ရွေးကောက်ပွဲကာလ စစ်အုပ်စုရဲ့အတွင်းသဘော

By | August 30, 2015

အာဏာရှင်စနစ် နံပါတ်ဝမ်း ဘယ်သူလဲဆိုတာ စိတ်ဝင်တစား တွက်ချက်ကြည့်နေကြသူတွေ ရှိနေပါတယ်။ တွက်ချင်သူတွေ တွက်ကြည့်ကြပါ။

သေချာကတော့ ဘယ်သူဟာ ထိပ်ဆုံးအာဏာပိုင်ဖြစ်နေပါစေ၊ စစ်အုပ်စုရှိနေရင် စစ်အာဏာရှင်စနစ် ရှိနေမှာပါပဲ။ စစ်ဗျူရိုကရက် ယန္တရားကြီးလည်း ဆက်လက်လည်ပတ်နေမှာပါပဲ။ ထိပ်ဆုံးအာဏာပိုင်ဆိုတာလည်း တယောက်မဟုတ် နောက်တယောက်တော့ ဖြစ်နေမှာပါပဲ။ ရှေ့ထွက်ရပ်သူ ဖြစ်ချင်ဖြစ်မယ်။ နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်ချင်ဖြစ်မယ်။

ထိပ်ဆုံးအာဏာပိုင် ဘယ်သူဆိုတာ သူတို့ ကာလတခု ဖုံးကွယ်ထားလို့ ရချင်ရပါလိမ့်မယ်။ ဒါပေမဲ့ စစ်အုပ်စုရဲ့ သဘောထားဟာ ဘာလဲဆိုတာတော့ သူတို့ဖုံးကွယ်ထားလို့မရနိုင်ပါဘူး။ လိမ်ညာစကား၊ ဟန်ဆောင်စကား၊ ပရိယာယ်စကား စသဖြင့် ဘယ်လိုပဲ သုံးနေသည် ဖြစ်ပါစေ၊ စစ်အုပ်စုရဲ့ အတွင်းအဇ္ဈတ္တကို စစ်အုပ်စုထဲက ကိုယ်စားပြုသူတဦးဦးက ထွက်ပြောကြရတာချည့်ပါပဲ။

ပြည်တွင်းငြိမ်းချမ်းရေးဆိုပါတော့။ လိမ်ညာဖုံးကွယ်မှုတွေနဲ့ လှည့်ဖြားခဲ့တာ ကြာလှပါပြီ။ လက်ရှိစစ်အစိုးရလက်ထက်မတိုင်မီကတည်းက လိမ်ညာလှည့်ဖြားလာခဲ့တာ ခုအထိ လိမ်ညာလည့်ဖြားနေတုန်းပါ။ ဒါပေမဲ့ သူတို့မှာ တကယ်တမ်း ပြည်တွင်းငြိမ်းချမ်းရေး လိုအင်ဆန္ဒမရှိဘူးဆိုတာ ကာချုပ်ရဲ့စကားတွေကို အသေအချာ လေ့လာကြည့်ရင် အထင်အရှား တွေ့နိုင်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးသာ မလိုချင်တာ၊ ရွေးကောက်ပွဲမတိုင်မီ လက်နက်ကိုင်တော်လှန်နေကြတဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပွဲ ဖြစ်ဖို့ကိုတော့ သူတို့လိုချင်နေပြန်ပါတယ်။ ဒါတောင် သူတို့က အပေါ်စီးနဲ့ လိုချင်တာ၊ သူတို့အမြတ်ထွက်မယ့် လက်မှတ်ရေးထိုးပွဲကို လိုချင်တာသာ ဖြစ်ပါတယ်။ လက်နက်စွန့်ရေးဆိုတာကိုတောင် ပါးစပ်က မချဘဲ တရစပ်ပြောနေတာပါ။

ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအရှုပ်အထွေးတွေ ပိုများလာတာ တွေ့ရပါတယ်။

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်မှာ မဲခွဲတဲ့အခါ စစ်အုပ်စုရဲ့အတွင်းသဘောကို ထုတ်ဖော်ပြသလိုက်သူကတော့ လွှတ်တော်တွင်းက အစိတ်သားအမတ်တွေပါ။ (သူတို့ကို အမိန့်ပေးတဲ့ အာဏာပိုင်ကတော့ ရှိနေမှာ အသေအချာပေါ့။) ဒါပေမဲ့ ဒီကိစ္စမှာ လွှတ်တော်တွင်းက အစိတ်သားအမတ်တွေရဲ့ ဇာတိရုပ်ဟာ အကျည်းတန်တဲ့ ရုပ်ပြ ဖြစ်ခဲ့ရတဲ့အတွက်ကြောင့် ဒီကိစ္စဟာ ဟိုလူ့ကြောင့်၊ ဒီလူ့ကြောင့်ဆိုတဲ့ အရှုပ်အထွေးတွေ စတင်ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုရပါမယ်။

ကြံ့ဖွံ့ပါတီတွင်းသို့ စစ်တပ်ကနေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ သွင်းကုန်အဖြစ် ဗြောင်တင်ပို့တာကလည်း အရှုပ်အထွေးကို ဖြစ်စေပါတယ်။ ကြံ့ဖွံ့ပါတီတွင်း အာဏာလုပွဲလုပ်တဲ့အချိန်က ကြံ့ဖွံ့ပါတီတွင်း ရောက်ရှိလာတဲ့ စစ်အရာရှိတွေ ရာထူးနေရာတွေ ခွဲဝေယူကြပုံကလည်း တိုက်ရာပါပစ္စည်းတွေ ခွဲဝေသလို ခွဲဝေတဲ့ ပုံမျိုးနဲ့ အသွင်တူလှပါတယ်။ ဒီလို ကြံ့ဖွံ့ပါတီတွင်း စစ်အရာရှိတွေကို သွင်းကုန်အဖြစ် ရောက်လာတာဟာ တကယ်ကတော့ စစ်အာဏာရှင်စနစ်ကို ရွေးကောက်ပွဲလွန်ကာလမှာ ကျားကန်ပေးဖို့ ရည်ရွယ်ချက်ပါ။ ဒီရည်ရွယ်ချက်အရ သူတို့ ဖယ်ချင်တဲ့သူ ဖယ်ပြီး အာဏာလုပါတယ်။ နောက်ပြီး အာဏာကို ပြန်လည် ခွဲဝေတာ လုပ်ပါတယ်။ ဒီကိစ္စ ကျော်မကောင်း ကြားမကောင်းဖြစ်လာကာမှ သူတို့က မဟုတ်မဟတ် ပြောကြားချက်တွေနဲ့ ဖုံးကွယ်ဖို့ ဖာထေးဖို့ ကြိုးစားနေကြပြန်ပါတယ်။

ဒီကိစ္စဟာ ခါတိုင်း စစ်အုပ်စုနဲ့ စစ်တပ်ရဲ့ မဆလ ပါတီတွင်း ဂိုဏ်းအုပ်စုတိုက်ပွဲနဲ့ မတူတဲ့ ထူးခြားချက်တွေ ရှိနေပါတယ်။ မဆလ ပါတီတွင်း ဂိုဏ်းအုပ်စုတိုက်ပွဲဟာ တပါတီတည်းစနစ်အတွင်းက ဂိုဏ်းအုပ်စုတိုက်ပွဲပါ။ ခု ကြံ့ဖွံ့ပါတီတွင်း ဂိုဏ်းအုပ်စုတိုက်ပွဲဟာ ပါတီစုံပတ်ဝန်းကျင်အတွင်း ဖြစ်လာတဲ့ ဂိုဏ်းအုပ်စုတိုက်ပွဲဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ကျားကန်မယ့်ကိစ္စအပေါ် သူတို့ ပါတီတွင်းမှာတောင် ဒါလောက် သဲကြီးမဲကြီး ဖြစ်နေခဲ့ရင် တခြားအတိုက်အခံပါတီများက သူတို့ စိတ်ငြိုငြင်မယ့်အခြေအနေများ ဖြစ်ပေါ်လာစေခဲ့ရင် သူတို့ဘယ်လိုများ တုံ့ပြန်မလဲ။ ဦးရွှေမန်းကိစ္စဟာ တခြား ဒီမိုကရေစီပါတီများအတွက် သတိပေးခေါင်းလောင်းထိုးသံ ဖြစ်ပါလိမ့်မယ်။

ဒါသာမက သူတို့ စစ်အာဏာရှင်စနစ်ကို ထိပါးမယ့်အရိပ်အရောင်တွေပေါ်လာရင် သူတို့ ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ဘဲ မျက်နှာဖုံးတွေခွာချပြီး ဒီမိုကရေစီနည်းလမ်းတွေ၊ တရားဥပဒေစိုးမိုးရေးဆိုတာတွေကို လက်နှီးစုပ်လောက်မှ တန်ဖိုးမထားတော့ဘဲ လွှင့်ပစ်တတ်တယ်ဆိုတာ အရှင်းဆုံး ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီတွင်း အာဏာလုပွဲဟာ ဘာဒီမိုကရေစီမှ မရှိပါ။ ဘာတရားဥပဒေစိုးမိုးမှုမှ မရှိပါ။ ဒါ့အပြင် ဒီလုပ်ရပ်ဟာ အတော် ကမောက်ကမ နိုင်လှပါတယ်။ သမ္မတကပဲ ဦးရွှေမန်းကို ကြံ့ဖွံ့ပါတီဥက္ကဌအဖြစ်က ရုပ်သိမ်းပြီး ဦးဌေးဦးကို လွှဲပြောင်းပေးသလိုလို ပထမက ပုံဖော်လာခဲ့တာ အမှန်ပါ။ (သမ္မတတို့၊ ကာချုပ်တို့ ရေဘေးကယ်ဆယ်ရေးအတွက် ခရီးထွက်လာစဉ် ဦးဌေးဦးက မျက်ရည်ခံထိုး တိုင်တန်းလို့ ဒီကိစ္စ ဒီလိုဖြစ်လာရတယ်လို့ ပြောဆိုတဲ့ စကားတွေလည်း ကြားနေရပါတယ်) ဒီလိုဆိုရင် သမ္မတက ပါတီကိစ္စကို သမ္မတတာဝန် ထမ်းရွက်နေစဉ်အချိန်အတွင်း သွားရောက်ပါဝင်ရင် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေနဲ့ မကိုက်ညီဘူးဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်လာပြန်တော့ ဒီကိစ္စမှာ သမ္မတ ပါဝင်ခြင်း မရှိပါဘူးလို့ ဆိုလာပြန်ပါတယ်။ ဦးဌေးဦးရဲ့ ပြန်လည်ဖြေရှင်းတဲ့ စကားတွေကလည်း သူတို့လုပ်ရပ်တွေအတိုင်း ကမောက်ကမတွေပါ၊ သမ္မတက ပါတီရုံးကို ပါတီဝင်တွေ နှုတ်ဆက်ရအောင် လာတာပါ။ ပါတီတံဆိပ် ရင်ထိုးအမှတ်အသား ဘာမှ ဆင်ယင်မထားဘူးဆိုတာမျိုးပြောတာဟာ ကလေးကလားဆန်တဲ့ ဆင်ခြေဆင်လက်တွေသာ ဖြစ်ပါတယ်။ သမ္မတကိုယ်တိုင်က အခြေခံဥပဒေကို ဖောက်ဖျက်တဲ့ ကိစ္စဖြစ်လို့ သူတို့ ဆင်သေကို ဆိတ်ရေနဲ့ လိုက်ဖုံးနေကြတာပါ။ ဒီကိစ္စအပေါ်မှာ အခွင့်အရေးရရင် ကြီးမားတဲ့ ကန့်ကွက်မှုတွေ၊ စွဲချက်တင်စရာတွေ ဖြစ်လာနိုင်ပါသေးတယ်။

ဦးရွှေမန်း ဖယ်ရှားခံရတဲ့ ကိစ္စဟာလည်း ပွဲမပြီးသေးပါ။ ဒါပေမဲ့ စစ်အုပ်စု သဘောထားက ဘာလဲ။ အဆာဟိရှင်ဘွန်းက သတင်းထောက်နဲ့ တွေ့စဉ်က ဗိုလ်မင်းအောင်လှိုင် ပြောတဲ့ စကားက ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။ အစိုးရဘက်က၊ သမ္မတဘက်က ရပ်ရမယ်ဆိုတာပါပဲ။ တချို့နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ်တချို့ဟာ အစောကတည်းက အစိုးရနဲ့ လွှတ်တော် အားပြိုင်ပွဲအပေါ် ဘယ်သူသာမလဲ တွက်ဆနေခဲ့ကြပါတယ်။ ဗိုလ်မင်းအောင်လှိုင်က အစိုးရဘက်ကို ချိန်ခွင်လျှာအသာပေးပြီး မဲတင်းပေးလိုက်ပါပြီ။ ဒါပေမဲ့ ဒါဟာ တသမတ်တည်း သဘောထားလို့ ယူဆလို့လည်း မဖြစ်ပြန်ပါဘူး။ စစ်အုပ်စု အလိုဆန္ဒနဲ့ လိုအပ်မှုအပေါ် မူတည်ပြီး နောင်အခါ ပြောင်းလဲသွားချင် သွားနိုင်ပါတယ်။ အစိုးရအဖွဲ့တွင်းမှာ ဒီမိုကရေစီပါတီဘက်က အင်အားတွေပါလာရင် အခြေအနေ တမျိုး ဖြစ်သွားနိုင်ပါသေးတယ်။

ရွေးကောက်ပွဲနီးလာမှ ဒီလို ပြဿနာအရှုပ်အထွေးတွေ စတင်ပေါ်လာခဲ့တာပါ။ ရွေးကောက်ပွဲ ပိုပြီး နီးလာလေလေ ပြဿနာအရှုပ်အထွေးတွေ ပိုမို ဖြစ်ပေါ်လာလိမ့်မယ်ဆိုတာ သံသယ ရှိစရာ မလိုပါ။

သံသယရှိစရာ ကိစ္စကြီးတခုကတော့ဖြင့် ရှိနေပါသေးတယ်။ ရွေးကောက်ပွဲရလဒ်အပေါ် ဘယ်လိုသဘောထားသလဲလို့ ဗိုလ်မင်းအောင်လှိုင်ကို အဆာဟိရှင်ဘွန်း သတင်းစာက မေးတဲ့အခါ ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပေးမယ့် ရလဒ်ကို လက်ခံပါ့မယ်လို့ အတော့်ကို အလေးထားပြီး ပြောပါတယ်။ အလေးထားချက်က ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပေးခြင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်အပေါ် ဖြစ်ရိုးဖြစ်စဉ် အလေးထားချက်ထက် ကျော်လွန်တယ်လို့ သံသယရှိစရာ ကောင်းပါတယ်။ မစွမ်းရင်းကရှိ-ကန်စွန်းခင်က ငြိနေတဲ့ အချက်အလက်တွေ ရှိနေပြီးသားပါ။ ရွေးကောက်ပွဲကော်မရှင်အပေါ် စစ်ဗိုလ်တွေ သွင်းကုန်အဖြစ် အခိုင်အခန့် စောစွာကတည်းက နေရာချထားပါတယ်။ စစ်အာဏာရှင်စနစ်ကို ကျားကန်မှု သေချာစေဖို့ လက်ဦးမှု ယူထားတဲ့ ပြင်ဆင်ချက်ပါ။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဟာ သူလုပ်ချင်ရာ လုပ်နိုင်ဖို့(စစ်အာဏာရှင်စနစ်ကို ကျားကန်ပေးဖို့) အနောက် အင်အားကြီးနိုင်ငံတွေက အနှစ် ၁၀၀ ဒဏ်ခတ်ပိတ်ဆို့လည်း ဂရုမစိုက်ဘူးလို့ စိန်ခေါ်တဲ့ စကား စောစွာကတည်းက ပြောခဲ့ပြီးသားပါ၊ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေရဲ့စာရင်းကို ကြေညာရာမှာ မကြုံစဖူး ထူးထူးကဲကဲ အမှားတွေ တလွဲတွေ မျက်စိစုံမှိတ် တင်ရဲတဲ့သူပါ။ ဦးရွှေမန်းကိစ္စမှာလည်း လွှတ်တော်ကိုယ်စားလှယ်လောင်း ပြန်လည်ရုပ်သိမ်းရေးဥပဒေကို လွှတ်တော်က ချမှတ်ပေးဖို့ ချိန်ကိုက် ဖိအားပေးခဲ့တဲ့ စစ်အုပ်စုလူယုံတော်ပါ။ အခုလည်း ဒီချုပ်ကိုယ်စားလှယ်လောင်းတွေကို စည်းကမ်းနဲ့ မညီညွတ်လို့ ဆိုပြီး ပယ်ချတာတွေ စလုပ်နေပါပြီ။ အခု သတင်းသမားတွေ ရွေးကောက်ပွဲသတင်းယူရာမှာ ကန့်သတ်ခြုတ်ခြယ်တဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်လိုက်ပါတယ်။ နောက်ပိုင်းမှာလည်း အမိန့်တွေ ဆက်ထုတ်နေဦးမှာ ဖြစ်တယ်။ ဆိုလိုချင်တာက ရွေးကောက်ပွဲကော်မရှင်ရော ကော်မရှင်ဥက္ကဌပါ စစ်အုပ်စုအလိုကျ ဘာမဆို မိုက်မိုက်မဲမဲ လုပ်မယ့်သူတွေ ဖြစ်နေပါတယ်။

လှေပွဲမှာ ပန်းဝင်မယ့်နေရာကနေ စောင့်ပြီး သူတို့မလိုတဲ့ ပြိုင်ပွဲဝင်အသင်းကို ရင်ဝ ခြေထောက်နဲ့ ဆောင့်ကန်တာမျိုး လုပ်နိုင်သူဟာ ဒီကော်မရှင်ပါပဲ။

သူတို့က စစ်အုပ်စုအလိုကျ လုပ်ပေးမယ်ဆိုတာကတော့ သေချာပါတယ်။ တရားမျှတ မှန်ကန်တဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူးလို့ အစကတည်းက တွက်ပြီးသားပါ။ ရွေးကောက်ပွဲရလဒ်ကို အားလုံးက ရင်တမမနဲ့ စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်အပေါ် စစ်အုပ်စုရဲ့ရည်မှန်းချက်ကတော့ စစ်အာဏာရှင်စနစ်ကို မထိပါးစေရေးနဲ့ စစ်အာဏာရှင်စနစ်ကို ကျားကန်ပေးရေးပါ။ နည်းပရိယာယ်ကြွယ်ကြွယ်နဲ့လုပ်လုပ်၊ ဗြောင်ကျကျ လုပ်လုပ် အတွင်းသဘောထားကတော့ ဒါပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *