ငြိမ်းချမ်းရေးလား၊ ဝေးသေးတယ်

By | October 22, 2016

ငြိမ်းချမ်းရေးလား၊ ဝေးသေးတယ်

(စောအယ်ထူး)

(အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇)

ခေတ်သစ်ဗမာပြည်သမိုင်းမှာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရင်းနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို ခက်ခက်ခဲခဲနဲ့ တည်ဆောက်ခဲ့ရတာဖြစ်တယ်။ ကိုလိုနီနယ်ချဲ့စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်နိုင်တဲ့ အချိန်မှာ အမျိုးသား စည်းလုံး ညီညွတ်ရေးစိတ်ဓာတ်ဟာ အမြင့်ဆုံးအဆင့်ကိုရောက်တတ်ပြီး ကိုလိုနီနယ်ချဲ့စနစ်ကို ဆန့်ကျင်ရာမှာ တွေဝေယိမ်းယိုင်မှုတွေ ပေါ်ပေါက်တဲ့ အခါမှာ အမျိူးသားစည်းလုံးရေး စိတ်ဓာတ်ဟာလည်း လျော့ရဲလာကာ အမျိုးသားစည်းလုံး ညီညွတ်ရေးလုပ်ငန်းတွေမှာ ထိခိုက်နစ်နာမှုတွေ ရှိတတ်ကြပါတယ်။

ဒီလိုအမျိုးသားစည်းလုံးညီညွတ်ရေးကို အဆင့်ဆင့်၊ အကွေ့အကောက်၊ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်လာကြရင်းနဲ့ ဒုတိယ ကမ္ဘာစစ်ကြီးကာလကို ရောက်လာလာတဲ့အခါ နယ်ချဲ့ဖက်ဆစ်ဂျပန်ကိုတော်လှန်ဖို့ လုံးပန်းကြရင်းနဲ့ တည်ဆောက်လိုက်တဲ့ အမျိုးသား စည်းလုံးညီညွတ် ရေးဟာ သမိုင်းမှာ တခါမှမရှိခဲ့ဖူးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ရရှိလိုက်ကြပါတယ်။ ဒါကြောင့်လည်း နယ်ချဲ့ဖက်ဆစ်ဂျပန်ကို အောင်မြင်စွာ တွန်းလှန်အောင်ပွဲခံလိုက်ပါတယ်။ ဒီအောင်ပွဲအရှိန်ဟာ ဗမာပြည်ကို လွတ်လပ်ရေးပန်းတိုင်အထိ တွန်းပို့နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဖက်ဆစ်ဂျပန်ကို အောင်မြင်စွာတော်လှန်အပြီး လွတ်လပ်ရေးတိုက်ပွဲမှာ ရင်ဆိုင်ရတာက ဖက်ဆစ်ဂျပန် မဟုတ်ဘဲ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့သမားဖြစ်နေပြန်တယ်။ အင်္ဂလိပ်နယ်ချဲ့သမားဟာ ဒုတိယကမ္ဘာစစ်ကြီးမှာ အောင်နိုင်သူဖြစ်ပေမယ့် သေကောင် ပေါင်းလဲဖြစ်သွားပါတယ်။ သူ့ရဲ့ကိုလိုနီနယ်ပယ်အတော်များများကို လက်လွှတ်ရတဲ့အခြေအနေ ဖြစ်သွားတယ်။ အင်္ဂလိပ် ကိုလိုနီ နယ်ပယ် ဆိုင်ရာ လုပ်ငန်းအတော်များများကို အမေရိကန်ကို လွှဲပေးလိုက်ရပါတယ်။ အတော်များများကိုလည်း လွတ်လပ်ရေးပေးရပါတယ်။ တချို့ကို ဒိုမီနီယံအဆင့်နဲ့ အုပ်ချုပ်တာ လုပ်လိုက် ရပါတယ်။

ဒီလိုလုပ်တဲ့အခါမှာအင်္ဂလိပ်နယ်ချဲ့သမားဟာ နေမဝင်အင်ပါယာပိုင်ရှင်ကြီးပီပီ သွေးခွဲအုပ်ချုပ်ရာမှာ အလွန်ပါးနပ် လိမ္မာတာကြောင့် မစားရတဲ့အမဲ သဲနဲ့ပက်တာမျိုးမှာတော့ အလွန်ကျွမ်းကျင်ပါတယ်။ ဒါကြောင့် ဖဆပလ အဖွဲ့ချုပ်ကို နည်းအမျိုးမျိုးနဲ့ သွေးခွဲပါတယ်။ ဖဆပလ အဖွဲ့ချုပ်ကလည်း ဖက်ဆစ်ဂျပန်ကို အောင်မြင်စွာ တော်လှန်နိုင်ပြီးတဲ့အခါမှာ လွတ်လပ်ရေးတိုက်ပွဲအတွက် အဖွဲ့ချုပ်ကို တိုးချဲ့ဖွဲ့စည်းရာမှာ အလိုတော်ရိတွေကိုပါ….ပါဝင်စေလိုက်ပါတယ်။ ဒီလိုလုပ်လိုက်တာဟာ အင်္ဂလိပ်နယ်ချဲ့သမားအတွက် အမျိုးသားစည်းလုံးညီညွတ်မှုကို ဖြိုခွဲဖို့ အချက်အလက်ရသွားစေခဲ့ပါတယ်။ တဆက်တည်းမှာ ကွန်မြူနစ်ဆန့်ကျင်ရေးပါ သွတ်သွင်းပေး လိုက်နိုင်ပါတယ်။ ဒီလိုနဲ့ ဗမာပြည်နိုင်ငံရေးလောကမှာ လုံးဝလွတ်လပ်ရေးယူရေးနဲ့ ဒိုမီနီယံအဆင့်နဲ့နေရေးကိစ္စ ပေါ်လာပါတယ်။ မြေပြန့်ဒေသနဲ့ တောင်တန်းဒေသကိစ္စ (ပြည်မနဲ့တောင်တန်းဒေသ။ နယ်ခြားဒေသကိစ္စ) တွေ ပေါ်ပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ အင်္ဂလန်ကိုသွားပြီး လွတ်လပ်ရေးအတွက်အရေးဆိုပြီး အောင်ဆန်း-အက်တလီ စာချုပ်ချုပ်တော့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ထဲမှာပါတဲ့ ဂဠုန်ဦးစောနဲ့သခင်ဗစိန်တို့နှစ်ဦးဟာ စာချုပ်မှာ လက်မှတ် မထိုးကြပါဘူး။ ဒီဟာလည်း အင်္ဂလိပ်နယ်ချဲ့ သမားအတွက် အချက်အလက်ဖြစ်ခဲ့ပါတယ်။

၁၉၄၆ ခုနှစ် အောက်တိုဘာလမှာ ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ဗမာပြည်ကွန်မြူနစ်ကို ဖဆပလ အဖွဲ့ထဲကနေ ထုတ်ပယ်ပစ်လိုက်တာဟာလည်း အင်္ဂလိပ်နယ်ချဲ့သမားအတွက် အချက်အလက်ကောင်းတခု ရသွားစေရုံမက ဖဆပလ အဖွဲ့ချုပ်ထဲက ကွန်မြူနစ်ဆန့်ကျင်ရေးသမားတွေကို အားပေးအားမြှောက်ပြုသွားခဲ့သလို ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်ပါတီဟာ ဖဆပလ အဖွဲ့ချုပ်ကို ရန်သူလို သဘောမထားဘဲ ဖဆပလ-ကွန်မြူနစ် ညီညွတ်ရေးကို စိုက်လိုက်မတ်တတ် လုပ်ဆောင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ဗမာပြည် ကွန်မြူနစ်ပါတီကို ဖဆပလ အဖွဲ့ချုပ်ကနေ ထုတ်ပယ်ခဲ့ပေမယ့် ဗမာပြည်ကွန်မြူနစ်ပါတီကို ရန်သူလို့ သဘောမထားခဲ့ပါဘူး။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားပြိုကွဲမှုကတော့ စတင်ပေါ်ပေါက်နေပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အင်္ဂလိပ်နယ်ချဲ့ သမားဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံတာ၊ နု-အက်တလီစာချုပ်နဲ့ ဗမာပြည်ကို လွတ်လပ်ရေးပေးတာတွေ လုပ်လိုက်တယ်။ နန်းရင်းဝန်ဟောင်း ချာချီကတော့ ဗမာပြည်ကို လွတ်လပ်ရေးပေးရင် ပြည်တွင်းစစ်ဖြစ်လိမ့်မယ်ဆိုပြီး နှပ်ကြောင်းပေးလိုက်ခဲ့ပါသေးတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဗမာပြည်လွတ်လပ်ရေးကို အသိအမှတ်ပြုတယ်။ ဒါကြောင့် လွတ်လပ်ရေး အခမ်းအနားလည်း တက်ခဲ့တယ်၊ ရွေးကောက်ပွဲလည်း ဝင်တယ်။ လွှတ်တော်လည်း တက်ခဲ့တယ်။ လွတ်တော်မှာ လွတ်လပ်ရေးနဲ့ပတ်သက်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ သဘောထားနဲ့ ရှေ့လုပ်သင့်တဲ့အလုပ်တွေကို ပွင့်ပွင့်လင်းလင်းပဲ တင်ပြပါတယ်။ ဖြူးအမတ် သခင်သန်းဖေက တင်ပြခဲ့ တာဖြစ်ပါတယ်။ ဗမာပြည်လွတ်လပ်ရေးဟာ နိုင်ငံရေးအရလွတ်လပ်ပြီး စီးပွားရေး၊ စစ်ရေးတွေမှာ အချုပ်အနှောင်တွေနဲ့ ရှိနေသေးတာကို ရှင်းပြသွားခဲ့ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ အတိုက်အခံပါတီတခုအနေနဲ့ လွှတ်တော် (ပါလီမန်)မှာ ပြောသင့်ပြောထိုက်တာတွေကို တာဝန်ကျေစွာ တင်ပြပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ဖဆပလ အစိုးရဖြုတ်ချရေး တခွန်းမှ မပါပါဘူး။ ဖဆပလ အစိုးရအနေနဲ့ အဲဒီ အနှောင် အဖွဲ့တွေကို ဘယ်လိုကျော်လွှားသင့်တယ်။ ဘယ်လို သဘောထားသင့်တယ်ဆိုတာတွေ ပြောတာဖြစ်ပါတယ်။ တနည်းအားဖြင့် တာဝန်ယူ စိတ်နဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်သင့်တာတွေကို ဝေဖန်သွားတာပဲဖြစ်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရည်မှန်းထားတာက ဗမာပြည်ဟာ အမှီခိုကင်းတဲ့ လုံးဝလွတ်လပ်ရေးနဲ့အတူဗမာပြည်လူမျိုးစုံပြည်သူတရပ်လုံး လွတ်မြောက် သွားဖို့ ဖြစ်လို့ပါပဲ၊ ဝမ်းနည်းဖို့ကောင်းတာက ဗမာပြည်ကွန်မြူနစ်ပါတီမျှော်မှန်းသလို မဖြစ်လာဘဲ ဗမာပြည်ဟာ ကိုလိုနီတပိုင်းပဒေသရာဇ်တပိုင်း နိုင်ငံဖြစ်သွားပါတယ်။

ဖဆပလ အစိုးရနဲ့ နိုင်ငံရေးအင်အားစုတချို့ဟာ ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်းနိုင်ငံအတိုင်း ဆက်ပြီးသွားလိုပါတယ်။ တနည်းအားဖြင့် ဓနရှင်ဒီမိုကရေစီလမ်းကြောင်းအတိုင်း တိုင်းပြည်ကို တည်ဆောက်သွားချင်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီအပါအဝင် နိုင်ငံရေးအင်အားစုတချို့က ဒီမိုကရေစီသစ်(ဝါ)ပြည်သူ့ဒီမိုကရေစီလမ်းကြောင်းနဲ့ တိုင်းပြည်ကိုတည်ဆောက်ချင်တယ်။ ဗမာပြည် နိုင်ငံရေးလောကမှာ အမြင်အမျိုးမျိုး အရှုပ် အထွေး အမျိုးမျိုးရှိတယ်ဆိုပေမယ့် အရင်းခံကတော့ အဲ့ဒီလမ်းကြောင်းနှစ်ကြောင်းရဲ့ ပဋိပက္ခက လာတာပဲ ဖြစ်တယ်။ ဒီပဋိပက္ခဟာ အမျိုးသား စည်းလုံးညီညွတ်မှုပြိုကွဲစေတဲ့ အက်ကြောင်းတွေပါပဲ။ ဒါပေမဲ့ ဒီပဋိပက္ခတွေကို ဒီမိုကရေစီ နည်းကျကျ ဖြေရှင်းမယ်ဆိုရင် အမျိုးသားစည်းလုံး ညီညွတ် မှုကို ထိန်းသိမ်းနိုင်ပြီး တိုင်းပြည်ဟာလည်း ဖွံ့ဖြိုးတိုးတက်သွားမှာပဲဖြစ်ပါတယ်။

ဒါပေမဲ့ ဖဆပလ အစိုးရဟာ ဒီမိုကရေစီနည်းကျကျ မဖြေရှင်းဘဲ အကြမ်းဖက်ဖမ်းဆီးနှိပ်ကွပ်တာတွေ လုပ်တယ်။ အထူးသဖြင့် ၁၉၄၈ ခုနှစ်။ မတ်လ ၂၈ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကို အလစ်အငိုက်ယူပြီး ဖမ်းဆီးနှိပ်ကွပ်တာလုပ်ပါတယ်။ ဗမာပြည် ကွန်မြူနစ် ပါတီကို ရန်သူအဖြစ် သတ်မှတ်ပြီး အပြတ်ဖြိုခွင်းဖို့ လုပ်တာဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်အတော်များများ တကွဲ တပြား ထွက်ပြေးလွတ်မြောက် သွားကြတယ်။ တချို့ အဖမ်းခံရပါတယ်။ တကွဲတပြား ထွက်ပြေးလွတ်မြောက်သွားတဲ့ ခေါင်းဆောင် အင်အားစုတွေဟာ ပြန်လည်စုစည်းကြပြီး လက်နက်ကိုင်တိုင်ပွဲ ဆင်နွှဲလိုက်ရပါတယ်။ အဲဒါဟာ ဗမာပြည်မှာ ပြည်တွင်းစစ်ကြီး ဖြစ်ပေါ်စေ လိုက်တာပါ။ ပြည်တွင်းစစ်ဟာ ဗမာပြည် အမျိုးသား ပြိုကွဲမှုရဲ့ အမြင့်ဆုံးအဆင့်ပါပဲ။ ပြည်တွင်းစစ် စဖြစ်ဖြစ်ချင်းမှာပဲ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ လုံးပန်းပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ သူမနာ၊ ကိုယ်မနာ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ လုံးပန်းပါတယ်။ ဖဆပလ အစိုးရက ငါနဲ့ မတူ ငါ့ရန်သူလို့ သဘောထားပြီး သဘောထားကွဲလွဲသူတွေကို အပြုတ်တိုက်ရေးပဲလုပ်ပါတယ်။ ဒါကြောင့်ပဲ ပြည်တွင်းစစ်ဟာ နက်ရှိုင်းကျယ်ပြန့် သွားပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးကတော့ တစစီပြိုကွဲသွားပါတယ်။ ဖဆပလအစိုးရရဲ့ လက်နက်နဲ့ဒီမိုကရေစီလဲပြီး ငြိမ်းချမ်းရေးတည် ဆောက်မယ်ဆိုတဲ့ လိမ်လည်လှည့်ဖြားမှုအရ ၁၉၅၈ ခုနှစ် လက်နက်ချပွဲကြီးတွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးတော့ မရခဲ့ပါဘူး။

ဗမာပြည်ကွန်မြူနစ်ပါတီကို ဖဆပလအဖွဲ့ချုပ်ထဲကနေ ထုတ်ပယ်လိုက်ပြီးတဲ့နောက်မှာ ဆိုရှယ်လစ်ပါတီဟာ ဖဆပလ အဖွဲ့ချုပ်မှာ တွင်ကျယ်လာပါတယ်။ အဲဒီလို ဆိုရှယ်လစ်ပါတီ တွင်ကျယ်လာတာနဲ့အမျှ ဖဆပလအဖွဲ့ဝင် နိုင်ငံရေးပါတီ အဖွဲ့အစည်း တွေဟာလည်း လှုပ်လှုပ်ရှားရှားတွေ ဖြစ်လာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားတဲ့နောက်မှာ ဆိုရှယ်လစ်ပါတီဟာ ဖဆပလ အဖွဲ့ချုပ်ကို လုံး၀ အုပ်စီးမိသွားတယ်။ ဆိုရှယ်လစ်ပါတီဟာ ဆိုရှယ်လစ်ပါတီအမည်တောင် မဖော်တော့ဘဲ ဖဆပလအဖွဲ့ချုပ်နာမည်ပဲ ဆက်သုံးပါတယ်။ အဲ့ဒီအချိန်ကစပြီး ဖဆပလ အဖွဲ့ချုပ်တပ်ပေါင်းစုကြီးဟာ လုံးဝပြိုကွဲသွားပါတယ်။

လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရဖွဲ့တဲ့အခါမှာ သတင်းစာတွေမှာ ဖဆဆိုရှယ်အစိုးရလို့ပဲ ဖော်ပြလေ့ရှိပါတယ်။ ဖဆပလ အစိုးရဟာ ဆိုရှယ်လစ်တပ်မှူးတွေအားကိုးနဲ့ ပြည်တွင်းစစ်ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို အကြောင်းပြုပြီး တွင်ကျယ်လာတဲ့ ဆိုရှယ်လစ် စစ်ဗိုလ်တစုဟာ စစ်အုပ်စုဖွဲ့တည်လာတယ်။ ၁၉၅၈-၅၉ မှာ ဖဆပလ နှစ်ခြမ်းကွဲသွားတာကိုအကြောင်းပြုပြီး ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ ဆိုရှယ်လစ် စစ်ဗိုလ်တစုက အာဏာသိမ်းပါတယ်။ ဒါပေမဲ့ အိမ်စောင့်အစိုးရဆိုပြီး မလိမ့်တပတ်နဲ့ ပြည်သူလူထုကြီးကို လိမ်ညာခဲ့တယ်။ ပြည်တွင်းစစ်ရှိန်ကို ပိုမြှင့်လိုက်ပါတယ်။ ၁၉၆၀ မှာ အိမ်စောင့်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးပါတယ်။ သန့်ရှင်း ဖဆပလ အနိုင်ရပြီး ပထစ အစိုးရဖွဲ့ပါတယ်။ တည်မြဲဖဆပလ ရှုံးပါတယ်။ တည်မြဲဖဆပလကို ပင်းတဲ့ စစ်ဗိုလ်တသိုက်ကို ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့က ဓားစာခံတွေအဖြစ် တပ်က ထုတ်ပယ်ပစ်လိုက်တယ်။ ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့ဟာ သူတို့ရဲ့စစ်အုပ်စုကို တောင့်တင်းအောင်လုပ်ပြီး တပ်မတော်တခုလုံးကို သူတို့ ရဲ့လက်ကိုင်တုတ်အဖြစ် အသုံးပြုကာ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းပါတယ်။ အဲဒီနေ့ကစပြီး တော်လှန်ရေးအစိုးရ နာမည်နဲ့ ဗိုလ်နေဝင်းစစ်အုပ်စုဟာ စစ်အာဏာရှင်စနစ်ကို ထူထောင်ပါ တော့တယ်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ ဗိုလ်နေဝင်းစစ်အုပ်စုက အာဏာသိမ်းတာကို အဲဒီတုန်းက မြေပေါ်လက်ဝဲ နိုင်ငံရေး အင်အားစုတချို့က ထောက်ခံပါတယ်။ ကျောင်းသားလူငယ်တွေက ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ပါတယ်။ ဒါကြောင့် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်အဓိပတိလမ်းပေါ်နဲ့ ကျောင်းဝင်းအတွင်းမှာ ဗိုလ်နေဝင်းစစ်အုပ်စုက ကျောင်းသားရာကျော်ကို သွေးချောင်းစီး ပစ်သတ်ခဲ့တဲ့အပြင် ဇူလိုင် ၈ ရက်နေ့လင်းအားကြီးအချိန်မှာ တကသ အဆောက်အဦကို မိုင်းခွဲဖျက်ဆီးလိုက်ပါတယ်။ စစ်အာဏာရှင်စနစ် ပွဲဦးထွက် လက်စွမ်းပြတာပါပဲ။

စစ်အုပ်စုက ပြည်သူတရပ်လုံး၊ နိုင်ငံရေးအင်အားစုအားလုံး၊ ကျောင်းသားလူငယ် အားလုံးကို ရန်သူအဖြစ်သဘောထားပြီး စစ်ကြေညာတာပဲ ဖြစ်ပါ တယ်။ ဗိုလ်နေဝင်းကိုယ်တိုင် ဓား-ဓားချင်း၊ လှံ-လှံချင်း ရင်ဆိုင်မယ်ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်းက ိုကြေညာသွားတာပါ။

၁၉၆၃ ခုနှစ်မှာ တော်လှန်ရေးကောင်စီအစိုးရက ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးဖို့ ကမ်းလှမ်းပါတယ်။ တောတွင်လက်နက်ကိုင် အင်အားစု အားလုံး လာရောက်ဆွေးနွေးပါတယ်။ တော်လှန်ရေးကောင်စီအစိုးရကို ဆွေးနွေးဘက်အဖြစ် သဘောထားဆွေးနွေးပါတယ်။ ဒါပေမဲ့ ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီအစိုးရက လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို ရန်သူအဖြစ်သဘောထားပြီး လက်နက်ချရေးကိုပဲ ဆွေးနွေးပါတယ်။ မရတဲ့အခါမှာ ဆွေးနွေးပွဲကို တဖက်သတ် ဖျက်သိမ်းပစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မသေခင် ငြိမ်းချမ်းရေး မြင်တွေ့သွားချင်တယ် ဆိုတဲ့ဆန္ဒ မပြည့်ဝခဲ့တော့ပါ။

ဗိုလ်နေဝင်းစစ်အုပ်စုက မဆလ ပါတီ၊ ကောင်စီ၊ လွှတ်တော် ဆိုတာတွေနဲ့ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးနေစဉ် ၁၉၈၀ ခုနှစ်အတွင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ရန်လိုတဲ့သဘောထားတွေ မထားကြတော့ ဘဲ အပြန်အလှန် အသိအမှတ်ပြုကြပြီး ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ အဆိုပြုပါတယ်။ ဗိုလ်နေဝင်းက ကွန်မြူနစ်ပါတီကို ဖျက်ပြီး မဆလထဲဝင်ဖို့၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့တပ်တော်ကိုလည်း ဖျက်ပြီး မဆလတပ်ထဲ ပေါင်းထည့်ဖို့၊ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ အခြေခံဒေသကိုလည်း ဖျက်သိမ်းပစ်ဖို့ပဲ တောင်းဆိုပါတယ်။ အဓိပ္ပာယ်က ချွင်းချက်မရှိ လက်နက်ချရေးပါပဲ။ မရတဲ့ အခါမှာ ဗိုလ်နေဝင်းကိုယ်တိုင်ပဲ ဆွေးနွေးပွဲကို တဖက်သတ် ဖျက်သိမ်းခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံလူထုအုံကြွမှုကြီးက စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် မတိုက်ဖျက် လိုက်နိုင် ဘဲ မဆလပါတီနဲ့ ၁၉၇၄ အခြေခံဥပဒေကိုသာ ဖျက်သိမ်းလိုက်နိုင်ခဲ့တယ်။ ဒါကြောင့် စစ်အုပ်စုက ထပ်ဆင့်အာဏာ သိမ်းတာ လုပ်နိုင်ခဲ့တယ်။ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပပေးမယ်ဆိုတဲ့ကတိနဲ့ နဝတ စစ်အစိုးရကို စစ်အုပ်စုက ဖွဲ့စည်းလိုက်နိုင်တယ်။ ဒါပေမဲ့ ၉၀ ခုနှစ်မှာ ရွေးကောက် ပွဲလုပ်ပြီး ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုဘဲ မျက်နှာပြောင်တိုက်ပြီး အမျိုးသားညီလာခံကို ကျင်းပတာလုပ်ခဲ့တယ်။ ၈၉ ခုနှစ်ကစပြီး နဝတအစိုးရဟာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကို တဖွဲ့ချင်းစီခွဲပြီး အပစ် အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးဆိုတာ လုပ်တယ်။ အပစ် အခတ်ရပ်စဲရေး လုပ်လိုက်တဲ့အဖွဲ့အစည်းတွေမှာ တပ်ဖွဲ့တွေ တိုးချဲ့ခွင့်မရှိ၊ လူထုစည်းရုံးရေးလုပ်ခွင့်မရှိ၊ ဘဏ္ဍာရေးကောက်ခံခွင့်မရှိဘဲ စီးပွားရေး လမ်းကို ဖွင့်ပေးတယ်။ ဒီလိုနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေဟာ ခေတ်ပေါ်စီးပွားရေးသမားတွေ ဖြစ်ကုန်တယ်။ အဖွဲ့အစည်း တွေဟာ ဥပဒေအတွင်းလိုလို၊ ဥပဒေပအဖွဲ့အစည်းလိုလို ဖားတပိုင်း၊ ငါးတပိုင်းအဖွဲ့အစည်တွေ ဖြစ်ကုန်ပါတယ်။ တနည်းအားဖြင့် လက် နက်ကိုင်တိုက်ပွဲလုပ်စဉ်က အဖွဲ့အစည်းတွေကို ဖြတ်လေးဖြတ်စနစ်နဲ့ ချေမှုန်းသလို အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ဖြတ်လေးဖြတ်စနစ်နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို သင်းကွပ်ပစ်ပါတယ်။ ဒါဟာ နဝတ၊ နအဖ စစ်အစိုးရက လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တော်လှန်ရေး အဖွဲ့အစည်းတွေကို ရန်သူလို သဘောထားပြီး တဖက်လှည့် ချေမှုန်းပစ်နေတာပဲဖြစ်ပါတယ်။

မာရသွန်အမျိုးသားညီလာခံကြီးကျင်းပပြီး ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုလုပ်နိုင်လာတဲ့အခါမှာ စစ်အုပ်စုဟာ ပိုပြီးမောက်မာလာ ပါတယ်။ ကိစ္စအဝဝကို ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာသာ ဖြေရှင်းရမယ်ဆိုတာပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြီး ဘောင်းဘီချွတ်တွေက ကြံ့ဖွံ့အစိုးရဖွဲ့တာဟာ စစ်အုပ်စုအနေအထားကို ခိုင်မြဲဖို့နဲ့ စစ်အာဏာရှင်စနစ် အသားကျအောင် လုပ်တာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူလူထုတွေ ဘယ်လိုပဲ ကန့်ကွက်ကန့်ကွက် စစ်အစိုးရ တဖြစ်လဲ ဘောင်းဘီချွတ် အစိုးရက ဂရုမစိုက်ခဲ့ပါ။

၂၀၁၅ ရွေးကောက်ပွဲကို ၂၀၀၈ အခြေခံဥပဒေအရ ကျင်းပတယ်။ ဒီချုပ် အနိုင်ရတယ်။ ဒါကြောင့် ဒီချုပ်ဦးဆောင်တဲ့ အစိုးရ ပေါ်လာတယ်။ ဒီချုပ်ကတင်တဲ့ သမ္မတနဲ့ ဝန်ကြီးတွေရယ်၊ ကာချုပ်ကတင်တဲ့ ဒုသမ္မတနဲ့ဝန်ကြီးတွေရယ်ပါတဲ့ အစိုးရနှစ်ဖွဲ့လို ဖြစ်သွား ပါတယ်။ ကမ္ဘာမှာ ညွန့်ပေါင်းအစိုးရတွေ ဖွဲ့စည်းလေ့ရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲနဲ့တက်လာတဲ့ပါတီကတင်တဲ့ သမ္မတနဲ့ဝန်ကြီး၊ ကာချုပ်ကတင်တဲ့ ဒုသမ္မတနဲ့ဝန်ကြီး ဆိုတဲ့ အစိုးရအဖွဲ့မျိုးကတော့ ဗမာပြည်တပြည်တည်းသာ ရှိပါတယ်။

၂၀၀၈ အခြေခံဥပဒေအရ ဘောင်းဘီချွတ်ကြံ့ဖွံ့အစိုးရကစပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့စည်းတွေကို ပြည်နယ်အဆင့် အပစ် အခတ်ရပ်စဲရေးတို့၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးဆိုပြီး မလိမ့်မပတ်လုပ်ပြီး NCA ဆိုတဲ့စာချုပ် လက်မှတ်ထိုးတဲ့အဆင့်အထိ ရောက် ပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

၂၀၁၅ ရွေးကောက်ပွဲနဲ့တက်လာတဲ့ ဒီချုပ်အစိုးရက ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကို ကျင်းပပါတယ်။ ကြံ့ဖွံ့ ဘောင်းဘီချွတ်အစိုးရ လုပ်ခဲ့တာကို ဆက်ခံပြီးလုပ်ရကြောင်း၊ ဘောင်းဘီချွတ်အစိုးရကို ကျေးဇူးတင်ကြောင်းတောင် ဒီချုပ်အစိုးရက လူသိရှင်ကြား ချီးမွမ်းခန်း လုပ်ပါတယ်။ ဆွေးနွေးပွဲတွေမှာ ယုံကြည်မှုတည်ဆောက်နေကြတာကလည်း မပြီးနိုင်၊မစီးနိုင် ဖြစ်နေပါတယ်။ အကြောင်းကတော့ ကာချုပ်ရဲ့မူ ၆ ချက်ဟာ ဒီချုပ်အစိုးရက လက်နဲ့ရေးတာကို ကာချုပ်က ခြေနဲ့ဖျက်တာလုပ်ဖို့ပဲ ဖြစ်နေပါတယ်။ လက်တွေ့မှာလည်း ၂၁ ရာစုပင်လုံညီလာခံမှာ ပွင့်ပွင့်လင်းလင်း တွေ တင်ပြကြတယ်။ စိတ်ရှည်၊လက်ရှည်လည်း ဆက်လက်ဆွေးနွေးဖို့ ညှိနှိုင်းကြပါတယ်။ ညီလာခံမှာ တက်ဆွေးနွေးရတဲ့ အဖွဲ့ရော၊ ဆွေးနွေးပွဲ တက်ခွင့်မရတဲ့ အဖွဲ့တွေကိုပါ ကာချုပ်က ထိုးစစ် ဆင်တိုက်နေတယ်။ လေယာဉ်တောင် အသုံးပြုတယ်။ ကာချုပ်ကိုယ်တိုင်ကလည်း ဒီအဖွဲ့အစည်းတွေဟာ သောင်းကျန်းသူ အဖွဲ့ အစည်းတွေဖြစ်တယ်ဆိုပြီး ပြောဆိုထားတာ ဖြစ်တယ်။ ဆိုလိုတာက ရန်သူအဖြစ် သတ်မှတ်တာပဲ။

တကယ်တော့စေ့စပ်ဆွေးနွေးပွဲလုပ်မယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်မယ်ဆိုရင် အပြန်အလှန် ရန်သူလိုသဘောမထားဘဲ အပြန်အလှန် အသိအမှတ်ပြု၊ အပြန်အလှန်လေးစားပြီး မိတ်ဆွေသဖွယ် ဆွေးနွေးမှ စေ့စပ်ဆွေးနွေးပွဲတွေ အောင်မြင်မှာဖြစ်တယ်။ ဒါဟာ ဆရာ ဒဂုန်တာရာပြောတဲ့ ရန်သူမရှိ မိတ်ဆွေသာရှိဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒီသဘောထားသာထားနိုင်တယ်ဆိုရင် ယုံကြည်မှု တည်ဆောက် တယ်ဆိုတာ အောင်မြင်ပြီးမြောက်တာ ကြာလှပါပြီ။

ဗမာပြည်ပြည်တွင်းစစ်တလျှောက်မှာလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အုပ်စိုးသူက ရန်သူလိုသဘောထားတဲ့အောက်မှာ ဆွေးနွေးခဲ့ ရတာချည်းပဲဖြစ်တယ်။ ဒါကြောင့် အုပ်စိုးသူဘက်က ရန်လိုတဲ့သဘောထားကို ပြောင်းပစ်ဖို့ လိုပါတယ်။ လက်ရှိလုပ်နေတဲ့ အပစ်အခတ်ရပ်စဲ ရေးပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ဖြစ် အုပ်စိုးသူအဆက်ဆက်လုပ်ခဲ့သလိုပဲ တနည်း မဟုတ်တနည်း လက်နက်ချ ရေးသာ ဖြစ်နေတယ်။

ဗမာပြည်မှာ စစ်အုပ်စု၊ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ ၂၀၀၈ ဖွဲ့စည်းပုံတည်ရှိနေသရွေ့၊ ကာချုပ်ရဲ့ မူ ၆ ချက်ရှိနေသရွေ့၊ စစ်အုပ်စုက စစ်တပ်ကို လက်ကိုင်တုတ်အဖြစ်လုပ်နေနိုင်သရွေ့ ဗမာပြည်မှာ စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်းမရှိဘဲ ပြည်တွင်းငြိမ်းချမ်းရေးဟာ အလှမ်းဝေး နေဦးမှာပဲ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကတော့ စဉ်းစားခန်းထဲတောင် ထည့်မှာမဟုတ်ပါ။

စစ်အုပ်စု၊စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တယားကို ဖျက်သိမ်းရေး၊ စစ်တပ်ကို စစ်အုပ်စုလက်ကိုင်တုတ်အဖြစ် ကနေ လွတ်မြောက်ဖို့ ဆိုရင် ၂၀၀၈ အခြေခံဥပဒေတိုက်ဖျက်ရေးက အစပြုရမှာသာဖြစ်ပါတယ်။

(ပြီး)

Leave a Reply

Your email address will not be published. Required fields are marked *