(၆၆) နှစ်မြောက် မတ်လ၂၈ တော်လှန်ရေး

By | March 28, 2014

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့သက်တမ်း ၇၅ နှစ်ပြည့်ဖို့ လပိုင်းသာ လိုပါတော့တယ်။

ပါတီရဲ့အရင်၊ ဒါမှမဟုတ် ပါတီရဲ့နောက်မှ ဖွဲ့စည်းခဲ့ကြတဲ့ ပါတီအမြောက်အမြား ပျောက်ကွယ်သွားကုန်ကြပြီ။ အဲဒီအထဲမှာ ဖဆပလ၊ ပထစ၊ မဆလ လို အာဏာရပါတီတွေလည်း ပါဝင်ပါတယ်။ ဗကပ ကို တောထဲမောင်းပို့ခဲ့တဲ့ ဖဆပလ က ဆိုရင် အာဏာကို အနှစ်လေးဆယ် ချုပ်ကိုင်ထားမယ်လို့တောင် ကြုံးဝါးခဲ့ပါသေးတယ်။ ဖဆပလ နဲ့ ဗကပ ကို ကွဲအောင်လုပ်ခဲ့တဲ့လူတွေ သူတို့ချင်းပါကွဲကြတော့ သူတို့တတွေ စုံးစုံးမြုပ်တာ ဖြစ်သွားခဲ့ပါတယ်။ အာဏာသိမ်းပြီး အာဏာယူခဲ့တဲ့ ဗိုလ်နေ၀င်းရဲ့ မဆလ ပါတီကတော့ လူထုတိုက်ပွဲကြီးကြောင့် လုပ်လိုက်ရတဲ့ “ဟန်ပြ” အာဏာသိမ်းတာနဲ့ပဲ ဇာတ်လမ်း သိမ်းသွားရပါတယ်။

တကယ်က ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဗမာပြည်မှာ အုပ်စိုးခဲ့တဲ့ အစိုးရတိုင်းက အမုန်းတီးခံရဆုံးနဲ့ ချေမှုန်းဖို့ ကြိုးစားတာ အခံရဆုံးဖြစ်ပြီး သူတို့ရဲ့ရန်သူတော်နံပါတ်(၁) နေရာမှာ အမြဲတမ်းတည်ရှိခဲ့တာဟာ ဗကပ ပါ။ ဒီလိုဘေးအန္တရာယ်တွေအကြားက ဗကပ ပျောက်ကွယ်မသွားတာဟာ ၁၉၄၈ ခုနှစ် မတ်လ၂၈ ရက်နေ့မှာ လှမ်းခဲ့တဲ့ ခြေလှမ်းကြောင့် ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဗကပ ဟာ ကိုယ့်အသက်ရှင် ရပ်တည်ရေးအတွက် တခုတည်းသော ရွေးချယ်စရာလမ်းကို သုညဘ၀ကနေ ကိုယ့်ခြေကိုယ်လက်နဲ့ စလျှောက်ခဲ့ရတယ်ဆိုတဲ့ သမိုင်းဖြစ်ရပ်အကြောင်းဟာ အခုတော့ ရှင်းသွားပါပြီ။ ပြည်တွင်းစစ်ကို ဖန်တီးပြီး ပြည်တွင်းစစ်ကို ထိန်းထားချင်သူတွေက သမိုင်းကို သူတို့အာဏာနဲ့ လိမ်လည်ဖော်ပြတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့အခါမှာ အဲဒီလိမ်ညာမှုတွေကို ဖန်တီးခဲ့တဲ့ ဖဆပလ ဆိုရှယ်လစ် ခေါင်းဆောင်တွေ၊ ဆိုရှယ်လစ်ပါတီနဲ့ ပတ်သက်ခဲ့တဲ့ ဗိုလ်နေ၀င်းတို့လို လူတွေ အာဏာအသိုင်းအ၀ိုင်းနဲ့ ကင်းဝေးသွားလို့၊ နိုင်ငံရေးလောကနဲ့ မီဒီယာလောကမှာ သြဇာမရှိတော့တဲ့အတွက် သမိုင်းဖြစ်ရပ်မှန်တွေ တဖြည်းဖြည်း ပြန်ပေါ်လာနေပါတယ်။ နောက်တကြောင်းကတော့ လက်ရှိစစ်အာဏာရှင်တွေဟာ အတိတ်က ပြစ်ချက်တွေအားလုံးကို အတိတ်က လူတွေအပေါ်ပုံချပြီး ကိုယ်လွတ်ရုန်းတာပဲ ဖြစ်ပါတယ်။

ဖဆ-ဆိုရှယ်တွေက ဗကပ ကို ဥပဒေဘောင်တွင်းမှာ မတည်ရှိစေချင်တဲ့ အဓိကအကြောင်းရင်းဟာ အဲဒီတုန်းက ဗကပ ဟာ လူထုရဲ့ထောက်ခံချက်ရရှိခြင်း၊ ဖဆ-ဆိုရှယ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ရုပ်ပြ မရှိတော့ခြင်း (ဒါတောင်မှ ဖဆပလ အမတ်လောင်း မဲပုံးတွေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံတွေ ကပ်ကြပါသေးတယ်)၊ သူတို့ရဲ့ အာဏာဆုပ်ကိုင်နိုင်ခွင့်ကို အဓိကအန္တရာယ်ပေးနိုင်သူဟာ ဗကပ ပဲလို့ တွက်ထားခြင်းတို့ ဖြစ်ပါတယ်။ သူတို့က ရပ်တည်ခွင့်ပေးတယ်ဆိုတာ သူတို့ အာဏာချုပ်ကိုင်မှုကို အန္တရာယ်မပေးနိုင်ဘူးလို့ ထင်တဲ့အဖွဲ့အစည်းလောက်ကိုပဲ လူမြင်ကောင်းအောင် ခွင့်ပြုထားချင်တာပါ။ ဒါပေမဲ့ ဖဆပလ ခေါင်းဆောင်တွေဟာ သူတို့ကိုယ်တိုင် ဗိုလ်နေ၀င်းဆိုတဲ့ မြွေပွေးကို ခါးပိုက် ပိုက်ထားရတဲ့ဘ၀ ရောက်နေပြီဆိုတဲ့ အဖြစ်ကို သတိမထားမိကြပါဘူး။ ဒီလိုနဲ့ ဗိုလ်နေ၀င်းက အာဏာသိမ်းလိုက်တော့ ဖဆပလ ထက် ပြတ်သားတဲ့ မဆလ တပါတီစနစ်ကို ကြေညာလိုက်ပါတယ်။ ဖဆပလ လို ရုပ်ပြကောင်းအောင် “အခြား”ပါတီ မထားတော့ပါဘူး။ အကုန် ထောင်ထဲနဲ့တောထဲ ပို့လိုက်ပါတယ်။

ဒီလိုနဲ့ ဗမာပြည်နိုင်ငံရေးမှာ အတိုက်အခံနိုင်ငံရေးအင်အားစုတွေကို အုပ်စိုးသူတွေက တည်ရှိစေချင်မှတည်ရှိ၊ ပျောက်စေချင်ရင် ပျောက်သွားရတဲ့ ဇာတ်လမ်းကြီးပေါ်ပေါက်ခဲ့ပါတယ်။ ကနေ့အထိပါ။

အဲဒီတရားအတိုင်းပဲ ၁၉၉၀ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ပါတီတွေ ထူထောင်ခွင့်ပေးလိုက်တော့ ပါတီပေါင်းရာချီ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ ဒီချုပ်က အပြတ်အသတ်နိုင်လိုက်တော့ “ဒီကစားနည်းကတော့ မဖြစ်သေးဘူး” လို့ ဆိုပြီး ပါတီတွေပျောက်စေလို့ ဆိုလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ မချန်ဘဲထားလို့ မဖြစ်တဲ့ ပါတီ လက်တဆုပ်စာလောက်ပဲ ကျန်တယ်ဆိုတာ အားလုံးသတိထားမိကြပါလိမ့်မယ်။ အခုတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဖွင့်ပေးလိုက်လို့ ပါတီတွေ ပေါ်နေပြန်ပါပြီ။ ဒါပေမဲ့ ဒီအခြေအနေကို အမြဲတည်ရှိနေမယ်လို့ အသေယူဆလို့ မဖြစ်ပါဘူး။ လက်ရှိအစိုးရရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အချိန်မရွေး “တရားဝင်” အာဏာသိမ်းခွင့်ပေးထားတယ်ဆိုတဲ့ အချက်ဟာ မြေပေါ် နိုင်ငံရေးအင်အားစုတွေရဲ့ကုပ်ပေါ်မှာ ၀ဲနေတဲ့ဓားသာဖြစ်ပါတယ်။

နိုင်ငံရေးအင်အားစုတွေဟာ ကိုယ့်ယုံကြည်ချက်ကို မြဲမြဲမြံမြံဆုပ်ကိုင်လိုတယ်ဆိုရင်၊ ပြည်သူတွေကို အလုပ်အကျွေးပြုရေးဆိုတဲ့ သမိုင်းပေးတာဝန်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ချင်တယ်ဆိုရင် ကိုယ့်အင်အားနဲ့ကိုယ်၊ ကိုယ့်ပါတီ၊ ကိုယ့်အဖွဲ့အသွင်နဲ့ ရပ်တည်လှုပ်ရှားသွားနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ အာဏာရှင်တွေက ပါတီဖျက်ခိုင်းရင် အဲဒီဖျက်ခိုင်းတာကို မဆန့်ကျင်ဘဲ ကိုယ့်ပါတီအဖွဲ့အစည်းကို ဖျက်သိမ်းပေးလိုက်ရုံမျှမက အာဏာရှင်ရဲ့ပါတီထဲကိုတောင် ခြေစုံပစ်ဝင်လိုက်တဲ့ အဖြစ်တွေကို ၁၉၆၂ခုနှစ်တုန်းကရော ၁၉၈၈ခုနှစ်နောက်ပိုင်းမှာပါ တွေ့ခဲ့ကြရပါတယ်။ ဒီမိုကရေစီစကားကို တဖွဖွပြောခဲ့ကြတဲ့ အချို့သော ခေါင်းဆောင်ကြီးများကလည်း စစ်အာဏာရှင်တွေကို မော်တောင်မကြည့်ဝံ့တော့ဘူး ဖြစ်သွားခဲ့ပါတယ်။

အဲဒါနဲ့ပြောင်းပြန် အာဏာလက်ကိုင်ထားသူတွေက ဖျောက်ဖျက်ချင်ပေမယ့် ပျောက်မသွားတာ ဘယ်လို ပါတီတွေလဲ။ အခုအထိတော့ ဗကပ ပြီးရင် ဗမာပြည်မှာ ဒီနေ့အထိ သက်တမ်းအရှည်ဆုံးပါတီဆိုတာ လက်နက်ကိုင် ထားတဲ့ပါတီတွေပဲ ဖြစ်နေတာကို တွေ့နေရပါတယ်။ ဒါဟာ ဗမာပြည်ရဲ့ ဒီမိုကရေစီလက္ခဏာကို ဖော်ပြတဲ့ အမြင်သာဆုံး သာဓက ဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ သက်သေပြခဲ့တဲ့ ဒီအချက်ဟာ တိုက်ဆိုင်မှုမဟုတ်ဘူးလို့ ထင်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီကတော့ မိမိတို့ဆင်နွှဲခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်ကြာ လက်နက်ကိုင်တော်လှန်ရေးကြီးအတွက် ဂုဏ်ယူနေမှာသာဖြစ်ပြီး ဒီတော်လှန်ရေးကြီးအတွင်းမှာ ကျဆုံးသွားတဲ့ အာဇာနည်အထောင်အသောင်းကိုလည်း ကျေးဇူးတင် သတိရနေမှာသာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *