အခြေခံအကြောင်းရင်းကိုမမေ့သင့်ကြပါ

By | October 22, 2016

အခြေခံအကြောင်းရင်းကိုမမေ့သင့်ကြပါ

ရဲဘော်ဖိုးသံချောင်း

အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇

ကျွန်တော်တို့နိုင်ငံမှာဒီနေ့ဖြစ်ပျက်နေတာတွေ တော်တော်များများဟာ မျက်စိလည်စရာလို ဖြစ်နေပါတယ်။ ဒီမိုကရေစီစကားတွေ တဖောင်ဖောင် ပြောနေတဲ့အကြားက နိုင်ငံရေးအကြောင်းပြုတဲ့ အပြောအဆို-အရေးအသား အကြောင်းပြုပြီး အဖမ်းခံနေရတာတွေ ဆက်လက် တွေ့မြင်နေရတာ၊ ငွေကုန်ကြေးကျ အမြောက်အမြားခံပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ၂၁ပင်လုံညီလာခံကြီးတွေ တခြိမ်းခြိမ်း ကျင်းပနေတဲ့အကြားက တိုက်ပွဲတွေ တရံ မလပ်၊ စစ်ပြေးဒုက္ခသည်တွေ အပြေးမရပ်ဖြစ်နေရတာ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်နေတယ်ဆိုတဲ့အချိန်မှာ အလုပ်သမားပြဿနာတွေ တိုးသထက် တိုး၊ ကျွန်ပြုခံရ တယ်ဆိုတာမျိုးအထိဖြစ်၊ လယ်သမားမြေ ဆုံးရှုံးမှုတွေ များသထက်များဖြစ်နေရတာ၊ တရားဥပဒေစိုးမိုးရေးစကားတွေ စီစီညံ အောင်ကြားနေရတဲ့အကြားကပဲ ရာဇဝတ်မှုတွေနဲ့ မူးယစ်ဆေးဝါး သုံးစွဲဖောက်ကားမှုပြဿနာဟာ ဆိုးသထက်ဆိုးလာနေတာ- ဒါတွေ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုတာကို ဗမာ နိုင်ငံသားတိုင်းက သိချင်နေကြပါတယ်။

နောက်ပြီး တယ်လီဖုန်းကိုင်တဲ့လူတွေ များသထက်များလာ၊ အင်တာနက်တက်သူတွေ များသထက်များလာ၊ အနေရာရာမှာ ပြည်ပက သင်တန်းတွေပေးတာတွေ များသထက်များလာနေတဲ့အကြားက ဒီနိုင်ငံမှာကျောင်းသားလူငယ်တွေနဲ့ မိဘတွေရဲ့မကျေနပ်မှုတွေဟာ လျော့သွား တယ်မရှိဘဲ ဘာကြောင့်တိုးသထက်တိုး များလာနေရတာလဲ။ ပြည်ပက အကူအညီမျိုးစုံ ဒေါ်လာသန်းပေါင်းများစွာ ဝင်လာနေ လျက်နဲ့ ဒေါ်လာ ဈေးနှုန်း၊ ကုန်ဈေးနှုန်းတွေ ဘာဖြစ်လို့ တောက်လျှောက်တက်နေရတာလဲ။

ကမ္ဘာကြီးကို တချက်ငဲ့ကြည့်လိုက်ပါ။

စစ်ပွဲတွေ၊ စစ်ပြေးဒုက္ခသည်တွေ၊ အလုပ်လက်မဲ့တွေ၊ အငတ်ဘေးပြဿနာတွေ ရက်သတ္တတပတ် မမြင်ရ၊ မကြားရဘူးလို့ ရှိလို့လား။ မရှိပါဘူး။ ကမ္ဘာပေါ်မှာ အနိဋ္ဌာရုံမြင်ကွင်းတွေကို မတူတဲ့အတိုင်းအတာ၊ မတူတဲ့အသွင်သဏ္ဌာန်တွေနဲ့ တွေ့မြဲတွေ့နေရတာကို ဆန်းစစ်ကြည့်နိုင်ရင် ဗမာပြည်ကပြဿနာကိုလည်း အဖြေထုတ်နိုင်မှာပါ၊

အင်မတန် ကြွယ်ဝထွန်းကားပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာကိုပဲ ရဲက လူထုအပေါ် မတရားနှိပ်စက်တာ၊ တယူသန် ဖောက်ခွဲရေး သမားတွေကြောင့် အပြစ်မဲ့လူထုတွေ သေကြေကြရတာ၊ သူတို့ရဲ့အရှေ့အလယ်ပိုင်း၊ အာဖရိကမြောက်ပိုင်းစတဲ့ဒေသတွေမှာ ဆင်နွှဲနေတဲ့ နယ်ချဲ့စစ်ပွဲတွေကြောင့် နှစ်ဖက်စစ်သားနဲ့လူထုတွေ သေနေကြတာ၊ ဒါတွေဟာ လျော့သွားတယ်မရှိ၊ တိုးပြီးရင်းသာ တိုးလာနေတာ တွေ့နေ ကြရပါတယ်။ လူမျိုးရေး၊ ဘာသာရေးပြဿနာ-အဓိကရုဏ်းဆိုတာတွေကလည်း အတောမသတ်။ ပြောရရင် ပထမကမ္ဘာစစ်နောက်ပိုင်း၊ ဒုတိယကမ္ဘာစစ် နောက် ပိုင်းကာလတွေနဲ့ တပုံတည်းပဲ ဖြစ်ပါတယ်။

အရှင်းဆုံး တွေ့နိုင်၊ ပြောနိုင်တဲ့အချက်တချို့ကိုပြောရရင် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြီး အရှိန်ရကြီးထွားလာလို့ ဥစ္စာဓနတွေ၊ ပိုင်ဆိုင်မှုတွေ ကမ္ဘာအနှံ့ ပျံ့စီးသွားတာမဟုတ်ပါဘူး။ သွေးစုပ်မှုတွေသာ ပျံ့စီးသွားတာဖြစ်ပါတယ်။ တဆက်တည်း ပျံ့ပွားတာက ကျူးကျော်မှုစစ်ပွဲ၊ အရင်းအမြစ်လုတဲ့စစ်ပွဲတွေသာ ဖြစ်ပါတယ်၊ အိုင်တီစနစ် ထွန်းကား၊ သတင်းစနစ် မြန်ဆန်လာလို့ လူတန်းစား ကွာဟမှုကို ဆွဲမညှိနိုင်ပါဘူး၊ ပိုသာ ကွာဟဆိုးဝါး စေပါတယ်။ စမ်းသပ်ခန်းတွေ၊ သုတေသနခန်းတွေထဲကနေ အရင်းအမြစ်သစ်တွေ၊ ပစ္စည်းသစ်တွေ ထုတ်လုပ်နိုင်တယ် ဆိုပေမယ့် အဲဒီအကျိုးကို ခံစားရတာဟာ ကမ္ဘာ့ထိပ်ဆုံးကသူကြွယ်တွေသာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ စစ်နဲ့လက်နက်ကို လက်ရုံးပြုထားတဲ့ အရင်းရှင်စနစ်ကြီး ရှိနေသရွေ့ စစ်ပွဲတွေ၊ ဒီမိုကရေစီကိုအညီအမျှမခံစားရတာတွေ ရှိမြဲရှိနေမှာသာ ဖြစ်ပါတယ်။

အလားတူ ဗမာပြည်မှာလည်း စစ်နဲ့လက်နက်ကို လက်ရုံးပြုပြီး တိုင်းပြည်ရဲ့ဥစ္စာဓနနဲ့ အခွင့်အရေးတွေကို မောင်ပိုင်စီးထားတဲ့ စစ်ဗျူရိုကရက်ကြီးတွေရဲ့ အာဏာစက်ကို မဖယ်ရှားနိုင်သေးသရွေ့ ပြည်သူတွေ ဒုက္ခမျိုးစုံခံစားနေကြရမှာသာဖြစ်ပါတယ်၊၊ ဒီနိုင်ငံမှာ စစ်အုပ်စုရယ်လို့ ပေါ်ပေါက်လာတာကိုက ပြည်တွင်းစစ်ကြီးကိုအမှီပြုပြီး ဖဆပလလက်ယာဂိုဏ်းသားတွေနဲ့ ပူးပေါင်းပေါ်ပေါက်ခဲ့တာပါ။ အာဏာအဆက်ဆက် သိမ်းပြီးတဲ့နောက်မှာ စစ်ဗျူရိုကရက်လူတန်းစားရယ်လို့ ပီပီပြင်ပြင် ဖြစ်လာခဲ့ပါတယ်။ လူထုကို ပြည်တွင်းစစ်နဲ့ ခြိမ်း ခြောက်၊ အာဏာသိမ်းပွဲတွေနဲ့ အနိုင်ကျင့်ပြီး ကိုယ်ပိုင်ဓနဥစ္စာတွေ ခိုးဝှက်စုဆောင်းခဲ့ရာကနေ ၁၉၈၈ခုနှစ်နောက်ပိုင်းမှာတော့ ဦးပိုင်အပါအဝင် သူတို့ရဲ့ဓနအဆောက်အအုံတွေကို တရားဝင် ကြေညာထူထောင်ခဲ့ပါတယ်။ တပါတည်းမှာ သူတို့ရဲ့ခရိုနီပေါင်းစုံဟာလည်း အမှောင်ရိပ်ထဲကနေ တရားဝင်ခုန်ထွက်လာကြပါတယ်။ ဒီလို တိုင်းပြည်ကို ရာစုနှစ်တဝက်ကျော်အုပ်စိုးပြီး တည်ဆောက်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ဓနအဆောက် အအုံနဲ့ အာဏာအသိုက်အအုံကို ကနေ့အခါမှာ ဖယ်ရှားပစ်လိုက်နိုင်ပြီလို့ ဘယ်သူ ပြောနိုင်ပါသလဲ။ အဲဒီစစ်အုပ်စုဟာ သူတို့ရဲ့ရှုံးနိမ့်မှုကို သဘောထားကြီးစွာနဲ့ ဝန်ခံအသိအမှတ်ပြုလိုက်ပြီလို့ ဘယ်သူပြောနိုင်ပါသလဲ။ အသိသာဆုံး သာဓကတခုကတော့ ၂၀၀၈ဖွဲ့စည်းပုံဥပဒေနဲ့ အဲဒါကြီးကို ဒီနေ့ သူတို့ အသေအလဲ ကာကွယ်နေကြတယ် ဆိုတဲ့အချက်ပါပဲ။ ဒီတော့ ဒီနေ့မှာ တွေ့နေရတဲ့ နားမလည်နိုင်စရာတွေကို သုံးသပ်ရာမှာ ဒီအချက်ကို ထည့်မစဉ်းစားလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ ဘီလူးစည်း လူစည်း ခွဲနိုင်ဖို့လိုပါတယ်။ တည့်တည့်ပြောရရင် လူတန်း စား စည်းခွဲခြားဖို့ပါ။ ဒီနေ့ ဒီတိုင်းပြည်မှာ ဘယ်သူတွေ ကောင်းစားပြီး ဘယ်သူတွေ ဆင်းရဲဒုက္ခရောက်နေတယ်ဆိုတာကို ပြန်စဉ်းစားလိုက်ရင် အခြေအနေကို အရှင်းသားနားလည်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်းကနဲ့ ဘာများ ခြားနားပါသလဲ။ မတူခြားနားတဲ့နေရာ၊ မတူခြားနားတဲ့ရာသီဥတုမှာ မြင်တွေ့ရတဲ့ ရောဂါဟောင်းလို့ပဲ ဆို ချင်ပါတယ်။ နာတာရှည်ရောဂါပါ။

ဒီနေ့ ဗမာပြည်အကြောင်းပြောတိုင်း ထိပ်တန်းကပါနေတဲ့ ပြည်တွင်းစစ်ကိစ္စကိုပဲ ပြန်ကြည့်ပါ။ ဒီပြည်တွင်းစစ်ဖြစ်ပေါ်ရတာဟာ ဒီမိုကရေစီကို အညီအမျှ ခံစားခွင့်မပေးတာကနေ ၁၉၄၈ ခုနှစ်မှာ စတင်ပေါ်ပေါက်တာဖြစ်ပါတယ်။ ဒီနောက်မှာတော့ တိုင်းရင်းသား ဒေသတွေကို အစိုးရစစ်တပ်တွေ ချထားရာကနေ အဲဒီစစ်တပ်တွေက ပြည်သူလူထုအပေါ် မတရားအနိုင်ကျင့်တာတွေ များလွန်းလာလို့ တိုင်းရင်းသားတွေက လက်နက်ကိုင် တိုက်ကြတာဖြစ်ပါတယ်။ အခုလည်း ဒီပြဿနာကိုဖြေရှင်းမယ်ဆိုရင် လူတိုင်း- ဆင်းရဲချမ်းသာ၊ သူ့လူကိုယ့်လူမရွေး- ကို ဒီမိုကရေစီ အညီအမျှ ခံစားခွင့်ပေးတာ၊ အစိုးရစစ်တပ်တွေကို စည်းကမ်းတကျ ပြန်ထိန်းချုပ်တာတွေက စရပါ လိမ့်မယ်။ လူတန်းစားပြဿနာ၊ လူတန်းစားစစ်ပြဿနာဖြစ်ပါတယ်။

အိုးအိမ်ဖျက်သိမ်းတာ၊ မြေယာလုယက်တာ၊ မူးယစ်ဆေးဝါးကုန်ကူးတာ စတဲ့ကိစ္စတွေကျတော့ပိုလို့တောင်ရှင်းပါတယ်။ စစ် ခရိုနီကြီး တွေနဲ့ပြည်ပအရင်းရှင်ကြီးတွေ ကောင်းစားဖို့အတွက် ဗမာပြည်ကဆင်းရဲသားပြည်သူလူထုကို အနိုင်ကျင့်တာဆိုတာ ဘယ်သူမဆို သိပါတယ်။

စစ်ဗျူရိုကရက်ဓနရှင်ကြီးတွေနဲ့ သူတို့ရဲ့ခရိုနီတွေ၊ ကပ်ပါးရပ်ပါးတွေကို အထီးကျန်ထားပြီး ကျန်လူတန်းစားများ၊ အင်အားစုများ သွေးစည်းကြဖို့အလွန်အရေးကြီးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *