ဒေါ်အောင်ဆန်းစုကြည်ပြောတာကို ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က နားထောင်ပါ့မလား

By | November 3, 2016

ဒေါ်အောင်ဆန်းစုကြည်ပြောတာကို
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က နားထောင်ပါ့မလား။

ကိုထွေး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အင်စီအေ) လက်မှတ်ရေးထိုးခြင်း နှစ်ပတ် လည် အခမ်းအနား ကို အောက်တိုဘာလ(၁၅)ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့က မိန့်ခွန်း ပြောခဲ့ကြပါတယ်။ သူတို့ပြောကြတဲ့ မိန့်ခွန်းတွေထဲမှာ အင်စီအေ စာချုပ်ကို ဆက်လက် အကောင်အထည်ဖော်ကြဖို့နဲ့ စာချုပ်မှာပါ ဝင်လက် မှတ် မထိုးကြသေးတဲ့ အဖွဲ့တွေ ပါဝင်လာရေးကိုရည်ရွယ်ပြီး ကိုယ့်ရှုထောင့်နဲ့ကိုယ် ပြောသွားကြတာ တွေ့ရပါတယ်။ စာချုပ်က တစ်နိုင်ငံလုံးလို့ ချီထားပေမယ့် ခုထိ ပါဝင်လက်မှတ်ထိုးတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းက တည်ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ထက်ဝက် တောင် မရှိသေးပါဘူး။ ဘာကြောင့်ပါလဲ။ လက်မှတ် ထိုးလိုက်ရုံနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်လိမ့်မယ်လို့ မယုံကြည်ကြတာက အဓိက အကြောင်းရင်း ဖြစ်ပါလိမ့်မယ်။

၂၇နှစ်အတွင်း စစ်အုပ်စုလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ခုလုံးကို ပြန်ကြည့်ရင် ရိုးရိုးသားသား ငြိမ်းချမ်းရေးရဖို့ ရည်ရွယ်တာမဟုတ်ဘဲ၊ လူမျိုးစု လက်နက်ကိုင်အင်အားစုတွေကို စီးပွားရေး မက်လုံးတွေပေးကာ ချော့မြှူသိမ်းသွင်းပြီး တိုက်စိတ်ခိုက်စိတ်များ လျှော့ပါးလာစေအောင် လုပ်တယ်။ အဖွဲ့တွေ ကွဲကာ အင်အားချည့်နဲစေတယ်။ နောက်ဆုံးမှာ သူတို့စိတ်ကြိုက် အတိုင်း စီးပွားရေးခရိုနီ၊ နိုင်ငံရေးရေမြွေအဖြစ်နဲ့ လိုက်ပါလာကာ လက်နက်ချလာအောင် လုပ်တာသာ ဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။ သူတို့ လုပ်ခဲ့တဲ့ လက်နက်ကိုင်ထားတဲ့ အပစ်အခတ်ရပ်စဲရေး၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများ၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ဖွဲ့စည်းရေး တွေကပေါ်ထွက်ခဲ့တဲ့ ရလဒ်များကို ကြည့်ရင် တွေ့နေကြရတယ်မဟုတ်ပါလား။ အခုလုပ်နေတဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်ဟာလည်း အလားတူပါပဲ၊ တကယ့်ပြဿနာဖြစ်တဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြဿနာကို မိမိရရ ဖြေရှင်းနိုင် အောင် တိုက်ရိုက်ဆွေးနွေးဖြေရှင်းတာ မဟုတ်ဘဲ ရှုပ်ထွေးတဲ့ ဖွဲ့စည်းမှုတွေနဲ့ ရှုပ်ထွေးတဲ့လုပ်နည်းတွေ သုံးပြီး နိုင်ငံရေးပြဿနာတွေကို စကားလုံးပြဿနာတွေလောက်သာ ထင်မှတ်အောင်လုပ်တယ်။ နောက်ဆုံးမှာ သူတို့ရဲ့ ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဖြေရှင်းတာ ကိုသာ လက်ခံလာအောင် လှည့်ပတ်ကျုံးသွင်းနေတာကို ကြုံတွေ့နေကြရတယ်မဟုတ်ပါလား။ ဒီလိုအခြေအနေမှာ ဘယ်လူမျိုးစု လက်နက် ကိုင်အဖွဲ့အစည်းကများ စိတ်ချယုံကြည်စွာ လက်မှတ်ထိုးရဲမှာပါလဲ။

အင်စီအေ တစ်နှစ်မြောက်ပွဲမှာ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းနှစ်ခုကို ဖတ်ကြည့်လိုက်ရင် ဆန့်ကျင်ဘက်ဖြစ်နေတာ တွေ့နိုင်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်က လူမျိုးစုလက် နက်ကိုင်အဖွဲ့အစည်းတွေကိုရော တပ်မတော်လို့ခေါ်နေတဲ့ စစ်အုပ်စုချုပ်ကိုင်တာ ခံနေရတဲ့စစ်တပ်ကိုရော မီးအင်အားကိုမပြိုင်ကြဘဲ မီးကိုငြှိမ်းနိုင်တဲ့ အင်အားကိုပြိုင်ကြဖို့ တောင်းဆိုလိုက်တယ်။ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေ ဘာလုပ်နေတယ်ဆိုတာကိုကြည့်နေတဲ့ပြည်သူတွေကို လျှော့မတွက်ဖို့ ပြောခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီးကတော့ တပ်မတော်အနေနဲ့လည်း ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ကို ချမှတ်ပြီး စစ်မှန်ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိစေဖို့ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက် နေတာဖြစ်ကြောင်း၊ ဒီမူ(၆)ရပ်ဟာ ခေတ်အဆက်ဆက်က ငြိမ်းချမ်းရေးကြိုးပမ်းမှုသမိုင်းတွေကရရှိလာတဲ့ တပ်မတော်ရဲ့ အသိတရား ဖြစ်သလို လက်ရှိငြိမ်းချမ်းရေးကို ခိုင်မြဲစေဖို့ အရှိတရားလည်းဖြစ်တယ် လို့ပြောခဲ့ပါတယ်။ ဒေါ်အောင် ဆန်းစုကြည် က မီးအင်အားမပြိုင်ဖို့ တိုက်တွန်းတာကို ဗိုလ်ချုပ်မှုးကြီးက ကာချုပ်မှု(၆)ရပ်ကိုပဲ စွဲစွဲမြဲမြဲကိုင်မယ်လို့ ပြောလိုက်တာဟာ၊ လူမျိုးစု လက် နက်ကိုင်တွေက သူတို့အကြိုက်အတိုင်း မလိုက်ရင် အပြုတ်တိုက်မယ်။ ဘာတွေပဲ ဆွေးနွေးပါစေ၊ နောက်ဆုံးမှာ ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံ အတိုင်းသာဖြေရှင်းနိုင်မယ်လို့ ကြွေးကြော်လိုက်တာ ဖြစ်ကြောင်းရှင်းနေတယ်မဟုတ်ပါလား။ ဗိုလ်ချုပ်မှူးကြီး ပြောတဲ့အတိုင်းဆိုရင် ဘယ်တော့မှ ငြိမ်းချမ်းရေးမရနိုင်ဘူး။ ဒီစစ်ပွဲဟာလည်း အဆုံးသတ်နိုင်မှာ မဟုတ်ဘူး။ ရေရှည် စစ်ပွဲတွေ ဆက်ဖြစ်နေလိမ့်ဦးမယ်။ လူ့အသက် ပေါင်းများစွာ ဆုံးရှုံးကြရဦးမယ်။ ဒါကို လူမျိုးစုတိုင်းရင်းသားတွေက ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေလုပ်ရင်း ဖော်ထုတ်နေကြပါပြီ။ တိုင်းရင်းသား နယ်မြေတွေမှာ တိုက်ပွဲတွေ ရပ်ပေးဖို့တောင်းဆိုလာနေပြီ။

တကယ်က စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ ကြိုးစားလိုစိတ် စစ်အုပ်စုမှာ တကယ်ရှိရင် ခြွင်းချက်မရှိ “တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး ကြေညာ” “လွတ်ငြိမ်းချမ်းသာခွင့်ကြေညာ”…..လူမျိုးစုလက် နက်ကိုင် အင် အားစုတွေ တောင်းဆိုနေတဲ့ နိုင်ငံရေးပြဿနာကို နှစ်ဦးနှစ်ဖက် စားပွဲမှာထိုင်ပြီး အကြေကျေအလည်ပြေလည်သည်အထိ ဆွေးနွေးဖြေရှင်းနိုင်ရမှာဖြစ်ပါတယ်။ အခုလိုပြဿနာနဲ့ တိုက်ရိုက်မဆိုင်တဲ့ တခြား အင်အားစုများကိုခေါ်ယူကာ၊ ရှုပ်ထွေးစွာ ဖွဲ့စည်းတည်ဆောက်ပြီး ဖိအားပေး၊ မဲခွဲရင် မဲ အသာရအောင် ပြင်ဆင်တဲ့ မရိုးသားတဲ့လုပ်နည်းတွေနဲ့ ဖြေရှင်းရမှာမဟုတ်ပါဘူး။ ဒီလို မဲအသာရအောင်လုပ်ပြီး ညောင်နှစ်ပင်ညီလာခံ လုပ်ကာ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာကို ဇွတ် အတည်ပြုခဲ့တာကို အားလုံးကမမေ့ကြသေးတာ သေချာပါတယ်။

အင်စီအေဆွေးနွေးပွဲတွေကတော့ ဆက်သွားနေဆဲပါပဲ။ ငြိမ်းချမ်းလိုစိတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုပင် မီးအားမပြိုင်စေ ချင်ပေမယ့် ဆွေးနွေးနေစဉ်တလျှောက်လုံး စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ပြန်လည်ခုခံနေရတဲ့ လူမျိုးစုလက်နက်ကိုင် ဒေသတွေမှာ မီးအားပြိုင်မှုက နေ့စဉ်လိုဖြစ်နေခဲ့တာပါ။ ဗမာပြည်ရဲ့နိုင်ငံရေးပြဿနာကို ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့သာ ဖြေရှင်းလိုတဲ့ စစ်အုပ် စုရဲ့ဆန္ဒကို အကောင်အထည်ဖော်နေတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားကို ခုထိနားထောင်မယ့် အရိပ် အယောင်မတွေ့ရသေးသလို၊ ဗမာပြည်ရဲ့ငြိမ်းချမ်းရေးဟာလည်း အကောင်အထည် ပေါ်ဖို့ မဖြစ်နိုင်သေးတာ ထင်ရှားပါတယ်။

၂၈-၁၀-၁၆

Leave a Reply

Your email address will not be published. Required fields are marked *