ကျွန်မဆက်၍ရေးချင်သောဖေဖေအကြောင်းများ။ဆောင်းပါးအမှတ်(၄၁)

By | October 26, 2016

ဖေဖေရဲ့ ငြိမ်းချမ်းရေးခရီးစဉ်များ

လှကျော်ဇော

အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ဆောင်းပါး

ဖေဖေရဲ့ပြည်တွင်းမြေပေါ်နိုင်ငံရေးလှုပ်ရှားမှုအဖြစ်လုပ်ဆောင်မှုတွေထဲမှာ အကျော်ကြားဆုံးနဲ့ အထိရောက်ဆုံးလုပ်ငန်းကတော့ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းပါပဲ။ ဖေဖေကိုယ်တိုင်လည်း ဒီလှုပ်ရှားမှုကာလတွေအတွင်း လူရောစိတ်ပါအတော်ပင်ပန်းရပေမယ့် ပျော်တော့ပျော်တယ်လို့ ပြောခဲ့ဖူး ပါတယ်။

ဖေဖေက ၁၉၅၈ ခုနှစ်လောက်က စပြီး ဆရာကြီးမှိုင်းရဲ့-ပြည်တွင်းငြိမ်းချမ်းရေး ရှစ်ဦးကော်မတီနဲ့ပူးပေါင်းပြီး စတင်လှုပ်ရှားပါတယ်။ ဒါပေမဲ့ ၁၉၅၈-အောက်တိုဘာမှာ ဗိုလ်နေဝင်းရဲ့(စစ်အာဏာသိမ်း)အိမ်စောင့်အစိုးရပေါ်ပေါက်လာပြီး လှုပ်ရှားမှုတွေခက်ခဲလာတဲ့အတွက် အဲဒီ ရှစ်ဦး ကော်မတီကိုဖျက်သိမ်းလိုက်ရပါတယ်။ ၁၉၆ဝခုနှစ်-ရွေးကောက်ပွဲများအပြီး ဦးနုရဲ့သန့်ရှင်းအစိုးရတက်လာပြီးမှ ဖေဖေတို့ပြန်ပြီး လှုပ်ရှားနိုင် ပါတော့တယ်။ အဲဒီကာလမှာ ဆရာကြီးမှိုင်း မျက်စိတိမ်ခွဲဖို့ အရှေ့ဂျာမနီကိုသွားခဲ့ရပြီး ပြန်လာတော့လည်း အသက်အရွယ်အရ သိပ်မလှုပ်ရှား နိုင်တော့လို့ ဖေဖေနဲ့ တခြားပုဂ္ဂိုလ်များပဲဒိုင်ခံလုပ်ဆောင်ကြရပါတော့တယ်။

ဝန်ကြီးချုပ်ဦးနုကိုယ်တိုင်လည်း ပြည်တွင်းစစ်ရှည်ကြာလေ-စစ်တပ်ဩဇာကြီးလေ ဖြစ်မှန်းသိလို့ ငြိမ်းချမ်းရေးလုပ်ငန်းဘက် လှည့်လာပါတယ်။ ဦးနုက ပါလီမန်မှာပေးတဲ့ မိန့်ခွန်းမှာ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်အသစ်တွေ ပါလာလို့ ဖေဖေတို့က ဒါကိုအခွင့်ကောင်းယူပြီး ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဒုတိယအကြိမ်အဖြစ်ဖွဲ့ဖို့ ပြင်ဆင်လှုပ်ရှားပါတော့တယ်။

အဲသလိုပြင်ဆင်နေစဉ်မှာပဲ တခြားအမျိုးသားရေးပြဿနာတရပ် ပေါ်လာပါတယ်။ အဲဒါကတော့ တပ်မတော်ရဲ့နောက်တကြိမ် တရုတ်ဖြူ ကျူးကျော်မှုကို တိုက်တဲ့ မဲခေါင်စစ်ဆင်ရေးအတွင်း အမေရိကန်အကူအညီ အထောက်အပံ့များကို သိမ်းဆည်းမိတဲ့ကိစ္စ၊ လေတပ်က လေသူရဲ ဗိုလ်ပီတာကျဆုံးတဲ့ကိစ္စ စတာတွေကြောင့် ပြည်သူလူထုအကြား-အမေရိကန်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာပြီး အမေရိကန် သံရုံးရှေ့ ဆန္ဒပြမှုများလည်း ပေါ်လာပါတယ်။

အဲဒီလူထုလှုပ်ရှားမှုကို အခြေခံပြီး ရန်ကုန်မြို့တွင်းရှိ နိုင်ငံရေးပါတီများ ကျောင်းသား အဖွဲ့အစည်းများဟာ ၁၉၆၁- ဖေဖော်ဝါရီ(၂၇)ရက်နေ့မှာ စုရုံးတိုင်ပင်ဆွေးနွေးကြပြီး “ဗမာပြည်တရုတ်ဖြူ ကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေး အမျိူးသားကော်မတီကြီး” ကိုဖွဲ့စည်းကြပြီး ဖေဖေကို ဥက္ကဋ္ဌ အဖြစ် တင်မြှောက်လိုက်ကြပါတယ်။ အဲဒီအဖွဲ့မှာအလွှာစုံက ပုဂ္ဂိလ်စုံပါဝင်တာဖြစ်လို့ စာရေးဆရာ၊ ဂီတစာဆို၊ သတင်းစာဆရာ၊ အမျိူးသမီး ခေါင်းဆောင်၊ ရှေ့နေ၊ ရဟန်းသံဃာ …. စသဖြင့် အတော့်ကို စုံလင်ပါတယ်။ ဒီလုပ်ငန်းဟာ နယ်ချဲ့ဆန့်ကျင်ရေးအခြေခံဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းအတွက်လည်း အထောက်အကူဖြစ်နေပါတယ်။ အဲဒီအဖွဲ့ရဲ့ရုံးကို ကျွန်မတို့ရဲ့ စမ်းချောင်း ဆီဆုံလမ်း(၃၆)မှာ ထားလိုက်ပါတယ်။

တခါ ၁၉၆၁-မတ်လ(၉)ရက်နေ့မှာ-ပြည်တွင်းငြိမ်းချမ်းရေး-ဒုတိယအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး ဆရာကြီးမှိုင်းကဥက္ကဋ္ဌ-ဖေဖေက ဒုဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ခဲ့ကြပါတယ်။ ဆရာကြီးမှိုင်းဟာ အဲဒီအချိန် အသက်(၈၀) ကျော်ပြီး၊ ကျန်းမာရေးကလည်း အတော်ချူချာလာပြီဖြစ်လို့ အဲဒီပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့ရဲ့ရုံးကိုလည်း ကျွန်မတို့ ဆီဆုံလမ်းအိမ်မှာပဲ ထားလိုက်ပါတော့တယ်။

တကယ်တော့-အဲဒီအဖွဲ့(၂)ဖွဲ့လုံးရဲ့လုပ်ငန်းရပ်ဆိုင်ရာအခြေခံများမှာရော၊ ပါဝင်လုပ်ဆောင်နေကြသူများရော-အတူတူနီးပါးလောက်ရှိနေလို့ နောက်ပိုင်းလှုပ်ရှားမှုများမှာ တဖွဲ့တည်းလိုပဲ သဘောထားပြီးလှုပ်ရှားလာခဲ့ကြတယ်လို့ ဖေဖေကသူရဲ့ စာအုပ်မှာရေးထားပါတယ်။

၁၉၆၁-နှစ်ဆန်းပိုင်း(ဖေဖော်ဝါရီ)ကစလို့ ဖေဖေတို့တတွေ ရန်ကုန်မြို့ရပ်ကွက် အသီးသီး ကိုရော နယ်အသီးသီးကိုရော မရပ်မနား သွားလာပြီး စည်းရုံးဟောပြောကြ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ခွဲတွေ ဖွဲ့ပေးကြနဲ့ လှုပ်ရှားကြတာ ၁၉၆၂ မတ်လ ၁ ရက်နေ့ည အထိပါပဲ။ (နောက်တနေ့ မတ်လ ၂ ရက်ညနေ့ည အရုဏ်တက်မှာတော့ ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းတဲ့ ဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်ခဲ့ပါတယ်။)
နယ်မြို့တွေကဖိတ်ရာမှာ ပထမဆုံးကတော့ မြစ်ကျွန်းပေါ်ဒေသ(ပုသိမ်ခရိုင်)ကပါ။ ပုသိမ်၊ မအူပင်၊ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ဇလွန်စတဲ့မြို့များ၊ ပဲခူးတိုင်းအတွင်းက ပဲခူး၊ ပြည်၊ ပေါင်းတည်၊ ရွှေတောင်၊ ကြို့ပင်ကောက်၊ မင်းလှ၊ လက်ပံတန်း၊ သာယာဝတီ စတဲ့မြို့များ၊ မန္တလေးတိုင်း အတွင်းက မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း- စတဲ့မြို့များ၊၊ တနင်္သာရီဘက်မှ မော်လမြိုင်၊ ထားဝယ်၊ မြိတ် စတဲ့မြို့များ ဗမာပြည်အနှံ့ ဖေဖေတို့ သွားခဲ့ကြရပါတယ်။

ဖေဖေတို့ရဲ့ည လူထုတရားဟောပွဲတွေဟာ တခါတရံ လူထုဆန္ဒပြပွဲကြီးတွေလို ဖြစ်သွားတတ်ပြီး ဟောပြောပွဲတွေအပြီး ကြွေးကြော်သံတွေတိုင်ကြ သီချင်းတွေဆိုကြနဲ့ အတော်စည်ကားပါတယ်။ အထူးသဖြင့်ရန်ကုန်မှာပြုလုပ်တဲ့ပွဲတွေမှာပါ။ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာနဲ့ စာရေးဆရာ လည်းဖြစ်တဲ့ (ဦး)မြတ်လေးဦးစီးပြီး တီးဝိုင်းအဖွဲ့တွေပါ-ပါတတ်ပါတယ်။ နယ်မြို့တွေကလည်း ကမ်းလုံးညွှတ် မြို့လုံးကျွတ်ကြိုဆိုကြပြီး ဖေဖေတို့ကို မြို့လယ် လမ်းမတလျှောက် လမ်းလျှောက်ခိုင်းပြီး အုန်းအုန်းကျွက်ကျွက် နှုတ်ဆက်ကြပါတယ်။

ဖေဖေကအဲသလို ခရီးမျိုးတွေမှာ-အနှစ်သက်ဆုံး အလုပ်တခု(ဝါ)အချိန်တချိန်ရှိခဲ့တယ်လို့ ဆိုပါ တယ်။ အဲဒါကတော့ ….ဖေဖေတို့ ညပိုင်း ဟောပြောပွဲများ ပြီးသွာရင် တချို့ရွာတွေက လာကြရတဲ့သူများဟာ မပြန်ကြဘဲ ဖေဖေတို့နဲ့ တွေ့ဆုံခွင့်တောင်းပြီး သူတို့ရဲ့ အခက်အခဲပြဿနာများကို တင်ပြ ပြောဆိုတတ်ကြပါတယ်။ တခါတရံ မိုးတောင်လင်းသွားတတ်တယ် ….တဲ့။ အိမ်စောင့်အစိုးရလက်ထက် မတော်မတဲ့ ဖြစ်ရပ်တွေ လည်း ပါသတဲ့။

အဲဒီလို ဆွေးနွေးပွဲလေးတွေအကြောင်းဖေဖေကသူစာအုပ်ထဲမှာရေးထားပုံလေးကြည့်ပါဦး။

“ကျွန်တော်သည် ဤညပိုင်း ဆွေးနွေးပွဲများကို အလွန်ပင် သဘောကျခဲ့ပါသည်။ နယ်ပြည်သူလူထု နှင့် ကျွန်တော် ပထမဆုံးအကြိမ် ရင်းနှီးစွာ နီးကပ်စွာ တွေ့ဆုံထိတွေ့ခဲ့ရပါသည်။ ဤလိုမျိုး ပြည်သူလူထု၏ ယုံကြည်ရင်းနှီးမှုအပြည့်ဖြင့် မိမိအား သူတို့စိတ်ဆန္ဒခံစားချက်များကို ဖွင့်ဟပြော ဆိုခြင်း ခံရသော မည်သည့် မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ်မဆို ထိုပြည်သူလူထုကြီးကို မေ့ပျောက်နိုင်ခြင်းလည်း မရှိ၊ သူတို့၏ဆင်းရဲဒုက္ခကိုဖြေရှင်းပေးလိုစိတ် စာနာစိတ်ကိုလည်း မေ့ပျောက်နိုင်ခြင်းမရှိဘဲ ထိုပြည်သူများ အတွက် ဘာပဲပေးဆပ်ရပေးဆပ်ရ ပေးဆပ်ချင်သည့် သန္နိဋ္ဌာန်မှာ ပိုမိုခိုင်မာလာပါ တော့သည်။ ပြည်သူလူထုသည် ဤမျှပင် အစွမ်းထက်ပါသည်” ….တဲ့။(ဗိုလ်မှူးချုပ်ကျော်ဇော “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့” (ဖြိုးမောက်သာ စာပေ)၂၀၁၂၊ နှာ ၂၄၅)။

ဒါ့အပြင် ဖေဖေက သူတို့ကို ပြည်သူလူထုက ဘာကြောင့် ဒီလောက်ထောက်ခံရတာလဲ-ဆိုတာကိုလည်း ဆက်ရေးထားပါသေးတယ်။

“ပြည်သူလူထုသည် ငြိမ်းချမ်းရေးကို လှိုက်လှိုက်လှဲလှဲ လိုလားကြပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးသည်သူတို့၏ အဓိကပြဿနာဖြစ်နေသည် ဆိုသည်ကိုလည်း သဘောပေါက်ကြသည်။ စီးပွားရေး၊ နိုင်ငံရေးနှင့် သူတို့၏ ကိုယ်ရေးကိုယ်တာ ပြဿနာအားလုံးသည် ဤငြိမ်းချမ်းရေး ပြဿနာ အပေါ်တွင် တည်ရှိနေကြောင်း ပြောဆိုကြပါသည်။ မြစ်ဝကျွန်းပေါ်တွင် ကရင်အမျိုးသားများနှင့်လည်း တွေ့ခဲ့ရာ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး သူတို့က လှိုက်လှဲစွာ ကြိုဆိုထောက်ခံကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ကြီးအနေနှင့် ဆက်တိုက်အောင်မြင်အောင် ဆောင်ရွက်ဖို့ နှင့် သူတို့အဖို့ ပြည်တွင်းစစ်ကြောင့် ရွာပျက်လျှင် မြို့ကိုကပ်နိုင်သူများ မဟုတ်၍ အလွန်ဒုက္ခရောက်ကြရကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး ရအောင် ကြိုးစားကြပါလို့ အလွန်လှိုက်လှဲစွာ ပြောဆိုခဲ့ကြပါသည်။ ထို့ပြင် ကျေးလက်ဒေသများမှ ပြည်သူလူထု၏ ဆင်းရဲကျပ်တည်းမှုများသည် ကျွန်တော်တို့ ထင်တာထက် အများကြီးပိုမိုဆိုးဝါးတာ တွေ့ရပါသည်။ ပြည်သူလူထုသည် ထို ၁၃ နှစ်ကျော်ကာလအတွင်း ‘သူပုန်’အမည်တပ်ပြီး ဖြစ်ပွားခဲ့သော အဖိအနှိပ်အထုအထောင်း အခက်အခဲများကြားတွင် ကြီးစွာသောဇွဲနှင့် ရပ်တည်ခဲ့ကြပါသည်။ ထို့ပြင် ကျေးလက်လူထုသည် အပြုတ်တိုက်ရေး ဆိုတာကို အလွန်ရွံမုန်းပြီး မနှစ်သက်တာကိုလည်း တွေ့ရပါသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့၏ နှစ်ဦးနှစ်ဖက်ဆွေးနွေးညှိနှိုင်း အဖြေရှာ၍ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး ကြွေးကြော်သံကို ထောက်ခံကြခြင်း ဖြစ်ပါသည်”… တဲ့။

ဒီလိုထောက်ခံမှုတွေကြောင့်ပဲ-ဖေဖေကဒီခရီးတွေဟာ လူရောစိတ်ရော-ပင်ပန်းပေမယ့် ပျော်တယ်လို့ ပြောခဲ့ဟန်တူပါရဲ့။ ပင်ပန်းတာလည်း မပြောနဲ့လေ။ အဲဒီခရီးစဉ်တွေတလျှောက် တွေ့ရတဲ့ အနှောင့်အယှက်၊ အဖျက်အဆီးတွေကလည်း နည်းတာမှ မဟုတ်တာ။ ဖေဖေတို့ကို လာဖိတ်တဲ့ အဖွဲ့ထဲမှာရော၊ ဧည့်ခံတဲ့အဖွဲ့ထဲမှာရော၊ လူထုကြားမှာရော၊ လမ်းတလျှောက်မှာရော နေရာမလပ် ထောင့်စေ့အောင် ထောက် လှမ်းရေး တွေ သတင်းပေးတွေ ပြည့်နေတာပါ။ သူတို့က အဖျက်လုပ်ငန်း အမျိုးမျိုး တွေ လုပ်ကြပါတယ်။ ဥပမာ-စကား ပြောခွက်(မိုက်ကရိုဖုန်း) အသံမထွက်အောင်လုပ်တာ၊ လူတွေ မလာရဲအောင် မပြောရဲအောင် နှောင့်ယှက်တာ၊ တရား ဟောပွဲနားလာ အငြိမ့်ကတာစသဖြင့်ပေါ့။ (အရင်စစ်အစိုးရများလက်ထက်က နယ်လှည့်စည်းရုံးရေးဆင်းခဲ့တဲ့ ဒီချုပ်ပါတီဝင်များ ကြုံဆုံခဲ့ရတဲ့- အခြေအနေများနဲ့ သိပ်မကွာလှပါဘူး။)

ဒါပေမဲ့-ဒါတွေအားလုံးကို ဖေဖေတို့က ပြည်သူလူထုရဲ့အကူအညီနဲ့ ကျော်ဖြတ်ခဲ့ကြပါတယ်။ ဖေဖေတို့နားကပ်ပြီး ပြည်သူတွေက ဘယ်သူကတော့ မယုံရဘူး။ ဘယ်သူကတော့ ထောက်လှမ်းရေး။ ဘယ်သူကတော့ ဘယ်တုန်းက သစ္စာဖောက်ဖူးတယ်။ သတင်းပေး လုပ်ဖူးတယ်စသဖြင့် သတိပေး ခဲ့ကြပါတယ်။

ဖေဖေခမျာ-အဲဒီခရီးတွေသွားမှ စိတ်ပင်ပန်းရတာ မဟုတ်ပါဘူး။ ဒီပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ဖွဲ့စည်းမယ်လို့ ပြင်ဆင်ကတည်းကစ’ စိတ်ညစ်ရ တာပါ။ အဲဒီကာလက နံမည်ကြီး အင်အားအကြီးဆုံး အတိုက်အခံ နိုင်ငံရေးပါတီကြီးတရပ်က မထောက်ခံလို့ပါ။ ဖေဖေက သူ့စာအုပ်ရေးစဉ်မှာ အဲဒီအဖွဲ့အစည်းကို နံမည်မဖော်ခဲ့ပါဘူး။ အဲဒီအဖွဲ့အစည်းထဲက တချို့ပုဂွိုလ်များက နောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုများမှာ ပြန်ပါဝင်လာကြနေလို့ပါ။ အခုတော့ အတော်များများကွယ်လွန်ကုန်ပါပြီ။ ဖေဖေပြောတဲ့ အဲဒီအဖွဲ့အစည်းဟာ ပမညတ(ပြည်သူအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု)ပါ။

ဖေဖေကတပ်ကထွက်ရပြီးနောက် ပထမဆုံး နိုင်ငံရေးနယ်ပယ်ထဲ ဝင်တာဖြစ်လေတော့-သူ့ဟာသူသိပ်စိတ်မရဲပါဘူး။ ဒါကြောင့် လက်ဝဲ သမားကြီးများကို သူက အားကိုးတကြီးချဉ်းကပ်တာပါ။ ဆရာကြီးမှိုင်းနဲ့သားမက်ဖြစ်သူဆရာကြီးဦးယောတို့က-ဖေဖေကို အားပေးခဲ့လို့သာ ဖေဖေက ရသမျှအင်အားနဲ့ မဖြစ်မနေ ဖွဲ့စည်းလိုက်ရတာပါ။ ဖေဖေမှာ အဲသလို အားမလိုအားမရနဲ့ ဖွဲ့စည်းလိုက်ရပေမယ့် မကြာခင်မှာပဲ ဒီအဖွဲ့အစည်းကြီးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ အင်အားကြီးထွား လာခဲ့ပါတော့တယ်။
ဒီမှာတင်ဖေဖေက နိုင်ငံရေးသင်ခန်းစာတခု ရရှိလိုက်ပါတော့တယ်။ ဒါကတော့…. ပြည်သူတွေ လိုလားတောင့်တတဲ့ လမ်းစဉ်အကြောင်းပါပဲ။ တရားမှန်ကန်ရင် လူထုကြီးဟာ အလျင်အမြန် လှုပ်ရှားတက်ကြွလာနိုင်ပြီး ထောက်ခံလာတတ်တယ်။ အထူးသဖြင့် လူထုက မိမိတို့ အကျိုးစီးပွား ကို ကိုယ်စားပြုသူများလို့ ယုံကြည်သတ်မှတ်ခံရသူများက ဦးဆောင်ရင်-ထောက်ခံမှု ပိုမြန်မြန် ရတတ်တယ် ဆိုတာပါပဲ။

ဖေဖေက ဒီခရီးစဉ်များအကြောင်း သူရဲ့ငြိမ်းချမ်းရေး ခရီးသွားဖော်ကြီးများအကြောင်းတွေကို သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ“ဆိုင်းစုမှာသည်-မန်ဟိုင်းဆီသို့”မှာ ပြည့်ပြည်စုံစုံရေး၊ မှတ်တမ်းတင်ထားပါတယ်။

၁၉၆၁ခုနှစ်-တနှစ်လုံးနီးပါး တနိုင်ငံလုံးအနှံ့ လှည့်လည်သွားလာ ဟောပြောလှုံ့ဆော်ခဲ့တဲ့-ဖေဖေရဲ့ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုသမိုင်းအဖြစ် သတင်းစာဟောင်းများထဲကသတင်းများ-ဓာတ်ပုံများကိုစုဆောင်းပြီး-ဖေဖေကွယ်လွန်ခြင်း ၂-နှစ်ပြည့်(၁၀-၁၀-၂၀၁၄) အထိမ်းအမှတ်အဖြစ်ထုတ် ဝေခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့“ကမ္ဘစစ်နှင့်ငြိမ်းချမ်းရေး”(နေရီရီစာအုပ်တိုက်)စာအုပ်မှာ-အခန်းတခန်း ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။

အခုလည်းဒီဆောင်းပါးကိုဖေဖေကွယ်လွန်ခြင်း-၄-နှစ်မြောက်အထိမ်းအမှတ်အဖြစ်ရေးဖွဲ့လိုက်ပါတယ်။
၁၀-၁၀-၂၀၁၆

Leave a Reply

Your email address will not be published. Required fields are marked *