ်ဘရယ်နိုင်ငံရေးအင်အားစုတွေက စင်ပေါ် ရောက်နေကြတယ်။ ဒါပေမယ့် နိုင်ငံရေးသန္ဓေမမှန်တော့ လူထုကို လမ်းမှန်မပြနိုင်ဘူး။ မှန်ကန်တဲ့ တိုက်ပွဲလမ်းကြောင်းကို မပြနိုင်ဘူး။ ရန်ငါမပြတ်ဘူး။ လူထုကို ရန်သူနဲ့ စေ့စပ်ရေးလမ်းကိုပဲ ဆွဲခေါ်နေတယ်။ 

စေ့စပ်ရေးအတွေးအခေါ် အလုပ်မဖြစ်တာ ရှင်းနေပါတယ်။ ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲက စလို့ ဒီမိုကရေစီတိုက်ပွဲအဆက်ဆက် နယ်ချဲ့ပေါင်းစုံပေါ် မှီခိုရပ်တည်ကြီးထွားလာတဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်)ကို အမြစ်ပြတ်အောင် မတိုက်နိုင်ရင် ဗမာပြည်အနာဂတ် ထွန်းပြောင်နိုင်မှာမဟုတ်ပါ။

လူထုကတော့ စစ်ဗျူရိုကရက်အရင်းရှင်စနစ်ရဲ့ ဖိနှိပ်သွေးစုပ်မှု၊ စစ်အာဏာရှင်စနစ်ရဲ့ ရက်ရက်စက်စက်ဖိနှိပ် မီးရှို့သတ်ဖြတ်မှုတွေကြောင့် ဆင်းရဲတွင်းနက်သည်ထက်နက်လာနေတယ်။ လက်တွေ့ဘဝအရ ရန်သူအပေါ်ပြတ်သားတယ်။ နိုင်ငံရေးနိုးကြားမှုရေချိန်မြင့်ပြီး အုံကြွပေါက်ကွဲဖို့ ဦးတည်နေတယ်။ လူနည်းစုအမျိုးသားတွေရဲ့လက်နက်ကိုင်တော်လှန်ပုန်ကန်မှုတွေလည်း ပိုပြီး ပြင်းထန်ကျယ်ပြန့်လာတယ်။

ရန်သူကတော့ ရွေးကောက်ပွဲအတုနဲ့ နိုင်ငံရေးလှည်ဖြားတာကို တဖက်ကလုပ်ရင်း တဖက်ကလည်း ပြည်တွင်းစစ်အရှိန်တိုးချဲ့နေတယ်။

ဒီလိုကြီးမားတဲ့အခက်အခဲတွေ၊ သည်းသန်ပြင်းထန်တဲ့စိန်ခေါ်ချက်တွေနဲ့ရင်ဆိုင်ရချိန်မှာ ပါတီအနေနဲ့ တည်တည်ငြိမ်ငြိမ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ရှေ့ဆက်နိုင်ဖို့အတွက် မြေအောက်စည်းရုံးရေးသဏ္ဌာန်နဲ့ ဆက်သွားဖို့ ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်တယ်။ လက်တွေ့ဘဝကို ဆန္ဒစွဲကင်းစွာရှုမြင်ပြီး ဘက်ပေါင်းစုံပြဿနာတွေကို တော်လှန်တဲ့အကောင်းမြင်ဝါဒနဲ့နဲ့ ခွဲခြမ်းစိတ်ဖြာပြီး ရှေ့လုပ်ငန်းတွေ ချပါတယ်။ 

ဆိုရှယ်လစ်နိုင်ငံတချို့ရဲ့ကျရှုံးမှုဟာ ဆိုရှယ်လစ်အရေးတော်ပုံ ယာယီနောက်ဆုတ်ရတာသာ ဖြစ်တယ်။ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေရဲ့ အမှားတွေကသာ အဓိကအကြောင်းရင်းဖြစ်တယ်။ မာ့က်စ်ဝါတကျော့ပြန်လာမှာမုချဖြစ်တယ်လို့ အခိုင်အမာယုံကြည်ခဲ့တယ်။

၁၉၉၂-ခုနှစ်မှာ ၈၉-ခုနှစ်ပါတီရဲ့ဆုံးရှုံးမှုကြီးနဲ့ပါတ်သက်ပြီး လေးလေးနက်နက် ဝေဖန်ဆွေးနွေးတာ နိဂုံးချုပ်တာလုပ်ပါတယ်။ နိဂုံးချုပ်ချက်ကို ၁၉၉၃ ခုနှစ်မှာပါတီဗဟိုက တရားဝင်ထုတ်ပြန်ပါတယ်။

၁၉၉၄-ခုနှစ်မှာ  ပါတီရဲ့ခေါင်းဆောင်မှုအဖွဲ့ကို လက်တွေ့ဘဝနဲ့လျော်ညီတဲ့ စည်းရုံးဖွဲ့စည်းမှု လုပ်ပါတယ်။ ရဲဘော်ကြင်မောင် ခေါင်းဆောင်ပြီး မျိုးဆက်သစ်လူငယ်များနဲ့အားဖြည့်ကာ ဗဟိုစည်းရုံးရေးကော်မတီ(COC) ကို ပါတီဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်း ပုဒ်မ(၃၃)အရ ဖွဲ့ပါတယ်။

ရေရှည်မြှုပ်နှံ အခွင့်အခါကောင်းစောင့်ဆိုတဲ့ ယူဂျီလမ်းညွှန်အတိုင်းဆက်သွားပြီး လူထုရဲ့နိုင်ငံရေး လှုပ်ရှားမှုအတွင်းမှာ နက်နက်ရှိုင်းရှိုင်းဝင်ရောက်ကာ နည်းသဏ္ဌာန်မျိုးစုံနဲ့စည်းရုံးလှုပ်ရှားသွားဖို့ ဆုံးဖြတ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး (AS) ကရှံးသွားပြီဖြစ်ပေမယ့် ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး (PDR )ကတော့ဆက်ရှိ နေမှာဖြစ်ပါတယ်။

ရန်သူကလက်နက်နဲ့ဖိနှိပ်နေသမျှ..လူထုကလက်နက်နဲ့ခုခံတာတရားတယ်ဆိုတဲ့ ရပ်တည်မှုကို မြဲမြဲကိုင်စွဲထားပြီး လူမျိုးပေါင်းစုံပြည်သူတွေရဲ့ တရားတဲ့လက်နက်ကိုင်တော်လှန်ခုခံမှုကို ထောက်ခံသွားမှာဖြစ်တယ်။ မိမိအဖွဲ့အစည်းရဲ့ အတ္တဘာဝအခြေအနေအရ ယူဂျီစည်းရုံးရေး သဏ္ဌာန်နဲ့လှုပ်ရှားနေရပေမယ့် အခွင့်အလမ်းပေါ်လာတဲ့အချိန်မှာ AS ပြန်ဖော်နိုင်ဖို့ လိုအပ်တဲ့ စည်းရုံးပြင်ဆင်မှုတွေလုပ်သွားဖို့ ရှေ့လုပ်ငန်းချမှတ်ထားခဲ့တယ်။

ဗမာပြည်ရဲ့ပထဝီနိုင်ငံရေး နဲ့ မိမိတိုင်းပြည်ရဲ့ ပကတိအခြေအနေရဲ့လက်တွေ့ဘဝအရ ပြည်ချစ်ဝါဒ လမ်းစဉ်ကို ချပါတယ်။ ဒါဟာ မိမိတို့ရဲ့အတ္တဘာဝအခြေအနေအရ ကိုယ်ထူးကိုယ်ချွန် ချမှတ်လိုက်တဲ့ အမှီခိုကင်းတဲ့လမ်းစဉ်ဖြစ်ပါတယ်။

ချုပ်ရင် ၁၉၈၉-ခုနှစ်က ကြီးမားတဲ့ထိခိုက်ဆုံးရှုံးမှုကြောင့် လဲကျမသွားဘဲ ပြန်လည်ရှင်သန် လာနိုင်တာဟာ ပါတီစိတ်ဓာတ်မြင့်မားတဲ့ရဲဘော်တွေရဲ့ ပါတီဗဟိုဝန်းရံရေးစိတ်ဓာတ်ကြောင့် ဖြစ်သလို အခက်အခဲတွေကြားကအောင်မြင်ချက် အလင်းရောင်ကိုတွေ့အောင်ရှာခဲ့တဲ့ ပါတီဗဟိုရဲ့  တော်လှန်တဲ့အကောင်းမြင်ဝါဒကြောင့်ဖြစ်ပါတယ်။

(၆) မျက်မှောက်အခြေအနေနဲ့ တော်လှန်တဲ့အကောင်းမြင်ဝါဒ။

ဗမာပြည်ရဲ့မျက်မှောက်အခြေအနေကိုကြည့်ရင် ကြီးမားတဲ့အခက်အခဲတွေနဲ့ စိန်ခေါ်ချက်တွေရှိသလို အခွင့်အလမ်းနဲ့အောင်မြင်ချက် အလားအလာတွေလည်း ဒွန်တွဲတည်ရှိနေပါတယ်။ အခြေအနေက အလွန်ကျယ်ပြန့် ရှုပ်ထွေးနက်ရှိုင်းပါတယ်။ ဒါကြောင့် ပကတိအခြေအနေကို ဆန္ဒစွဲကင်းစွာနဲ့ လက်ခံပြီး တော်လှန်တဲ့အကောင်းမြင်ဝါဒနဲ့ သေသေချာချာ သုံးသပ်ဝေဖန်အဖြေရှာဖို့လိုပါတယ်။

ရန်သူ(စစ်အာဏာရှင်စနစ်)ဟာ  တခုလုံးအနေအထားနဲ့ကြည့်ရင် ဓနအင်အား၊ စစ်တပ်(လူ-လက်နက်)အင်အားကြီးတယ်၊ ဒါပေမဲ့ သူဟာ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ဆိုးကို ကိုယ်စားပြုပြီး ဖိနှိပ်နေတဲ့အစိုးရဖြစ်လို့ လူမျိုးပေါင်းစုံပြည်သူလူထုကြီးတရပ်လုံးရဲ့ အုံကြွဆန့်ကျင်မှုကိုခံနေရတဲ့ ဖောက်ပြန်တဲ့အစိုးရဖြစ်တယ်။ ဆုတ်ယုတ်နေတဲ့ရုပ်သဏ္ဌာန် ဖြစ်တယ်။ ဒါကြောင့် ရန်သူကိုစက္ကူကျားအဖြစ် သဘောထားရမယ်။ မိမိတို့ဖက်မှာတော့  လက်ရှိမှာ အင်အား နည်းနေပေမယ့် အဖိနှိပ်ခံပြည်သူလူထုကြီးတရပ်လုံးရဲ့ အားပေးထောက်ခံမှုကို ရရှိထားပြီး မှန်ကန်တဲ့နိုင်ငံရေးအတွေးခေါ်လမ်းညွှန်မှုနဲ့ တော်လှန်စစ်ပွဲဆင်နွှဲနေတဲ့တပ်ဖွဲဖြစ်လို့ တိုးတက်နေတဲ့ အင်အားစုအဖြစ်မြင်ရမယ်။ ၂၀၂၁-ခုနှစ် ဖော်ဖေါ်ဝါရီလကစတင်ခဲ့တဲ့ နိုင်ငံရေးဒီရေမြင့်ကြီးနဲ့အတူ တပြည်လုံးအနှံ့အပြား အုံကြွပေါက်ကွဲလာနေတဲ့လူထုရဲ့လက်နက်ကိုင်ပုန်ကန်မှု အရေးတော်ပုံကြီးက တော်လှန်ရေးရဲ့အောင်ပွဲအတွက် အာမခံချက်ပဲဖြစ်ပါတယ်။ ဒါကတော့ မျက်မှောက်တော်လှန်ရေးအပေါ် တော်လှန်တဲ့အကောင်းမြင်ဝါဒနဲ့ ရှုမြင်ချက်ပဲဖြစ်ပါတယ်။

ချုပ်ရင် ပကတိဘာဝအချက်အလက်တွေကို ဆန္ဒစွဲကင်းစွာနဲ့လက်ခံပြီး တော်လှန်ပြောင်းလဲတဲ့ အမြင်နဲ့ချဉ်းကပ်တာဟာ တော်လှန်တဲ့အကောင်းမြင်ဝါဒရဲ့ အတွင်းသဘောပဲဖြစ်ပါတယ်။ ရှေ့မှာ အခက်အခဲတွေနဲ့ စိန်ခေါ်ချက်တွေများစွာ ရှိနေဆဲဖြစ်ပါတယ်။ အခက်အခဲနဲ့အောင်ပွဲဟာ အမွှာညီနောင်ဖြစ်ပါတယ်။ အောင်ပွဲနီးလေ အခက်အခဲကြီးလေ၊ သွေးပိုထွက်လေ အသက်ပိုစွန့်ရလေ ဖြစ်ပါတယ်။ သန္နိဋ္ဌာန်ချ၊ အခက်အခဲကိုကျော်လွှား၊ တိုက်ပွဲဝင်၊ အောင်ပွဲအရယူဆိုတဲ့ လမ်းကြောင်းအတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်သွားကြရမှာဖြစ်ပါတယ်။

ငြိမ်းမောင်ဦး (၄-၇-၂၀၂၄)

Leave a Reply

Your email address will not be published. Required fields are marked *