စစ်အာဏာရှင်တွေမျက်လှည့်ပြဖို့ပြင်နေပြန်ပြီ

By | April 26, 2022

စစ်အာဏာရှင်တွေမျက်လှည့်ပြဖို့ပြင်နေပြန်ပြီ (ရဲဘော်ဖိုးသံချောင်း) ပြီးခဲ့တဲ့ဧပြီလ ၂၂ရက်နေ့က ဗိုလ်မင်းအောင်လှိုင်က မြဝတီရုပ်သံလွှင့်ရာကနေပြီး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့မယ်၊ EAO ခေါင်းဆောင်တွေကို သူကိုယ်တိုင်လက်ခံ တွေ့မယ်၊ ဆွေးနွေးပြောဆိုချင်တယ်လို့ ကြေညာသွားပါတယ်။ အမှန်ပါပဲ။ သူ့ရဲ့ပြောစကားနဲ့လုပ်ရပ်ကြောင့် ဗမာပြည်နိုင်ငံရေးနယ်ပယ်မှာအတော် လှုပ်ရှားသွားပါတယ်။ “သို့လော၊ သို့လော”ပေါင်းများစွာ ပေါ်ထွက်လာပါတယ်။ သူပြောတာနဲ့တပြိုင်တည်းလိုလို ဒီတိုင်းပြည်အတွင်းမှာမြည်ဟည်း-ကြားနေရတာကတော့ တောင်ပေါ်နဲ့ မြေပြန့် မကျန် အနယ်နယ်အရပ်ရပ်က သေနတ်သံ၊ ဗုံးသံတွေပါပဲ။ နောက်ပြီး ပြည်သူလူထု တွေရဲ့ အော်ဟစ်ငိုမြည်သံနဲ့ တက်ခေါက်သံတွေပါ။ ဒီလိုအချိန်မျိုးမှာမှ စစ်အာဏာရှင်တွေက လေသံပျော့ပျော့၊ မျက်နှာရဲရဲနဲ့ပြောလာ တော့ တလောလေးကမှသူတို့က ပီဒီအက်ဖ်လိုပုန်ကန်သူတွေကို အပြတ်နှိမ်နင်းမယ်လို့ ကြုံးဝါးခဲ့တာကိုအားလုံးပြန်သတိရမိကြပါတယ်။ ဗိုလ်မင်းအောင်လှိုင်နဲ့တကွ စစ်အုပ်စုဝင်တွေရဲ့ ဒီလိုလုပ်ရပ်နဲ့စကားတွေကိုနားလည်ဖို့ဆိုရင် သူတို့ပြောသမျှကြေညာသမျှနဲ့ နားလည်ယူလို့မဖြစ်ဘူးဆိုတာ ဗမာပြည်နိုင်ငံရေး အကြောင်းသိတဲ့လူတိုင်းသဘောပေါက်ကြပါတယ်။ အခုအခါမှာ သင်းတို့တတွေ စစ်ရေး အရ နယ်စပ်မှာရော မြေပြန့်မှာပါ အထိနာနေ၊ သူတို့ရဲ့တပ်သားနဲ့အဆင့်အသီးသီးဗိုလ်တွေ CDM လုပ်တာတွေနဲ့ဆက်စပ်စဉ်းစားရမှာပါ။ ဗမာပြည်သားတွေကတော့ စစ်အုပ်စုထိပ်သီးတွေ ပါးစပ်ဟလိုက်တာနဲ့ အူတွေဘယ်လိုလိမ်ကောက်နေတယ်ဆိုတာကို မြင်ပြီးသားဖြစ်ပါ တယ်။ အခုဒီခြေလှမ်းဟာ သင်းတို့တတွေအားကြီးလို့(သဘောထားကြီးလို့လို့မဆိုပါ) လှမ်း တဲ့ခြေလှမ်းမဟုတ်ဘဲ စိုးရိမ်စရာအခြေအနေတွေနဲ့ ကြုံလာရလို့မရဲတရဲလှမ်းတာလို့ လူ တိုင်းက သိကြပါတယ်။ အခုတခါမှာတော့ ဒီတိုင်းပြည်မှာ နိုင်ငံရေးနားမလည်ဆုံး ဆိုတဲ့လူကတောင်မှ ဒါဟာ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ EAO တွေ ကွဲကုန်အောင်သပ်လျှို တာပဲဆိုတာကို တန်းမြင်ကြပါတယ်။နိုင်ငံရေးအရ ပြေလည်အောင် ဖြေရှင်းဖို့အစချီကြိုးပမ်းလိုစိတ် နည်းနည်းမှ မပါတာလည်း သိသာပါတယ်။ ၆၂ ခုနှစ်ဗိုလ်နေဝင်းအာဏာသိမ်းချိန်ကစလို့ စစ်အုပ်စုအာဏာသက်တလျှောက်မှာ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ”ဆိုတာတွေ အကြိမ်ကြိမ်ခေါ်ခဲ့ပြီး အကြိမ်တိုင်းမှာသင်းတို့ဘယ် လိုလုပ်ခဲ့၊အမြတ်ထုတ်ခဲ့ကြတယ်ဆိုတာကိုမှတ်မိကြမှာပါ။ ဒီလိုဖိတ်ခေါ်လိုက်ပြီး လက်နက် ကိုင်အတိုက်အခံတွေအကြားမှာ အကွဲအပြဲတွေအမျိုးမျိုးပေါ်လာအောင်လုပ်တာ၊ လက် နက်ချစေတာ၊ ရာထူးအခွင့်အရေးနဲ့ စီးပွားရေးမျိုးစုံ(ရာဇဝတ်မှုမကင်းတာတွေအပါ)လုပ်ခွင့် ပြုပြီးခွဲထုတ်တာ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေအကြား အထက်နဲ့အောက် ပဋိပက္ခတွေ ပေါ်လာစေတာ စတဲ့ ဖြစ်စဉ်တွေကို အလွယ်နဲ့ပြန်စဉ်းစားလို့ရနိုင်ပါတယ်။ ဗိုလ်မင်းအောင်လှိုင်ရဲ့ဖိတ်ခေါ်ချက်နဲ့ မရှေးမနှောင်း၊ ရှေ့ဆင့်နောက်ဆက်ပေါ်ထွက် လာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗမာပြည်ပြည်သူတွေ ညီညွတ်ကြဆိုတဲ့ ဘာ ကိုဆိုလိုမှန်းမသိတဲ့ မိန့်မှာချက်ဖြစ်ပါတယ်။ ဆရာတော်ဦးဝိစာရရဲ့နောက်ဆုံးမှာကြားချက် လို့ဆိုကြတဲ့ “လိမ္မာရစ်ကြပါ”ဆိုတဲ့စကားကိုပြေးသတိရမိပါတယ်။ ဘာကြီးမှန်းကိုမသိရတဲ့ အမှာစကားဆိုတာနဲ့နောက်လူတွေကိုလှည့်စားဖို့ ဖဆပလအစိုးရကဖန်တီးခဲ့တာပါ။ အခုလည်း ဒေါ်စုကိုပါးစပ်ပိတ်နားပိတ်ရုံမက အခန်းတွင်းမှာလှောင်ပိတ်ပြီး စကားပြော ခွင့််မပေး၊ သူ့စကားကိုတဆင့်ထုတ်ပြောရင် ဒုက္ခတွေ့မယ်လို့ရှေ့နေတွေကို ကြိမ်းထားတဲ့ အကြားကပဲ ဘယ်လိုစေတနာတော်နဲ့မှန်းမသိ၊ ဒေါ်စုရဲ့အမှာစကားဆိုတာထွက်လာပါ တယ်။ ဗိုလ်မင်းအောင်လှိုင်းရဲ့ ခြေလှမ်းသစ်လှမ်းတာနဲ့တိုက်ဆိုင်လွန်းပါတယ်။ ဗိုလ်မင်းအောင်လှိုင်တို့လို စစ်အုပ်စုထိပ်သီးတွေဟာ တသွေးတသံတမိန့်နဲ့သူတို့အုပ် ချုပ်ထားတဲ့ စစ်သားတွေကိုသာလိမ်လို့ရမယ်၊ ပြည်တွင်းစစ်ဒဏ်ကို ၇၄ နှစ်မျှ ခံနေရတဲ့ ပြည် သူလူထုကိုတော့လိမ်လို့မရဘူးဆိုတာ သတိချပ်သင့်ပါတယ်။ရဲဘော်ဖိုးသံချောင်း

Leave a Reply

Your email address will not be published. Required fields are marked *