Paradise of Hunters- ပမာအလား

By | December 3, 2014

Paradise of Hunters-

မုဆိုးများရဲ့ သုခဘုံတဲ့။

 

– မျက်မှောက် ဗမာပြည်နိုင်ငံရေးအခြေအနေမှာ စစ်အုပ်စုနဲ့ ဦးသိန်းစိန်စစ်အစိုးရ လုပ်ပုံကိုင်ပုံတွေကို မြင်တွေ့ရတိုင်း Paradise of Hunters- မုဆိုးများရဲ့ သုခဘုံ ဖန်တီးသလို လုပ်နေကြတာလားလို့ မကြာခဏအတွေးရောက်မိတယ်။

၁၉၁၈ ခုနှစ် ဗမာပြည်ကို ဘုရင်ခံ ဆာဟာကုတ် ဘတ္တလာ  ခရစ္စမတ် ရက်သတ္တပတ်အဖြစ် လာစဉ်တုန်းကပါ။

ဘုရင်ခံနဲ့ အမဲပစ်မယ့် သားသတ်အဖွဲ့တွေ သားကောင်ပေါ၊ သားကောင်စုံတဲ့ ကသာခရိုင်၊ နမ့်ပေါင်းကျေးရွာအနီး သစ်တောကြိုးဝိုင်းသို့ မလာမီ ရက်ပေါင်းများစွာကတည်းက တောကြပ်တွေ၊ တောခေါင်းတွေက သစ်တောဧရိယာ စတုရန်းမိုင်ပေါင်းများစွာအတွင်း နေရာပေါင်းများစွာ ဆားတွေ လိုက်ပုံပေးထားရတယ်။ သားကောင်တွေဆိုတာက အငန်ဓာတ် ကြိုက်တတ်ပေသကိုး။ ဆားပုံလျော့သွားရင် ပြန်လည်ဖြည့်တင်းဖို့ အမြဲတမ်း ကြည့်ရှုစစ်ဆေးနေကြရတယ်။ ဒါက သားကောင်တွေကို ဖြားယောင်သွေးဆောင်ရတဲ့ လုပ်ငန်း။ ဒီရက်တွေ အတောအတွင်း ငှက်ကလေး ကြက်ကလေးများကို မပစ်ရ၊ သေနတ်သံ မပေးရလို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်။ သတ်ပွဲမတိုင်မီ တောကောင်တွေ လန့်သွားမှာ စိုးလို့ လွှတ်ပေးထားလိုက်တာပါ။

အမဲပစ်မယ့်နေ့မှာ ဘုရင်ခံ၊ အတွင်းဝန်ချုပ်၊ အတွင်းဝန်ကလေးနဲ့ မျက်နှာဖြူအမဲလိုက်သမားတွေဆိုတဲ့ အာဏာပိုင်သားသတ်သမားတွေဟာ ကုလားထိုင်ပေါ်ကနေ ထိုင်ရာမထ သေနတ်ကိုင်ပြီး အသင့်စောင့်နေရုံပါပဲ။  တောခြောက်ပေးဖို့ တာဝန်ယူထားရတဲ့ လူအုပ်ကြီးက တောခြောက်ပေးလိုက်တာနဲ့ သတ်ကွင်းထဲ အတင်းပြေးဝင်လာတဲ့ သားကောင်ကြီးငယ်တွေဟာ အာဏာပိုင်သားသတ်သမားတွေရဲ့ စိမ်ပြေနပြေ ပစ်ခတ်မှုအောက်မှာ သေလိုက်ကြတာ သောက်သောက်လဲ။ နမ့်ပေါင်းသစ်တောဟာ သားကောင်တွေရဲ့ သင်းချိုင်းလို ဖြစ်သွားခဲ့ရတယ်ဆိုပဲ။

ဗမာပြည် နိုင်ငံရေးမှာလည်း ၂၀၀၈ အခြေခံဥပဒေဘောင်ထဲ ဝင်လာအောင်၊ ဒါမှမဟုတ် လွှတ်တော်ထဲ ရောက်လာအောင် မဖြစ်စလောက် ဟန်ပြဒီမိုကရေစီလေးတွေကို နမ့်ပေါင်းသစ်တောကြိုးဝိုင်းအတွင်း နေရာအနှံ့ ဆားတွေ လိုက်ပုံထားသလို ပုံပေးလိုက်တယ်။ ဆားကုန်လောက်ပြီထင်ရင် ပြန်ဖြည့်ပေးတတ်တယ်။ တမတ်သား စစ်သားလွှတ်တော် ကိုယ်စားလှယ်တွေက ပုဒ်မ ၄၃၆ မပြင်နိုင်ဘူးလို့ တောခြောက်ပေးလိုက်တယ်။ ပီအာရ် ရွေးကောက်ပွဲစနစ်ကို လွှတ်တောတွင်း တင်သွင်းတဲ့နည်းနဲ့လည်း တောခြောက်ပေးတာ လုပ်တယ်။ လွှတ်တော်ကို ဖျက်သိမ်းနိုင်ခွင့်ဥပဒေ၊ စစ်တပ်က အာဏာပြန်သိမ်းနိုင်ခွင့် ဆိုတာတွေနဲ့လည်း တောခြောက်ပေးနေကြတယ်။

ဘုရင်ခံရဲ့ အမဲလိုက်ရက်ချိန်းက ခရစ္စမတ် ရက်သတ္တပတ်။ ဗမာပြည်မှာ သားသတ်မုဆိုးတွေရဲ့ သုခဘုံ ရက်ချိန်းဟာ ၂၀၁၅ နဲ့ ၂၀၁၅ အလွန် နှစ်တွေ ဖြစ်လေမလားလို့ စဉ်းစားတွက်ချက်မိတာ ရှိခဲ့တယ်။

ဒါပေမဲ့ အခုတော့ ကိစ္စတခုစီအလိုက်မှာကိုပဲ ဒီလို လုပ်နည်းကိုင်နည်းတွေ တွေ့မြင်လာရတယ်။ ငြိမ်းချမ်းရေးစင်တာက မစားရ ဝခမန်း ငြိမ်းချမ်းရေးနဲ့အပစ်အခတ်ရပ်စဲရေး ဆားတွေ ပုံပေးလိုက်။ ကာချုပ်ရဲ့ မူ ၆ ချက်နဲ့ တောခြောက်လိုက်။ စစ်အစိုးရ စစ်တပ်က အမြောက်နဲ့ ထုချလိုက်။ စစ်ပွဲတွေ ဆက်တိုက်ပြလိုက်။ လူတွေ သတ်ပြလိုက်။

ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့က (ပြည်သူလူထုကြီးခင်ဗျား) လို့ တိုင်တည်ပြီး အချိုသတ်နဲ့ ရွှေပြည်တော်ကြီး နီးတော့မယောင် လေပြေထိုးလိုက်။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွတ်တို့၊ ဘူးလက်လှဆွေတို့က တောခြောက်ပေးလိုက် ဗိုလ်မင်းအောင်လှိုင်နဲ့ စစ်အာဏာပိုင်တွေက ခေါင်းခါ ပြလိုက်။ ခေါင်းရမ်းပြလိုက်။

၁၄ ပွင့်ဆိုင်ဆိုပြီး ၁၀ မိနစ် စကားပြောခွင့် ပေးလိုက်။ ၆ ပွင့်ဆိုင်ဆိုပြီး လွှတ်တော်က အတည်ပြုပေးလိုက်။ ဦးရဲထွဋ်က ဒီနည်းလမ်း မလွယ်ကူဘူးလို့ နှပ်ကြောင်းပေးးလိုက်။ စစ်သား လွှတ်တော်အမတ်တွေက ဒေါ်အောင်ဆန်းစုကြည်က မိတ်ဆုံထမင်းစားဖိတ်တာကို အကျောက်အကန် ငြင်းဆန်လိုက်။ ဗိုလ်မင်းအောင်လှိုင်က ၆ ပွင့်ဆိုင် သဘောမတူဘူးလို့ ခါချလိုက်။

သားသတ်ကွင်းတဖက်က အာဏာကုလားထိုင်မှာ သေနတ်တွေနဲ့ အသင့်ထိုင်စောင့်နေကြတဲ့ သားသတ်သမားတွေနဲ့ ရင်ဆိုင်နေရတာမို့  အောင်မြင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ၊ အောင်မြင်တဲ့ ရွေးကောက်ပွဲ၊ အောင်မြင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းပွဲတွေဟာ ချောမွေ့ဖြောင့်ဖြူးစွာ ဖြစ်မလာနိုင်တာ သေချာပါတယ်။

သူတို့ကို ခုခံရင်ဆိုင်နိုင်တဲ့ စစ်ရေးတုံ့ပြန်မှုတွေ၊ တခဲနက်အုံကြွလာတဲ့ ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်တဲ့ ခုခံမှုတိုက်ပွဲတွေနဲ့ တစုံတရာ ထိရောက်တဲ့ ဖိအား သူတို့အပေါ် ကျမလာမချင်း သူတို့ဟာ အတုအယောင် ဟန်ပြဆွေးနွေးပွဲတွေနဲ့ အတုအယောင် ပြင်ဆင်ရေး၊ အတုအယောင်တွေ့ဆုံဆွေးနွေးရေးတွေပဲ လုပ်ပြနေဦးမှာပါ။

ဗမာပြည်နိုင်ငံရေးဟာ စစ်အာဏာရှင်နစ် သားစဉ်မြေးဆက် အုပ်စိုးရေးဆိုတဲ့ မတရားမှုကို တိုင်းရင်းသားတွေအပါအဝင် ဗမာပြည် ပြည်သူလူထုအပေါင်းက တရားတဲ့ ဘက်ကနေ ခုခံတွန်လှန်နေရတဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။

ပြည်သူ့ဘက်တော်သားတွေအနေနဲ့ မတရားမှုကို ခုခံတွန်းလှန်ရေးမှာ ထိုင်းမှိုင်းပျော့ညံ့တဲ့ စိတ်ဓာတ်ကို ဖယ်ရှား၊ ထက်မြက်နိုးကြားပြီး တက်ကြွအားပါတဲ့ ခုခံတွန်းလှန်ရေး စိတ်ဓာတ်ကို ကိုင်စွဲကာ လူထုထဲ နက်ရှိုင်းစွာ အမြစ်တွယ်ထားဖို့ လိုအပ်ပါတယ်။

ခိုင်မာတောင့်တင်းတဲ့ ကျောရိုးဖြစ်တဲ့ တရားတဲ့ဘက်မှ ခိုင်မာမှန်ကန်စွာ ရပ်တည်တဲ့  အတွေးအခေါ်၊ လူထုကို မှီခိုအားကိုးမှုနဲ့ တက်ကြွထက်မြက်စွာ ခုခံတိုက်ပွဲဝင်မှုတို့ကသာ အပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို ဖြစ်စေ၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေကို ဖြစ်စေ၊ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ဖျက်သိမ်းရေးဖြစ်စေ အောင်ပွဲကို ဆွတ်ခူးပေးနိုင်ပါလိမ့်မယ်။

၂၀၁၅ နဲ့ ၂၀၁၅ လွန် နှစ်တွေမှာ ဗမာပြည်ဟာ သားသတ်သမားတွေရဲ့ သုခဘုံလို ဖြစ်မသွားပါစေနဲ့။

 

(ကိုးကား။      ။ဆရာကြီး ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ)

 

Leave a Reply

Your email address will not be published. Required fields are marked *